5

ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့၌ ကျင်းပသည့် 20th Asia Media Summit သို့ တက်ရောက်

ဆီယမ်ရိ ဇူလိုင် ၂၃

ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့ Sokha Siem Reap Resort & Convention Center ၌ ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းက 20th Asia Media Summit ၏ အကြိုဆွေးနွေးပွဲဖြစ်သည့် Youth Digital Empowerment Workshop and Girls in ICT Day Cambodia 2025 ကို ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Neth Pheaktra နှင့် တာဝန်ရှိသူများ၊ ဆီယမ်ရိပြည်နယ်အစိုးရအဖွဲ့မှ ပုဂ္ဂိုလ်များ၊ အာရှပစိဖိတ်နိုင်ငံများနှင့် အာဆီယံနိုင်ငံများမှ ပြန်ကြားရေးဆိုင်ရာ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ Asia Institute for Broadcasting Development (AIBD) နှင့် International Telecommunication Union (ITU) တို့မှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ မီဒီယာကိုယ်စားလှယ်များနှင့် ကမ္ဘောဒီးယားနိုင်ငံ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ထိုနေ့တွင် Pre-workshop များကို Section များခွဲ၍ ကျင်းပရာ “Transforming Media Content Creation Through AI Powered Tools Technologies” ၊ “Role of Broadcasting in Effective Early Warning System” ၊ “The Role of Information Diplomacy in Dispelling Disinformation” ၊ “Technology Driving Accessibility for the Future Broadcast and Media” ခေါင်းစဉ်များဖြင့် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲများသို့ မြန်မာကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။

ယမန်နေ့နံနက်ပိုင်းက 20th Asia Media Summit ဖွင့်ပွဲအခမ်းအနားကို Sokha Siem Reap Resort and Convention Center ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ကမ္ဘောဒီးယားဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး (ရုပ်မြင်) ဒေါ်မိုးသူဇာအောင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ တက်‌ရောက်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် AIBD မှ တာဝန်ရှိသူတို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Neth Pheaktra အား တွေ့ဆုံနှုတ်ဆက်ပြီး အမှတ်တရလက်ဆောင်ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် Disinformation: The Role of Media & the Government, Enabling Accessibility in Broadcasting, Inspiring Voices from Across the World နှင့် Information as a Public Good: Upholding Credibility and Empowering Democracy ခေါင်းစဉ်များဖြင့် ကျင်းပသည့် ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည်။

ညပိုင်းတွင် AIBD Gala Dinner & Awarding Ceremony 2025 သို့ တက်ရောက်ပြီး အဆိုပါဆုချီးမြှင့်ပွဲတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လုပ်သည့် “Turning Trash into Better Tomorrow” Program ဖြင့် AIBD ၏ Sustainability & Green Technology Award of E-Waste Solutions ဆုကို ပေးအပ်ချီးမြှင့်ရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာအောင်က လက်ခံရယူသည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းတို့သည် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Neth Pheaktra အား တွေ့ဆုံ၍ နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု နှစ် (၇၀) ပြည့်မြောက်ခဲ့ပြီးဖြစ်သည်နှင့်အညီ အနာဂတ်ကာလတွင်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ရေး၊ နှစ်နိုင်ငံမီဒီယာကဏ္ဍတွင် တွေ့ကြုံနေရသည့် သတင်းတု သတင်းမှားများနှင့် အခက်အခဲများအား ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေးနှင့် နှစ်နိုင်ငံညှိနှိုင်းအတည်ပြုထားပြီးဖြစ်သည့် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရေးတို့ကို ဆွေးနွေးပြီး အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ကြကာ မွန်းလွဲပိုင်းတွင် ပြုလုပ်သောဆွေးနွေးပွဲများသို့ ဆက်လက်တက်ရောက်ခဲ့ကြသည်။

20th Asia Media Summit 2025 ကို ကမ္ဘောဒီယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနနှင့် AIBD တို့ ပူးပေါင်း၍ “Celebrating Two Decades of Excellence & Beyond” ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲများသို့ အာရှပစိဖိတ်နိုင်ငံများနှင့် အာဆီယံနိုင်ငံများမှ အစိုးရတာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ၊ မီဒီယာအဖွဲ့အစည်းများနှင့် မီဒီယာပညာရှင်များ၊ ကျောင်းသား ကျောင်းသူ လူငယ်များ ၄၀၀ ခန့် တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

