Egypt

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ASEAN Lecture Series သို့ တက်ရောက်

10/01/2025 

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၂၉-၉-၂၀၂၅ ရက်နေ့တွင် October 6 University ၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေးဌာန၌ ကျင်းပပြုလုပ်သည့် 6th ASEAN Lecture Series သို့ အာဆီယံ (၉) နိုင်ငံမှ သံရုံးအကြီးအကဲများ၊ သံရုံးဒုတိယအကြီးအကဲများနှင့်အတူတက်ရောက်ခဲ့ပြီး အာဆီယံ-ကိုင်ရိုကော်မတီဥက္ကဌအနေဖြင့် အာဆီယံအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ 

ASEAN Lecture Series အား အီဂျစ်နိုင်ငံတက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားများ အာဆီယံအကြောင်းသိရှိမှု မြှင့်တင်ပေးရန်နှင့် အီဂျစ်နိုင်ငံနှင့် အာဆီယံတက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်မှုအလားအလာများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ October 6 University မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အကြီးအကဲများ၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေးဌာနမှ အကြီးအကဲနှင့် ပါမောက္ခများ၊ ဆရာ/ ဆရာမ များနှင့် ကျောင်းသား ၁၀၀ ခန့် တက်ရောက်ခဲ့သည်။ 

တွေ့ဆုံဆွေးနွေးပွဲကို အပိုင်း (၂) ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး ပထမအပိုင်းသည် အာဆီယံ (၉) နိုင်ငံမှ သံရုံးအကြီးအကဲများ၊ ဒုတိယအကြီးအကဲများနှင့် October 6 University မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အကြီးအကဲများ သီးသန့်တွေ့ဆုံခြင်းဖြစ်ပြီး တက္ကသိုလ်ဥက္ကဋ္ဌနှင့် အာဆီယံ-ကိုင်ရို ကော်မတီဥက္ကဋ္ဌ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်တို့က အဖွင့်အမှာစကားပြောကြားခြင်း၊ October 6 University ၏ အကြောင်းအား တက္ကသိုလ်ဥက္ကဋ္ဌက ရှင်းလင်းတင်ပြခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ 

ဒုတိယအပိုင်းသည် စီးပွားရေးနှင့် စီမံခန့်ခွဲရေးဌာန ကျောင်းသားများနှင့်တွေ့ဆုံခြင်းဖြစ်ပြီး တက္ကသိုလ်၏ဒုတိယဥက္ကဌ အဖွင့်အမှာစကားပြောကြားခြင်း၊ အာဆီယံ-ကိုင်ရိုကော်မတီ၏ လက်ရှိဥက္ကဌ မြန်မာသံအမတ်ကြီးက အာဆီယံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် တက်ရောက်လာသူများအကြား အပြန်အလှန်ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

01.10.2025 | Views : 1
အာဆီယံ ဗီယင်နာ

အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌတာဝန်ယူထားသော မြန်မာသံအမတ်ကြီး အာဆီယံဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးဖလှယ်ပွဲသို့တက်ရောက်

10/01/2025

အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌအဖြစ် ၂၀၂၅ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ဗီယင်နာမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့်အတူ ၃၀-၉-၂၀၂၅ ရက်တွင် ဩစတြီးယား ဖက်ဒရယ်ဥရောပနှင့် နိုင်ငံတကာရေး ရာဝန်ကြီးဌာန၌ကျင်းပသည့် အာဆီယံဆိုင်ရာစားပွဲဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။  

အဆိုပါဆွေးနွေးပွဲတွင် အာဆီယံသံရုံးအကြီးအကဲများသည် ဩစတြီးယားဖက်ဒရယ် ဥရောပနှင့် နိုင်ငံတကာရေးရာဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သံအမတ်ကြီး မစ္စစ် ဟာနာလစ်ကိုး၊ ဝန်ကြီးချုပ်ရုံးမှ ဥရောပသမဂ္ဂ၊ နိုင်ငံတကာနှင့် အထွေထွေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် သံအမတ်ကြီး မစ္စတာ ကလေးမန်း မဲယာ-ဟတ်တင်း၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံနှင့် ဩစတြီးယားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံနှင့်အီးယူအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များအပေါ် ရင်းနှီးစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

