
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး ကျင်းပ
09/12/2025
နေပြည်တော် စက်တင်ဘာ ၁၁
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကော်မတီဒုတိယဥက္ကဋ္ဌ (၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ(၂) မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဟန်သူနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ မသန်စွမ်းကိုယ်စားလှယ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံသည် မသန်စွမ်းသူများ လူ့အသိုက်အဝန်းအတွင်း အပြည့်အဝပါဝင်ဆောင်ရွက်ခွင့်ရစေရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားကော်မတီသည် မသန်စွမ်းသူများအားလုံး အကျုံးဝင်ပါဝင်နိုင်သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ထောင်ရေးအတွက် ကြီးကြပ်ပံ့ပိုးကူညီမှုများဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်အုပ်စုဝင်များသည် သဘာဝဘေးအပါအဝင် အရေးပေါ်အခြေအနေတစ်ရပ်ရပ်ကြုံတွေ့ရပါက ပိုမိုထိခိုက်ခံစားနိုင်ရသူများဖြစ်၍ မသန်စွမ်းသူများအရေးကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှပါဝင်ခွင့်ရရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်ကို အလေးထားပြီး ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အထကောင်းများ ဖြစ်ပေါ်လာရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မသန်စွမ်းသူများ အများနည်းတူ ဆန္ဒမဲပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပံ့ပိုးစေလိုကြောင်း။
မသန်စွမ်းသူများ အသက်မွေးဝမ်းကျောင်းပညာသင်ယူနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေး၊ မသန်စွမ်းမှတ်ပုံတင်ရရှိစေရေး စသည့်အရေးကြီးကိစ္စများအတွက်လည်း ဝန်ကြီးဌာနအသီးသီးက ကဏ္ဍအလိုက် အလေးထားဆောင်ရွက်ပေးရန်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အလုပ်ခန့်အပ်ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝေပုံကျနှုန်းထားသတ်မှတ်အလုပ်ခန့်အပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့်မှာ မသန်စွမ်းသူများဖြစ်ကြောင်း၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ကြရာတွင် မသန်စွမ်းများ ပူးပေါင်းပါဝင်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ မူဝါဒများရေးဆွဲချမှတ်ရာတွင် မသန်စွမ်းမှုဆိုင်ရာ အချက်အလက်များ တိကျမှန်ကန်စေရေးအတွက် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် အခက်အခဲကြုံတွေ့ရသည့် ဘေးသင့်ဒေသများမှ မသန်စွမ်းသူများအား မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ စိစစ်တင်ပြပေးမှုအရ လတ်တလောသက်သာချောင်ချိ စေရေး ပံ့ပိုးကူညီမှုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မသန်စွမ်းသူများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးကူညီခြင်း၊ မသန်စွမ်းသူများအတွက် အခြေခံအခွင့်အရေးများဖြစ်သည့် အထူးပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ သဘာဝဘေးကြုံတွေ့ချိန်တွင် ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရေးတို့အား စနစ်တကျ ပံ့ပိုးဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ (၂) မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ မသန်စွမ်းကိုယ်စားလှယ်များက ကဏ္ဍအလိုက် မသန်စွမ်းသူများအခွင့်အရေးအတွက် ဆောင်ရွက်နေမှု၊ တွေ့ကြုံနေရသော အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်မှုများကို တင်ပြဆွေးနွေးကြကာ အမျိုးသားကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးအစီအစဉ် ကျင်းပ
