
နိုင်ငံတကာ စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေး စကားဝိုင်းဆွေးနွေးပွဲသို့ ကောင်စစ်ဝန်ချုပ် တက်ရောက်ခဲ့
06/27/2025
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၅-၆-၂၀၂၅ တွင် ချုံချင့်မြူနီစီပယ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ(ချုံချင့်)နှင့် ချုံချင့်စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များအုပ်စုမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါစကားဝိုင်း ဆွေးနွေးပွဲကို "ကမ္ဘာကြီးကို ချိတ်ဆက်ပေးသော စိမ်းလန်းသောစိုက်ပျိုးရေး" ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတစ်လျှောက် နိုင်ငံများနှင့်လယ်ယာထွက်ကုန်များ အပြန်အလှန် တင်ပို့/တင်သွင်းမှုအတွက် ချုံချင့်မြို့တွင် စင်္ကြံတစ်ခုထူထောင်ရန်၊ ချုံချင့်မြို့နှင့်အနီးတစ်ဝိုက် ဈေးကွက်များသို့ မြန်မာအပါအဝင် နိုင်ငံရပ်ခြားမှ အထူးစိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်တင်သွင်းရန်နှင့် ချုံချင့်မြို့၏ စိုက်ပျိုးရေးထွက်ကုန် စျေးကွက်မြှင့်တင်ရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ(ချုံချင့်)၏ ဒုတိယဥက္ကဋ္ဌ Mr. Zhang Haiqing နှင့် ချုံချင့်မြူနီစီပယ်အစိုးရ တာဝန်ရှိသူများ၊ ချုံချင့်မြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးဆိုင်ရာကုမ္ပဏီများ၊ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ယင်းစကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက်အထူးအခွင့်အရေးများ ပံ့ပိုးပေးမှုအခြေအနေ၊ မြန်မာနှင့်ချုံချင့်အကြား စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ အပြန်အလှန် တင်ပို့/တင်သွင်းနိုင်မှုအခြေအနေ၊ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ ချုံချင့်မြို့၏ စိုက်ပျိုးရေးဆိုင်ရာကျွမ်းကျင်သူများ မြန်မာနိုင်ငံသို့စေလွှတ်နိုင်ရေးနှင့် ချုံချင့်၏ နည်းပညာဖြင့် မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးမြှင့်တင်နိုင်မှုအခြေအနေ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စင်ကာပူမြို့ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ/သံအမတ်က ReCAAP အမှုဆောင်ဒါရိုက်တာအား လက်ခံတွေ့ဆုံ
06/27/2025
စင်ကာပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဒေါက်တာဇော်မင်းအောင်သည် Regional Cooperation Agreement on Combating Piracy and Armed Robbery against Ships in Asia (ReCAAP) Information Sharing Centre ၏ အမှုဆောင်ဒါရိုက်တာနှင့် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) Mr. Vijay D Chafekar အား ၂၅-၆-၂၀၂၅ ရက်နေ့ ၁၀း၃၀ နာရီတွင် စင်ကာပူမြို့၊ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာကမ်းခြေစောင့်တပ်ဖွဲ့နှင့် ReCAAP ISC တို့အကြား အာရှပင်လယ်ပြင်တွင် ဖြစ်ပွားသော ပင်လယ်ရေကြောင်းဓားပြမှုနှင့် ပင်လယ်ပြင်ဓားပြတိုက်မှုများ တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ သတင်းအချက်အလက်များ မျှဝေရာတွင် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ၌ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းအစီအစဉ်များ ကျင်းပပြုလုပ်နိုင်သည့် အခြေအနေစသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
06/25/2025
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့ အထိ The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်ဖြစ်သည်။
အဆိုပါပြပွဲတွင် အာဆီယံပြခန်းကို ဖွင့်လှစ်ပြသသွားမည်ဖြစ်၍ ဟာလာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ တင်ပို့ရန် အသင့်ဖြစ်နေသည့် မြန်မာနိုင်ငံမှအသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် အမျိုးသမီးများ ဦးဆောင်သည့် ကုမ္ပဏီ ၂ ခု၏ အမည်စာရင်းနှင့် အရန် ကုမ္ပဏီ ၂ ခု၏ အမည်စာရင်းတို့အား အဆိုပြုနိုင်ကြောင်း သိရှိရသည်။ ပြပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံအကြား အားလုံးပါဝင်ပြီး ကြံ့ခိုင်ရည်ရှိသော ရေရှည်တည်တံ့သည့် ကုန်သွယ်မှုဖြစ်စေရန် ရည်ရွယ်၍ မလေးရှားနိုင်ငံမှအာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလတွင် အာဆီယံ-ဂျပန်စင်တာအနေဖြင့် ဖွင့်လှစ်ပြသရခြင်းဖြစ်ကြောင်း၊ ပြပွဲတွင် မလေးရှားနိုင်ငံမှ ကုမ္ပဏီများနှင့် နိုင်ငံတကာမှကုမ္ပဏီများ ပါဝင်ပြသကြမည်ဖြစ်ပြီး စားသောက်ကုန်၊ ဖက်ရှင်၊ အလှကုန်၊ ဘဏ္ဍာရေးအစရှိသည့် လုပ်ငန်းများ ပါဝင်ပြသကြမည် ဖြစ်သည်။