01.10.2025 | Views : 1
Pagoda

ဗီယက်နမ်နိုင်ငံ၌ ကြေးသွန်းပူဇော်၍ မြန်မာနိုင်ငံသို့ ပင့်ဆောင်ပူဇော်မည့် ဗုဒ္ဓကြေးသွန်း ရုပ်ပွား တော်မြတ်ကြီးအား ကြေးသွန်းလောင်းမှုပြီးစီးခြင်း အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ပါဝင်တက်ရောက် ကြည်ညိုပူဇော်

10/01/2025 

ဗီယက်နမ်နိုင်ငံ၌ ကြေးသွန်းပူဇော်၍ မြန်မာနိုင်ငံသို့ပင့်ဆောင်ပူဇော်မည့် ဗုဒ္ဓကြေးသွန်းရုပ်ပွားတော်မြတ်ကြီးအား ကြေးသွန်းလောင်းမှုပြီးစီးသည့်အခမ်း အနားကို ဗီယက်နမ်ရဟန်းတော် သဒ္ဒမဇောတိကဓဇ ဘဒ္ဒန္တ ဦးဝိမလ (Thich Thien Ngoc) က ဦးဆောင်၍ ကြေးသွန်းပြုလုပ်သည့် နင့်ဘင်ပြည်နယ်၌ စက်တင်ဘာလ ၂၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်းနှင့် ဇနီး၊ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မြင့်ထွန်းနိုင်နှင့် ဇနီး၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးမှ ဝန်ထမ်းများ ပါဝင်တက်ရောက် ကြည်ညိုပူဇော်ခဲ့ကြောင်းသိရသည်။ 

မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်းက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကြေးသွန်းလောင်းမှုအောင်မြင်စွာပြီးစီးမှုနှင့် မြန်မာနိုင်ငံသို့ မကြာမီ ဆက်လက်ပင့်ဆောင်ရန် အသင့်ဖြစ်နေမှုတို့အပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နှစ်နိုင်ငံ ဗုဒ္ဓဘာသာနှင့် သာသနာတော်ပြန့်ပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးတို့အတွက် ပေါင်းကူးတံတားသဖွယ် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းတို့ကို လျှောက်ထားခဲ့ပြီး ဆရာတော် ဦးဝိမလက အခက်အခဲများအကြားမှ ယခုကဲ့သို ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံသို့ ပင့်ဆောင်ပူဇော်နိုင်မည့်အခြေအနေအထိ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှုများအပေါ် ဝမ်းမြောက်ဂုဏ်ယူစကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ နင့်ဘင်ပြည်နယ် ဗုဒ္ဒဘာသာသံဃာ့အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် Thich Ban Luon၊ ဗီယက်နမ် ဗုဒ္ဒဘာသာသံဃာ့အမှုဆောင်အဖွဲ့ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဆရာတော် Thich Van Phoung၊ နင့်ဘင်ပြည်နယ်၊ ရီရန် မြို့နယ် Van Diem ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် Thich Thanh Manh အပါ အဝင် ဗီယက်နမ် ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် ဗီယက်နမ် ဗုဒ္ဓဘာသာဝင် အလှူရှင် ဒါယိကာများ၊ ဒါယိကာမများ ပါဝင်တက်ရောက် ကြည်ညိုပူဇော်ခဲ့ကြသည်။

ယခုသွန်းလုပ်ပြီးစီးသည် ဗုဒ္ဓကြေးသွန်းရုပ်ပွားတော်မြတ်ကြီးသည် ဉာဏ်တော် ၁၉ ပေ၊ လုံးတော်အကျယ် ၁၈ ပေ၊ ရှေ့နောက် ၁၀ ပေ၊ အလေးချိန် ၈ တန်ခန့်ရှိပြီး ဗီယက်နမ် ဗုဒ္ဒဘာသာ သံဃာ့အမှုဆောင်အဖွဲ့၊ ပြည်ပသာသနာတော်ပြန့်ပွားရေးကော်မတီအဖွဲ့ဝင်၊ သဒ္ဒမဇောတိကဓဇ ဘဒ္ဒန္တဦးဝိမလ (Thich Thien Ngoc) က ဦးဆောင်၍ ဗီယက်နမ် ဗုဒ္ဓဘာသာဝင်ပြည်သူများ၏ ကုသိုလ်ပါဝင်မှုဖြင့် သွန်းလုပ်ပူဇော်ခြင်းဖြစ်ကာ ပင်လယ်ရေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပင့်ဆောင်၍ ဆရာတော်ကျောင်းထိုင်သည့် ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ မဟာပုညဝိဟာရ (CHUA DAI PHUOC) ဗီယက်နမ်ကျောင်းတိုက်၏ သိမ်တော်ကြီးတွင် ကိန်းဝပ် စံပယ်ထားရှိ ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓကြေးသွန်းရုပ်ပွားတော်မြတ်ကြီးသည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံနှင့် ပြည်သူနှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းသိရသည်။

