အင်းလေးဖောင်တော်ဦး

အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်လေးဆူ ညောင်ရွှေမြို့ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီ စံကျောင်းတော်ကြီးသို့ ပင့်ဆောင်ကြွချီပူဇော်ခံ

10/01/2025 

အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားလေးဆူသည် အင်းလေးဒေသ (၂၁)ဌာနသို့ ကြွချီပူဇော်ခံလျက်ရှိရာ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီတွင် ညောင်ရွှေမြို့နယ်၊ လင်းကင်းကျေးရွာမှ အင်းလေးရိုးရာဘုရားဆွဲ လှေ ၄၃ စင်းဖြင့် အင်းလေးရေပြင်ကိုဖြတ်၍ ညောင်ရွှေမြို့ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီးသို့ ပင့်ဆောင်ကြွချီပူဇော်ခံလျက်ရှိကြောင်း သိရသည်။  

ဦးစွာ ညောင်ရွှေမြို့ ဖောင်တော်ပြန်မဏ္ဍပ်ရှေ့တွင် နိုင်ငံတော်အဆင့်ရွှေတံဆိပ်နှစ်ဆုရှင် ဆိုင်းဝိုင်းအဖွဲ့မှဖျော်ဖြေခြင်း၊ ဆွမ်းပို့လှေသရုပ်ပြသခြင်း၊ ကိန္နရီကိန္နရာအက၊ အင်းတိုင်းရင်းသား အက၊ တိုးနရားအက၊ အင်းပေါခုန်၊ ဟဲယာရွာမ ရေယာဉ်အလှဖြင့် သရုပ်ပြသဖျော်ဖြေမှုတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၊ ပွဲတော်လာ ဧည့်ပရိသတ်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်လေးဆူပင့်ဆောင်လာသည့် ကရဝိက်ဖောင်တော်သည် ညောင်ရွှေမြို့ နန်းကပ်ချောင်းအတိုင်း ညောင်ရွှေမြို့ ဖောင်တော်ဆိုက်ပြာသာဒ်သို့ ရောက်ရှိလာရာ ကရဝိက်ဖောင်တော်ပေါ်မှ အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ် လေးဆူကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ပင့်ဆောင်၍ ညောင်ရွှေမြို့အတွင်းသို့ လှည့်လည်အပူဇော်ခံမည့် ဘော်ယာဉ်ပြာသာဒ်ပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြသည်။

ယင်းနောက် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ညောင်ရွှေမြို့အတွင်း လှည့်လည်ပူဇော်ခံနေစဉ် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲများ ကျင်းပရာ ဗိုလ်လုပွဲယှဉ်ပြိုင်မှုများကို ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ပွဲတော်လာဧည့်ပရိသတ်များက ကြည့်ရှုအားပေးကြပြီး ဆုချီးမြှင့်ပွဲကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီး ချုပ်၏ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ညောင်ရွှေမြို့အတွင်း လှည့်လည်အပူဇော်ခံပြီး အဋ္ဌဒိသာဓမ္မဝိဟာရဒေသစာရီ စံကျောင်းတော်သို့ ရောက်ရှိချိန်တွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များသည် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် ညောင်ရွှေမြို့ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်း တော်၌ စက်တင်ဘာလ ၂၈ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်အထိ ၃ ရက်တိုင်တိုင် ကိန်းဝပ်ပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

01.10.2025 | Views : 1
MDD

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၂/ ၂၀၂၅)

10/01/2025 

ယနေ့ကမ္ဘာကြီးတွင် သက်ကြီးပုဂ္ဂိုလ်အရေအတွက်သည် နေ့စဉ်နှင့်အမျှ ပိုမိုများပြားလာသည့်အတွက် ၎င်းတို့၏ဂုဏ်သိက္ခာနှင့်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း နိုင်ငံတကာအဖွဲ့အစည်းများနှင့်အစိုးရများက သတိပြုလာကြပါသည်။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင်လည်း သက်ကြီးပုဂ္ဂိုလ်များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့်လိုအပ်သည့် လူမှုအထောက်အပံ့များအပါအဝင် ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လုံလောက်သောလူနေမှုအဆင့်အတန်းကို ရပိုင်ခွင့်ရှိသည့်အပြင် အသက်မွေးဝမ်းကျောင်းမပြုနိုင်ခြင်းတို့ဖြစ်ပေါ်ခဲ့လျှင် ဘဝလုံခြုံမှုရပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားပါသည်။