24.07.2025 | Views : 12
12

ဂျပန်နိုင်ငံ၌ ကျင်းပသည့် BRIDGE Summer Camp - 2025 တွင် ယဉ်ကျေးမှုဖလှယ်ခြင်းများ ဆောင်ရွက်

ရန်ကုန် ဇူလိုင် ၂၁

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့၌ ဇူလိုင် ၁၂ ရက်မှ ၂၀ ရက်အထိ ကျင်းပသည့် (၃၇) နှစ်မြောက် နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ- ၂၀၂၅ (BRIDGE Summer Camp - 2025) သို့ မြန်မာကျောင်းသားလူငယ် ကိုယ်စားလှယ်ခြောက်ဦးက Junior Ambassador များအဖြစ် ပါဝင်တက်ရောက်၍ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြန်မာကျောင်းသား လူငယ်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၂ ရက်မှ ၁၄ရက်အထိ ဂျပန်နိုင်ငံ Fukuoka Marine House Camp ၌ အာရှ - ပစိဖိတ်ဒေသ ၄၂ နိုင်ငံမှ Junior Ambassador များနှင့်အတူ စခန်းချ၍ စုပေါင်းနေထိုင်ကြပြီး တွေ့ဆုံပွဲအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှုဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ဇူလိုင် ၁၅ ရက်တွင် “မိုင်းအိမတ်ဆုဘာရ” ဂျပန်အလယ်တန်းကျောင်းသို့ သွားရောက်လေ့လာ၍ ကျောင်းအုပ်ဆရာမကြီးနှင့် တွေ့ဆုံခြင်း၊ ဂျပန်ကလေးငယ်များနှင့် အမေးအဖြေပြုလုပ်ခြင်း၊ ကျောင်းခန်းမ၌ နွေဦးကဗျာသင်္ကြန်သီချင်းဖြင့် ကပြခြင်း၊ ဂျပန်ကလေးများအား မြန်မာသနပ်ခါးလိမ်းခြယ်ပေးခြင်းတို့ကို ဆောင်ရွက်သည်။

ထို့နောက် ဇူလိုင် ၁၅ ရက် ညပိုင်းမှစ၍ ၂၀ ရက် ညပိုင်းအထိ ဂျပန်မိသားစုနေအိမ်များသို့ Home Stay အဖြစ် တစ်ဦးချင်းလိုက်ပါနေထိုင်ပြီး အိမ်ရှင်ကျောင်းသားများ၏ ကျောင်းများသို့ တစ်နေ့တာ အတူလိုက်ပါတက်ရောက်ခြင်း၊ လူငယ်တွေ့ဆုံပွဲ၏ အဓိကအစီအစဉ်ဖြစ်သည့် “We are the BRIDGE Festival” သို့ အိမ်ရှင်မိသားစုများအား မြန်မာဝတ်စုံဝတ်ဆင်စေ၍အတူ ပါဝင်ဆင်နွှဲခြင်း၊ နွေဦးကဗျာ သင်္ကြန်သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ပွဲတော်သို့ လာရောက်သည့် ဧည့်သည်များအား မြန်မာသနပ်ခါးလိမ်းခြယ်ပေးခြင်း၊ အိမ်ရှင်မိသားစုများနှင့်အတူ Fukuoka Tower အပါအဝင် ဖူကူအိုကာ၏ အထင်ကရနေရာများကို လည်ပတ်ခြင်း စသည့်အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလူငယ်တွေ့ဆုံပွဲအစီ အစဉ်ကို ဂျပန်နိုင်ငံဖူကူအိုကာမြို့၌ အခြေစိုက်သည့် အာရှ-ပစိဖိတ်ဒေသ ကလေးများဆိုင်ရာကွန်ဗင်းရှင်း (Asian Pacific Children's Convention - APCC) က “We are the BRIDGE” ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး APCC မှ အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံ ၄၂ နိုင်ငံမှ အသက် ၁၁ နှစ်အရွယ် ကျောင်းသား ကျောင်းသူ ၁၉၂ ဦးတို့ တက်ရောက်ခဲ့ကြသည်။

