ပင်းတယမြို့နယ်တွင် ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပမည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ရွှေဥမင်သဘာဝ လိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား ငှက်ပျောတောရပ်ကွက်အတွင်းရှိ ရွှေဥမင်သဘာဝ လိုဏ်ဂူတော် ဘုရားနယ်မြေအတွင်း၌ မတ်လ ၁၀ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အား နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယခင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ခင် အချိန်ကာလက အဆိုပါပွဲတော်တွင် ဒေသထွက်ကုန်စည်ဆိုင်များ၊ တိုင်းရင်းသားရိုးရာ အသုံး အဆောင် ပစ္စည်းဆိုင်များ၊ ဒေသထွက်အစားအသောက်ဆိုင်များ အစရှိသည့် ဈေးဆိုင်များအပြင် ရိုးရာအားကစား ပြိုင်ပွဲများနှင့် စတိတ်ရှိုးများ၊ ဇာတ်သဘင်များကို ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိသည်။

တပေါင်းလပြည့်အဖိတ်နေ့တွင် ဒေသခံပြည်သူများကမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခြင်း၊ တပေါင်းလပြည့်နေ့တွင် ရွှေဥမင် သဘာဝလိုဏ်ဂူတော်အတွင်းရှိ ရှေးဟောင်းစေတီများ၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် သာသနာ့နယ်မြေ အတွင်းရှိ ဘုရားစေတီပုထိုးများအား မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များက ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ခြင်း၊ မင်္ဂလာအခမ်းအနားများကျင်းပခြင်း၊ ဒေသခံပြည်သူများက ဘုရား၊ စေတီ ပုထိုးများအား ဆွမ်း၊ ခဲဖွယ်၊ ဆီမီး၊ ပန်းများကပ်လှူပူဇော်ခြင်းနှင့် တပေါင်းလပြည့်ညတွင် ဘုရားစေတီပုထိုးများအား ဆီမီးကပ်လှူပူဇော်ခြင်းတို့ကို စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်လေ့ရှိသည်။

 ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု စတင်ဖြစ်ပွားခဲ့သည့်နှစ်မှစတင်၍ ရွှေဥမင်သဘာဝ လိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား ကန့်သတ်ချက်များဖြင့်သာ ကျင်းပပြုလုပ်သည်။ ယခုနှစ်တွင် မတ်လ ၁၀ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ ဈေးရောင်းပွဲတော်များ၊ တိုင်းရင်းသားရိုးရာ တေးသီချင်းများ၊ အကအလှများ သီဆိုဖျော်ဖြေတင်ဆက်ခြင်း၊ တပေါင်းလပြည့်အဖိတ်နေ့တွင် ဒေသခံပြည်သူများက မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခြင်း၊ တပေါင်းလပြည့်နေ့တွင် ရွှေဥမင်သဘာဝလိုဏ်ဂူတော်အတွင်းရှိ ရှေးဟောင်းစေတီများ၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် သာသနာ့နယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများအား မြို့နယ်အတွင်းရှိ ဆရာတော်၊သံဃာတော်များက ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်ခြင်းမင်္ဂလာအခမ်းအနားတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။