photo

ထိုင်း PTTEP မှ M-9 လုပ်ကွက်တွင် ပလက်ဖောင်းသစ် (၄) ခု တပ်ဆင်ခြင်းနှင့် ရေအောက်ပိုက်လိုင်း ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

09/11/2025

ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP သည် မုတ္တမကမ်းလွန်လုပ်ကွက်ဖြစ်သည့် M-9 တွင် Development Project Phase 1E အရ အသစ်တည်ဆောက်မည့် ပလက်ဖောင်း (၄)ခု တပ်ဆင်ခြင်းနှင့် ရေအောက် ပိုက်လိုင်း ဆက်သွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့တွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

PTTEP အနေဖြင့် ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ (၂ဝ) ရက်နေ့မှ ၂ဝ၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ အထိဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်စေရေး တည်နေရာများမှ (၄) ကီလိုမီတာပတ်လည်အတွင်း ရေကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

PTTEP သည် ကမ်းလွန်လုပ်ကွက် M-9 တွင် အကဲဖြတ်တွင်း (၁၇) တွင်း တူးဖော်မည်ဖြစ်ပြီး ယခုကဲ့သို့ တူးဖော်ခြင်းသည် အနာဂတ်စွမ်းအင်လိုအပ်ချက်ကို ထောက်ပံ့နိုင်ရန်အတွက်ဖြစ်ပြီး ထိုင်းနိုင်ငံမှ လုပ်ကိုင်ခွင့်ရထားသည့် ဇောတိကစီမံကိန်းလုပ်ကွက်ကို အထောက်အပံ့ပြုမည်ဖြစ်ကြောင်း သိရသည်။

11.09.2025
photo

ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် ကိုလံဘီယာနိုင်ငံ ရီယိုအာချာမြို့၌ ကျင်းပသည့် ရွှေ့ပြောင်းသွားလာမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်စပ်လျဉ်းသည့် ကမ္ဘာလုံးဆိုင်ရာဖိုရမ်၏ (၁၅) ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်

09/10/2025

နေပြည်တော် စက်တင်ဘာ ၉

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုလံဘီယာနိုင်ငံ ရီယိုအာချာမြို့၌ စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိကျင်းပခဲ့သည့် ရွှေ့ပြောင်းသွားလာမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် စပ်လျဉ်းသည့် ကမ္ဘာလုံးဆိုင်ရာဖိုရမ်၏ (၁၅) ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ (15th Summit of the Global Forum on Migration and Development) သို့ တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဖိုရမ်၏ ပထမနေ့တွင် ဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း၊ "Striking a New Deal on Pathways: Aligning Priorities for Countries of Destination and Origin" ခေါင်းစဉ်ဖြင့် ကျွမ်းကျင်သူအဆင့် စကားဝိုင်းသို့လည်းကောင်း၊ Durable Solutions to Internal Displacement ခေါင်းစဉ်ဖြင့် ကျွမ်းကျင်သူအဆင့် စကားဝိုင်းသို့လည်းကောင်း တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲဖိုရမ်၏ ဒုတိယနေ့တွင် "Care work in migration, recognition, advocacy and progress on the global and regional migration" ခေါင်းစဉ်ဖြင့် ကျွမ်းကျင်သူအဆင့် စကားဝိုင်းကိုလည်းကောင်း၊ “Restoration of Rights as the Cornerstone for a Dignified Return” ခေါင်းစဉ်ဖြင့် ကျွမ်းကျင်သူအဆင့် စကားဝိုင်းကိုလည်းကောင်း တက်ရောက်ခဲ့သည်။ ဖိုရမ်တတိယနေ့တွင် Future of the Forum ကိုလည်းကောင်း၊ ပိတ်ပွဲအခမ်းအနားကိုလည်းကောင်း တက်ရောက်ခဲ့သည်။

အဆိုပါဖိုရမ်၏ ဖွင့်ပွဲအခမ်းအနားသို့ ကိုလံဘီယာသမ္မတ H.E. Mr. Gustavo Petro နှင့် နိုင်ငံခြားရေးဝန်ကြီး Mrs. Rosa Yolanda Villavicencio Mapy တို့က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံပေါင်း ၆၉ နိုင်ငံမှ ကိုယ်စားလှယ်များ ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် လေ့လာသူများ ၇၃ ဖွဲ့ စုစုပေါင်းအင်အား ၁၂၀၀ ခန့် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲအား ရွှေ့ပြောင်းသွားလာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိပြီး အပြုသဘောဆောင်သော မူဝါဒဆွေးနွေးပွဲများကို အစိုးရများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား အပြန်အလှန်ဆွေးနွေးဖလှယ်ကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

ပြစ်သစ်နိုင်ငံ ပါရီမြို့၌ ရပ်နားစဉ် ဒုတိယဝန်ကြီးသည် ပါရီမြို့ရှိ မြန်မာသံရုံးမှ သံရုံးဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။                

သတင်းစဉ်

10.09.2025
photo

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပသည့် (၁၀) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်

09/10/2025

နေပြည်တော် စက်တင်ဘာ ၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏အကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီအမှုဆောင်အတွင်းရေးမှူး Mr. Anton Kobyakov ၏ ဖိတ်ကြားမှုအရ စက်တင်ဘာ ၃ ရက်မှ ၆ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပသည့် (၁၀) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သည်။

(၁၀) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဒုတိယဥက္ကဋ္ဌတို့ ပါဝင်တက်ရောက်သည်။