09/12/2025
နေပြည်တော် စက်တင်ဘာ ၁၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဆိုင်ရာသတင်းထုတ်ပြန်ရေးအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးအဆောက်အအုံ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဦးအောင်လွင်ဦးနှင့် ဦးမြင့်သိန်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (၂) နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရုံးတာဝန်ရှိသူများ၊ ပြည်တွင်းမီဒီယာနှင့် ပြည်တွင်းအခြေစိုက် ပြည်ပမီဒီယာအဖွဲ့အစည်းများမှ သတင်းသမားများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံရေးပါတီဆိုင်ရာများ၊ ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့်သုံးခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲပေးရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံး ပြုခြင်းဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲအား အပိုင်းလိုက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ သတင်းမီဒီယာများ သတင်းရယူခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြရာ မေးမြန်းချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ဖြေကြားကာ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိဂုံးချုပ်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါအခမ်းအနားတွင် ပြည်တွင်းမီဒီယာအဖွဲ့အစည်း ၃၀ နှင့် ပြည်တွင်းအခြေစိုက် ပြည်ပမီဒီယာအဖွဲ့အစည်း ရှစ်ဖွဲ့တို့မှ သတင်းသမား စုစုပေါင်း ၇၈ ဦး တက်ရောက်သတင်းရယူခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကော်မတီ (COSTI) အဖွဲ့ဝင်များ၏ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
09/12/2025
နေပြည်တော် စက်တင်ဘာ ၁၁
အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကော်မတီ (ASEAN Committee on Science, Technology and Innovation-COSTI) အဖွဲ့ဝင်များ၏ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က COSTI အဖွဲ့ဝင်များသည် နိုင်ငံအလိုက် အမျိုးသားအဆင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒများ၊ လမ်းပြမြေပုံများ၊ မဟာဗျူဟာများချမှတ်ပြီး အာဆီယံလုပ်ငန်းအစီအစဉ် (Plan of Actions) များနှင့် ကိုက်ညီအောင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်စဉ် အာဆီယံ သိပ္ပံနှင့် နည်းပညာဝန်ကြီးအဆင့် အစည်းအဝေးများတွင် အာဆီယံနိုင်ငံများက မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဦးစားပေးဆောင်ရွက်ရမည့် စီမံကိန်းများ၊ စီးပွားရေးဖွံ့ဖြိုးမှုကို ရှေးရှုသော စီမံကိန်းများ၊ စဉ်ဆက်မပြတ်ပြောင်းလဲနေသော နည်းပညာပိုင်းဆိုင်ရာ အမြင်ဖလှယ်ခြင်းများကို အဖွဲ့ဝင်နိုင်ငံများ၏ လူမှုအကျိုးစီးပွား မြှင့်တင်နိုင်ရန် ဆွေးနွေးကြကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အနာဂတ်ကာလ ၂၀၂၆ ခုနှစ်မှ ၂၀၃၅ ခုနှစ်အတွင်း အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအဖြစ် APASTI (2026-2035) ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကော်မတီ၊ ဆပ်ကော်မတီ ကိုးခု၊ Task Force အဖွဲ့ခွဲ ငါးခုတို့၏ တာဝန်ခံများက ယခင်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များ တင်ပြခြင်းနှင့် APASTI (2026-2035) နှင့်အတူ နိုင်ငံ့အကျိုးအတွက် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်သင့်သော လုပ်ငန်းစဉ်များအား အကြံပြုတင်ပြဆွေးနွေးပေးသွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက UL Research institutes-ASEAN-U.S. Science prize for Women 2024 ၌ National Finalist အဖြစ် Senior Level အတွက် ရွေးချယ်ခံရသူ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ နီနီတင့်နှင့် Mid-Career Level အတွက် ရွေးချယ်ခံရသူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန Naypyitaw State Polytechnic University မှ ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်ဝင်းတို့ကို ဂုဏ်ပြုလက်မှတ် ချီးမြှင့်သည်။
ယင်းနောက် မြန်မာနိုင်ငံ၊ အာဆီယံသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကော်မတီ၊ National COSTI Chair ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် လာမည့် စက်တင် ဘာ ၁၂ ရက်တွင် Naypyitaw State Polytechnic University ၌ ကျင်းပမည့် Engineering & ICT Project Show, 2025 အတွက် အကြိုခင်းကျင်းပြင်ဆင်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
09/12/2025
နေပြည်တော် စက်တင်ဘာ ၁၁
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ် Grand Ball Room ၌ ကျင်းပပြုလုပ်သည်။
NCA လက်မှတ်ရေးထိုးပြီးချိန်မှစ၍ NCA အထိမ်းအမှတ် နှစ်ပတ်လည်နေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပပြုလုပ် ခဲ့ရာ လာမည့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားအား နေပြည်တော်၌ နိုင်ငံရေးအနှစ်သာရ ရှိရှိဖြင့် ခမ်းနားစွာ ကျင်းပမည်ဖြစ်ပြီး တစ်ဆက်တည်း NCA အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကိုလည်း ကျင်းပပြုလုပ်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
တက်ရောက်
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အတွေ့အကြုံများ မျှဝေဖလှယ်
အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားပြောကြားရာတွင် NCA သည် ငြိမ်းချမ်းရေးအတွက် အရေးကြီးကြောင်း၊ NCA နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲတို့၌ NCA တွင် ပါဝင်ခဲ့ကြသူများ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသည့် Stakeholders များ၊ ပြည်တွင်း/ ပြည်ပ ပညာရှင်များနှင့် ကဏ္ဍအသီးသီးမှ တက်ရောက်လာကြသူများအနေဖြင့် NCA ၏ ၁၀ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများအပေါ် အချင်းချင်း အမြင်သဘောထားများ၊ အတွေ့အကြုံများ မျှဝေဖလှယ်ပြီး အလွတ်သဘောကျယ်ပြန့်စွာ ဆွေးနွေးနိုင်ရန် အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း၊ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားအား အသွင်သဏ္ဌာန်နှင့် အနှစ်သာရရှိရှိ ကျင်းပနိုင်ရေး၊ အခမ်း အနားကျင်းပရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးနိုင်ရေးကိစ္စများ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားနယ်မြေများတွင် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးမှုလုပ်ငန်း ဆောင်ရွက်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ က ပြခန်းများတွင် ပါဝင်ခင်းကျင်းပြသနိုင်ရေးကိစ္စများအား ပြောကြားသည်။
အကြံပြုဆွေးနွေး
ဆက်လက်၍ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးကြသည်။
ယင်းနောက် အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လူငယ်နှင့် ငြိမ်းချမ်းရေးကဏ္ဍအရေးပါမှုအခြေအနေ၊ လက်ရှိနိုင်ငံ၏ ပကတိဖြစ်ပေါ်တိုးတက်မှုနှင့် NCA အခမ်းအနား၏ အရေးပါမှုအခြေအနေနှင့် အခမ်းအနား ကျင်းပရေးနှင့်ပတ်သက်၍ လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေးသည်။