မြန်မာကျောင်းသား လူငယ်များ အဆိုပါနွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ- ၂၀၂၅ သို့ ပါဝင်တက်ရောက်ခွင့်ရရှိခြင်းဖြင့် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများမှ လူငယ်များနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံခွင့်ရရှိခြင်း၊ ယဉ်ကျေးမှုများ အပြန်အလှန်ပိုမိုသိရှိခွင့်ရရှိခြင်း၊ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံများ ရရှိခြင်း၊ မိမိပတ်ဝန်းကျင်တိုးတက်မှုအတွက် အထောက်အကူရရှိခြင်း၊ တစ်ဦးချင်းယုံကြည်မှုနှင့် အားထုတ်မှုများရရှိခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် “BRIDGE Summer Camp 2026” အတွက် တရားဝင်ကမ်းလှမ်းဖိတ်ကြားမှုကို လက်ခံရရှိပါက မြန်မာ - ဂျပန် ချစ်ကြည်ရေးအသင်း (MJA) အနေဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မြန်မာနိုင်ငံမှ အခြေခံပညာကျောင်းသား လူငယ်များအား အဆိုပြုလွှာခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်

22.07.2025 | Views : 5
အော်စလို

မြန်မာသံရုံး၊ အော်စလိုမြို့ သံအမတ်ကြီးမှ Worldview International Foundation ၏ အမှုဆောင်အရာရှိချုပ်အား လက်ခံတွေ့ဆုံ

07/18/2025 

မြန်မာသံရုံး၊ အော်စလိုမြို့မှ သံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၁၆-၇-၂၀၂၅ ရက်နေ့တွင် Worldview International Foundation (WIF) ၏ အမှုဆောင်အရာရှိချုပ်၊ Mr. Kim Noguera Gabrielli အား အော်စလိုမြို့၊ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။ 

ထို့သို့ တွေ့ဆုံစဉ်အတွင်း ရေနေသတ္တဝါများ ရေရှည်တည်တံ့ရေး၊ သစ်တောများ ကာကွယ်ရေးနှင့် ရာသီဥတုဒဏ်ကြံ့ကြံ့ခံနိုင်ရေးတို့အပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေနွေးခဲ့သည်။ ထို့ပြင် ဒီရေတောဂေဟစနစ် ပြန်လည်ထိန်းထိမ်းရေးအတွက် ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် လူထုပါဝင်မှုမြှင့်တင်ရေးအတွက် အသိပညာပေးအစီအစဉ်များ၊ လူစွမ်းအားအရင်းအမြစ်မြှင့်တင်ခြင်းများ၏ လိုအပ်မှုတို့ကိုလည်း ဆွေးနွေးခဲ့သည်။ 

အစည်းအဝေးအတွင်း သံအမတ်ကြီးနှင့် အမှုဆောင်အရာရှိချုပ်တို့သည် နော်ဝေအနေဖြင့် ကမ္ဘာ့အစိမ်းရောင်နယ်ပယ်တွင် ဦးဆောင်လျက်ရှိသည့်အလျောက် မြန်မာ-နော်ဝေနှစ်နိုင်ငံအကြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအပေါ် အမြင်ခြင်းဖလှယ်ခဲ့ကြောင်း သိရသည်။

18.07.2025 | Views : 6
China

မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ တရုတ်နိုင်ငံ ပေကျင်းမြို့၌ The Global Civilization Dialogue Ministerial Meeting နှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်