ရင်းနှီးပွင့်လင်းစွာဆွေးနွေး

ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ အကြံပေး Mr. Anton Kobyakov အား တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံဂုဏ်ထူးဆောင် ကောင်စစ်ဝန်နှင့် ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် Mr. SHATIROV Sergey Vladimirovich ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအပါအဝင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ ဘဏ္ဍာရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် ကျန်းမာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နေမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း စက်တင်ဘာ ၄ ရက်နံနက်ပိုင်းတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် Russia-ASEAN Business Dialogue အစီအစဉ်တွင် Panelist အနေဖြင့် တက်ရောက်၍ ရုရှား-အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရုရှား- အာဆီယံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် နည်းလမ်းများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၊ ဈေးကွက်များကို ချဉ်းကပ်ရမည့် ဘုံနည်းလမ်းများ၊ ရုရှားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆွဲဆောင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Valerievich KARA-OOL ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်သည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

လေ့လာကြည့်ရှု

ညနေပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Ivan Viktorovich Polyakov နှင့်တွေ့ဆုံ၍ ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ဆန်စပါး၊ ကော်ဖီ၊ သရက်သီးနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရေးအပါအဝင် ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ လျှပ်စစ်၊ စွမ်းအင်ကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအား ဆွေးနွေးကြပြီး ဖိုရမ်၌ ပြသထားသော ပြခန်းများအား လေ့လာကြည့်ရှုကြသည်။

စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ SYNERGY Corporation မှ International Recrui-tment Agency Director ဖြစ်သူ Ms. Lidia Filatova အား လက်ခံတွေ့ဆုံ၍ မြန်မာ-ရုရှားနှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေးဆောင်ရွက်နေမှုများ၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လိုသူ နိုင်ငံသားများအတွက် အခွင့်အလမ်းများနှင့် လေ့ကျင့်သင်ကြားပေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။

တစ်ချိန်ထဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က “ Global South and East : who will lead the new growth economy” ခေါင်းစဉ်ဖြင့် ကျင်းပသော စားပွဲဝိုင်းဆွေးနွေးပွဲတွင် Speaker အဖြစ် တက်ရောက်ဆွေးနွေးခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်တက်ရောက်ကြသည်။

အမြင်ချင်းဖလှယ်

ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E. Mr. Maksim Reshetnikov ခေါင်းဆောင် သောအဖွဲ့နှင့်တွေ့ဆုံ၍ ပဉ္စမအကြိမ် ရုရှား- မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မရှင်အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ မြန်မာ-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၁၀) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ ပင်မအခမ်းအနားဖြစ်သည့် မျက်နှာစုံညီအစည်းအဝေး (Main Forum - Plenary Session) သို့ ပါဝင်တက်ရောက်သည်။

အဆိုပါအစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာဗလာဒီမာပူတင်က မိန့်ခွန်းပြောကြားခဲ့ပြီး နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ပင်မဆွေးနွေးမှုများကို ဦးဆောင်ဆွေးနွေးသည်။ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr.Sonsan Siph-andon ၊ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ် H.E. Mr. Gombojavyn Zandanshatar နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီပေါလစ်ဗျူရိုအဖွဲ့ဝင်၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ H.E. Mr. Li Hong Zhong တို့က ဆွေးနွေးဖက်များအဖြစ် ပါဝင်ဆွေးနွေးကြသည်။

သမ္မတပူတင်က ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ရုရှားအရှေ့ဖျားနှင့် အာတိတ်ဒေသအား ဒုတိယအထူးဦးစားပေး စီးပွားရေးဒေသအဖြစ် သတ်မှတ်သွားရန်ရှိကြောင်း၊ အနာဂတ်တွင် အာရှနှင့် ဥရောပတို့အကြား မြောက်ဘက်ပင်လယ်ရေလမ်းကြောင်းမှာ များစွာအရေးကြီးလာမည်ဟု ရှုမြင်ထားကြောင်း၊ ယင်းအတွက် အာတိတ်ဒေသဖြတ်သန်း စင်္ကြံထူထောင်မည်ဖြစ်ပြီး ဆိုက်ဘေးရီးယားဒေသမြစ်ကြောင်းများကို သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများအတွက် အသုံးပြုနိုင်မှုအလားအလာကောင်းများရှိကြောင်း၊ အရှေ့ဖျားဒေသတွင် ဒရုန်းယာဉ်များအသုံးပြုမှု ကျယ်ပြန့်လာစေရေးအတွက် စမ်းသပ်လုပ်ဆောင်လျက်ရှိကြောင်း၊ ရုရှားနိုင်ငံ၏ စီးပွားရေးတုံ့ဆိုင်းခြင်းမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ လုံခြုံရေးအာမခံချက်အပေါ် ရုရှားနိုင်ငံအနေဖြင့် အလေးထားကြောင်း၊ အာမခံချက်ရရှိစေရန် နှစ်ဖက်စလုံးမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံအတွင်းရှိ မည်သည့်နိုင်ငံ/တပ်ဖွဲ့ကိုမဆို ဥပဒေအရ တိုက်ခိုက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

မျက်နှာစုံညီ အစည်းအဝေးအပြီးတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E. Mr. Maksim Reshetnikov နှင့် GAZPROM ကုမ္ပဏီတို့မှ တာဝန်ရှိသူများအား တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ အလားအလာကောင်း၍ အာမခံချက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များတွင် ရှာဖွေတူးဖော်ထုတ်လုပ်ရေးနှင့် မြန်မာနိုင်ငံတွင် Feasibility Study ပြုလုပ်ထားပြီးဖြစ်သည့် ရေနက်ဆိပ်ကမ်းများနှင့် တည်ဆောက်ထားပြီးဖြစ်သည့် ပိုက်လိုင်းများကို အသုံးပြု၍ LNG Hub ကဲ့သို့သော Energy Trading ပြုလုပ်နိုင်မည့် အခွင့်အလမ်းများတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ရေးအတွက် အလားအလာကောင်းများရှိမှုနှင့် နှစ်နိုင်ငံစွမ်းအင်ကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ဆေးလက်တွေ့သင်ကြားနိုင်ရေး

စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Valdivostok မြို့ရှိ Medical Center သို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့်အတူ စက်ရုပ်အသုံးပြု ၍ ခွဲစိတ်မှုများ (Robotic Surgery)၊ AI နည်းပညာအသုံးပြု၍ မှန်ပြောင်းကြည့်ခွဲစိတ်ကုသမှုများ (Endoscopic Surgery)၊ ကလေးကုသဆောင်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ဦးခေါင်းဌာန၊ ပြန်လည်သန်စွမ်းရေးဌာနများသို့ ကြည့်ရှုပြီး အဆိုပါဆေးရုံရှိ ဆေးကုသမှုအခြေအနေများ၊ နိုင်ငံတကာ ဆေးကျောင်းသားများ တက်ရောက်သင်ကြားပေးနေမှုအခြေအနေများ၊ မြန်မာနိုင်ငံမှ ပညာတော်သင်ကျောင်းသားများ စေလွှတ်ပြီး ဆေးလက်တွေ့သင်ကြားနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးသည်။

အရှေ့ဖျားစီးပွားရေးဖိုရမ်ကို ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများအကြား ဆက်သွယ်မှုထူထောင်ရေးနှင့် အာရှနှင့် ပစိဖိတ်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းတစ်ခုဖြစ်စေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ယခုကျင်းပသည့် (၁၀) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၇၅ နိုင်ငံမှ အကြီးအကဲများ၊ အစိုးရအဖွဲ့များ၊ ကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၇၀၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

10.09.2025
photo

တရုတ်နိုင်ငံ ကူမင်းမြို့၌ ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ် ကျင်းပ

09/07/2025

ကူမင်း စက်တင်ဘာ ၆

၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Intercontinental ဟိုတယ်၌ ကျင်းပသည်။

ဖိုရမ်ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အဖွဲ့၊ တရုတ်နိုင်ငံပါတီဗဟိုကော်မတီနှင့် ယူနန်ပြည်နယ်ပါတီကော်မတီတို့မှ တာဝန်ရှိသူများ၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီဒီယာများ၊ တတ်သိပညာရှင်များ၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ယူနန်ပြည်နယ်မှ တိုင်းရင်းသားပေါင်းစုံက တိုင်းရင်းသားအကအလှများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တက်ရောက်လာသူများက ယူနန်ပြည်နယ် ထုတ်ကုန်များပြခန်းနှင့် ရှေးဟောင်းအနုပညာပြခန်းများကို ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် ယူနန်ပြည်နယ်မှ အကအဖွဲ့က ကပြဖျော်ဖြေတင်ဆက်ကာ Video Clip ကို ပြသ၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး Wang Ning ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ Hu Heping ၊ ဆင်ဟွာသတင်းဌာန အကြီးအကဲ Fu Hua နှင့်တာဝန်ရှိသူများက ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းမီဒီယာများ ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြသည်။

ထို့နောက် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ပထမဦးဆုံးရောက်ရှိခဲ့သော ယူနန်ပြည်နယ်ကယ်ဆယ်ရေးအဖွဲ့တွင် ပါဝင်ခဲ့သည့်အဖွဲ့ ခေါင်းဆောင်တစ်ဦးက ငလျင်ပြီးနောက် ချက်ချင်းရောက်ရှိပြီး အသက်ရှင်လျက် အဘွားအိုတစ်ဦးအား ကယ်ဆယ်နိုင်ခဲ့မှု၊ အဘွားအိုနှင့် မိသားစုက ကယ်ဆယ်ရေးအဖွဲ့အား လှိုက်လှဲဝမ်းသာစွာ ကျေးဇူးတင်စကားပြောကြားခဲ့မှု၊ တရုတ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ယူနန်ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့တို့၏ ကူညီကယ်ဆယ်ရေး စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့မှုကြောင့် မြန်မာ - တရုတ် ပိုမိုခိုင်မြဲသော ချစ်ကြည်ရေးဖော်ဆောင်နိုင်ခဲ့မှုတို့နှင့်စပ်လျဉ်း၍ မှတ်တမ်းဓာတ်ပုံများ ပြသပြီး ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက မန္တလေးမြေငလျင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းအတွေ့အကြုံနှင့် ယူနန်ပြည်နယ် ကယ် ဆယ်ရေးအဖွဲ့၏ ကယ်ဆယ်ရေးဆောင်ရွက်မှုတို့ကို ဆွေးနွေးပြောကြားသည်။

မွန်းလွဲပိုင်းတွင် အဆင့်မြင့်ဖိုရမ်၏ စုံညီအစည်းအဝေးကို ဆက်လက်ကျင်းပရာ တိုင်းရင်းသားအဖွဲ့များက ရိုးရာအကဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရုရှား၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား၊ အိန္ဒိယ၊ ကာတာစသည့်နိုင်ငံများမှ သတင်းမီဒီယာဆိုင်ရာ အကြီးအကဲများက အမှာစကားပြောကြား ကြသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ်တွင် အဆင့်မြင့်ခေတ်မီနည်းပညာများ တိုးတက်ထွန်းကားလာသည်နှင့်အညီ မီဒီယာကဏ္ဍ၏ တိုးတက်ပြောင်းလဲမှုများကလည်း တစ်နေ့တခြား မြင့်မား လာနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ ယခုအခါတွင် Al နည်းပညာသည် အငြင်းပွားဖွယ် ကိစ္စရပ်များနှင့် ဖွံ့ဖြိုးမှုများ ဆောင်ကြဉ်းပေးလာသည်ကို လည်း အားလုံးသိရှိကြမည်ဖြစ်ပါ ကြောင်း။

