
အာဆီယံရှေ့နေချုပ်များ အစည်းအဝေးတည်ထောင်ခြင်းဆိုင်ရာ ကြေညာချက် လက်မှတ်ရေးထိုးခြင်းအခမ်းအနား ကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၆
အင်ဒိုနီးရှားနိုင်ငံ ရှေ့နေချုပ် H.E. Mr. Burthanuddin ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ စက်တင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့် အာဆီယံရှေ့နေချုပ်များ အစည်းအဝေးတည်ထောင်ခြင်းဆိုင်ရာ ကြေညာချက်လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ ရှေ့နေချုပ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အာဆီယံရှေ့နေချုပ်များအစည်းအဝေးကို အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) ကို အကောင်အထည်ဖော်သည့်အနေဖြင့် ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ဆန်းမြို့၌ ကျင်းပခဲ့သော ပထမအကြိမ် အတိုင်ပင်ခံအစည်းအဝေး၏ရလဒ်၊ ၂၀၂၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပခဲ့သော ဒုတိယအကြိမ် အတိုင်ပင်ခံအစည်းအဝေး၊ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌ ကျင်းပခဲ့သော တတိယအကြိမ် အတိုင်ပင်ခံအစည်းအဝေး၊ ၂၀၂၄ ခုနှစ်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့သော (၄၄) ကြိမ်မြောက်နှင့် (၄၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးရလဒ်တို့နှင့်အညီ တည်ထောင်ရန် သဘောတူညီခဲ့ကြောင်း။
အာဆီယံရှေ့နေချုပ်များ အစည်းအဝေးတည်ထောင်ခြင်း၏ရည်ရွယ်ချက်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများတွင် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ အာဆီယံရှေ့နေချုပ်များအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများနှင့်အညီ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုများကို အထောက်အပံ့ပြုရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အစိုးရအမှုလိုက် အရာရှိများ၏ စွမ်းရည်မြှင့် တင်ခြင်းဆိုင်ရာသင်တန်းများ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရေး၊ ပုံမှန်မဟုတ်သော ပြစ်မှုများနှင့် နည်းပညာအသုံးပြုကျူးလွန်သည့်ပြစ်မှုများ ဖြေရှင်းနိုင်ရေးအတွက် အစိုးရအမှုလိုက်အရာရှိများ၏ စွမ်းရည်မြှင့်တင်ဆောင်ရွက်မှုများ ပူးပေါင်းဆောင်ရွက်ရေး၊ ကဏ္ဍအလိုက် အာဆီယံဝန်ကြီးများအဖွဲ့အား တရားစွဲအမှုလိုက်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထောက်အပံ့ပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဥပဒေရေးရာမူဘောင်များနှင့် တရားစွဲအမှုလိုက်ဆိုင်ရာ လက်တွေ့ကျင့်သုံးမှုများကို ဖလှယ်ရေးဆိုင်ရာအကြောင်းအရာများစသည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုကြေညာချက်လက်မှတ်ရေးထိုးခြင်းသည် အာဆီယံဥပဒေရေးရာများ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွင် စာမျက်နှာအသစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အာဆီယံနိုင်ငံများမှ ရှေ့နေချုပ်များက အာဆီယံရှေ့နေချုပ်များအစည်းအဝေး တည်ထောင်ခြင်းဆိုင်ရာကြေညာချက်ကို လက်မှတ်ရေးထိုးကြသည်။
အာဆီယံရှေ့နေချုပ်များအစည်းအဝေး တည်ထောင်ခြင်းဆိုင်ရာ ကြေညာချက်ကို လက်မှတ်ရေးထိုးခြင်းဖြင့် အာဆီယံနိုင်ငံများအတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရာတွင် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုရရှိစေနိုင်ခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရှေ့နေချုပ်ရုံးများအကြား တရားစွဲနှင့် အမှုလိုက်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်မည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် စက်တင်ဘာ ၁၆
မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ မြန်မာစီးပွားရေးကိုယ်စားလှယ်ရုံး၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက် အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျား၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့်ပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ အမယ်သစ်များနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် တရုတ်နိုင်ငံအနေဖြင့် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်ကြရန် ဖိတ်ခေါ်ပါကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံက ကြီးမှူးဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်တွင် ပါဝင်သည့် ဦးစားပေးနယ်ပယ် ၈ ခုတွင် မိမိတို့နိုင်ငံဖြင့် ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေသောကြောင့် လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် အခွင့်အလမ်းကောင်းများ များစွာရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ယုံကြည်စွာ လာရောက်ရင်းနှီးမြှုပ်နှံနေသည့် စီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရေးပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအနေဖြင့်လည်း ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြစေလိုပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းကာ ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံပွဲမှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ရေရှည်တည်တံ့ခိုင်မြဲပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံလိုသည့်လုပ်ငန်းများ၊ မူဝါဒများနှင့်အညီ ပို့ကုန်သွင်းကုန် တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လိုမှုများနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးဖြေကြားပြီး နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားသည်။