07/14/2025 

မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)သည် တရုတ်နိုင်ငံလုံးဆိုင်ရာ စာရေးဆရာအသင်း၏  ဖိတ်ကြားချက်အရ အဖွဲ့ဝင် ဦးမင်းမင်းထိုက် (စာရေးဆရာ မြတ်မင်းသန့်) နှင့်အတူ ဇူလိုင် ၆ ရက်တွင် ချွမ်ကျိုးမြို့ရှိ Quanzhou Museum သို့ သွားရောက်၍ ပိုးလမ်းမရေကြောင်းသမိုင်းမှတ်တမ်းများအား လေ့လာခဲ့ပြီး Hilton Quanzhou Riverside Hotel ၌ ကျင်းပသော Huafu Connects the Would-Quanzhou Exchanges Event အခမ်းအနားသို့ တရုတ်၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ်၊ ကင်ညာ၊ ဂမ်ဘီယာ၊ မွန်ဂိုလီးယား၊ နီပေါ၊ ဆွစ်ဇာလန်၊ ယူဂန္ဓာ၊ အာဂျင်တီးနား၊ ဘော့စနီးယား၊ ဘူဂေးရီးယား၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ ပါကစ္စတန်၊ ထိုင်း၊ အီတလီ၊ မွန်တီနီဂရိုးနှင့် ဘယ်လ်ဂျီယံနိုင်ငံစသည့် နိုင်ငံ ၂၂ နိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ တက်​ရောက်ခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌနှင့် ၂၂ နိုင်ငံမှ ကိုယ်စားလှယ်များသည် ဇူလိုင် ၇ ရက်တွင် Gulanyu ကျွန်းသို့ ရောက်ရှိပြီး အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ထားပုံများ၊ ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သော စန္ဒရားများ ထိန်းသိမ်းထားရှိမှု၊ ယွမ်တောင်ရေကန် (Yundang) နှင့် ယွမ်တောင်အကယ်ဒမီ (Yundang Academy) တို့သို့ သွားရောက်ကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ကျောင်းသား ကျောင်းသူများ၏ အနုသုခုမပန်းချီပန်းပုလက်ရာများကို လေ့လာခဲ့ကာ ရှားမန်တက္ကသိုလ် (Xiamen University) ၌ နိုင်ငံတကာပညာရေးကွန်ရက် ဖြန့်ကြက်မှုပညာရပ်အလိုက် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မှု၊ သင်ကြားမှုနှင့် ပညာတော်သင်စေလွှတ်ရောက်ရှိမှုများကို လေ့လာခဲ့သည်။

ထို့အတူ ဇူလိုင် ၈ ရက်တွင် ဖူကျိုးမြို့Fuzhou Party Schoolရှိ 3820 Strategic Project Achievement Exibition Hall ၌ တရုတ်နိုင်ငံ ဖူကျိုး၏ 3820 Strategic Project အောင်မြင်မှု သမိုင်းမှတ်တမ်းများကို လေ့လာခဲ့ပြီး ဖူကျိုးမြို့ရှိ ရှေးဟောင်းကာလကတည်းက တည်ရှိခဲ့သည့် အိမ်ရာအဆောက်အအုံများ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို သွားရောက်လေ့လာကြည့်ရှုကာ ဖူကျန်းပြည်နယ်အစိုးရအဖွဲ့မှ Mr. Zhang Yan (Member of the Standing Committee and Head of the Publicity Department of the CPC Fujian Provinvial Committee) နှင့် ယဉ်ကျေးမှုဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာများကို တွေ့ဆုံဆွေးနွေးခဲ့သည်။

အလားတူ ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ Wanshou Hotel ၌ တရုတ်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေသည့် NGO လုပ်ငန်းများ၊ Tanzania, Indonesia, Bangladesh, Cambodia, Thailand နိုင်ငံတွင် Mobile Surgical Unit အဖြစ် ဆောင်ရွက်ပေးနေမှုများ၊ Sudan, Ethiopia, Nepal နှင့် Myanmar အပါအဝင် နိုင်ငံ ၈ နိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့သော Smiling Children Program ကဏ္ဍများကို Projector ဖြင့် ရှင်းလင်းဆွေးနွေးရာ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးကြသည်။

ထို့နောက် Global Civili-zation Dialogue Ministerial Meeting အခမ်းအနားသို့ တက်ရောက်ရာ နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ် ၁၀၀၀ ခန့် တက်ရောက်ကြသည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် ၂၂ နိုင်ငံမှ ကိုယ်စားလှယ်များသည် ဇူလိုင် ၁၁ ရက်တွင် IDCPC အစည်းအဝေးခန်းမ၌ Inter-civilization Exchanges and Mutual Learning: Uderstanding and Friendship among People ခေါင်းစဉ်ဖြင့် ပြုလုပ်သော Para-llel Forum သို့ တက်ရောက်ဆွေးနွေးပြီး တရုတ်ခေတ်ပေါ်သမိုင်းစာပေပြတိုက်အစည်းအဝေးခန်းမ၌ တရုတ်နိုင်ငံစာရေးဆရာ အသင်းဥက္ကဋ္ဌ Mr. Zhang Hongsen, Hu Bangsheng (Secretariat Member of CWA), Liu Xiu Juan (Director General of the office of CWA), Zhang Hong Bin (Director General of the International Department of CWA) တို့နှင့် တွေ့ဆုံကာ နိုင်ငံအချင်းချင်း စာပေရေးရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့သည်။ ယင်းနောက် ခေတ်ပေါ်သမိုင်းစာပေပြတိုက်တွင် ခင်းကျင်းပြသထားသော တရုတ်စာပေပညာရှင်များ၏ စာပေလက်ရာများ၊ သမိုင်းမှတ်တမ်းများကို ကြည့်ရှုလေ့လာခဲ့​ကြောင်း သိရသည်။