AI နည်းပညာကြောင့် ယခင်က ခက်ခက်ခဲခဲဆောင်ရွက်ခဲ့ရသည်တို့ကို အခုအခါ အလွယ်တကူ ဖန်တီးလုပ်ဆောင်နိုင်သည်ကို မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း၊ သို့ရာတွင် ဥပဒေနှင့် ကျင့်ဝတ်များ အရ စောဒကတက်ဖွယ်ဖြစ်နေသည်များကိုလည်း ဆိုးကျိုးအနေဖြင့် တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် AI နည်းပညာကို မီဒီယာလောကအတွက် အကျိုးရှိရှိ၊ ထိရောက်စွာအသုံးချနိုင်ရန်၊ တူညီသည့် စည်းမျဉ်းများနှင့်အညီ အသုံးပြုနိုင်ရန်၊ Digital Divide ဟုခေါ်သည့် နည်းပညာကွာဟမှုများ ကျဉ်းမြောင်းစေရန်နှင့် Global South ဒေသနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန် သည် အလွန်အရေးကြီးသည်ဟု မြင်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများမှ မီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို အခိုင်အမာတည်ဆောက်လိုပါကြောင်းနှင့် ယခုဖိုရမ်မှ တစ်ဆင့်လည်း အသစ် အသစ်သော အပြန်အလှန်ဆက်ဆံရေးများ ဆက်လက်ဖော်ဆောင်သွားလိုပါကြောင်း၊ ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်ရင်ဆိုင်နေကြရသည့် သတင်းတု / သတင်းမှားများကို ပူးပေါင်းတိုက်ဖျက်ပြီး နိုင်ငံအချင်းချင်းနှင့် ပြည်သူများအကြား သတင်းမှန်များ ပျံ့နှံ့စေရေး အပြန်အလှန် နားလည်မှုနှင့် သဘောပေါက်မှုများ တိုးပွားပြီး ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတည်ဆောက်နိုင်ကာ ငြိမ်းချမ်း သာယာသည့် ကမ္ဘာကြီးကို ဖော်ဆောင်ကြရာတွင် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ၏ ပူးပေါင်း စုစည်းမှုအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တရုတ်နိုင်ငံ ပြန်ကြားရေးဝန်ကြီး မစ္စ ဇိန်းယန့်တို့က “သတင်းမီဒီယာနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေး ကနဦးအဆိုပြုလွှာ” (LOI) ကို လက်မှတ်ရေးထိုးကြသည်။

ယင်းနောက် MRTV & (ယူနန် မီဒီယာဂရု) YMG တို့အပါအဝင် ဌာန/အဖွဲ့အစည်း (၆)ခုတို့က မီဒီ ယာပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုအခမ်းအနားအား Video Wall တွင် လက်ဖြင့် ထိ၍ အတည် ပြု / မှတ်တမ်းတင်ကြသည်။

ညနေပိုင်းတွင် ယူနန်-မြန်မာ သတင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းတွေ့ဆုံပွဲကို ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စဇိန်းယန့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ယူနန်ပြည်နယ်နှင့် မြန်မာမီဒီယာများအကြား သတင်းပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ၊ သတင်းအချက်အလက်များ လျင်မြန်စွာဖလှယ်နိုင်ရေး၊ ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းပညာမျှဝေရေး၊ ပုံနှိပ်မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြန်ကြားရေးဝန်ကြီးများက အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

သတင်းစဉ်

07.09.2025
photo

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချန်ဒူးမြို့၌ မီဒီယာများ၏မေးမြန်းမှုများအား ပြန်လည်ဖြေကြား

09/07/2025

နေပြည်တော် စက်တင်ဘာ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ ချန်ဒူးမြို့သို့ ရောက်ရှိနေစဉ်အတွင်း ချန်ဒူးမြို့ရှိ Shanghai La ဟိုတယ်၌ ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံသတင်းမီဒီယာများ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့သည်။

ထိုသို့လက်ခံဖြေကြားခဲ့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မီဒီယာများဖြစ်ကြသည့် Chengdu Daily၊ Chengdu Business Daily၊ West Chian Metropolis Daily၊ Chengdu Television (CDTV)၊ Sichuan  Television(SCTV)၊ China Central Television(CCTV)၊ People’s Daily Online နှင့် China xinhua news တို့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation  Organisation-SCO SUMMIT 2025) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့မှုအခြေအနေ၊ တီယန်ကျင်းမြို့နှင့် ချန်ဒူးမြို့တို့၌ မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးပွဲများဆောင်ရွက်၍ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေများအား မေးမြန်းမှုများဆောင်ရွက် ခဲ့သည်။

ထိုသို့မီဒီယာများနှင့် တွေ့ဆုံစဉ် ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အလုပ်သဘောခရီးစဉ်အတွင်း SCO ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့မှု၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို အောက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့ပါသည်-