ထို့ပြင် သက်ကြီးပုဂ္ဂိုလ်များ၏အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန်အလို့ငှာ ၁၉၉၁ ကုလသမဂ္ဂသက်ကြီးပုဂ္ဂိုလ်များဆိုင်ရာအခြေခံမူများအပါအဝင် သက်ကြီးပုဂ္ဂိုလ်များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းစီမံချက်များနှင့်ဒေသတွင်း ကြေညာစာတမ်းများတွင်လည်း သက်ကြီးပုဂ္ဂိုလ်များအား ခွဲခြားဆက်ဆံခံရမှုမရှိစေဘဲ ၎င်းတို့၏ ဂုဏ်သိက္ခာ၊ တန်းတူညီမျှမှု၊ ကျန်းမာရေး၊ လူမှုအာမခံ၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်၊ မိသားစုအခြေပြုစောင့်ရှောက်မှု စသည့်အခွင့်အရေးများကို ဖော်ပြထားသည်။

သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကိုမြှင့်တင်ရန် ကုလသမဂ္ဂအထွေထွေညီလာခံသည် နှစ်စဉ်အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အဖြစ် ၁၉၉၀ ပြည့်နှစ်တွင် စတင်သတ်မှတ်ခဲ့ပြီး နှစ်စဉ်ဦးတည်ချက် ဆောင်ပုဒ်များချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Older Persons Driving Local and Global Action: Our Aspirations, Our Well-Being and Our Rights” (ဘဝချမ်းသာအခွင့်အရေးများရရှိရေး သက်ကြီးသူများ ဦးဆောင်ပါဝင်ပေး) ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၂၊ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်သည် အိုမင်းမစွမ်းသူများကို ကြည့်ရှုစောင့်ရှောက်ရန် ပြဋ္ဌာန်းထားပြီး၊ ၂၀၁၆ ခုနှစ် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၌လည်း အသက် ၆၀ နှစ်နှင့်အထက် မြန်မာနိုင်ငံသားအားလုံးကို အထူးစောင့်ရှောက်မှုများ ရရှိစေရန်၊ သဘာဝဘေးအန္တရာယ်များနှင့် ကပ်ရောဂါများဖြစ်ပွားချိန်၌ သက်ကြီးပုဂ္ဂိုလ်များအတွက် အထူးအလေးထားဆောင်ရွက်ရန် စသည်တို့ကို ပြဋ္ဌာန်းထားသည်။

နိုင်ငံတော်သည်သက်ကြီးပုဂ္ဂိုလ်များအား ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုဖူလုံရေးထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် သင်ခန်းစာများပို့ချလျက်ရှိပြီး၊ ကော်မရှင်ဥပဒေပုဒ်မ ၄၃ နှင့် ၄၄ တို့အရ ဘိုးဘွားရိပ်သာများ၊ သက်ကြီးပုဂ္ဂိုလ်နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာများသို့သွားရောက်ပြီး ၎င်းတို့အား လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်းရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာဌာနများသို့ အကြံပြုချက်များ ပေးပို့လျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်အတွင်း ဘိုးဘွားရိပ်သာ (၈) ခုနှင့် သက်ကြီးပုဂ္ဂိုလ် နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (၁) ခုတို့ကို သွားရောက်ကြည့်ရှုခဲ့သည်။

သက်ကြီးပုဂ္ဂိုလ်များသည် ၎င်းတို့၏ တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံ၊ အတတ်ပညာ၊ အသိပညာစွမ်းဆောင်ရည်များဖြင့် မျိုးဆက်သစ်များအတွက် လူမှုစီးပွားဘဝတည်ဆောက်ရေးကဏ္ဍစုံတွင် ဦးဆောင်ပါဝင်ကြရန်နှင့် သက်ဆိုင်သူများအားလုံးက သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို လေးစားကာကွယ်စောင့်ရှောက်ပေးနိုင်ကြပါရန် တိုက်တွန်းလျက် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ကို ဂုဏ်ပြုကြိုဆိုအပ်သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

01.10.2025 | Views : 2
Boxing

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမ လက်ရွေးစင် လက်ဝှေ့အားကစားသမားများ လက်ရည်စမ်းပြိုင်ပွဲ ကျင်းပ

10/01/2025  

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် လက်ဝှေ့အားကစားသမားများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ဝှေ့အားကစား သမားများ၏ လက်ရည်စမ်း (Sparring) ပြိုင်ပွဲကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။ 

