
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ ဆံတော်တိုက်အဝင်အထွက် လုံခြုံရေးမှန်ကာရံ၍ ဆံတော်တိုက်ပတ်လည်ရွှေချထားသည့် နံရံများ Polycarbonate တပ်ဆင်လှူဒါန်း
09/29/2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ လင်ကွမ်းစီကျောင်းတိုက်ဆရာတော် VAN SHICHANG ZANG မှ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ ဆံတော်တိုက် အဝင် အထွက် လုံခြုံရေးမှန်ကာရံ၍ ဆံတော်တိုက် ပတ်လည်ရွှေချထားသည့်နံရံများ Polycarbonate တပ်ဆင် လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက အဆိုပါ စေတီတော်၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ လင်ကွမ်းစီကျောင်းတိုက်ဆရာတော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီးဦးဌေးအောင်၊ တရုတ်မြန်မာချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဒေါက်တာတင်ထွန်းတို့က လုံခြုံရေးမှန်ကာရံ၍ ရွှေချထားသည့်နံရံများ Polycarbonate တပ်ဆင် လှူဒါန်းထားမှုကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးကြကာ လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို နန်းဦးဘုရားကြီး တန်ဆောင်း၌ ဆက်လက်ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော် သံဃာတော်များ၊ လင်ကွမ်းစီကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။
ဆက်လက်၍ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့အဖွဲ့ဝင် ဦးအောင်မြတ်က လုပ်ငန်းဆောင်ရွက်လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြလျှောက်ထားပြီး လင်ကွမ်းစီကျောင်းတိုက်ဆရာတော်က လှူဒါန်းမှုအစုစုတို့အတွက် ဝမ်းသာပီတိစကား မိန့်ကြားတော်မူသည်။
ထို့နောက် ဒုတိယဝန်ကြီးဦးအေးထွန်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံပူးပေါင်း၍ ချစ်ကြည်ရင်းနှီးစွာ ကုသိုလ်စိတ်ဖြင့် ဆောင်ရွက်လှူဒါန်းမှု ဖြစ်ခြင်းကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်ပါစေကြောင်း လျှောက်ထားခဲ့သည်။
ယင်းနောက် ဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လင်ကွမ်းစီကျောင်းတိုက် ဆရာတော်က ဘဏ္ဍာတော်တိုက်အသစ် ဆောက်လုပ်ရန်အတွက် အလှူငွေ ယွမ် ၁၀၀၀၀ ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီးနှင့် ဂေါပက အဖွဲ့ဝင်များက လက်ခံရယူကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးသံဃမဟာ နာယအဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူဆောက်တည်ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး ဆရာတော်ကြီးများအား စေတီတော်ရင်ပြင် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကိုမြို့၌ကျင်းပသည့် သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အမှာစကားပြောကြား
09/28/2025
“လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ” ခေါင်းစဉ်ဖြင့် သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ RADISSON COLLECTION ဟိုတယ်၊ Conference Hall ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါသိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ ဒုတိယဝန်ကြီးများ၊ ရုရှား ဖက်ဒရေးရှင်း နိုင်ငံအရပ်ဘက်တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာလေ့လာဆန်းစစ်မှုများ၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် နည်းပညာဆိုင်ရာများကို ကဏ္ဍပေါင်းစုံ တွင်အသုံးချနိုင်မည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများစသည်ဖြင့် ကဏ္ဍအလိုက်ပိုစတာများဖြင့် သုံးသပ်တင်ပြထားမှုအား ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုလေ့လာကြပြီး ပြကွက်တာဝန်ခံများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။
ထို့နောက် သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စတင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာ ယနေ့ကျင်းပသည့် “လူငယ်နှင့် အနာဂတ်မြန်မာ” သိပ္ပံနှင့်နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် အနာဂတ်မြန်မာနိုင်ငံတွင် ကြုံတွေ့လာနိုင်သည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ စိန်ခေါ်မှုများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းအဖြေရှာနိုင်စေရန်၊ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များ စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းပါဝင်လာစေရေး ခေတ်မီ ဆန်းသစ်ပြီး စဉ်းစားတွေးခေါ်နိုင်မှုမြင့်မားသည့် ပညာတတ်လူငယ်များဖြစ်လာစေရန်၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များ၏စွမ်းဆောင်နိုင်မှုအပေါ် မြှင့်တင်အားပေးနိုင်ရန်စသည့်ရည်ရွယ်ချက်များဖြင့် ယခုဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်အသီးသီးတွင် သုတေသနပြုစုနေကြသည့် သင်တန်းသားများက လေ့လာတွေ့ရှိချက်များအပေါ် မိမိတို့တွင်ရှိသည့် အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး တင်ပြဆွေးနွေးကြမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ သိပ္ပံနှင့်နည်းပညာကဏ္ဍအပေါ် အကျိုးရှိစေမည်ဖြစ်ကြောင်း၊ တင်ပြဆွေးနွေးသူများ၏ လေ့လာတွေ့ရှိချက်နှင့် အကြံပြုချက်များအပေါ် တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်းများ၊ အတွေ့အကြုံဖလှယ်ခြင်းများ ပြုလုပ်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ယနေ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ၊ စွမ်းအင်ဆိုင်ရာ၊ စက်မှုနည်းပညာဆိုင်ရာ၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုနည်းပညာဆိုင်ရာနယ်ပယ်များတွင် ပညာရှင်များစွာ လိုအပ်လျက်ရှိနေကြောင်း၊ ပြည်တွင်း၌ အလုပ်လုပ်နိုင်သည့်အရွယ်လူဦးရေ အချိုး အစားများပြားသော်လည်း စက်မှု၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များကို