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး H.E. Mr. Xi Jinping ရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ကနေ ဒီနေ့စက်တင်ဘာလ ၆ ရက်နေ့အထိ ၈ ရက် ကြာ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ပထမဆုံး ဩဂုတ်လ ၃၁ ရက်နေ့မှာတော့ တီယန်ကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအပေါင်းအစည်းအဝေးကို ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာတော့ ကျွန်တော် မူလအဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများအနေနဲ့ ရှိတဲ့အခါမှာ ကျွန်တော်တို့မြန်မာနိုင်ငံကတော့ ဆွေးနွေးဖက်နိုင်ငံအဖြစ် ၂၀၂၃ ခုနှစ်မှာ ရောက်ရှိပြီးဖြစ်တဲ့အတွက်ကြောင့် ဒီအစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး ဖိတ်ကြားချက်အရ လာရောက်တက်ရောက်ခဲ့ပြီး ကျွန်တော်လည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီမှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးက ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုလုပ်ငန်းတွေ ပြုပြင် ပြောင်းလဲရေး အဆိုပြုချက် ၅ ခု Global Governance Initiative ၅ ချက်ကို အဆိုပြုဆွေးနွေးခဲ့ပါတယ်။ လက်ရှိကမ္ဘာ့အခြေအနေနဲ့ ကိုက်ညီပါတယ်။ ကျွန်တော်တို့ကမ္ဘာ့နိုင်ငံတွေမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရှိတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရှိတယ်။ ဆင်းရဲတဲ့နိုင်ငံတွေရှိတယ်။ ဒီနိုင်ငံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အခြေအနေချင်းမတူပေမယ့်လည်း၊ တချို့တူညီတဲ့အခြေအနေတွေ ရှိပေမယ့်လည်း အင်အားကြီးတဲ့နိုင်ငံတွေက အင်အားတူညီတဲ့ နိုင်ငံတွေရော၊ အင်အားနည်းတဲ့ နိုင်ငံတွေရောကို နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စစ်ရေးမျိုးစုံနဲ့ ဖိအားပေးနေတာကို ကြုံတွေ့နေရပါတယ်။ ဒီဟာ ကို သမ္မတကြီး H.E. Mr. Xi Jinping က ထောက်ပြပြီးတော့ ဒါကိုပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့အကြောင်းကို ပြောခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ဒီအဆိုပြုချက် ၅ ချက်ကို အပြည့်အဝထောက်ခံကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်များကလည်း ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ ဒီရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အစည်းအဝေးကတော့ လုံးဝအောင်မြင်တဲ့ အစည်းအဝေးတစ်ခု ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ တစ်ဆက်တည်းမှာပဲ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အခမ်းအနားကိုလည်း ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ အင်မတန် ကြီးကျယ်ခမ်းနားတဲ့ စစ်ရေးပြအခမ်းအနားကြီးဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ တရုတ်တပ်မတော်ရဲ့ စနစ်တကျလေ့ကျင့်ထားမှုကိုလည်း အကောင်းဆုံးဖြစ်တာကို ကျွန်တော်တွေ့ပါတယ်။ နောက် တရုတ်ပြည်သူများရဲ့စည်းကမ်းအပြည့်အဝရှိမှုကိုလည်း ကျွန်တော်တွေ့ရှိပါတယ်။ နောက်တတိယအနေနဲ့ကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းပကား မြင့်မားတယ်ဆိုတာကို ဒီမှာတွေ့ရပါတယ်။ နောက်တစ်ခါ ကမ္ဘာကြီးကို တရုတ်နိုင်ငံအနေနဲ့ အကာအကွယ်ပေးနိုင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဒီမှာတွေ့ပါတယ်။ တချို့ပစ္စည်းတွေဆိုရင် ကျွန်တော်တို့ လုံးဝကို မထင်တဲ့ကာကွယ်ရေးပစ္စည်းတွေ တွေ့ပါတယ်။ ဒီကာကွယ်ရေးပစ္စည်းတွေက ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးနိုင်မယ်ဆိုတာ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဖက်ဆစ်တွေရဲ့နှိပ်စက်မှုဒဏ်ကို ခံခဲ့ရတဲ့ တော်လှန်မှု နှစ် (၈၀) ပြည့်တဲ့ ကာလဖြစ်တဲ့အတွက်ကြောင့် အဓိပ္ပာယ်ရှိတဲ့၊ အကျိုးရှိတဲ့ စစ်ရေးပြအခမ်းအနားကြီးတစ်ခုဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

ကျွန်တော်တို့ တစ်ဆက်တည်းမှာပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့မြောက်ဘက်မှာရှိတဲ့ ဟေလုံ ကျန်းပြည်နယ်နဲ့ ဒီနေ့ ကျွန်တော်ရောက်ရှိနေတဲ့ စီချွမ်ပြည်နယ်တို့ကိုလည်း နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်နိုင်ဖို့ ကျွန်တော် ချစ်ကြည်ရေးခရီးဆက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ခရီးစဉ် ဒီတင်ပြီးပြီဖြစ်ပါတယ်။