ပြခန်းငှားရမ်းခနှင့် ပြခန်းပြင်ဆင်ခကို အာဆီယံ-ဂျပန်စင်တာမှ ကျခံပေးသွားမည်ဖြစ်ပြီး အသွားအပြန် လေယာဉ်စရိတ်၊ တည်းခိုနေထိုင်စရိတ်နှင့် ပြပွဲတွင် ပြသမည့်ကုန်စည်များ မလေးရှားနိုင်ငံသို့ သယ်ယူပို့ဆောင်ခြင်းတို့အား မိမိစရိတ်ဖြင့် ကျခံရမည်ဖြစ်ကြောင်း၊ The 21st Malaysia International Halal Showcase 2025 ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: event.td.myantrade@gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။

(၁၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အခမ်းအနား (၂၀၂၅)သို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတက်ရောက်
06/23/2025
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၂၁-၆-၂၀၂၅ ရက်နေ့တွင် နယူးဒေလီမြို့ရှိ နေရူးပန်းခြံ၌ကျင်းပခဲ့သော အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် (၁၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အခမ်းအနား(၂၀၂၅)သို့ တက်ရောက်ခဲ့ပြီး ယောဂလေ့ကျင့်ခန်းအစီအစဉ်များတွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီး Dr. S. Jaishankar ကိုယ်တိုင် ပါဝင်တက်ရောက်ခဲ့ပြီး နယူးဒေလီမြို့အခြေစိုက် နိုင်ငံတကာသံရုံးများနှင့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများလည်း တက်ရောက်ခဲ့ကြပြီး ယောဂလေ့ကျင့်ခန်းအစီအစဉ်များတွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အိန္ဒိယနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ရှရီနာရင်ဒရာမိုဒီ၏ မိန့်ခွန်းပြောကြားခြင်းကို တိုက်ရိုက်အသံလွှင့်ခဲ့သည်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် အိန္ဒိယနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ရှရီနာရင်ဒရာမိုဒီမှ အဆိုပါ ယောဂနေ့အခမ်းအနားအား ကျင်းပရန် ၎င်း၏မိန့်ခွန်းတွင် အဆိုပြုပြောကြားခဲ့ရာ နှစ်စဉ် ဇွန်လ ၂၁ ရက်နေ့ရောက်တိုင်း အဆိုပါ အခမ်းအနားအား ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သည် (၁၀)ကြိမ်မြောက် ကျင်းပသော ယောဂနေ့ အခမ်းအနားဖြစ်ကြောင်းသိရသည်။

အာဆီယံနိုင်ငံများအတွက် အထူးဗီဇာ တရုတ်ထုတ်ပေး
တရုတ်နိုင်ငံသည် အာဆီယံ ၁၀ နိုင်ငံအပါအဝင် အာဆီယံစောင့်ကြည့်လေ့လာသူဖြစ်သည့် တီမောလက်စတေနိုင်ငံများထံမှ စီးပွားရေးသမားများအတွက် အကြိမ်ကြိမ်သွားလာခွင့်ရှိသော အထူး အာဆီယံဗီဇာ ထုတ်ပေးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားကြောင်း CNA သတင်းတွင် ဖော်ပြထားပါသည်။
အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ တရုတ်နိုင်ငံကို အလုပ်ကိစ္စဖြင့်လာပြီး အိမ်ထောင်ဖက်များ၊ သားသမီးများ ခေါ်လာကြမည့် အကျုံးဝင်သူခရီးသည်အားလုံးကို ရက်ပေါင်း ၁၈၀ အထိနေနိုင်သည့် ၅ နှစ်ဗီဇာ ထုတ်ပေးသွားမည်ဖြစ်သည်။
တရုတ်နိုင်ငံသားများနှင့် အရှေ့တောင်အာရှနိုင်ငံသားများအကြား မကြာခဏ ခရီးသွားလာမှုများ ရှိလာသည်နှင့်အမျှ ယခုအစီအစဉ်အသစ်သည် ဒေသတွင်း နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုကို ပိုမိုလွယ်ကူချောမွေ့စေရန် ရည်ရွယ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ပြောကြားထားသည်။
၎င်းအပြင် နိုင်ငံတွင်းသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့်ဝင်ရောက်၍ရသော နိုင်ငံများ ပိုမိုများပြား လာခြင်းက အများသူငှာ လာရောက်နိုင်ရန် လမ်းဖွင့်ပေးနေသည့် တရုတ်နိုင်ငံ၏ ခိုင်မာသည့် သန္နိဋ္ဌာန်ကို ထင်ဟပ်နေခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသွားခဲ့သည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး(၂၉)ကြိမ်မြောက် အာဆီယံ-ကိုရီးယားဆွေးနွေးပွဲသို့ တက်ရောက်