01.10.2025 | Views : 1
ASEAN-1

စင်ကာပူနှင့် ယူအေအီးနိုင်ငံ သံတမန်ဆက်ဆံရေးနှစ် ၄၀ ပြည့် အထိမ်းအမှတ် စာအုပ်စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲနှင့် ဓာတ်ပုံပြပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်

09/30/2025

မြန်မာသံရုံး၊ အဘူဒါဘီမြို့မှ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် စက်တင်ဘာ ၂၅ ရက် နေ့တွင် ယူအေအီးနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E Kamal R. Vaswani ၏ ဖိတ်ကြားချက်အရ စင်ကာပူနှင့် ယူအေအီးနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး နှစ် ၄၀ ပြည့် အထိမ်းအမှတ်အခါသမယကို ဂုဏ်ပြုသောအားဖြင့် စင်ကာပူနိုင်ငံသံရုံးနှင့် ယူအေအီးနိုင်ငံ အမျိုးသားစာကြည့်တိုက်နှင့် မော်ကွန်းတိုက်တို့ပူးပေါင်း၍ အဘူဒါဘီမြို့ရှိ Anwar Gargash Diplomatic Academy (AGDA) တွင် ကျင်းပခဲ့သည့် စာအုပ်စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲနှင့် ဓာတ်ပုံပြပွဲအခမ်းအနားသို့ အဘူဒါဘီမြို့အခြေစိုက် ဖိတ်ကြားထားသော နိုင်ငံတကာမှသံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ ယူအေအီးနိုင်ငံသမ္မတ၏ သံတမန်ဆိုင်ရာ အကြံပေးနှင့် Anwar Gargash Diplomatic Academy ၏ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ H.E. Dr. Anwar Mohammed Gargash တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး စင်ကာပူနိုင်ငံမှ လွှဲပြောင်းပေးအပ်သည့် စာအုပ်စာတမ်းများနှင့် စာစောင်များကို လက်ခံရယူကာ အခမ်းအနားသို့ တက်ရောက်လာကြသည့် သံတမန်များနှင့်အတူ ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ စင်ကာပူနိုင်ငံရှိ ပညာရှင်အသီးသီးတို့မှ ဘာသာရပ်အလိုက် ရေးသားထုတ်ဝေခဲ့ကြသည့် ပညာရပ်ဆိုင်ရာ စာအုပ်၊ စာတမ်း၊ စာစောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

30.09.2025 | Views : 2
အာဆီယံအပျော်တမ်းဂေါက်သီးရိုက်

39th Asean Senior Amateur Championship 2025 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာစီနီယာအပျော်တမ်းဂေါက်သီးရိုက်အသင်း ချန်ပီယံဆုအပါအဝင် အောင်မြင်မှုများရရှိ

09/28/2025 

စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ဘရူနိုင်းနိုင်ငံ The Empire Country Club နှင့် The Pantai Mentiri Golf Club တို့၌ ကျင်းပသည့် 39th Asean Senior Amateur Championship 2025 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာစီနီယာအပျော်တမ်း ဂေါက်သီးရိုက်အသင်း ချန်ပီယံဆုအပါအဝင် အောင်မြင်မှုများ ရယူနိုင်ခဲ့ကြောင်း သိရသည်။

39th Asean Senior Amateur Championship 2025 ဂေါက်သီးရိုက်ပြိုင်ပွဲ၏ အသင်းလိုက် အကျောမဲ့ပြိုင်ပွဲတွင် ဦးကိုကိုအေး(MGF)၊ ဦးအိုက်ပန်း(MGF)၊ ဦးစိုး(မန္တလေး)နှင့် ဦးစန်းလွင်(မန္တလေး)တို့ပါ၀င်သော မြန်မာအသင်းက ချန်ပီယံဆု၊ တစ်ဦးချင်းအကျောမဲ့ပြိုင်ပွဲတွင် ဦးအိုက်ပန်းက ချန်ပီယံဆု၊ ဦးစိုး (မန္တလေး)က တတိယ၊ ဦးဆန်းမင်း (မော်လမြိုင်)က စတုတ္ထနှင့် ဦးကိုကိုအေးက ဒသမနေရာ အသီးသီးရရှိသည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင် ဘရူနိုင်းအပါအဝင် မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် မြန်မာနိုင်ငံ စုစုပေါင်းနိုင်ငံ ခြောက်နိုင်ငံ အသက် ၅၅ နှစ်နှင့်အထက် စီနီယာ အပျော်တမ်းဂေါက်သီးရိုက်ကစားသမား၂၅၆ ဦး ဝင်ရောက်ယှဉ်ပြိုင်သည်။