နောက်ထပ်ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွေ ဘယ်လိုဆောင်ရွက် နိုင်မလဲဆိုတာ ကျွန်တော်လေ့လာတဲ့အခါမှာ ကျွန်တော်တို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အခွင့်အလမ်းတွေ များစွာရှိတာကို ကျွန်တော်တွေ့ပါတယ်။ နောက်တစ်ခါ စီးပွားရေးနဲ့ပတ်သက်ပြီး ရောင်းဝယ်ဖောက်ကားမှု၊ ကုန်သွယ်မှုနဲ့ပတ်သက်ပြီးတော့လည်း များစွာဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ များစွာရှိတယ်ဆိုတာလည်း နှစ်ဖက်လုံးမှာ ကျွန်တော်တွေ့ပါတယ်။ တီယန်ကျင်းမှာရော၊ စီချွမ်မြို့မှာရော၊ ဟာပင်းမှာရော၊ ချန်ဒူးမြို့မှာရော နှစ်နိုင်ငံမှာရှိတဲ့ ကုန်သည်ကြီးများနဲ့ ကျွန်တော်တွေ့ဆုံပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခွင့်အလမ်းနဲ့ပတ်သက်ပြီးတော့ ပွင့်ပွင့် လင်းလင်း ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်နဲ့ အဖွဲ့ဝင်အဖြစ်ပါလာတဲ့ ဝန်ကြီးတွေကလည်း အကုန်ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်ခဲ့ပါတယ်။ တရုတ်ကုန်သည်များကလည်း စိတ်ဝင်တစားနဲ့ ပါဝင်ဆွေးနွေးပြောကြားခဲ့မှုများ၊ လာရောက်တွေ့ဆုံ တက်ရောက်ခဲ့မှုများရှိလို့ရှိရင် ကျွန်တော်တို့နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များစွာမျှော်လင့်ချက်ရှိနေကြတယ်ဆိုတာ ကျွန်တော်တို့ တွေ့ပါ တယ်။ ကျွန်တော် တရုတ်နိုင်ငံကို လာတာ ၁၂ ကြိမ်မြောက် ခရီးစဉ်ဖြစ်ပါတယ်။ ဒီ ၁၂ ကြိမ်မြောက် ခရီးစဉ်မှာ ဒီခရီးစဉ်က အောင်မြင်ဆုံးခရီးစဉ်တစ်ခုလို့ ကျွန်တော်ပြောလိုပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေကောင်းနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အိမ်နီးချင်းမိတ်ဆွေ နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံကလည်း ကျွန်တော်တို့နိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေအဖြစ် အမြဲတမ်းမျှော်လင့်ထားပါတယ်။ အခု ကျွန်တော်တို့လာတဲ့ခရီးစဉ်က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်ကို ခိုင်ခိုင်မာမာနဲ့ ယုံယုံကြည်ကြည်လုပ်နိုင်ဖို့အတွက် အခွင့်အလမ်းတွေရခဲ့တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ရဲရဲတင်းတင်း ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ အောင်မြင်မှုခရီးစဉ်တစ်ခုဖြစ်အောင် ခင်ဗျားတို့ တက်ရောက်လာကြသူများကလည်း အိမ်ဖြည့်ပေးတာဖြစ်ပါတယ်။ ကောင်းပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ထို့နောက် မီဒီယာများ၏ မေးမြန်းမှုများကို အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်-

မေး။   လေးစားအပ်ပါသော ယာယီသမ္မတကြီးရှင့်။ ကျွန်မကတော့ People Daily Online Media သတင်းထောက်ဖြစ်ပါတယ်။ ကျွန်မ မေးချင်တာကတော့ တရုတ်-မြန်မာဆက်ဆံရေး၊ သံတမန်ဆက်ဆံရေးဟာ ဒီနှစ်မှာ (၇၅)နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ယာယီသမ္မတကြီးအနေနဲ့ နှစ်နိုင်ငံ အနာဂတ်မှာ မည်သည့်အခန်းကဏ္ဍများ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုများမှာ ဆက်လက်ပူးပေါင်းပေးသွားမယ်၊ တရုတ် - မြန်မာရဲ့ အေးအတူ ပူအမျှ အသိုက်အဝန်းမှာ ဘယ်လိုဆက်လက် တွန်းအားပေးသွားမယ်ဆိုတာ သိရှိလိုပါတယ်ရှင့်။

ဖြေ။    ကျွန်တော်အစက ပြောခဲ့ပြီးသား။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ ဆွေမျိုးပေါက်ဖော် နိုင်ငံတွေဖြစ်တယ်။ အိမ်နီးနားချင်းမှာလည်း မိုင်ပေါင်း ၁၃၀၀ လောက်ရှည်တဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေဖြစ်တယ်။ နှစ်နိုင်ငံသမိုင်းကြောင်းကလည်း နှစ်ပေါင်းများစွာကတည်းက ကူးလူးဆက်ဆံမှုတွေရှိခဲ့တယ်။ နှစ်နိုင်ငံဆက်ဆံရေးကလည်း ယုံကြည်စိတ်ချမှုအပြည့်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကဏ္ဍစုံကနေပြီးတော့မှ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်သွားမယ်။ နောက်တစ်ခါ တရုတ်နိုင်ငံကနေပြီးတော့ အားသာချက်ရှိနေတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Green Policy) ပေါ့နော်။ ဒီဟာကလည်း အမြဲ တမ်းစိမ်းလန်းစိုပြည်တဲ့ မူဝါဒကို ကျွန်တော်တို့ရဲ့ မူဝါဒနဲ့ တူညီတာကြောင့် ဒါလည်း တရုတ်နိုင်ငံရဲ့ အတွေ့အကြုံကို ရယူပြီးတော့မှ တရုတ်ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံကလည်း ဒီနေ့အကျိုးကျေးဇူးတွေ ခံစားနိုင်အောင် အားပေးဆောင်ရွက်သွားမယ်လို့ပြောချင်ပါတယ်။