ဝေဖန်ပိုင်းခြားတွေးခေါ် တတ်မှု၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်တတ်မှု၊ ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်မှု၊ စုပေါင်းဆောင်ရွက်နိုင်မှု စသည့် စွမ်းရည်များသာမက စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန်အတွက် ညီလာခံများ၊ ယခုကဲ့သို့အလုပ်ရုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသည့် ဆောင်ပုဒ်အတိုင်း ပညာရေးကဏ္ဍကို အားပေးထောက်ပံ့လျက်ရှိပြီး ပညာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးမြှင့်ခွင့်ပြုပေးလျက်ရှိကြောင်း၊ အသိဉာဏ်ပညာပြည့်စုံသည့် လူငယ်ပညာရှင်များ ပေါ်ထွန်းလာရေး၊ အသိပညာ၊ အတတ် ပညာ၊ စွမ်းရည်များနှင့်ပြည့်စုံပြီး အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်တည်လာစေရေး လူငယ်များကို နိုင်ငံ့အနာဂတ်ပဲ့ကိုင်ရှင်များအဖြစ်သတ်မှတ်ကာ နိုင်ငံသားတိုင်းအားလုံးက လူငယ်စွမ်းရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိဖိစီးစီးလုပ်ဆောင်ရန်လိုကြောင်းကို တိုက်တွန်းပြောကြားလိုကြောင်း၊ ယနေ့မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံအများစုက ကဏ္ဍပေါင်းစုံတွင် အချက်အလက်များကို အသုံးချပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း၊ သတင်းအချက်အလက် သိပ္ပံနည်းပညာဆိုင်ရာလုပ်ငန်းများ၊ အချက်အလက် သိပ္ပံသုတေသနလုပ်ငန်းများနှင့် နိုင်ငံတော်အတွက် အထောက်အကူပြုသည့် အကျိုးဖြစ်ထွန်းစေမည့် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းပြောကြားသည်။
ယနေ့ခေတ်တိုးတက်မှု အမြန်ဆုံးနည်းပညာမှာ ဉာဏ်ရည်တုနည်းပညာ(AI)ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ကုန်ထုတ်လုပ်မှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ဉာဏ်ရည်တုနည်းပညာကို တွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ဉာဏ်ရည်တုနည်းပညာအသုံးပြုနိုင်ရေး ကြိုးပမ်းသွားရမည်ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံသည်စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် ဉာဏ်ရည်တုနည်းပညာကို စိုက်ပျိုးရေးကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဉာဏ်ရည်တုနည်းပညာကို အကျိုးရှိစွာအသုံးချရေး၊ ခိုင်မာသော ဉာဏ်ရည်တုနည်းပညာဂေဟစနစ်ကို တည်ဆောက်နိုင်ရေးနှင့် အရည်အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းပြောကြားသည်။
ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် အသုံးချမှုများမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊နျူကလီးယားစွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်နည်းပညာကို စွမ်းအင်ကဏ္ဍအပြင် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် မိမိတို့နိုင်ငံ၏ နျူကလီးယားအခြေခံအဆောက်အအုံတည်ထောင်နိုင်ရေး ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်မည်ဖြစ်ကြောင်း၊ ယနေ့ မိမိတို့ ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းသည် ရှိရင်းစွဲအလုပ်ကို ဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံအတွက်အရွေ့တစ်ခု၊ မှတ်တိုင်တစ်ခုကို ရေးထိုးနိုင်သည်အထိ လုပ်ငန်းများအပေါ်ရည်မှန်းချက်ထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်အရေးကြီးကြောင်း၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ခြင်းနှင့် စိတ်အားထက်သန်မှုရှိခြင်းတို့သည် ရည်မှန်းချက်များအောင်မြင်ရေးအတွက် အဓိကသော့ချက်တစ်ခုဖြစ်သည်ကို အစဉ်နှလုံးသွင်းခံယူထားပြီး ကြိုးစားကြရန်လည်းမှာကြားလိုကြောင်းပြောကြားသည်။
ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် သိပ္ပံနည်းပညာများကို မျက်ခြည်မပြတ်ဆည်းပူးလေ့လာပြီး မိမိတို့တတ်ကျွမ်းသည့်ပညာရပ်နှင့် နိုင်ငံအကျိုးပြုသုတေသနလုပ်ငန်းများတွင် ဆက်လက်ဆောင်ရွက်သွားရမည်လည်းဖြစ်ကြောင်း၊ သင်ကြားပေးလိုက်သည့် ခေတ်မီနည်းပညာများကို နိုင်ငံအတွင်း၌ ထိရောက်စွာအသုံးချနိုင်ရေး နိုင်ငံ့အကျိုးစီးပွားအတွက် လက်ဆင့်ကမ်းလွှဲပြောင်းထမ်းဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲမှ နိုင်ငံတော်၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာ စိန်ခေါ်မှုများ၊ လိုအပ်ချက်များကို ဖော်ထုတ်နိုင်ကြစေရန်နှင့် နိုင်ငံ့ အကျိုးစီးပွားအတွက် ရည်ရွယ်ချက်ကောင်းနှင့် ခံယူချက်ကောင်းများထားရှိပြီး အနာဂတ်မြန်မာ နိုင်ငံတော်၏ နိုင်ငံ့သားကောင်းများဖြစ်ကြစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အရပ်ဘက်တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားများအနက် ကိုယ်စားလှယ်သင်တန်းသားများက သိပ္ပံနည်းပညာဆိုင်ရာ ဆန်းစစ်လေ့လာချက်များနှင့်ပတ်သက်၍ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများက သိရှိလိုသည့်မေးခွန်းများကို မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းတို့ကို ဆောင်ရွက်ကြပြီး အပြန်အလှန်မေးမြန်းဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကြီးမားပြီး တက္ကသိုလ်ပညာသင်နိုင်သည့် လူသား အရင်းအမြစ်ကောင်းများ များစွာလိုအပ်ကြောင်း၊ အရည်အချင်းရှိသည့် ကျောင်းသားများဖြစ်ရမည်ဖြစ်ပြီး အရေအတွက်များများစွာရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားရသည့်အတွေ့အကြုံများ၊ မြင်တွေ့နေရသည့် အတွေ့အကြုံများနှင့် ဆွေးနွေးတင်ပြသွားသည်ကိုတွေ့မြင်ရပြီး မိမိတို့နိုင်ငံ၏ ပကတိအခြေအနေများဖြင့်လည်း ချိန်ထိုးစဉ်းစား သွားကြရန်လိုကြောင်းနှင့် သုတေသနပြုလုပ်ရုံသာမက အသုံးချမှုနှင့်ပတ်သက်၍လည်း မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ဒေသနှင့်တိုင်းပြည်၏အကျိုးကို ဖော်ဆောင်မြှင့်တင် ပေးနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ တက္ကသိုလ်များ၊ ကောလိပ်များအနေဖြင့်လည်း တက်ရောက်အောင်မြင်ပြီးစီးပါက လက်တွေ့လုပ်ငန်းနယ်ပယ်သို့ ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်သည်အထိ သင်ကြားပေးသွားရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အားနည်းချက်များ ရှိနေဆဲဖြစ်သည့်အတွက် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်၍ ပညာရေးကို အားပေးမြှင့်တင်ရမည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် အနာဂတ်ပညာတတ်လူငယ်များ များပြားလာစေရန်ရည်ရွယ်၍ ပညာရေးဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးတို့နှင့် တိုင်ပင်ဆွေးနွေးခဲ့ပြီး Polytechnic တက္ကသိုလ်များ၊ Institute ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ အလားတူ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ အခြေခံ ပညာအလယ်တန်းအဆင့် တတ်မြောက်ပြီးသူများ တက်ရောက်နိုင်ရေးအတွက် စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဘာသာရပ်များကိုလည်း သိရှိနားလည်ကျွမ်းကျင်နိုင်စေရေး ဆက်လက်လေ့လာကြိုးစားအားထုတ်သွားရန်လိုကြောင်း၊ မိမိတို့ သင်ယူတတ်မြောက်လာသည့် ဘာသာရပ်အသီးသီး၊ အသိအမြင်အသီးသီးတို့ဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးကို ဖော်ဆောင်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဆင့်မြင့်ပညာရပ်များကို နိုင်ငံရပ်ခြား၌ လာရောက်သင်ယူနေရသည်ဖြစ်သည့်အတွက် တစ်ဦးချင်းစီအလိုက် ဘဝများတိုးတက်စေရေး၊ နိုင်ငံတော်မှ ပညာတော်သင်စေလွှတ်ရကြိုးနပ်စေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကောင်းမွန်သည့် အတွေးအခေါ်အသိအမြင်များဖြင့် နိုင်ငံတော်အတွက် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း၊ နိုင်ငံတော်၏အနာဂတ်ကို ကောင်းမွန်သည့် ပညာတတ် လူသားအရင်းအမြစ်များဖြင့်သာ တည်ဆောက်ရမည်ဖြစ်သဖြင့် တစ်ဦးချင်းစီအလိုက် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြောင်း သိရှိရသည်။

ကယားတိုင်းရင်းသားတို့၏ ရိုးရာစုပေါင်းအဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ
09/28/2025
ကယားတိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များအနက် အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်သည် ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ် တော်သလင်းလနှင့် သီတင်းကျွတ်လများတွင် ပွဲတော်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြောင်း သိရသည်။
၂၂၀၂၅ ခုနှစ်အတွက် ရိုးရာအဲဒိုပေါ်မီ(ခေါ်) ဒီးကူပွဲတော်ကို စက်တင်ဘာလ ၂၅ ရက်နေ့က လွိုင်ကော်မြို့ ပြည်နယ်ခန်းမနှင့် ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပခဲ့သည်။ ဦးစွာ ရိုးရာစုပေါင်း အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်မုခ်ဦးကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူးနှင့် ကယားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးမီရယ်မြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းရင်းသူလေးများက “အဲဒိုပေါ်မီပွဲတော်ဆီသို့” အကဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကယားစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးမီရယ်မြင့်က ကယားတိုင်းရင်းသားတို့၏ ရိုးရာစုပေါင်း အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် သတ္တပလူကျေးရွာ ရိုးရာယဉ်ကျေးမှုအကအဖွဲ့၏ “ရိုးရာခေါ်မည် အဲဒိုပေါ်မီ”သီချင်းဖြင့် သရုပ်ဖော်ကပြဖျော်ဖြေမှု၊ ကယန်းယဉ်ကျေးမှုအဖွဲ့၏ “တောင်ပေါ်မြေက တို့ကယန်း အက” သီချင်းဖြင့် ကပြဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်က ကယားတိုင်းရင်းသားတို့၏ ရိုးရာစုပေါင်းအဲဒိုမီ (ခေါ်) ဒီကူးပွဲတော်အခမ်းအနားအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ ကယားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးမီရယ်မြင့်ကလည်းကောင်း၊ သတ္တပလူရိုးရာအကအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ အကအဖွဲ့ကိုယ်စားလှယ်များကလည်းကောင်း လက်ခံရယူခဲ့ကြသည်။
ယင်းနောက် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများမှ တိုင်းရင်းသား ပြည်သူများနှင့်အတူ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကယားတိုင်းရင်းသားတို့၏ ဒီးကူကောက်ညှင်းထုပ်၊ ခေါင်ရည်၊ ကယားဝက်အူချောင်း၊ ကယားရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံသော ရိုးရာစုပေါင်းအဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော် မိတ်ဆုံစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်သည့် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် -၂၀၂၅ (World Atomic Week forum 2025)” ၏ မျက်နှာစုံညီထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်
09/28/2025
“ကမ္ဘာ့အဏုမြူ သီတင်းပတ်ဖိုရမ်- ၂၀၂၅ (World Atomic Week forum 2025)” ကို စက်တင်ဘာ ၂၅ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ရှိ Atom Museum ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် “နည်းပညာသစ်မွေးဖွားခြင်းမှ ကမ္ဘာသစ်အမြင်ဆီသို့ (From a New Technological Rollout to a New Worldview)” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မျက်နှာစုံညီထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ဆွေးနွေးသည်။