14.07.2025 | Views : 6
photo

မြန်မာနိုင်ငံတွင်လက်ခံကျင်းပမည့် (၅၃)ကြိမ်မြောက် ASEAN Banking Council အစည်းအဝေးနှင့် (၂၄)ကြိမ်မြောက် ASEAN Banking Conference တို့နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး၊ ဘဏ်လုပ်ငန်းကဏ္ဍ၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် သုံးသပ်ဆွေးနွေး

07/11/2025

နေပြည်တော် ဇူလိုင် ၁၀

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် လက်ခံကျင်းပမည့်(၅၃)ကြိမ်မြောက် ASEAN Banking Council အစည်းအဝေးနှင့် (၂၄)ကြိမ်မြောက် ASEAN Banking Conference တို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုယနေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်၍ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှု ကော်မတီအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ တွေ့ဆုံဆွေးနွေးရာ ASEAN Banking Council အစည်းအဝေးများတွင် ဆွေးနွေးမည့် အကြောင်းအရာများ၊ Panel Discussion ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ASEAN ဒေသအတွင်းရှိ နိုင်ငံများမှဘဏ်လုပ်ငန်းပညာရှင်များအား ဖိတ်ကြားနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ကုန်တွင် မြန်မာနိုင်ငံဘဏ်လုပ်ငန်း ကဏ္ဍရှိ ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲအခမ်းအနားကို မြန်မာနိုင်ငံတော်ဗဟို ဘဏ်၌ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်အတူ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အမှုဆောင်အရာရှိချုပ်များ တက်ရောက်ကြ သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လက်ရှိကျင့်သုံးလျက်ရှိသော ငွေကြေးမူဝါဒကို ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး၊ မေခရိုစီးပွားရေးညွှန်းကိန်းများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအရ ဗဟိုဘဏ်၏ ငွေကြေးမူဝါဒအပေါ် ထည့်သွင်း စဉ်းစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ မေခရို စီးပွားရေး အချက်အလက်များ အပါအဝင်စီးပွားရေးတိုးတက်မှုနှုန်းအပေါ် နှိုင်းယှဉ်ချက်များ၊ ပြည်တွင်းအလုပ်လက်မဲ့နှုန်းအခြေအနေ၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ငွေကြေးပမာဏ၊ GDP တွင် ဘဏ်လုပ်ငန်းကဏ္ဍ၏အပ်ငွေ၊ ချေးငွေနှင့် စုစုပေါင်းရရန်ပိုင်ခွင့်များ ပါဝင်မှု၊ ဘဏ်လုပ်ငန်းကဏ္ဍမှ စီးပွားရေးကဏ္ဍများသို့ ချေးငွေများ ထုတ်ချေးထားမှုအခြေအနေနှင့် စည်းမျဉ်းသတ်မှတ်ချက် လိုက်နာမှုအခြေအနေများ၊ ငွေရေးကြေးရေး အားကောင်းခိုင်မာမှု ညွှန်းကိန်းများကို သုံးသပ်ဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာသည့် နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ဒါရိုက်တာအဖွဲ့ဝင်များ နှင့်စီမံခန့်ခွဲသူများက သက်ဆိုင်ရာ ဘဏ်အလိုက် ဆောင်ရွက်လျက်ရှိသည့် တိုးတက်မှုအခြေအနေ များ၊ Internal Control စီမံထားရှိမှု၊ Risk Management အကောင် အထည်ဖော်မှု၊ ဗဟိုဘဏ်က ထုတ်ပြန်ထားသော စည်းမျဉ်းများလိုက်နာမှုနှင့် တရားစွဲချေးငွေများ၏ အခြေအနေများဆွေးနွေး တင်ပြခဲ့ရာ ဗဟိုဘဏ်ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက လုံခြုံစိတ်ချရပြီး ကောင်းမွန် သည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးရန်၊ ဘဏ်လုပ်ငန်းလုံခြုံမှုနှင့် အောင်မြင်မှုတို့ကို ဟန်ချက်ညီစွာ ပေါင်းစပ်ဆောင်ရွက်ပြီး ပြဋ္ဌာန်း ထားသည့်ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက် သွားရန်လိုအပ်ကြောင်းမှာကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