လက်ဝှေ့ လက်ရည်စမ်း အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၅၇) ကီလိုတန်းပြိုင်ပွဲတွင် လမင်းကိုကို (Gold Camp) နှင့် ချစ်စမ်းမောင် (ကာကွယ်ရေး)၊ (၆၀) ကီလို တန်းပြိုင်ပွဲတွင် နုတ်မာရ် (Gold Camp) နှင့် ဝါဆို (ကာကွယ်ရေး)၊ (၆၉) ကီလိုတန်းပြိုင်ပွဲတွင် သီဟဇော် (Gold Camp) နှင့် ကျော်မင်းဦး (ကာကွယ်ရေး)၊ (၇၅) ကီလိုတန်း ပြိုင်ပွဲတွင် အောင်ဇင်ထိုက် (Gold Camp) နှင့် အောင်ပြည့်ဖြိုး (ကာကွယ်ရေး) တို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ လက်ရည်စမ်းပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြပြီး ပဏာမလက်ရွေးစင် လက်ဝှေ့အားကစားသမားများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ဝှေ့အားကစားသမားများနှင့်တွေ့ဆုံကာ အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူ၊ နည်းပြများအနေဖြင့် ပြိုင်ပွဲများ လစဉ်ကျင်းပပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုလက်ရည်စမ်းပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့မှုများအပေါ် မိမိအားကစားသမားများ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်လေ့လာသုံးသပ်ပြီး ထိချက်များမှန်ကန်၍ နည်းစနစ်များ၊ နည်းဗျူဟာများနှင့် ဖြတ်ထိုးဉာဏ်များသုံးပြီး ပြိုင်ပွဲတွင်အနိုင်ရရှိအောင် ပြန်လည်လေ့ကျင့် သင်ကြားပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။

01.10.2025 | Views : 3
Myanmar Vietnam

ဗီယက်နမ်-မြန်မာကုန်စည်ပြပွဲ ၂၀၂၅ (Vietnam-Myanmar Trade Fair 2025)ကျင်းပမည်

10/01/2025 

Vietnam-Myanmar Trade Fair 2025 ကို ၂၀၂၅ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ အထိ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းသွားမှာဖြစ်ပြီး ပါဝင်ပြသမည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ် ထားကြောင်းသိရသည်။  

၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ပံ့ပိုးပေးကာ နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာကုန်စည်ပြပွဲအဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးနှင့် မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းတို့ ပူးပေါင်းကာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

ပြပွဲသို့ လာရောက်သူများအတွက် ဗီယက်နမ်-မြန်မာ အစားအသောက်များကို ကျွေးမွေးဧည့်ခံမှုများ၊ ဗီယက်နမ်ရိုးရာဝတ်စုံများဖြင့် အလှဓာတ်ပုံရိုက်ကူးနိုင်မည့် အစီအစဉ်များ၊ ဂိမ်းအစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

ထို့ပြင် 72 Sqm ကျယ်ဝန်းသည့် Travel Vietnam Pavilion ကိုလည်း ထပ်တိုးထည့်သွင်းထားပြီး အဆိုပါ Travel Vietnam Pavilion မှာ Travel Agency ၁၀ ခုစာအတွက် ကောင်တာ ၁၀ ခု ပါဝင်မည်ဖြစ်သည်။  ဗီယက်နမ်-မြန်မာ ကုန်စည်ပြပွဲမှ မိမိတို့၏ခရီးသွားလုပ်ငန်းများကို တိုက်ရိုက် တွေ့ဆုံရောင်းချနိုင်မည့်အပြင် ဗီယက်နမ် Travel Agent များနှင့်လည်း ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။

01.10.2025 | Views : 2
ကာတာ

မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံအကြား သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများနှင့် ကာတာနိုင်ငံကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

10/01/2025 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ Dr. Khalid Bin Mohammed AI Attiyah ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၃၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌   လက်ခံတွေ့ဆုံ သည်။  

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နည်းပညာ၊ စွမ်းအင်နှင့်သတ္တုတူးဖော်ရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများ၊ ကာတာနိုင်ငံ ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

01.10.2025 | Views : 2
Value Chain

“Strengthening Sustainable Value Chain in Natural Rubber Production through Responsible Practices” အပြည်ပြည်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

10/01/2025 

ရော်ဘာတန်ဖိုးကွင်းဆက်တစ်လျှောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုစီးပွားရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများ၊ ပွင့်လင်းမြင်သာမှုနှင့်နောက်ခံအချက်အလက် ချိတ်ဆက်ခြေရာခံနိုင်မှုစနစ်များ ရေရှည်တည်တံ့ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အလေ့အကျင့်ကောင်းများ လိုက်နာဆောင်ရွက်မှုအတွေ့အကြုံများကို IRRDB အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းမျှဝေဖလှယ်ရန် ရည်ရွယ်ကျင်းပသည့် “Strengthening Sustain-able Value Chain in Natural Rubber Production through Responsible Practices" အပြည်ပြည်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၉ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Zealax Hotel Yangon ၌ ကျင်းပသည်။ 