အဆိုပါ “ကမ္ဘာ့အဏုမြူသီတင်းပတ် ဖိုရမ် -၂၀၂၅ (World Atomic Week forum 2025)” သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာမေးနီးယားနိုင်ငံဝန်ကြီးချုပ်၊ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့အပါအဝင် နိုင်ငံတကာမှ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိကြီးများနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများ၊ ကမ္ဘာ့ထိပ်တန်း ကျွမ်းကျင်သူများ၊ ကုမ္ပဏီကြီးများမှ အကြီးအကဲများ၊ CIS ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသများမှ ခေါင်းဆောင်များနှင့် နိုင်ငံပေါင်း ၁၀၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများအား ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM)၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း (ROSATOM)၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev က အဖွင့်အမှာစကား ပြောကြားပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတက မိန့်ခွန်းပြောကြားသည်။
ယင်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ၊ အာမေးနီးယားနိုင်ငံဝန်ကြီးချုပ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်၊ IAEA ၏ ညွှန်ကြားရေးမှူးချုပ် တို့အပါအဝင် တက်ရောက်လာကြသည့် နိုင်ငံတကာမှ အစိုးရအဖွဲ့အဆင့်မြင့်အရာရှိကြီးများနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများ၊ ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူများက မိန့်ခွန်းများ အသီးသီးပြောကြားကြသည်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အဏုမြူလုပ်ငန်းများ၏ နှစ်(၈၀)ပြည့် အခမ်းအနားနှင့်ဆက်စပ်ကျင်းပသည့် ယခုအပြည်ပြည်ဆိုင်ရာဖိုရမ် ကမ္ဘာ့အဏုမြူသီတင်းပတ်သည် နျူကလီးယား စွမ်းအင်နှင့် နျူကလီးယားနည်းပညာ၏ ကမ္ဘာ့စွမ်းအင်လိုအပ်ချက်၊ စိုက်ပျိုးရေး၊ ဆေးပညာနှင့် စက်မှုကဏ္ဍများအပေါ် အထောက်အကူပြုခဲ့သည့် သမိုင်းကြောင်းကို ဖော်ပြပေးသည်သာမက အနာဂတ် နျူကလီးယားလုပ်ငန်းများအတွက် ရည်မှန်းချက်ကောင်းများကို ဆွေးနွေးမျှဝေပေးနိုင်မည့် ဖိုရမ် တစ်ခုလည်းဖြစ်ကြောင်း၊ ယခုဖိုရမ်၏ ဆောင်ပုဒ်ဖြစ်သည့် “အရာရာတိုင်းသည် အက်တမ်တစ်ခုမှ စတင်သည် (Everything starts with an atom.)” ဆိုသည့်အတိုင်း မိမိတို့အပါအဝင် စကြဝဠာကြီးထဲတွင်ရှိသည့် အရာဝတ္ထုများအားလုံးသည် အက်တမ်များနှင့် ဖွဲ့စည်းထားခြင်းပင်ဖြစ်ကြောင်း၊ အဆွေတော်တို့သိကြသည့်အတိုင်း အက်တမ်၏နျူကလိယပ်စ်ထဲကကြီးမားသည့် နျူကလီးယားအားကို ထိန်းချုပ်အသုံးချနိုင်ခဲ့ခြင်းဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအပြင် ဆေးပညာ၊ စိုက်ပျိုးရေးနှင့်စက်မှုကဏ္ဍများကို များစွာဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည်လည်း ဆိုဗီယက်ပြည်ထောင်စုကာလ ၁၉၅၄ ခုနှစ် ဇွန်လ ၂၆ ရက်မှစ၍ ကမ္ဘာ့ပထမဦးဆုံး နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးသည့် နိုင်ငံတစ်ခုလည်းဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် လောင်စာသစ်များကိုထုတ်လုပ်ပေးနိုင်သည့် အမြန်နျူထရွန်သုံး နျူကလီးယား ဓာတ်ပေါင်းဖို (Fast Breeder Reactors) များကို အောင်မြင်စွာလည်ပတ်နိုင်သည့် တစ်ခုတည်းသော နိုင်ငံတစ်ခုလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
နှစ်ပေါင်း (၈၀) ကျော်ကာလအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နျူကလီးယားကဏ္ဍကို အသိပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ငြိမ်းချမ်းသော အဏုမြူဆိုင်ရာသိပ္ပံပညာရပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီးရှူး တန်ဆောင်တစ်ခုအဖြစ်မယိမ်းယိုင်ဘဲ ခိုင်မြဲစွာပြောင်းလဲပေးခဲ့ကြသည့် သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများ၊ မူဝါဒရေးဆွဲသူများနှင့် ရည်မှန်းချက်ကြီးမားသူများအားလုံးကို မိမိ၏နှလုံးသားထဲမှ လှိုက်လှဲစွာဖြင့်ချီးကျူးဂုဏ်ပြုစကားပြောကြားလိုကြောင်း၊ ကမ္ဘာ့စွမ်းအင်လိုအပ်ချက်သည် နှစ်စဉ်တိုးတက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA)၏ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်မှာ ၂၀၂၄ ခုနှစ်ထက် ၂.၂ % တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ ယခုလက်ရှိတွင် ကမ္ဘာ့စွမ်းအင်လိုအပ်ချက်၏ ၉ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင်မှ ရယူလျက်ရှိပြီး World Net-Zero Carbon Emissions အရ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များနှင့် နျူကလီးယားစွမ်းအင်ကို ပူးတွဲအသုံးပြုရန်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ နျူကလီးယားစွမ်းအင်သည် ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့် Green Energy တစ်ခုလည်း ဖြစ်ပြီး တည်ငြိမ်လျှပ်စစ်စွမ်းအားကိုလည်း ပေးစွမ်းနိုင်ကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးတွင် နျူကလီးယားနည်းပညာများသည် ပို၍ဘေးကင်းလုံခြုံပြီး ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသည့် အစားအစာထုတ်လုပ်မှုကို ပံ့ပိုးပေးပါကြောင်း၊ မျိုးဗီဇပြောင်းလဲမွေးမြူခြင်းကဲ့သို့ အစီအစဉ်များသည် မိုးခေါင်ရေရှားမှု၊ ပိုးမွှားနှင့်ရောဂါများကို ခံနိုင်ရည်ရှိသည့်သီးနှံများကို ထုတ်လုပ်ပေးခဲ့ပြီး မျိုးပွားနိုင်မှုမရှိသည့် အင်းဆက်နည်းပညာသည်လည်း ပိုးသတ်ဆေးအသုံးပြုမှုကို လျှော့ချနိုင်စေခဲ့သကဲ့သို့ ဂေဟစနစ်များကို ကာကွယ်ပေးခြင်းနှင့် ရေရှည်တည်တံ့သည့် ရိတ်သိမ်းမှုများကိုဖြစ်စေကြောင်း၊ မိမိတို့ကဲ့သို့ စိုက်ပျိုးရေးနိုင်ငံများအတွက် များစွာအကျိုးဖြစ်စေကြောင်း ပြောကြားသည်။