11.07.2025 | Views : 8
photo

(၅၈)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

07/11/2025

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်မှ ၁၁ ရက် အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ (၅၈) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိကြောင်း သိရသည်။ 

အဆိုပါအစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ခေတ္တအမြဲတမ်းအတွင်းဝန် ဦးဆောင်‌သော မြန်မာကိုယ်စားလှယ်အဖွဲ့က ပါဝင်တက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်များနှင့် တီမောလက်စ်တေနိုင်ငံက လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။ 

အစည်းအဝေးပထမနေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၊ အရှေ့တောင်အာရှနျူကလီယားလက်နက်ကင်းမဲ့ရေးဇုန် ကော်မရှင်အစည်း အဝေး တို့သို့ ပါဝင်တက်ရောက်ခဲ့သည်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကိုယ်စားလှယ်များတွေ့ဆုံပွဲ၌ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်က နှစ်စဉ်အစီရင်ခံစာ ၂၀၂၅ နှင့်ပတ်သက်၍ တင်ပြခဲ့ပြီး ယင်းတင်ပြချက်များအပေါ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက တုံ့ပြန်ဆွေးနွေးခဲ့သည်။

အရှေ့တောင်အာရှနျူကလီယားလက်နက်ကင်းမဲ့ရေးဇုန် ကော်မရှင်အစည်းအဝေး၌ အရှေ့တောင်အာရှ နျူကလီယားလက်နက်ကင်းမဲ့ရေးဇုန်သဘောတူစာချုပ်အပေါ် ဖြည့်စွက် ချက်ကို အတည်ပြုခဲ့ပြီး အရှေ့တောင်အာရှဒေသ၌ နျူကလီယားလက်နက် ကင်းမဲ့ရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်းသိရသည်။

11.07.2025 | Views : 6
5-4

(၃၇) ကြိမ်မြောက် ထိုင်း - မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းဘုရင့် ကြည်းတပ်ဦးစီးချုပ်ရုံး၊ စစ်ဦးစီးအရာရှိချုပ်နှင့် အမျိုးသားကာကွယ်မှုလေ့လာရေးတက္ကသိုလ် ကျောင်းအုပ်ကြီးတို့အားတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၄

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၃၇) ကြိမ်မြောက် ထိုင်း - မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ချင်းမိုင်မြို့ရှိ Green Lake Resort ၌ ပြုလုပ်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Kittipong Jamsuwan နှင့်အဖွဲ့ဝင်များတက်ရောက်ကြသည်။

ဦးစွာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Kittipong Jamsuwan တို့သည် အမှာစကား အသီးသီးပြောကြားကြပြီး နှစ်နိုင်ငံအဖွဲ့ဝင်များက အပြန်အလှန်မိတ်ဆက်ကြသည်။ ထို့နောက် နှစ်နိုင်ငံအဖွဲ့ခေါင်းဆောင်များသည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး အပြန်အလှန်နှုတ်ဆက်ကြသည်။

အဆိုပါ (၃၇) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးတွင် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကို ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Kittipong Jamsuwan က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့တက်ရောက်ကြသည်။ ညစာသုံးဆောင်နေစဉ်အတွင်း ထိုင်းယဉ်ကျေးမှုအဖွဲ့များက ရိုးရာအဆိုအကများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ညစာစားပွဲအပြီးတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များသည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ပေးအပ်ကြသည်။

အစည်းအဝေးဒုတိယနေ့ကို ဇူလိုင် ၄ ရက်နေ့ နံနက်ပိုင်းတွင် Green Lake Resort ၌ ဆက်လက်ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များက (၃၇) ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးသဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြကာ အမှာစကားများအသီးသီး ပြောကြားကြသည်။