မေး။   ကျွန်မကတော့ ဆင်ဟွာသတင်းဌာနမှ ဖြစ်ပါတယ်။ ကျွန်မမေးချင်တာက နှစ်ချက်ရှိပါတယ်။ နံပါတ်တစ်က မြန်မာနိုင်ငံဟာ ရှန်ဟိုင်း SCO မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ အဆွေတော်ဟာဆိုရင် ကျွန်မတို့သမ္မတကြီးရဲ့ဖိတ်ခေါ်မှုနဲ့အတူ တီယန်ကျင်းမြို့မှာဆောင်ရွက်ခဲ့တဲ့ SCO Plus အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးမှာလည်း ကျွန်မတို့ရဲ့သမ္မတကြီးက Global Governance Initiative (GGI)ကိုပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အဆွေတော်ဟာ သမ္မတကြီး ရှီကျင့်ဖျင်အဆိုပြုခဲ့တဲ့ အစီအမံနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရှိပါသလဲ။ ပြီးတော့ အဲဒီအစီ အမံဟာ လက်ရှိကမ္ဘာကြီးမှာ ဘယ်လိုဟာမျိုးတွေသက်ရောက်မှုရှိပါသလဲ။ ဒါဟာ နံပါတ်တစ်မေးခွန်း ပါ။ နံပါတ်နှစ်မေးခွန်းဟာဆိုရင် ယခုနှစ်ဟာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ် မြောက်ဖြစ်ခဲ့ပါပြီ။ သမ္မတကြီး ရှီကျင့်ဖျင်က တီယန်ကျင်းမှာ သမ္မတကြီးနဲ့ တွေ့ဆုံစဉ်မှာတော့ တရုတ်-မြန်မာဆက်ဆံရေးဟာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးဖြစ်ပြီး ပြည်သူများမှပေါက်ဖွားလာတဲ့ သမိုင်းကြောင်းရှည်လျားတဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ နှစ်ဖက်လုံးဟာဆိုရင်တော့ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်အပေါ်မှာ မူတည်ပြီး နက်ရှိုင်းစွာ မဟာဗျူဟာပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကိုလည်း တွန်းအားပေးလျက်ရှိပြီး နှစ်နိုင်ငံပြည်သူများကိုလည်း သာယာဝပြောပြီး သုခများကိုလည်း သယ်ဆောင်လာတဲ့အတွက် ကျွန်မ မေးခွန်းကတော့ လက်ရှိအဆွေတော်အနေနဲ့ တရုတ်- မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး ဘယ်လို Comment ပေးလိုပါ သလဲ။

ဖြေ။    Global SCO အပေါင်း အစည်းအဝေးနဲ့ပတ်သက်ပြီး သမ္မတကြီး ရှီကျင့်ဖျင်က Global Governance Initiative (၅) ချက်တင်ပြတာရှိတယ်။ ကျွန်တော်အဖွင့်မှာလည်း စပြီး ပြောခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အင်အားကြီးနိုင်ငံတွေပေါ့။ သူတို့ကနေပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ စစ်ရေးအမျိုးစုံနဲ့ အနိုင်ကျင့်နေတာ တွေ့ရပါတယ်။ ခင်ဗျားတို့ တရုတ်နိုင်ငံကိုပဲ အမေရိကန်က အခွန်နဲ့ လှမ်းပြီးတော့ ဒုက္ခပေးနေတာ ဖိအားပေးနေတာလည်းရှိတယ်။ ကျွန်တော်တို့လည်း ဒီလိုဖိအားပေးခံနေရတာရှိတယ်။ ဒါက ဘဏ္ဍာရေးတင်မဟုတ်ဘူး။ နိုင်ငံရေးအရလည်း ဖိအားပေးတာတွေ ခံရတယ်။ စီးပွားရေးအရလည်း ဖိအားပေးတာတွေ ခံရတယ်။ ဒီလိုတွေကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒီအချိန်မှာ ဒီ ၅ ချက်က ကမ္ဘာ့ရဲ့ဖြစ်ပေါ်နေတဲ့ အားနည်းချက်တွေကို ဖော်ထုတ်ပြီးတော့မှ ဒါကိုကျွန်တော်တို့ ပြုပြင်ဖို့ လိုတဲ့အကြောင်းကို ဖော်ပြသွားတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ဖို့သင့်တယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။ အဲဒီတော့ သမ္မတကြီး ရှီကျင့်ဖျင်လည်း မည်သည့်ဖိအားမဆို၊ ခြိမ်းခြောက်မှုမဆို တရုတ်နိုင်ငံအနေနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ရှိကြောင်းပြောခဲ့တာ ဒီအဓိပ္ပာယ်ကို ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ ဒါတွေအားလုံးကို ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်။ နောက်တစ်ခုကတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆက်ဆံရေး ၇၅ နှစ်ပြည့်ပြီးတဲ့ ကာလအပေါ်မှာ သဘောထား ပြောတာရှိပါတယ်။ တကယ်လို့ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံဆက်ဆံရေး သံတမန်အရ ၇၅ နှစ်ပြည့်ပေမယ့် ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေး ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ အိမ်နီးနားချင်းနိုင်ငံတွေ လည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ မြန်မာနိုင်ငံအပေါ် သက်ရောက်မှု အကျိုးဖြစ်မှုရှိသလိုပဲ၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှုဟာလည်း တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူရမှာဖြစ်ပါတယ်။ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ရှိတယ် ဆိုတာ မြန်မာနဲ့ တရုတ်နှစ်နိုင်ငံပဲ ရှိပါတယ်။ မဟာဗျူဟာမိတ်ဖက်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းအတူ ခံစားရမယ်ဆိုတဲ့ နိုင်ငံများအဖြစ် နှစ်နိုင်ငံသဘောတူညီချက်နဲ့ လုပ်နေတာရှိပါတယ်။ ဒါကြောင့် ဒီကဏ္ဍတွေကို အခုလက်ရှိ ကျွန်တော်တာဝန်ယူထားတဲ့အချိန်မှာလည်း ကျွန်တော်တို့ နိုင်ငံကနေ ဒါကို အလေးထားကုစားသွားမှာ ဖြစ်သလို တရုတ်နိုင်ငံကလည်း အခုလက်ရှိပူးပေါင်းဆောင်ရွက်ပေးနေတယ်ဆိုတာလည်း ကျွန်တော်တို့အားလုံး မျက်မြင်ဖြစ်ပါတယ်။ တရုတ်-မြန်မာဆက်ဆံရေးဟာ အခုအခြေအနေမှာ အကောင်းဆုံး အခြေအနေ၊ အမြင့်ဆုံးအခြေအနေကို ရောက်နေတယ်လို့ ဆိုရပေမယ့်လည်း ဒီထက်ပိုပြီးကောင်းတဲ့၊ ဒီထက်ပိုပြီးမြင့်မားတဲ့၊ ဒီထက်ပိုပြီး ပူးပေါင်းဆောင်ရွက်မှုအားကောင်းတဲ့ အခြေအနေမျိုးကို ဆက်ပြီးအကောင်အထည်ဖော်သွားမှာလည်း ဖြစ်ပါတယ်။ ကောင်းတယ်ဆိုတာကတော့ အမြဲတမ်း မဟုတ်ပါဘူး။ ကောင်းတယ်၊ ဒီထက်ပိုကောင်းတယ်၊ ဒီထက်ပိုပြီးကောင်းတယ်ဆိုတာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နမူနာပြနေတယ်။ ဒီလိုပဲ နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရာမှာလည်း ကောင်းသည်ထက်ကောင်းအောင်၊ ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်သွားဖို့ နှစ်ဖက်လုံးက ကြိုးစားရမှာဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်လာတဲ့ ခရီးစဉ်က မနေ့ကအခြေအနေထက် ပိုကောင်းအောင် ကျွန်တော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်။ ကောင်းပါပြီ။