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် အာဆီယံနှင့်ကိုရီးယား အဆင့်မြင့်အရာရှိကြီးများသည် ဘက်စုံမဟာ ဗျူဟာပူးပေါင်းဆောင်ရွက်မှု (CSP) ဆက်လက်ခိုင်မာစေရေး ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ကြပြီး၊ ၂၀၂၄ ခုနှစ်၌ (၃၅) နှစ်မြောက် တွေ့ဆုံဆွေးနွေးရေး၊ ဆက်ဆံရေးနှင့် တွဲဖက်၍ CSP ကို တည်ထောင်ပြီးနောက် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု၏ အပြုသဘောဆောင်သောတိုးတက်လာမှုကို အသိအမှတ်ပြုခဲ့သည်။
ထို့ပြင် ဆွေးနွေးပွဲတွင် 2021-2025 ASEAN-ROK Plan of Action (POA)၊ နိုင်ငံရေးနှင့် လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံမှု၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု၊ ခရီးသွားလာရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ လူငယ်ကဏ္ဍနှင့် ပြည်သူအချင်းချင်းဖလှယ်မှုတို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Neurological Institute of Thailand (NIT) International Conference and Collaboration သို့ တက်ရောက်
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် (၁၃-၅-၂၀၂၅)ရက်နေ့မှ (၁၄-၅-၂၀၂၅)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် Neurological Institute of Thailand (NIT) International Conference and Collaboration သို့ တက်ရောက်ရန်အတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းသည် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဒေါက်တာ မိုးမိုးဇော်နှင့်အတူ မေလ (၁၂)ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြောင်းသိရသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်ရေးနှီးနှောဖလှယ်ပွဲအား ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဆေးပညာရပ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် “Multidisciplinary Approach in Neurological Care: Innovations and Advanced Treatments” ခေါင်းစဉ်ဖြင့် ဆွေးနွေးကျင်းပသွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် ထိုင်းနိုင်ငံ၊ Neurological Institute of Thailand (NIT) တို့အကြား ဦးနှောက်နှင့်အာရုံကြောဆိုင်ရာဆေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအပါအဝင် ဦးနှောက်နှင့်အာရုံကြော ဆေးပညာရပ်ဆိုင်ရာ နောက်ဆုံးပေါ်ကုသမှုနည်းလမ်းများအား နိုင်ငံတကာမှပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးဖလှယ်သွားကြမည်ဖြစ်ကြောင်းသိရသည်။

Neighbouring Countries Economic Development Agency (Public Organization) Ministry of Finance-NEDAအဖွဲ့မှ မန္တလေးမြေငလျင်ကြီးဘေးဒဏ်သင့်ခံခဲ့ရသူများအတွက်ပြန်လည်ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးကူညီရန် လာရောက်လှူဒါန်း
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးဇော်ဇော်စိုးထံသို့ Neighbouring Countries Economic Development Agency (Public Organization) Ministry of Finance - NEDA ၂၉-၄-၂၀၂၅ ရက်နေ့တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ မန္တလေးမြေငလျင်ကြီးဘေးဒဏ်သင့်ခံခဲ့ရသူများအတွက် ပြန်လည်ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးရန် ထိုင်းဘတ် ၁,၀၀၀,၀၀၀ ပမာဏဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးအပ်ခဲ့သည်။
အဆိုပါထည့်ဝင်လှူဒါန်းမှုသည် လတ်တလောဖြစ်ပွားနေသော အရေးပေါ်လိုအပ်ချက်များကို ကူညီပေးမည်ဖြစ်ပြီး အခက်အခဲများကို ရင်ဆိုင်နေရသူများအတွက် အဆင်ပြေစေရန်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ICRC၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား လက်ခံတွေ့ဆုံ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား မတ်လ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ ICRC က ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။