ထို့နောက် နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များသည် နှစ်နိုင်ငံအထိမ်းအမှတ် တံဆိပ်များကို အပြန်အလှန်ပေးအပ်ကြပြီး နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

နေ့လယ်ပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချင်းမိုင်မြို့မှ မြန်မာ့တပ်မတော်လေယာဉ်ဖြင့် ဘန်ကောက်မြို့သို့ရောက်ရှိပြီး ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ စစ်ဦးစီးအရာရှိချုပ် Gen. Thongchai rodyoi နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမျိုးသားကာကွယ်မှု လေ့လာရေးတက္ကသိုလ် ကျောင်းအုပ်ကြီး Gen. Pongtep Gaewchaiyo တို့အား သီးခြားစီတွေ့ဆုံသည်။ တွေ့ဆုံစဉ် မတ် ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများတွင် ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံကောင်းပီသစွာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား အလျင်အမြန်ကူညီဆောင်ရွက်ပေးခဲ့မှုများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် (၃၇)ကြိမ်မြောက် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးကျင်းပဆောင်ရွက်ခဲ့ခြင်းဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးပြောကြားသည်။ ထို့နောက် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များအား ချစ်ကြည်ရင်းနှီးစွာမိတ်ဆက်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

(၃၇) ကြိမ်မြောက် ထိုင်း-မြန်မာ ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့များသည် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ချင်းမိုင်မြို့ရှိ Wat Pa Dara Phirom Phra Aram Laung ဘုရားသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုခြင်း ၊ Queen Sirikit Botanic Garden နှင့် Central Festival Chiang Mai Shopping Mall တို့သို့ သွားရောက်လည်ပတ် လေ့လာခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

05.07.2025 | Views : 8
4-6

ဒုတိယဝန်ကြီး ဒေါက်တာ‌‌ဇော်မြင့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံတွင် ကျင်းပသည့် (၅၃) ကြိမ်မြောက် အရှေ့တောင်အာရှပညာရေးဝန်ကြီးများအဖွဲ့ ဆီမီယိုကောင်စီညီလာခံတက်ရောက်

07/04/2025

နေပြည်တော် ဇူလိုင် ၃

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ‌ဇော်မြင့်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်ထွန်းနိုင်တို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့တွင် ဇူလိုင် ၁ ရက်မှ ၃ ရက်အထိ ကျင်းပသည့် (၅၃)ကြိမ်မြောက် အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ ဆီမီယိုကောင်စီညီလာခံသို့ တက်ရောက်သည်။

ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၃၀ ရက်တွင် Universiti Teknologi Brunei သို့သွားရောက်လေ့လာရာ၌ စာကြည့်တိုက်၊ သုတေသနဓာတ်ခွဲခန်း၊ စာသင်ခန်းများနှင့် ကျောင်းသား အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် The Empire Brunei ၌ ကျင်းပသော ဆီမီယိုကောင်စီ၏ In Camera Session သို့ တက်ရောက်သည်။

ယင်းနောက် (၅၃) ကြိမ်မြောက် အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ ဆီမီယိုကောင်စီ ညီလာခံဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဘရူနိုင်းဒါရုဆလမ် နိုင်ငံ၏ His Royal Highness, the Crown Prince က အဖွင့် မိန့်ခွန်းပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ဆီမီယိုကောင်စီညီလာခံ၏ အရှေ့တောင်အာရှအတွက် စဉ်ဆက်မပြတ်ပညာရေးခေါင်းစဉ်ဖြင့် ပညာရေးဝန်ကြီးများ၏ (၇)ကြိမ်မြောက် မဟာဗျူဟာဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ နိုင်ငံအလိုက် အလှည့်ကျပြောကြားရာတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတက္ကသိုလ်များအနေဖြင့် အာဆီယံအသိုက်အဝန်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ Special Session ကို ဆက်လက်ကျင်းပရာ ဆီမီယိုအတွင်းရေးမှူးချုပ်ရုံး ညွှန်ကြား ရေးမှူးက ဦးဆောင်၍ ဆီမီယိုက လက်ရှိဆောင်ရွက်နေသည့် စီမံကိန်းလေးခု၏ အကောင်အထည် ဖော်မှုအခြေအနေကို တင်ပြဆွေးနွေးခဲ့ပြီး ညပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ သည် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ပညာရေးဝန်ကြီး ဧည့်ခံသော ညစာစားပွဲနှင့် ဆီမီယိုဆုချီးမြှင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