မြန်မာစီနီယာအပျော်တမ်းဂေါက်သီးရိုက်အသင်းတွင် ကစားသမားများအဖြစ် မြန်မာနိုင်ငံ ဂေါက်သီးရိုက်အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး၊  မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးဇာနည်ဝင်း၊ ဦးလှမြင့်ရွှေ (ဥက္ကဋ္ဌ၊ မြန်မာစီနီယာအပျော်တမ်း ဂေါက်သီးရိုက် အဖွဲ့ဆပ်ကော်မတီဥက္ကဋ္ဌ)၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာမြင့်ဦး (ပြိုင်ပွဲဝင်အသင်းခေါင်းဆောင်) မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်  တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးမြင့်အောင် (ပြိုင်ပွဲဝင်အသင်း ဒုတိယခေါင်းဆောင်)၊ ဗဟိုအလုပ် အမှုဆောင်များဖြစ်ကြသော ဦးဝင်းမြင့်ချင်း၊ ဦးအိုက်ပန်း၊ ဦးတင်မောင်မောင်ဝင်း၊ ဦးစိုးတို့နှင့် ကျန်ကစားသမားများဖြစ်သော ဦးဇော်မင်း(ခ)လုလု၊ ဦးကျော်မြင့်လှိုင်၊ ဦးအုန်းကျော်၊ ဦးစိုင်းဖိလစ်ရီ၊ ဦးဆန်းဦးလှိုင်၊ ဦးဆန်းမင်း၊ ဦးစိုးလှိုင်၊ ဦးရွှေထွန်းလှိုင်၊ ဦးကျော်စိန်လင်းနှင့် ဦးစန်းလွင်တို့ပါဝင်ကြသည်။ 

မြန်မာနိုင်ငံသည် ASEAN Senior Amateur Golf Associations အဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနှစ်တွင်  စတင်ဝင်ရောက်ခွင့်ရရှိခဲ့ပြီး ယခုနှစ်တွင်ကျင်းပသော  39th Asean Senior Amateur Championship 2025 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အောင်မြင်မှုများ ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

28.09.2025 | Views : 2
photo

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် အာရှ - ပစိဖိတ်ဒေသ အပြည်ပြည်ဆိုင်ရာ ဥပဒေဖိုရမ်သို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

09/27/2025

နေပြည်တော် စက်တင်ဘာ ၂၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရား သူကြီးချုပ်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘက်မြို့၌ စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် “(၁၃)ကြိမ်မြောက် အာရှ - ပစိဖိတ်ဒေသ အပြည်ပြည်ဆိုင်ရာဥပဒေဖိုရမ်” သို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါဖိုရမ်သည် အာရှ - ပစိဖိတ်ဒေသတွင်းနိုင်ငံများ၏ တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပသော ဖိုရမ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များတွင် အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်လျက်ရှိရာ ဤဖိုရမ်သို့ တက်ရောက်ခြင်းဖြင့် ဒေသတွင်းရှိ တရားသူကြီးချုပ်များ၊ တရားစီရင်ရေးအကြီးအကဲများနှင့် အမြင်ချင်းဖလှယ်ပြီး သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့သည်။

စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုတရားသူကြီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယာယီတရားသူကြီးချုပ် H.E Mr. Yuri Ivanenko နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားလွှတ်တော်ချုပ်တို့အကြား တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် နှစ်နိုင်ငံ တရားစီရင်ရေးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ညပိုင်းတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘက်မြို့ရှိ အယူခံတရားရုံးအဆောက်အအုံ၌ ကျင်းပသည့် (၁၃)ကြိမ်မြောက် အာရှ - ပစိဖိတ်ဒေသ အပြည်ပြည်ဆိုင်ရာဥပဒေဖိုရမ်သို့ တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ဧည့်သည်တော်များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယာယီတရားသူကြီးချုပ် H.E Mr. Yuri Ivanenko က တည်ခင်းသည့် ကြိုဆိုဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြသည်။