ဆေးပညာပိုင်းတွင်ဆိုပါက ရေဒီယိုအိုင်ဆိုတုပ်များနှင့် နျူကလီးယားပုံရိပ် ဖော်နည်းပညာများသည် ရောဂါကိုရှာဖွေခြင်းနှင့် ကုသခြင်းနည်းလမ်းများကို ပြောင်းလဲစေခဲ့ကြောင်း၊ ကင်ဆာရောဂါများကို စောစီးစွာသိရှိနိုင်ခြင်းနှင့် ရေဒီယိုဓာတ်ရောင်ခြည်နည်းဖြင့်ကုသခြင်း (Radiotherapy)က ရရှိလာသည့် တိကျသည့်ပစ်မှတ်ထားကုသမှုတို့ကြောင့် နှစ်စဉ်နှစ်တိုင်း သန်းနှင့်ချီသည့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီး မရေမတွက်နိုင်သော လူပေါင်းများစွာ၏ ဘဝများကို ပိုမိုကောင်းမွန်စေခဲ့ကြောင်း၊ နျူကလီးယားဆေးပညာသည် လူသားမျိုးနွယ်အတွက် သိပ္ပံပညာအစွမ်းဖြင့် ဝန်ဆောင်မှုပေးနိုင်ခြင်း၏ ဥပမာတစ်ရပ်ဖြစ်ကြောင်း၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသည့်ရည်ရွယ်ချက်ဖြင့် နယ်ပယ်အသီးသီးတွင်အသုံးချပါက လူသားမျိုးနွယ်အတွက်များစွာအကျိုးပြုသလို အခြားတစ်ဖက်တွင်လည်း အားနည်းချက်များရှိကြောင်း၊ နျူကလီးယားစွမ်းအင် အသုံးပြုသည့်အခါ သဘာဝပတ်ဝန်းကျင် ဂေဟ စနစ်ကို မထိခိုက်အောင် ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲရန်လိုအပ်ခြင်း၊ နျူကလီးယားဒြပ်ပစ္စည်းများမှ ဓာတ်ရောင်ခြည်ယိုစိမ့်မှုမဖြစ်အောင် ကာကွယ်ရန်လိုအပ်ခြင်းနှင့် နျူကလီးယား မတော်တဆမှုများမဖြစ်ပွားအောင် စိတ်ချရသည့်ဘေးကင်းလုံခြုံမှုရှိအောင် စနစ်တကျ ကြိုတင်စီမံဆောင်ရွက်ရန် လိုအပ်ခြင်းတို့ရှိကြောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် နျူကလီးယားစွမ်းအင်အသုံးပြုနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်ကစ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း (ROSATOM) နှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပြီး နျူကလီးယားစွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် နိုင်ခဲ့ခြင်းသည် နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ် စတင်ချနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့၌ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် နျူကလီးယားနယ်ပယ်တွင် အတွေ့အကြုံ ကြွယ်ဝပြီး ထိပ်တန်းဖြစ်သည့် ရုရှားနိုင်ငံနျူကလီးယားစက်ရုံနှင့် နည်းပညာအပေါ် မီဒီယာမျိုးစုံနှင့် ပြည်သူလူထု ပိုမိုနားလည်သဘောပေါက်စေရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တစ်ဆက်တည်း၌ပင် အမျိုးသားအဆင့် နျူကလီးယားအခြေခံအဆောက်အအုံနယ်ပယ်များ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းလမ်းညွှန်ချက်များ (Terms of Reference - ToR) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ “ROSATOM” နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်းပြီး “သိပ္ပံပွဲတော်၂၀၂၃” နှင့် “သိပ္ပံပွဲတော် ၂၀၂၄” တို့ကို နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)တို့၌ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် မြန်မာကျောင်းသားများကို နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာနှင့် ဗဟုသုတများစွာရရှိစေခဲ့ကြောင်း၊ ROSATOM မှ ချီးမြှင့်သည့် ပညာသင်ဆုအစီအစဉ်ဖြင့် Small Modular Reactor-SMR အတွက် လုပ်ငန်းလိုအပ်ချက်များအပါအဝင် နျူကလီးယားစွမ်းအင်နှင့် နျူကလီးယားနည်းပညာအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းမြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ် အကောင်အထည်ဖော်ဆောင်ရာတွင် လုပ်ငန်းမှတ်တိုင် ၃ ခု၊ လုပ်ငန်း အဆင့် ၃ ခုတို့ဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ ROSATOM ၏ Timeline အတိုင်း ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၅၇ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA)၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ချိန်မှစပြီး အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ၏ နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Technical Cooperation) တွင် ပါဝင်ခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီအနေဖြင့် လုပ်ငန်းရန်ပုံငွေ ပံ့ပိုးပေးခြင်း၊ စက်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အအုံများ မြှင့်တင်ပေးခြင်းတို့အပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များတွင်ပါဝင်စေခြင်း၊ နည်းပညာဆိုင်ရာသင်တန်းများပေးခြင်း၊ နည်းပညာပူးပေါင်း ဆောင်ရွက်ရေးစီမံကိန်းများ ဆောင်ရွက်စေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီက ကြီးမှူးကျင်းပသည့် နျူကလီးယား ဥပဒေဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ နျူကလီးယားဥပဒေကို ပြင်ဆင်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။
၂၀၂၅ ခုနှစ်အတွင်း ROSATOM နည်းပညာအကယ်ဒမီနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီတို့ကြီးမှူးကျင်းပသည့် နိုင်ငံခြားကျွမ်းကျင်သူများအတွက် အမျိုးသားအဆင့် နျူကလီးယား အစီအစဉ်များ အကောင်အထည်ဖော်မှုတွင်ပါဝင်သည့် အငယ်စားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံများ နေရာချထားခြင်းဆိုင်ရာ ဒေသတွင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးသင်တန်းကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၈ နိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် IAEA အဖွဲ့ဝင်နိုင်ငံအဖြစ် နျူကလီးယားနယ်ပယ်များ မြန်မာနိုင်ငံမှာအသုံးပြုနိုင်ရေးနှစ်ပေါင်း များစွာကတည်းက ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တုံ့နှေးနေခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်ကစပြီး ရုရှားနိုင်ငံနှင့်ပူးပေါင်းကာ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ကြိုးစားခဲ့မှု၊ ရုရှား နိုင်ငံ၏ အဘက်ဘက်မှ အားဖြည့်ဆောင်ရွက်ပေးမှုတို့ကြောင့် တိုးတက်မှုများသိသာစွာ ရရှိခဲ့ပြီးဖြစ်ကြောင်း၊ နျူကလီးယားစွမ်းအင်ဟာ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့် Green Energy တစ်ခုလည်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်မှ တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကို ထုတ်ယူပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်စွမ်းအား လိုအပ်ချက်မြင့်မားလျက်ရှိပြီး အသေးစားစက်မှုလုပ်ငန်းများနှင့် ကျေးလက်နေပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ဖြည့်တင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် နျူကလီးယားနည်းပညာနှင့် ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့်စက်မှုကဏ္ဍများတွင် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံရှိ တက္ကသိုလ်များနှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ ပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပြီး စီမံလုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကနဦးခြေလှမ်းအဖြစ် အငယ်စားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် ROSATOM နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် အခြေခံအဆောက်အအုံများနှင့် အခြားသောကဏ္ဍပေါင်းစုံတိုးချဲ့ဆောင်ရွက်နိုင်ရေး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အငယ်စားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည့် နျူကလီးယားအခြေခံအဆောက်အအုံ၊ လူ့စွမ်းအားအရင်းအမြစ်များနှင့် အခြားလိုအပ်သည့်လုပ်ငန်းများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ROSATOM တို့က တတ်နိုင်သမျှ မြန်မာနိုင်ငံကို ဆက်လက်ကူညီပေးပါရန် မိမိအနေဖြင့် အလေးအနက်ထား မေတ္တာရပ်ခံအပ်ပါကြောင်းပြောကြားသည်။
အလားတူ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကလည်း မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ဆောင်ရာတွင် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီပေးရန်လည်း မိမိအနေဖြင့် အလေးအနက်ထား မေတ္တာရပ်ခံအပ်ပါကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အနေဖြင့် ယခုအပြည်ပြည်ဆိုင်ရာ ဖိုရမ်ကမ္ဘာ့အဏုမြူ သီတင်းပတ်ကို တက်ရောက်လာကြသည့် နိုင်ငံများနှင့်လည်း နျူကလီးယားနည်းပညာကဏ္ဍနှင့်ပတ်သက်သည့် သင့်လျော်ရာ Sector များ၌လည်း ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်နှင့် မိတ်ဖက်ဆက်ဆံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လိုကြောင်းနှင့် အဏုမြူစွမ်းပကားဖြင့် ကမ္ဘာ့ပြည်သူများ ငြိမ်းချမ်းသာယာဖွံ့ဖြိုး၍ အကျိုးပြုပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။
အဆိုပါ “ကမ္ဘာ့အဏုမြူသီတင်းပတ် ဖိုရမ် -၂၀၂၅ (World Atomic Week forum 2025)” ကို ရုရှားနိုင်ငံ နျူကလီးယားကော်ပိုရေးရှင်း Rosatom က ပြည်တွင်း နျူကလီးယားစက်မှုလုပ်ငန်း၏ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အဖြစ် နျူကလီးယားနည်းပညာ၏ ငြိမ်းချမ်းရေးဆိုင်ရာအသုံးဝင်မှုများကို ကမ္ဘာတစ်ဝန်းမြှင့်တင်ရန် ရည်ရွယ်၍ ယနေ့ စက်တင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း၊ ဖိုရမ်၏လုပ်ငန်းအစီအစဉ်များကို နျူကလီးယားအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူများ၊ ကုမ္ပဏီကြီးများမှ အကြီးအကဲများ၊ CIS ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသများမှ ခေါင်းဆောင်များနှင့် နိုင်ငံပေါင်း ၁၀၅ နိုင်ငံမှကိုယ်စားလှယ်များတက်ရောက်ကြကာ သန့်ရှင်းသော စွမ်းအင်၊ အဆင့်မြင့်ဆေးဘက်ဆိုင်ရာ၊ ကောင်းမွန်သောပတ်ဝန်းကျင်၊ စက်မှုဆန်းသစ်မှု၊ ဂေဟဗေဒ၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သိပ္ပံပညာရေးဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ လူငယ်အစီအစဉ်များကို ဦးစားပေး ကျင်းပသွားမည်ဖြစ်ပြီး ရုရှား Knowledge အသင်းမှဦးဆောင်သည့် သိပ္ပံနှင့်ပညာပြန့်ပွားရေးရန်ပုံငွေ ပြိုင်ပွဲ “Knowledge. First” ကို ပြုလုပ်မည်ဖြစ်ကာ နိုင်ငံတကာဆွေးနွေးပွဲ ပလက်ဖောင်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လန်ချန်း-မဲခေါင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
09/28/2025
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပံ့ပိုးကူညီသော “မြန်မာနိုင်ငံ စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်း” စွမ်းအင်စီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ဗီဒီယိုမှတစ်ဆင့် အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong ၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြဦးနှင့် စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်း ကိုယ်စားလှယ်များအပါအဝင် လူဦးရေစုစုပေါင်း တစ်ရာခန့် တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမှာစကားပြောကြားရာ၌ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ပံ့ပိုးမှုအတွက် အထူးကျေးဇူးတင်ပါကြောင်း၊ သက်ဆိုင်ရာ စီမံကိန်းများသည် မြန်မာနိုင်ငံ၏ လိုအပ်ချက်များနှင့် အလွန်ကိုက်ညီကြောင်း၊ မြန်မာ့စက်မှုလုပ်ငန်းများ၏ စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာ၌ အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားတွင် သံမှူးကြီး Dr. Zheng Zhihong မှ အမှာစကားပြောကြားရာ၌ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ တရုတ်နိုင်ငံ၏ စွမ်းအင်ချွေတာရေးနှင့် ထိရောက်မှုမြှင့်တင်ရေး အတွေ့အကြုံများကိုမျှဝေလိုကြောင်း၊ စိမ်းလန်းသော၊ ကာဗွန်ထုတ် လွှတ်မှုနည်းပါးသော၊ ရေရှည်တည်တံ့သောစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးလမ်းကြောင်းကို အတူတကွလျှောက်လှမ်းကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ခြင်းကို တည်ငြိမ်စွာရေရှည်တည်တံ့စေရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို နှစ်ရက်ကြာ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး Chinese Association of Refrigeration (CAR) မှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ခါကာဘိုရာဇီပျားရည် ပြည်တွင်း၌ စျေးကောင်းရ
09/28/2025