04.07.2025 | Views : 77
အိုတာဝါ

အာဆီယံကော်မတီအစည်းအဝေးနှင့် အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းသည့်အခမ်းအနားသို့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်

06/27/2025 

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ထိုင်းသံအမတ်ကြီး  Mr. Kallayana Vipattipumiprates ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် အော်တာဝါမြို့ရှိ ထိုင်းသံအမတ်ကြီး၏နေအိမ်၌  ကျင်းပပြုလုပ်သည့်  အာဆီယံကော်မတီ(အော်တာဝါ) သံရုံးအကြီးအကဲများ၏ (၂၉၁)ကြိမ်မြောက်အစည်းအဝေးနှင့်  ကော်မတီ ၏  အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းသည့်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။ 

အစည်းအဝေးတွင် အာဆီယံသံရုံးအကြီးအကဲများက အာဆီယံ-ကနေဒါ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ဇူလိုင်လတွင်  မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌   ကျင်းပရန်ရှိသည့်  အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ  အစည်းအဝေးဆိုင်ရာကိစ္စရပ်များနှင့် ကနေဒါနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ထို့နောက် ထိုင်းသံအမတ်ကြီးက အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဗီယက်နမ်သံအမတ်ကြီး Mr. Vinh Quang Pham ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အစည်းအဝေးအပြီးတွင် အာဆီယံသံရုံးအကြီးအကဲများနှင့် တရုတ်သံအမတ်ကြီး Mr. Wang Di တို့၏ အလုပ်သဘောနေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။ 

27.06.2025 | Views : 194
အိမ်ခြံမြေဝန်ဆောင်မှုအသင်း

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ၊ အိမ်ခြံမြေကိုယ်စားလှယ်အဖွဲ့နှင့် ဂျပန်-အမေရိကန်အသင်းအဖွဲ့များ MoU လက်မှတ်ရေးထိုး

06/27/2025 

ဂျပန်နိုင်ငံ တိုကျိုမြို့ NIHON UNIVERSITY ၌ ဇွန် ၂၆ ရက်တွင် ကျင်းပမည့် 2025 JARECO ညီလာခံ တက်ရောက်ရန်JARECO ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်း ဦးဆောင်၍ အဖွဲ့ဝင်များဖြစ်သည့် ဒုတိယဥက္ကဋ္ဌ ဒေါ်မိုးမိုးထွန်း၊ ဦးတင့်ဆွေ၊ ဒေါ်သက်သက်ခိုင်နှင့် ဒေါ်မြတ်မိုမို (YRESA)ဥက္ကဋ္ဌတို့သည် ဇွန် ၂၄ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။  

အဆိုပါ အိမ်ခြံမြေကိုယ်စားလှယ်အဖွဲ့သည် ညီလာခံတက်ရောက်စဉ် ဇွန် ၂၆ ရက်က အမေရိကန်ပြည်ထောင်စု National Association of Realtors (NAR) အသင်း၏ President Mr Kevin Sears နှင့် (MRESA) အသင်း၏ President Mr. Khin Maung Than တို့ BilateralPartnership Agreement Sign ကို နှစ်ဖက်ဥက္ကဋ္ဌများက အောင်မြင်စွာ လက်မှတ်ထိုးခဲ့ကြသည်။

ထိုသို့နှစ်ဖက်ဥက္ကဋ္ဌများ အောင်မြင်စွာ စာချုပ်ချုပ်ဆိုလိုက်သည့်အတွက်ကြောင့် American Global Association မှ MRESA အသင်းအား International စံချိန်စံညွှန်းမီကြောင်း အသိမှတ်ပြုလိုက်ခြင်းဖြစ်သည်။

ထို့အပြင် ဂျပန်နိုင်ငံမှ JARECO, Japan-American Real Estate Coalition Organization၊ Long Island Board Of Realtors အသင်းတို့မှ BOD Mr Yoshi Takita ၊ ဥက္ကဋ္ဌ Professor MASAYUKI NAKAGAWA တို့နှင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ဒေါ်မြတ်မိုမို (YRESA)ဥက္ကဋ္ဌနှင့် MoU လက်မှတ်ရေးထိုးခြင်းကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။ 

27.06.2025 | Views : 313