စက်တင်ဘာ ၂၂ ရက်တွင် ပြည်ထောင်စုတရားသူကြီးချုပ်သည် (၁၃) ကြိမ်မြောက် အာရှ - ပစိဖိတ်ဒေသအပြည်ပြည်ဆိုင်ရာဥပဒေဖိုရမ်သို့ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ တရားစီရင်ရေးဆိုင်ရာ အကြီးအကဲများ၊ တရားသူကြီးများ၊ တရားစီရင်ရေး အရာရှိများနှင့်အတူ တက်ရောက်ခဲ့သည်။

အဆိုပါဖိုရမ်တွင် အခွန်ဥပဒေ၊ အကောက်ခွန်ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေနှင့် မူပိုင်ခွင့်ဥပဒေဆိုင်ရာ တရားစီရင်ရေးနှင့်သက်ဆိုင်သည့် ဥပဒေပြဿနာရပ်များကို စာတမ်း ဖတ်ကြားဆွေးနွေးကြပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာလီစံက "Intellectual Property Rights Protection in Myanmar: Judicial Perspective and Experience" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

27.09.2025 | Views : 3
photo

(၁၅)ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

09/26/2025

နေပြည်တော် စက်တင်ဘာ ၂၅

(၁၅)ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များညီလာခံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၌ စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပရာ အဆိုပါညီလာခံသို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှေ့နေချုပ် H.E. Mr. Ying Yong နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟောင်ကောင်အထူး အုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ် H.E. Mr. Paul T K Lam တို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါညီလာခံသို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ်၊ အာဆီယံ (၁၀)နိုင်ငံမှ ရှေ့နေချုပ်များ၊ တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှေ့နေချုပ်နှင့် မကာအို အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ်တို့ တက်ရောက်ကြသည်။

(၁၅)ကြိမ်မြောက် တရုတ် - အာဆီယံရှေ့နေချုပ်များညီလာခံကို “နည်းပညာခေတ်တွင် ငွေကြေးခဝါချမှုနှင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ခြင်းနှင့် ပိုင်ဆိုင်မှုပစ္စည်းများကို ပြန်လည်ရယူခြင်း” ခေါင်းစဉ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက တရုတ်-အာဆီယံရှေ့နေချုပ်များညီလာခံသည် ၂၀၀၄ ခုနှစ်တွင်စတင်ခဲ့ပြီး နှစ်ပေါင်း ၂၀ ရှိပြီဖြစ်ပါကြောင်း၊ ဤညီလာခံသည် နိုင်ငံတကာ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် နိုင်ငံဖြတ်ကျော်ပြီး ကျူးလွန်သော ပြစ်မှုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် အရေးပါသော ပလက်ဖောင်းတစ်ခုဖြစ်ပါကြောင်း၊ ညီလာခံခေါင်းစဉ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားတွင်သာမက တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်မှုများလိုအပ်ပါကြောင်း၊ ကုလသမဂ္ဂအဂတိလိုက် စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းကို အတည်ပြုချမှတ်နိုင်ခြင်းသည် အဂတိလိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းရန် ပြီးပြည့်စုံသောချဉ်းကပ်မှုတစ်ခုဖြစ်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံဖြတ်ကျော်မှုခင်းများဖြစ်သော ငွေကြေးခဝါချမှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့အား တိုက်ဖျက်နိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာအဂတိလိုက်စားမှုတိုက် ဖျက်ရေးအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈) ကို ချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများနှင့်ဆက်နွှယ်သည့် သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းရန် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်၌ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelli-gence Unit - FIU) ကိုလည်း ဖွဲ့စည်းထားရှိပါကြောင်း။

မြန်မာနိုင်ငံသည် အထူးသဖြင့် တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်၍ နိုင်ငံဖြတ်ကျော် ငွေကြေးဆိုင်ရာပြစ်မှုများ အွန်လိုင်းအသုံးပြု လိမ်လည်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ပူးပေါင်း၍ အွန်လိုင်းလိမ်လည်မှုများနှင့် တယ်လီကွန်းလိမ်လည်မှုများကဲ့သို့သော နယ်စပ်ဖြတ်ကျော် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုခင်းများကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် အာဆီယံတရားခံလွှဲပြောင်းရေးစာချုပ် (AET)နှင့် အာဆီယံရာဇဝတ်မှု တရားစီရင်ရေးနှင့်ရာဇဝတ်မှုများ တိုက်ဖျက်ရေးဆိုင်ရာညီလာခံ (ACCPCJ)တို့ ကဲ့သို့သော ASLOM ၏ ပဏာမ ခြေလှမ်းများကို အကောင်အထည်ဖော်ရာတွင် အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြားသည်။