နံနက်ပိုင်းတွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လျှိုကျိုးမြို့ရှိGuangxi Liugong Machinery Co.,Ltd Global R & D Center သိူ့ သွားရောက်လေ့လာကြရာ ကုမ္ပဏီမှတာဝန်ရှိသူများက စက်ရုံမှ အဆင့်မြင့်နည်းပညာများဖြင့် ဆန်းသစ်တီထွင်ထုတ်လုပ်လျက်ရှိသည့် စက်ယန္တရားကြီးများ၊ EV စက်ယန္တရားကြီးများနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ၊ စက်ရုံမှ ထုတ်လုပ်သည့် EV Loader ဖြင့် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များ၌ အဝေးထိန်းစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်မှုပြကွက်နှင့် ကမ္ဘာတစ်ဝန်း စီမံကိန်းကြီးများတွင် စက်ရုံထုတ် စက်ယန္တရားကြီးများဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် ပြကွက်တို့ကို ရှင်းလင်းပြသရာ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော လျှိုကျိုးမြို့ရှိ လျှိုကျိုးစက်မှုပြတိုက်နှင့် SAIC GM-Wuling Auto Co., Ltd ၏ ဝူလင်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံတို့သို့ သွားရောက်လေ့လာ
နေပြည်တော် စက်တင်ဘာ ၁၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင်ရောက်ရှိနေသော နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စမာကျားနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် လျှိုကျိုးမြို့ရှိ လျှိုကျိုးစက်မှုပြတိုက်နှင့် SAIC GM-Wuling Auto Co., Ltd ၏ ဝူလင်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံတို့သို့ သွားရောက်လေ့လာကြသည်။
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် အဖွဲ့ဝင်များသည် နံနက်ပိုင်းတွင် မြန်နှုန်းမြင့်ရထားဖြင့် နန်နင်းမြို့မှ လျှိုကျိုးမြို့သို့ရောက်ရှိပြီး ထိုမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြရာ လျှိုကျိုးစက်မှုပြတိုက်သို့ရောက်ရှိကြကာ လျှိုကျိုးမြို့ CPC ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် မြို့တော်ဝန် Mr. Zhang Zhuang နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ပြတိုက်ဒုတိယတာဝန်ခံက ပြတိုက်အတွင်းရှိ လျှိုကျိုးစက်မှုသမိုင်းကြောင်းပြခန်း၊ ဂေဟဗေဒဆိုင်ရာပြခန်းနှင့် လုပ်ငန်းများပြခန်းတို့တွင် ခင်းကျင်းပြသထားသော ၁၉၀၂ ခုနှစ်မှ စတင်အသုံးပြုခဲ့သည့် ထင်ရှားသော ရှေးဟောင်းစက်မှုပစ္စည်းများ၊ ယခုခေတ်ကာလအထိ စက်မှုလုပ်ငန်းတိုးတက်မှုအဆင့်ဆင့်အခြေအနေများ၊ ခေတ်အဆက်ဆက် လျှိုကျိုးမြို့ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းဓာတ်ပုံများနှင့် အခြားပြခန်းတို့ကို ရှင်းလင်းပြသရာ နိုင်ငံတော်ဝန်ကြီးချုပ်က လိုက်လံကြည့်ရှုလေ့လာပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လျှိုကျိုးမြို့ရှိ SAIC GM-Wuling Auto Co., Ltd ၏ ဝူလင်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိကြရာ ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာက ဝူလင်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံ၏ သမိုင်းကြောင်း၊ နှစ်အလိုက်ထုတ်လုပ်လျက်ရှိသည့် ကားအမျိုးအစားများ၊ ထုတ်လုပ်ပြီးကားများအား ဈေးကွက်အတွင်းရောင်းချပေးနေမှု၊ ၂၀၁၇ ခုနှစ်မှစတင်၍ EV မော်တော်ယာဉ်များ စတင်ထုတ်လုပ်နေမှုများ၊ AI Operations Center နှင့် ထုတ်လုပ်ထားသည့် မော်တော်ယာဉ်များ၏ အရည်အသွေး၊ ကြံ့ခိုင်မှု၊ လုံခြုံမှုတို့ကို လိုက်လံရှင်းလင်းပြသရာ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ CPC ပါတီအတွင်းရေးမှူး မစ္စတာချန်ကန်းကို လက်ခံတွေ့ဆုံ
နေပြည်တော် စက်တင်ဘာ ၁၄
(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ်တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ CPC ပါတီအတွင်းရေးမှူး မစ္စတာ ချန်ကန်းကို ယနေ့ညနေပိုင်းတွင် နန်နင်းမြို့ လိယွမ်နိုင်ငံတော်ဧည့်ဂေဟာ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပိုမိုမြှင့်တင်နိုင်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာများ ဖြန့်ဝေပေးနိုင်ရေး၊ ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ ချစ်ကြည်ရေးညီအစ်မမြို့များ တည်ထောင်၍ မြို့နှစ်မြို့သာမက နှစ်နိုင်ငံကဏ္ဍစုံကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ CPC ပါတီအတွင်းရေးမှူးနှင့်အတူ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး မစ္စတာဝေတောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ CPC ပါတီအတွင်းရေးမှူးက နန်နင်းမြို့ လိယွမ်နိုင်ငံတော်ဧည့်ဂေဟာရှိ Chinese Hibiscus Hall ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိ
နေပြည်တော် စက်တင်ဘာ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ်တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စမာကျား၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ လိုက်ပါသွားကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် နန်နင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ကွမ်ရှီးဒေသ CPC ပါတီ ဒုတိယအတွင်းရေးမှူး Mr.Wang Weiping ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။