ခါကာဘိုရာဇီပျားရည် (သို့မဟုတ်) ကျောက်ကမ်းပါးပျားရည်ကို တရုတ်နိုင်ငံဘက်က ကြိုက်သည့်အပြင် ပြည်တွင်း၌လည်း စျေးကောင်းရနေကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myanmar Trade Promotion Organization- MYAN TRADE ) မှ သိရသည်။ ခါကာဘိုရာဇီ ပျားရည် (သို့မဟုတ်) ကျောက်ကမ်းပါးပျားရည်သည် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိသော ခါကာဘိုရာဇီရေခဲတောင်အနီးတစ်ဝိုက်ရှိ ကျောက်ဆောင်ကျောက်ကမ်းပါးများတွင် အုံစွဲလေ့ရှိသော ပျားရိုင်းများ၏ ပျားအုံများမှထွက်ရှိသော ဆေးဖက်ဝင်ပျားရည်တစ်မျိုးဖြစ်သည်။
ကျောက်ဆောင် ကျောက်ကမ်းပါးများတွင် အုံစွဲသော ပျားအုံများမှ ပျားရည်များကို ခက်ခက်ခဲခဲတက်၍ ပျားရည်ရရှိစေရန် ပျားဖွတ်ကြရခြင်းဖြစ်ပြီး မေလနှင့် ဇွန်လပိုင်းတွင်သာ ပြုလုပ်နိုင်ကြောင်း သိရသည်။ ယင်းနောက် ကချင်ပြည်နယ်အတွင်းမှ MSME လုပ်ငန်းရှင်အချို့က ၎င်းမြို့များသို့ ကိုယ်တိုင်သွားရောက်ပြီး ဒေသခံများအားလုံး၏ ရရှိလာသောပျားရည်များကို ပုံးပြတ်ပေးကာ စုပေါင်းဝယ်ယူပေးကြ၍ ဒေသခံများကလည်း ဈေးကောင်းရရှိသဖြင့် ဝင်ငွေရရှိမှု ကောင်းမွန်ခဲ့ကြကြောင်း MYANTRADE ထံမှသိရသည်။ ကချင်ပြည်နယ်တွင်းမှ လုပ်ငန်းရှင်များသည် အဆိုပါ ခါကာဘိုရာဇီပျားရည် (သို့မဟုတ်) ကျောက်ကမ်းပါး ပျားရည်များကို မိမိတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ် ပုလင်းများဖြင့် ပြန်လည်ရောင်းချကြရာတွင်လည်း ဆေးဖက်ဝင် ပျားရည်များ ဖြစ်သဖြင့် လူကြိုက်များ ရောင်းအားကောင်းကာ အဆိုပါပျားရည်အား တရုတ်နိုင်ငံဘက်မှလည်း ကြိုက်နှစ်သက် ဝယ်ယူကြကြောင်း သိရသည်။
ပျားရည်ပုလင်း အသေးတစ်ပုလင်းလျှင် ပြည်တွင်းတွင် (၃၀,၀၀၀)ကျပ်မှ (၅၀,၀၀၀) ကျပ် အတွင်း ရောင်းချကြပြီး အကြီးတစ်ပုလင်းလျှင် တစ်သိန်းဝန်းကျင်ခန့် ရောင်းချကြရာ ခါကာဘိုရာဇီပျားရည် (သို့မဟုတ်) ကျောက်ကမ်းပါးပျားရည်သည် တစ်နှစ်လျှင် တစ်ကြိမ်သာ ရရှိသော ရှားပါးဆေး ဖက်ဝင်ပျားရည်ဖြစ်သဖြင့် ပြည်တွင်းတွင် ဈေးကောင်းရရှိသည်သာမက ပြည်ပနိုင်ငံများတွင်လည်း ဈေးကွက်ကောင်းမွန်စွာရရှိနိုင်သော ပျားရည်ဖြစ်ကြောင်း သိရသည်။

တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ဆိုင်ကယ်များ၊ ယာဉ်များနှင့် တရားမဝင်ငါးဖမ်းရေယာဉ်များ သိမ်းဆည်းရမိ
09/28/2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၉ ရက်၊ ၂၁ ရက်နှင့် ၂၄ ရက်တို့တွင် ပျဉ်းမနားမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်သုံးစီး စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၅၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၃ ရက်တွင် ဘားအံမြို့နယ်အတွင်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၁ မျိုး၊ လုပ်ငန်းသုံးပစ္စည်းငါးမျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၇၀၅၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၄ ရက်၊ ၂၅ ရက် နှင့် ၂၇ ရက်တို့တွင် စစ်ကိုင်းမြို့ တကောင်းရပ်ကွက်၌ လိုင်စင်မဲ့ယာဉ်သုံးစီးစုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဘုတ်ပြင်းမြို့နယ် ခိုကျွန်းနှင့်မြိတ်မြို့နယ် သန္တာနက်ကျွန်းအနီးတို့၌ တရားဝင်ငါးဖမ်းခွင့်လိုင်စင်မရှိသည့် ရေယာဉ်လေးစင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၄၀၇၀၀၀၀)ကို မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ လည်းကောင်း၊ စက်တင်ဘာ ၁၉ ရက်နှင့် ၂၁ ရက်တို့တွင် ထားဝယ်မြို့နယ်နှင့် မြိတ်မြို့နယ်တို့၌ တရားမဝင်မီးသွေး ၃ ဒသမ ၆၃၀ တန်၊ အခြားသစ် ၂ ဒသမ ၅၆၂ တန်နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် သုံးဘီးဆိုင်ကယ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၂၀၈၁၇၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၃ ရက်တို့တွင် မြိတ်မြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့၌ လိုင်စင်မဲ့ယာဉ်နှစ်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၃၇၇၈၁၇၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၅ ရက်တွင် ဇီးကုန်းမြို့နယ်အတွင်း၌ တရားမဝင် ကျွန်းသစ် သုညဒသမ ၅၁၂တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၄၈၇၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၄ ရက်တွင် ဆင်ပေါင်ဝဲ မြို့နယ်ကိုးပင်ကျေးရွာ၌ တရားမဝင်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေစက္ကူရောရာ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၃၀၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး လောင်းကစားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် ရတနာပုံတံတား (နှာပေါက်)စစ်ဆေးရေးဂိတ်တို့၌ လိုင်စင်မဲ့ဆိုင်ကယ်ခြောက်စီးနှင့် သုံးဘီးဆိုင်ကယ်တစ်စီးစုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် သထုံမြို့နယ် အတွင်း၌ တရားမဝင်စက်သုံးဆီ ဓာတ်ဆီ ၃၈၇ ဂါလန်၊ ဒီဇယ်ဆီ ၃၂၂၆ ဂါလန် (ခန့်မှန်းတန်ဖိုးငွေ ၄၃၇၈၃၃၆၆ ကျပ်)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ် ၁၈စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၉၇၇၈၃၃၆၆ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ရွှေပြည်သာမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သာကေတမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်ခုနစ်စီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၂ ရက်တွင် အသုတ်မြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် သုညဒသမ၉၃၆ တန် (ခန့်မှန်းတန်ဖိုး ငွေ၁၂၇၄၀၅ ကျပ် ) ကို သစ်တောဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၂၄ ရက်တွင် ဟင်္သာတမြို့နယ် ဥယျာဉ်မြောက်ရပ်ကွက်၌ လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၃၂၇၄၀၅ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၉ ရက်နှင့် ၂၅ ရက်တို့တွင် မြန်မာ့စာတိုက်လုပ်ငန်း၊ ပြည်ပစာပို့လုပ်ငန်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