နိဂုံးချုပ်အမှာစကားပြောကြား
ယင်းနောက် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲဆောင်ပုဒ်အဖြစ် “NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကို ပုံဖော်မည်” ဟု သတ်မှတ်ထားပြီး “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာသော အနာဂတ်တည်ဆောက်ရန်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ထုတ်ခြင်း” Theme ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ပုဂ္ဂလိက EV အဖွဲ့အစည်းများမှ စက်ပြင်ဆရာများအတွက် ဖွင့်လှစ်ပေးသော EV Mechanics သင်တန်းဖွင့်
09/11/2025
နေပြည်တော် စက်တင်ဘာ ၁၀
ရန်ကုန်မြို့ရှိ အစိုးရစက်မှု လက်မှုသိပ္ပံ (အင်းစိန်)တွင် ပုဂ္ဂလိက EV အဖွဲ့အစည်းများမှ စက်ပြင်ဆရာများအတွက် EV Mechanics သင်တန်း (၂/၂၀၂၅) ဖွင့်ပွဲကို စက်တင်ဘာ ၈ ရက်နံနက်ပိုင်းကကျင်းပရာ လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဗွီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ သင်တန်း ဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
တိုက်တွန်းမှာကြား
ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်တွင် EV သုံးစွဲမှုမြင့်တက်လာရာ ပြည်သူများသုံးစွဲရာတွင် နည်းပညာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေးအတွက် သင်တန်းသားများသည် ပြုပြင်ရေးဆိုင်ရာ နည်းပညာများ ကို ကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့ကျင့်သင်ကြားကြရန်၊ ပြည်သူ များက အမှန်တကယ်အားထားရသည့် EV နည်းပညာရှင်များ ဖြစ်စေရေးအတွက် သင်တန်းချိန် များကို တန်ဖိုးထား၍ ကြိုးပမ်းလေ့ကျင့်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် သင်တန်းဆရာ တစ်ဦးကသင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး အဆိုပါသင်တန်းတွင် EV Mechanics တစ်ဦး၏ နည်းပညာလိုအပ်ချက်ကို လက်တွေ့ကျကျ ဖြည့်ဆည်းပေး နိုင်မည့် လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများအသုံးပြု၍ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ငါးရက်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးဖြစ်ကြောင်း အများပြည်သူသိရှိရန် အသိပေးနှိုးဆော်ချက်
09/11/2025
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။
၂။ ယင်းသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော လုံးဆန်ဆာ ကြာပန်းအမှတ် တံဆိပ်သွေးတိုးကျဆေးနှင့် ရာဇဂြိုဟ်အမှတ်တံဆိပ် သွေးတိုးကျဆေးတို့သည် တိုင်းရင်းဆေးဝါးမှတ်ပုံ တင်ရရှိခဲ့သော်လည်း ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားမှုမရှိခြင်း၊ တိုင်းရင်းဆေးဝါး မှတ်ပုံတင်သက်တမ်းကုန်ဆုံးခြင်း၊ လွှမ်းမိုးအောင်အမှတ်တံဆိပ် သွေးချိုဆီးချိုကျဆေးကြီးနှင့် သကြားဓာတ်ထိန်းရေနွေးကြမ်းတို့သည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိခြင်းတို့ကြောင့် ၎င်းတိုင်းရင်း ဆေးဝါး (၄) မျိုးသည် တိုင်းရင်းဆေးဝါးမှတ်ပုံတင် မရှိသောတိုင်းရင်းဆေးဝါးများဖြစ်သဖြင့် ဆေးဝါးစစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများသုံးစွဲရန်မသင့်ကြောင်း အသိပေးအပ်ပါသည်။
၃။ အများပြည်သူတို့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ စိစစ်ဝယ်ယူသုံးစွဲရန် နှိုးဆော်အပ်ပါသည်။
၄။ တိုင်းရင်းဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများကို ကျင့်ဝတ် (Ethic) အရ လုံးဝ (လုံးဝ)မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေး အပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန

လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့
09/11/2025
လူကုန်ကူးမှုသည် ခေတ်သစ်ကျွန်ပြုမှုပုံစံဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးကို စိန်ခေါ်လျက်ရှိသည်။ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်မှုပြီးလျှင် လူကုန်ကူးမှုသည် ဒုတိယမြောက် အမြတ်အစွန်းကြီးမားစွာရရှိနိုင်သော အရင်းအမြစ်ဖြစ်သည့်အလျောက် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုအဖြစ် ပြည်ပနိုင်ငံများသို့ဦးတည်၍ အုပ်စုဖွဲ့ပြစ်မှုကျူးလွန်နေကြသည်။
မြန်မာနိုင်ငံ၏ လူကုန်ကူးမှုပြဿနာသည် အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအချို့၏ ဈေးကွက်လိုအပ်ချက်များနှင့် ချိတ်ဆက်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဆိုသည်။ နှစ်စဉ်ဖြစ်ပွားနေသည့် လူကုန်ကူးမှုများတွင် ပြည်တွင်း လူကုန်ကူးမှု ၅၆ ရာခိုင်နှုန်းရှိပြီး ပြည်ပလူကုန်ကူးမှု ၄၄ ရာခိုင်နှုန်းရှိသည်ဟုလည်းသိရသည်။ ပြည်တွင်းလူကုန်ကူးမှုတွင် အဓမ္မပြည့်တန်ဆာစေခိုင်းခံရမှုနှင့် အဓမ္မခိုင်းစေမှု၊ ပြည်ပလူကုန်ကူးမှုတွင် အဓမ္မလက်ထပ်ထိမ်းမြားမှု၊ အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မခိုင်းစေမှု၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေမှု၊ အဓမ္မမွေးစားမှု၊ ကလေးရောင်းစားမှုနှင့် အဓမ္မတောင်းရမ်းစေခိုင်းမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။
လူကုန်ကူးသူများသည် လူသုံးများသည့် အင်တာနက်လူမှုကွန်ရက်များဖြစ်သည့် Facebook၊ TikTok၊ Telegram၊ Wechat စသည်တို့မှတစ်ဆင့် မက်လုံးပေးဆွဲဆောင်စည်းရုံးလာကြရာ နည်းပညာအသုံးပြု၍ လူစုဆောင်းမှုများ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။ လူကုန်ကူးမှုပြဿနာသည်လည်း ဆင်းရဲမွဲတေမှု၊ ပညာရေးနိမ့်ကျမှု၊ ဗဟုသုတနည်းပါးမှုတို့ကြောင့် သားကောင်ဘဝကျရောက်ခဲ့ကြရသည့် အခြေအနေမျိုးကိုကျော်လွန်ကာ ပညာတတ်ဘွဲ့ရများပင် ပါဝင်လာနေကြသည်ဟုလည်း သိရသည်။ အွန်လိုင်းမှတစ်ဆင့် လိမ်လည်ဖြားယောင်းမှုများနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိနိုင်ရန် အသိပညာပေးမှုများကို သက်ဆိုင်ရာက တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ အလေးဂရုပြုကြရန်လိုသည်။
မိမိတို့နိုင်ငံတွင် လူကုန်ကူးခံရနိုင်သည့် အန္တရာယ်အများဆုံးသော လူမှုအသိုင်းအဝိုင်းများမှာ အခြေခံလူတန်းစားများ၊ အလုပ်အကိုင်အတည်တကျမရှိသူများ၊ ဆယ်ကျော်သက်အမျိုးသား၊ အမျိုးသမီးလူငယ်များ၊ အိမ်ခြေရာမဲ့များဖြစ်ရာ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အသိပညာပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်မှုပေးခြင်းတို့ကို မျက်ခြည်မပြတ်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်သည်။ မိမိတို့နိုင်ငံသည် ကမ္ဘာပေါ်တွင် လူကုန်ကူးမှုဖြစ်ပွားနှုန်းများပြားသည့်ဒေသအဖြစ် သတ်မှတ်ခံရသော မဲခေါင်ခြောက်နိုင်ငံတွင် ပါဝင်နေသည်။ မဲခေါင်ဒေသတွင်းဖြစ်ပွားသည့် လူကုန်ကူးမှုများမှာ လိင်မှုဆိုင်ရာခေါင်းပုံဖြတ်ခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့စေခိုင်းခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မထိမ်းမြားခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းရောင်းဝယ်ခြင်း၊ အဓမ္မကိုယ်ဝန်ဆောင်စေခြင်း၊ ကျွန်ကဲ့သို့ခိုင်းစေခြင်း၊ ကလေးများကို လူကုန်ကူးခြင်း၊ အဓမ္မမွေးစားခြင်း၊ ငါးဖမ်းလုပ်ငန်းများတွင် အဓမ္မခိုင်းစေခြင်း၊ အဓမ္မတောင်းရမ်းစေခြင်းတို့ ဖြစ်ကြသည်ဟု သိရသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်ကတည်းကပင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိကာလတွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅) နှစ် စီမံကိန်း(၂၀၂၂-၂၀၂၆) ပါ နှစ်အလိုက် လုပ်ငန်းစီမံချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ လူကုန်ကူးမှုသည် လူလူချင်းခေါင်းပုံဖြတ်အမြတ်ထုတ်သော လူမဆန်သည့်ရာဇဝတ်မှုဖြစ်သည်။ မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း လူကုန်ကူးမှုများကင်းရှင်းသည်အထိ တိုက်ဖျက်ကြရာတွင် လူလူချင်း နည်းမျိုးစုံဖြင့်ခေါင်းပုံဖြတ်မှုများကို အဆုံးသတ်ဖယ်ရှား ရှင်းလင်းကြရပါမည့် အကြောင်း။ ။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၂ ဦးအားယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့
09/11/2025
နေပြည်တော် စက်တင်ဘာ ၁၀
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-မဲ့ထော်သလေး (KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တောင်အာဖရိကနိုင်ငံသားခြောက်ဦး၊ တရုတ်နိုင်ငံသားလေးဦးနှင့် ကင်ညာနိုင်ငံသားနှစ်ဦး၊ စုစုပေါင်း ၁၂ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေးဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များကလိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီးဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်မှာကြားသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ စက်တင်ဘာလ ၁၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၉၃၈၅ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၂၆၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၆ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နန်းယွန်းမြို့၌ ဝါး၊ ကြိမ်များဖြင့် တစ်ပိုင်တစ်နိုင် လက်မှုလုပ်ငန်းများဆောင်ရွက်
09/11/2025
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၌ တောင်သူကြီးများက မိသားစုဝင်ငွေရရှိရေးအတွက် ဒေသထွက်ကုန်ကြမ်းများဖြစ်သော ဝါး၊ ကြိမ်များ ခုတ်ယူပြီး ခွဲခြမ်း စိတ်ဖြာ၍ ကုန်ချောအဖြစ် ဖျာ၊ ပလိုင်း၊ ခြင်းတောင်းအမျိုးမျိုး ရက်လုပ်၍ရောင်းချရာ မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် ရိုးရာအသုံးအဆောင်ပစ္စည်းများဖြစ်သည့် ဖျာအကြီးအသေး၊ ပလိုင်း အကျဲအစိပ်၊ တောင်းအကြီးအသေး၊ ဆန်ကောအကြီး၊ အလတ်၊ ခြင်းတောင်းအမျိုးမျိုးစသည့် ရိုးရာ အသုံးအဆောင်ပစ္စည်းများကို တောင်သူကြီးများက နှစ်စဉ်ရက်လုပ်လျက်ရှိကြောင်းသိရပြီး နှစ်စဉ် ရက်လုပ်သူ ဒေသခံတောင်သူကြီးတစ်ဦးက “ဖျာတစ်ချပ်ရရှိဖို့အတွက် ဝါးတော၊ ကြိမ်တောရှိရာသို့ ညအိပ်၍ သွားခုတ်ရပြီး ကုန်ကြမ်းကို ကုန်ချောအဖြစ် ခွဲခြမ်းစိတ်ဖြာရပါတယ်။ ကျွန်တော်တို့ တောင်သူတွေ မရှိမဖြစ်လိုအပ်တဲ့ မိသားစုအသုံးအဆောင် ဖြစ်ပါတယ်။ ဩဂုတ်လဆန်းပိုင်းမှစ၍ မိုးစပါး (တောင်ယာ)များ၊ ကောက်ပဲသီးနှံမျိုးစုံ မှည့်ချိန်တန်ပြီး ရိတ်သိမ်းချိန်ရောက်ရှိ၍ ဖျာ၊ ပလိုင်း၊ တောင်းအမျိုးမျိုး လိုအပ်လာပါတယ်။ ယခုနှစ်တော့ ယခင် နှစ်ထက် တိုးမြှင့်ရောင်းချနိုင်မှာ ဖြစ်ပါ တယ်” ဟု ပြောသည်။
အဆိုပါ ကျွမ်းကျင်တောင်သူကြီးများက ရာသီအလိုက် ရိုးရာအသုံးအဆောင် ပစ္စည်းများကို နှစ်စဉ်ရက်လုပ်ပြီး အမျိုးအစား၊ အရွယ်အစားပေါ်မူတည်၍ ရောင်းဝယ်ခြင်း၊ ဒေသခံပြည်သူများ အလွယ်တကူ ဝယ်ယူနိုင်ခြင်းတို့အတွက် မြို့နယ်အတွင်း အကျိုးပြုခြင်းနှင့် ကျွမ်းကျင်ရက်လုပ်သူများ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။