ထို့နောက် ညီလာခံသို့ တက်ရောက်လာကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှေ့နေချုပ်၊ အာဆီယံ (၁၀)နိုင်ငံမှ ရှေ့နေချုပ်များ၊ တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ်နှင့် မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ်တို့က (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များညီလာခံ၏ ပူးတွဲကြေညာချက် (JOINT DECLARATION OF THE 15th CHINA-ASEAN PROSECUTORS- GENERAL CONFERENCE)ကို လက်မှတ်ရေးထိုးကြသည်။

ညီလာခံ ကျင်းပစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ကျင်းပသည့် နှစ်နိုင်ငံအစည်းအဝေး၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှေ့နေချုပ် H.E. Mr. Ying Yong နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များ ညီလာခံ၏ ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုးခြင်းအား ဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ငွေကြေးခဝါချမှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့တွင် နည်းပညာအသုံးပြုမှုတိုးတက်‌အောင် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှုကို ပိုမိုရရှိစေနိုင်ခြင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများရှိ ရှေ့နေချုပ်ရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ခြင်း၊ တရုတ်နိုင်ငံနှင့်လည်း ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုမြှင့်တင်နိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

26.09.2025 | Views : 3
photo

ဒုတိယဝန်ကြီး ဦးအောင်မြိုင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်သို့ တက်ရောက်

09/22/2025

နေပြည်တော် စက်တင်ဘာ ၂၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသည့် ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက် (The Second International Technology Congress-ITC) သို့ တက်ရောက်ရန် စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့မှ ရုရှားနိုင်ငံ မော်စကိုမြို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး စက်တင်ဘာ ၂၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

နိုင်ငံတကာနည်းပညာကွန်ဂရက်ကို ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Patriot Expo တွင် သုံးရက် ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ကွန်ဂရက်တွင် မျက်နှာစုံညီအစည်းအဝေး (Plenary Session) များ၊ ခေါင်းစဉ်အလိုက် ပြုလုပ်သည့် နည်းပညာဖိုရမ်များ၊ နည်းပညာသစ်များကို သရုပ်ဖော်ပြသသည့် Demonstration Session များကို သီးခြားစီပြုလုပ်ခဲ့သည်။ ကွန်ဂရက်ကာလအတွင်း ရုရှားနိုင်ငံမှ နည်းပညာကုမ္ပဏီကြီးများကလည်း ပြခန်းများ ဖွင့်လှစ်ပြသခဲ့သည်။

အဖွင့်မိန့်ခွန်းပြောကြား

ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်၏ International Plenary Session ကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation) ၏ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် စိတ်ချယုံကြည်ရသည့် နည်းပညာများ (Digital Compass. Partner Dialogue: course towards trusted technologies) ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၆ ရက် မွန်းတည့် ၁၂ နာရီတွင် ကျင်းပရာ ဒုတိယဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက်၏ “International cooperation for the development of next-generation industrial automation systems forum” ကို စက်တင်ဘာ ၁၇ ရက် မွန်းတည့် ၁၂ နာရီတွင် ကျင်းပရာ ဒုတိယဝန်ကြီးက စက်မှုလုပ်ငန်းများတွင် လူသားကြီးကြပ်မှုမလိုဘဲ အလိုအလျောက်ဆောင်ရွက်သည့် automation စနစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးဆောင်ရွက်ရမည့် အကြောင်းအရာများခေါင်းစဉ်ဖြင့် အမှာစကားပြောကြားသည်။

ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက်၏ ဒုတိယအကြိမ် International Plenary Session ကို လုပ်သားများ၏ ထုတ်လုပ်မှုအား မြှင့်တင်ပေးရာတွင် နည်းပညာသစ်များ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပရာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားသည်။

ထည့်သွင်းဆွေးနွေး

အစည်းအဝေးများတွင် ဒုတိယဝန်ကြီးက စိတ်ချယုံကြည်ရသည့် နည်းပညာများ (trusted technologies) ကို မြန်မာနိုင်ငံအပါအဝင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် မိတ်ဖက်နိုင်ငံများအားလုံး ပါဝင်အသုံးပြုနိုင်စေရန် အချက်များကိုလည်းကောင်း၊ ဆိုက်ဘာလုံခြုံရေး မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများကိုလည်းကောင်း၊ စက်မှုလုပ်ငန်းသုံး အလိုအလျောက်စနစ်ကို အားလုံးပါဝင်နိုင်သည့်ပုံစံမျိုးဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အပါအဝင် နိုင်ငံတကာနှင့် လက်တွဲပြီး ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကိုလည်းကောင်း ထည့်သွင်းဆွေးနွေးသည်။

ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်သို့ တက်ရောက်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်သည့် ရုရှား-အာဆီယံ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့လည်း ပါဝင်တက်ရောက်ပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ ဆိုက်ဘာလုံခြုံရေး၊ ဂြိုဟ်တုဆက်သွယ်ရေး၊ အီးကောမာ့စ်၊ အိုင်တီပစ္စည်းများနှင့် Software ထုတ်လုပ်သည့် ကဏ္ဍများတွင် အာဆီယံနှင့် ရုရှားနိုင်ငံတို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အာဆီယံနိုင်ငံများကိုယ်စား ပါဝင်ဆွေးနွေးသည်။

ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက်တွင် ပြသထားသည့် ပြခန်းများသို့ ရုရှားနိုင်ငံ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် လှည့်လည်ကြည့်ရှုရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုများအပေါ် ပြန်လည်ဆွေးနွေးခဲ့သည်။

ယခုနှစ် ပြုလုပ်သည့် နိုင်ငံတကာနည်းပညာကွန်ဂရက်သို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ် စုစုပေါင်း ၄၀၀ ကျော် ပါဝင်တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်

22.09.2025 | Views : 5
tts

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တုန်းကွမ်မြို့၊ ရှန်ကျန့်မြို့နှင့် ရှန်ဟိုင်းမြို့တို့၌ ကျင်းပသည့် ဒစ်ဂျစ်တယ် Banking ၊ ဆိုက်ဘာလုံခြုံရေးနှင့် Cloud Service များ ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိကျင်းပခဲ့သည့် ဒစ်ဂျစ်တယ်တရုတ်ယွမ်ငွေဆိုင်ရာ ဒစ်ဂျစ်တယ် Banking၊ ဆိုက်ဘာလုံခြုံရေးနှင့် Cloud Service များ ဆက်စပ်အစည်းအဝေးများဖြစ်သည့် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ဟွာဝေးကွန်ရက် ၂၀၂၅ အစည်းအဝေးများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဗဟိုဘဏ်၏ နိုင်ငံခြားငွေစီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှုဆိုင်ရာမူဝါဒများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ နိုင်ငံတကာတွင် တရုတ်နိုင်ငံ၏ငွေကြေးဖြစ်သည့် ယွမ်မင်ဘီနှင့်ပတ်သက်၍ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပြည်သူအတွက် ယုံကြည်စိတ်ချရသော ဒစ်ဂျစ်တယ်ငွေကြေးလိုအပ်ချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် တရုတ်ယွမ်မင်ဘီ ငွေကြေးအား ဒစ်ဂျစ်တယ်ငွေကြေးပုံစံဖြင့် ဆောင်ရွက်မည့်စီမံကိန်းများ၊ Bitcoin ကဲ့သို့သော Crypto-currencies အမျိုးမျိုး အသုံးပြုကြခြင်းကြောင့် ငွေကြေးယုံကြည်စိတ်ချရမှု အားနည်းခြင်းနှင့် ငွေလဲလှယ်နှုန်း အတက်အကျများခြင်း စသည့်အခက်အခဲများ ရင်ဆိုင်နေရသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် Bank of China (BOC)နှင့် Industrial Commercial Bank of China (ICBC) တို့သည် တရုတ်နိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍတွင် Retail Banking၊ Corporate Banking Financial Market Services နှင့် International Banking Services စသည့်ငွေရေးကြေးရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေနှင့် တရုတ်နိုင်ငံ၏ဘဏ်အချင်းချင်း နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ် (China’s Cross-border Interbank Payment System – CIPS) များကိုဆွေးနွေးခဲ့ပြီး CIPS တွင် မြန်မာဘဏ်များပါဝင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံကြား ငွေပေးချေမှုကိစ္စရပ်များတွင် အထောက်အကူဖြစ်စေမည်ဖြစ်သည်။