မေး။   လေးစားအပ်ပါသော ယာယီသမ္မတကြီးရှင်။ ကျွန်မကတော့ စီချွမ် Daily မီဒီယာမှဖြစ်ပါတယ်။ ကျွန်မ မေးခွန်းလေး နှစ်ခုမေးပါရစေ။ နံပါတ်တစ်မေးခွန်းကတော့ လက်ရှိစီချွမ်ကို လာရောက်တဲ့ခရီးစဉ်မှာ ဘယ်လိုခံစားရပါသလဲ။ ဘယ်လိုကျေးဇူးရပါသလဲ။ နံပါတ်နှစ်က စီချွမ်နဲ့ မြန်မာကြားမှာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေမှာ ဘယ်နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ချက်ရှိပါသလဲ။

ဖြေ။    စီချွမ်ပြည်နယ်ကိုလာရတာ အဓိကကတော့ ကျွန်တော်ကတော့ ချန်ဒူးပေါ့လေ။ ချန်ဒူးကို ဒီအခေါက်အပါအဝင် ၅ ကြိမ် ကျွန်တော်ရောက်ပါတယ်။ ၂၀၀၇ ခုနှစ်က ရောက်ခဲ့တာ လွန်ခဲ့တဲ့ ၁၈ နှစ်က ကျွန်တော်ရောက်ခဲ့တာ။ ကျွန်တော်ရောက်ခဲ့တဲ့အကြိမ်တွေအတွင်းမှာတော့ ချန်ဒူးက၊ ချန်ဒူးဆိုတာကလည်း စီချွမ်ကို ကိုယ်စားပြုထားတာပေါ့။ အများကြီး ဖွံ့ဖြိုးတိုးတက်နေတာကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ အားလည်းကျပါတယ်။ ဒါလေးလည်း ပူးပေါင်းဆောင်ရွက်ဖို့ အဆွေတော်တို့ရဲ့ ပါတီအတွင်းရေးမှူးနဲ့ ဆွေးနွေးခဲ့တာရှိတယ်။  ဒါတွေ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် နှစ်ဖက်လုံး သဘောတူကြပါတယ်။ နှစ်နိုင်ငံ နှစ်ဖက်ပေါ့။ စီချွမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေ ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်။ စီချွမ်ပြည်နယ်ဟာ စက်မှုနည်းပညာမှာလည်း ဖွံ့ဖြိုးတိုးတက်ပါတယ်။ နောက်ပညာရေးကဏ္ဍမှာလည်း မြင့်မားပါတယ်။ စိုက်ပျိုးရေးကဏ္ဍလည်း မြင့်မားပါတယ်။ သို့သော် စီချွမ်ပြည်နယ်မှာ မရှိတဲ့ စိုက်ပျိုးရေးထုတ်ကုန်၊ မြေပေါ်မြေအောက် ထုတ်ကုန်ပစ္စည်းတွေ၊ ရေထွက်ပစ္စည်းတွေ မြန်မာနိုင်ငံက အများကြီးရှိပါတယ်။ ဒါကြောင့် ဒီဟာကို နှစ်ဖက်ပူးပေါင်းဆောင်ရွက်မယ် ဆိုလို့ရှိရင် တရုတ်နိုင်ငံ ကိုယ်စားပြုဆောင်ရွက်တာနဲ့ အတူတူပဲလို့ ကျွန်တော်ပြောချင်ပါတယ်။ လေကြောင်းပို့ဆောင် ရေးနဲ့ ပတ်သက်ပြီး အမြန်ဆုံးအကောင်အထည်ဖော်ဖို့အတွက် စီစဉ်နေပါတယ်။ ကုန်သွယ်မှုတွေ မြင့်မားလာရင် လေကြောင်းသွားလာမှုတွေလည်း များလာမှာဖြစ်တယ်။ ဘာပဲပြောပြော စီချွမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဟာ အရင်ကာလနဲ့စာရင် အများကြီး ဒီထက်အဆပေါင်းများစွာ တိုးတက်မယ်လို့ ကျွန်တော်မျှော်မှန်းထားပါတယ်။ ဒါကြောင့်မို့ စီချွမ်ပြည်နယ်က မီဒီယာအဖွဲ့တွေလည်း မြန်မာနိုင်ငံကို လာရောက်ပြီးတော့ လေ့လာဖို့ ဖိတ်ကြားပါတယ်။ လာကြည့်ပါ။ လာကြည့်မှ မြန်မာနိုင်ငံနဲ့ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ပိုပြီးတော့ ခံစားရမှာဖြစ်ပါတယ်။ ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်။

07.09.2025