အလုပ်ရုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ IRRDB အဖွဲ့ဝင်နိုင်ငံများမှ ပညာရှင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာ့သဘာဝရော်ဘာရေရှည်တည်တံ့မှု ဖော်ဆောင်ရေးအသင်း၊ မြန်မာ့ရော်ဘာလုပ်ငန်းရှင်များ၊ ရော်ဘာလုပ်ငန်းနှင့်ပတ်သက်သော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက IRRDB အဖွဲ့ဝင်နိုင်ငံများအတွင်း အလေ့အကျင့်ကောင်းများ၊ အတွေ့အကြုံများ ဝေငှခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက်များ ကိုက်ညီအောင် ညှိနှိုင်းဆောင်ရွက်ပြီး EUDR စံနှုန်းများနှင့်ကိုက်ညီသည့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုဖြစ်အောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပူးပေါင်းချိတ်ဆက်တည်ဆောက်ထားသည့် လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးဆိုင်ရာ အစီအစဉ်များနှင့် မူဝါဒချိန်ညှိမှုများက သစ်တောပြုန်းတီးမှုအန္တရာယ်များကို စုပေါင်းဖြေရှင်းကာကွယ်နိုင်စေမည်ဖြစ်ကြောင်း၊ အလားတူ အရည်အသွေးအာမခံချက်ကို ထိခိုက်စေသည့် ဒေသတွင်းအရည်အသွေးနိမ့်ကျသော ရော်ဘာများကို ဈေးနှုန်းချိုသာစွာ ရောင်းဝယ်ဖောက်ကားနေမှုကို စုပေါင်းထိန်းချုပ်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ရော်ဘာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်နိုင်ကြပြီး ပိုမိုကောင်းမွန်သော ဆွေးနွေးသုံးသပ်ချက်များဖော်ထုတ်ခြင်းကို IRRDB ရည်ရွယ်ချက်များနှင့်အညီ အဖွဲ့ဝင်များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် IRRDB ၏ အထွေထွေ အတွင်းရေးမှူး Dr. Abdul Aziz တို့က အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

01.10.2025 | Views : 2
RC

ကြက်ခြေနီအသိပညာပြန့်ပွားရေးအလုပ်ရုံဆွေးနွေးပွဲပြုလုပ်

10/01/2025

မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းတို့ပူးပေါင်း၍ ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ(၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင် ပြုလုပ်လျက်ရှိသည်။ 

ဆွေးနွေးပွဲကို ကြက်ခြေနီလှုပ်ရှားမှု၏တန်ဖိုးများ၊ ကြက်ခြေနီအခြေခံမူများ၊ ဆောင်ရွက်ချက်များနှင့် လုပ်ငန်းတာဝန်များ၊ ကြက်ခြေနီလှုပ်ရှားမှုအကြောင်း အရာများကို ကြက်ခြေနီစေတနာ လုပ်အားရှင်များ ပိုမိုရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန်နှင့် ကြက်ခြေနီကချမှတ်ထားသော အခြေခံမူများနှင့်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို မှန်ကန်တိကျစွာ လိုက်နာနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

(၃)ရက်တာပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသအတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂၀) ဦး တက်ရောက်လျက်ရှိသည်။

01.10.2025 | Views : 2
တရားမဝင်

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စိုက်ပျိုးရေးသုံးပစ္စည်း၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိ

10/01/2025 

နေပြည်တော် စက်တင်ဘာ ၃၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၀ ရက်မှ ၂၃ ရက်အထိ မိုးညှင်းမြို့နယ်၊ တနိုင်းမြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် နမ္မတီးမြို့နယ်တို့၌  လိုင်စင်မဲ့မော်တော် ဆိုင်ကယ် ၁၃ စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၉၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၂၃ ရက်တွင် နမ္မတီးမြို့ မြို့ဦးရပ်ကွက်၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီဂါလန် ၂၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၀၀၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ မိုးကောင်းမြို့နယ် မန်ရွက်‌ကျေးရွာ၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စိုက်ပျိုးရေးသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၅၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂၅၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၆ ရက်တွင် ဘားအံမြို့နယ် ကော့ကဒါးကျေးရွာ၊ နောင်ပတုတ်ကျေးရွာနှင့် ရေကျော်ကျေးရွာတို့အနီး၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၆၉၈ ဂါလန်၊ ဓာတ်ဆီ ၂၄၆ ဂါလန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈၃၄၄၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံ ထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၅ ရက်တွင် ဘုတ်ပြင်း မြို့နယ် ကျားတောင်းကျေးရွာ၌ တရားမဝင်မီးသွေးပေါင် ၃၀ ဝင် ၄၅ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် ကော့သောင်းမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၂၄၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် မင်းလှမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ဖြူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၃၂၉ တန်၊ သစ်မာ ၃ ဒသမ ၁၀၁ တန်၊ အခြားသစ် ၅ ဒသမ ၃၄၄ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၅၁၂၁ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၁၆ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀၀၀၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်တွင် မော်လမြိုင် မြို့နယ် ကျောက်တန်းစက်မှုဇုန်ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၁၂ မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉၅၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၇၅၀၀၀၀၀ ကို အမှုတွဲဖွင့်လှစ်ထားရှိသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၄ ရက်တွင် ကြံခင်းမြို့နယ်အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၄၃၆ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၁၅၇၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၂၈ ရက်အထိ ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၄၇ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၅၉၂၉၃၀၁) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ် လုပ်ငန်းများရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသဖြင့် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

01.10.2025 | Views : 1
ပညာရေး

ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ပညာရေးဆိုင်ရာမူဝါဒများသုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

10/01/2025 

ပညာရေးဆိုင်ရာမူဝါဒများသုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တွဲဖက်ပါမောက္ခများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

‌ဦးစွာ ပြည်ထောင်စုဝန်ကြီးက ‌ယနေ့အလုပ်ရုံဆွေးနွေးပွဲကို အဆင့်မြင့်ပညာကဏ္ဍနှင့်ပတ်သက်သည့်မူဝါဒများကို နှစ်ရက်ကြာ သုံးသပ်အကြံပြုသွားမည်ဖြစ်ပြီး ပါမောက္ခချုပ်များက ဦးဆောင်၍ ထိန်းညှိပေးစေလိုပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကိုမြှင့်တင်စို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရေးဆွဲမည့်မူဝါဒများသည် ဆောင်ပုဒ်နှင့်ကိုက်ညီမှုရှိရန်လိုအပ်ပါကြောင်း၊ ယခု‌ဆွေးနွေးပွဲမှ အားနည်းချက်များကိုဖော်ထုတ်ပြီး အားသာချက်ဖြစ်မည့် မူဝါဒများကို အတူတကွအကောင်းဆုံးရေးဆွဲနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ ရာထူးတိုး၊ ပြောင်းကိစ္စရပ်များကို တစ်နှစ်လျှင် မေလနှင့်အောက်တိုဘာလတို့တွင် နှစ်ကြိမ်ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲမှထွက်ပေါ်လာသည့် ရလဒ်များသည် ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ပြီး အလုပ်ရုံဆွေးနွေးပွဲမှ အကောင်းဆုံးမူဝါဒများချမှတ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်ဦးက အဆင့်မြင့်ပညာကဏ္ဍအတွက် တက္ကသိုလ် ဆရာဆရာမများ ရာထူးတိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားရေးဆိုင်ရာ မူဝါဒများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အဖွဲ့များခွဲ၍ မူဝါဒများ အတည်ပြုချမှတ်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြပြီး တွေ့ရှိချက်နှင့်အကြံပြုချက်များကို အဖွဲ့လိုက်တင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များက တက္ကသိုလ် ဆရာဆရာမများ ရာထူးတိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားရေးဆိုင်ရာ မူဝါဒများသုံးသပ်ခြင်း၊ တွေ့ရှိချက်နှင့် အကြံပြုချက်များအပေါ် စုပေါင်းဆွေးနွေးခြင်းများဆောင်ရွက်ကာ ရာထူးတိုး၊ ပြောင်းမူဝါဒ (မူကြမ်း) ပြုစုခဲ့ကြသည်။

အဆိုပါ ပညာရေးဆိုင်ရာမူဝါဒများ သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရန်ကုန်တက္ကသိုလ်နှင့် ဒါကာတက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့်ပူးပေါင်း၍ ယဉ်ကျေးမှုဆိုင်ရာလုပ်ဆောင်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ အနာဂတ်တွင် နှစ်နိုင်ငံပညာရေးကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်‌ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ် ဒေါက်တာ‌အောင်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

01.10.2025 | Views : 3