 ထို့နောက် ဆက်စပ်အစည်းအဝေးများဖြစ်သည့် တရုတ်နိုင်ငံရှန်ကျန့်မြို့နှင့် ရှန်ဟိုင်းမြို့တို့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများတွင် အိုင်တီထုတ်ကုန်များ (IT Solution Product) များ၊ အိုင်တီအခြေခံအဆောက်အအုံများ (IT Infrastruct-ure) များ အဓိကဝန်ဆောင်မှုပေးနေသည့် ဟွာဝေးကုမ္ပဏီ၏ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် Artificial Intelligence (AI) နည်းပညာသည် အစိုးရကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်နှင့် လျှပ်စစ်စွမ်းအားကဏ္ဍ၊ ကျန်းမာရေးနှင့် ပြည်သူများအား ဝန်ဆောင်မှုပေးနေသည့် ကဏ္ဍများတွင် AI အသုံးပြုလျက်ရှိသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် AI နည်းပညာကို ဘဏ်များတွင် Customer Service ပေးသည့် နယ်ပယ်တွင်လည်းကောင်း၊ Risk Management ဆိုင်ရာနယ်ပယ်များဖြစ်သည့် Credit Assessment ပြုလုပ်ရာတွင်လည်းကောင်း၊ ငွေကြေးမသမာမှု (Fraud Prevention) နှင့် Transaction Monitoring ဆောင်ရွက်ရာတွင် AI နည်းပညာဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် AI အသုံးပြုနိုင်ရေး လိုအပ်သည့်အခြေအနေများနှင့် Cloud Computing နည်းပညာအား မိမိတို့လုပ်ငန်းတွင် အသုံးချခြင်း အားဖြင့်ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များ လျော့နည်းစေရေးဆောင်ရွက်ရမည့် ထိန်းချုပ်မှုလုပ်ငန်းစဉ်များ၊ ဟွာဝေး Global Cyber Security Transparency Center ၌ ဟွာဝေး၏ထုတ်ကုန်များ၊ ဆော့ဖ်ဝဲလ်များနှင့်လုံခြုံရေးလုပ်ငန်းစဉ်များကို ကမ္ဘာ့အဖွဲ့အစည်းများ စစ်ဆေးနိုင်ရန်၊ ဆိုက်ဘာလုံခြုံရေးပိုင်းဆိုင်ရာ Third Party Testing များ ပြုလုပ်နိုင်မှု ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကောင်းဆုံးအလေ့အကျင့် များ (Best Practices)၊ Internet of Things (IoT) ဆိုင်ရာလုံခြုံရေးစနစ်များကို ဆွေးနွေးခဲ့ကြပြီး BOC ၊ ICBC ဘဏ်များနှင့် ဟွာဝေးနည်းပညာကုမ္ပဏီတို့ပူးပေါင်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ဘဏ်များတွင် ဆောင်ရွက်ခဲ့သော Smart Banking ၊ Digital Banking များအား AI နည်းပညာဖြင့် အကောင်အထည်ဖော်ခဲ့မှု အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းရရှိသည်။

သတင်းစဉ်

21.09.2025 | Views : 2
2

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့ရှိ စစ်ဘက်နည်းပညာဆိုင်ရာ ကုမ္ပဏီများအား လှည့်လည်ကြည့်ရှုလေ့လာ

နေပြည်တော် စက်တင်ဘာ ၂၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင်ရောက်ရှိနေသော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၉ ရက် နေ့ (12th Beijing Xiangshan Forum) ဒုတိယနေ့ (နောက်ဆုံးနေ့) စုံညီအစည်းအဝေး တတိယပိုင်းနှင့် စတုတ္ထပိုင်း (3rd and 4th Plenary Session) တို့သို့ ဆက်လက်တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ ညနေပိုင်းများတွင် ပေကျင်းအခြေစိုက် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်စက်မှုနည်းပညာဆိုင်ရာကုမ္ပဏီများသို့ သွားရောက်လေ့လာခဲ့ပြီး မောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုများ၊ လေကြောင်းနည်းပညာဆိုင်ရာပစ္စည်းများ၊ အီလက်ထရောနစ်စစ်ဆင်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက်ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ပြီး နည်းပညာပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကို ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာသံရုံးသို့သွားရောက်၍ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) နှင့် မြန်မာသံရုံး၊ စစ်သံရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ၊ မိသားစုများ၊ ပေကျင်းမြို့ရှိသင်တန်းကျောင်းများတွင် သင်တန်းတက်ရောက်နေကြသည့် သင်တန်းသားများနှင့်တွေ့ဆုံကာ နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ၎င်းတို့အတွက် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် ပေကျင်းမြို့ရှိ Capital လေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြရာ ညပိုင်းတွင် မြန်မာနိုင်ငံရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။

21.09.2025 | Views : 3