ယင်းအပြင် သြဂုတ် ၂၈ ရက်၊ ၂၉ ရက်နှင့် စက်တင်ဘာ ၁၂ ရက် မှ ၂၅ ရက်အထိ ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၆၂ မှု (ခန့်မှန်းတန်ဖိုးငွေ ၇၁၀၉၀၆၈၁၁ ကျပ်)ကို သိမ်းဆည်းရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ်များစွာ ဆိုးကျိုးသက်ရောက်ခြင်းများကြောင့် ၎င်းတရားမဝင်တင်သွင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်

ဧရာဝတီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေ၌ သီတင်းကျွတ်ပိတ်ရက် အပန်းဖြေ အနားယူရန် ဟိုတယ်များ၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်း/ပြည်ပ ခရီးသွားများ ကြိုတင်မှာကြားထား
09/28/2025
လာမည့် သီတင်းကျွတ်ကာလအတွက် ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံနှင့် ဂေါ်ရန်ဂျီကျွန်း စသည့် ပင်လယ်ကမ်းခြေများရှိ ဟိုတယ်များ၏ ၈၀ ရာခိုင်နှုန်းကို အပန်းဖြေ အနားယူလာရောက်ရန် ပြည်တွင်း/ပြည်ပ ခရီးသွားများက ကြိုတင်မှာကြားထားပြီး ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ ပင်လယ်ကမ်းခြေများသို့ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် တစ်နှစ်လျှင် ခရီးသွား ငါးသိန်းကျော် ဝင်ရောက်ခဲ့၍ ယခုနှစ် ဩဂုတ်လအထိ ခရီးသွား ၁၅၉,၂၁၃ ဦး ဝင်ရောက်မှုရှိကြောင်းသိရပြီး ယခုသီတင်းကျွတ် ကာလမှစကာ ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု ဒေသခံ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းများက မျှော်မှန်းထားသည်။
“လာမယ့် သီတင်းကျွတ် လပြည့်ကာလမှာ ဧရာဝတီတိုင်းဒေသကြီးက ပင်လယ်ကမ်းခြေတွေကို ခရီးသွားတွေ ဝင်ရောက်လာဖို့ရှိပါတယ်။ ပင်လယ်ကမ်းခြေနေရာ လေးခုမှ တည်းခိုခန်းတွေရဲ့ ၈၀ ရာခိုင်နှုန်း ကြိုတင်မှာကြားမှု ရရှိထားပြီးပါပြီ။ ငွေဆောင်မှာ ဟိုတယ်၊ တည်းခိုခန်းနဲ့ တည်းခိုရိပ်သာ ၃၈ လုံး၊ ချောင်းသာနဲ့ ရွှေသောင်ယံမှာ ၃၈ လုံးနဲ့ ဂေါ်ရန်ဂျီကျွန်း အပါအဝင် အခန်းပေါင်း ၄၉,၁၉၇ ခန်း ဖွင့်လှစ် ထားပါတယ်။ ခရီးသွားလုပ်ငန်းဆိုတာ အားလုံးပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှု ရရှိတဲ့လုပ်ငန်းဖြစ်ပြီး မီးခိုးတိတ် ဝင်ငွေရတဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။ ဒေသတစ်ခုရဲ့ လူမှုစီးပွားဘဝကို မြှင့်တင်နိုင်တဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဟိုတယ် ၈၀ ရာခိုင်နှုန်း ကြိုတင်မှာကြားမှု ရှိတဲ့အတွက် ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လန်းပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူဦးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့နှင့် ပူးပေါင်း၍ တိုင်းဒေသကြီး၏ GDP ကိုမြှင့်တင်နိုင်ရန်နှင့် နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား
09/27/2025
နေပြည်တော် စက်တင်ဘာ ၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့် ဇနီး၊ သံရုံး၊ စစ်သံရုံးမိသားစုဝင်များ၊ ပညာ တော်သင် သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံး၊ စစ်သံရုံးမိသားစုများက တစ်ဦးချင်းမိတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum 2025)” သို့ တက်ရောက်ဆွေးနွေးရန် ဖိတ်ကြားချက်အရ လာရောက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က တက်ရောက်ခဲ့ကြောင်း၊ မကြာသေးမီကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာတွင်ကျင်းပသည့် အခြားသော ထိပ်သီးအစည်းအဝေးများသို့လည်း တက်ရောက်ဆွေးနွေးလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံတကာ အခမ်းအနားများသို့ တက်ရောက်ခွင့်ရခြင်းသည် မိမိတို့နိုင်ငံအတွက် ကောင်းမွန်သည့် အကျိုးရလဒ်များကို ရရှိစေကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများအနေဖြင့် နိုင်ငံတော်၏ နိုင်ငံ ရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် ပကတိအခြေအနေမှန်များကို သိရှိနားလည်ရမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေ ကျင်းပပေးသွားရမည်ဖြစ်ပြီး မကြာမီကာလအတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ကြုံတွေ့ ခဲ့ရသည့် ရွေးကောက်ပွဲများတွင် မဲမသမာမှုဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လာမည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများမဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုမရှိစေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များသည် ယုံကြည်စိတ်ချရပြီး မဲမသမာမှုပြုလုပ်၍မရကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေ ရေးဆောင်ရွက်သွားရန်မှာ မိမိတို့၏ ရည်မှန်းချက်ပင်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း မိမိတို့ရွေးချယ်မည့် ရွေးကောက်ခံကိုယ်စားလှယ်များသည် နိုင်ငံ၏ အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို အမှန်တကယ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူဖြစ်ရန်နှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်နိုင်မည့်သူများဖြစ်ရန်လိုကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများ၊ သင်တန်းသားများအနေဖြင့်လည်း မိမိတို့ရွေးချယ်မည့် ကိုယ်စားလှယ်များကို မှန်မှန်ကန်ကန် ရွေးချယ်သွားရန်လိုကြောင်း။
သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအနေဖြင့် အလှမ်းကွာဝေးပြီး မိမိတို့နှင့် အခြေခံမတူသည့် ရေခြား၊ မြေခြားအရပ်ဒေသများတွင် နိုင်ငံတော်၏တာဝန်များကို အခက်အခဲများကြားမှ လာရောက်ထမ်းဆောင်ကြခြင်း၊ ပညာသင်ယူခြင်းများကို ဆောင်ရွက်နေကြရခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများ၏အခက်အခဲများကို နားလည်သဘောပေါက်ပြီး လိုအပ်သည်များကို အခါအခွင့်ကြုံသည့်အခါတိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ကျရာ တာဝန်များကို ထမ်းဆောင်နေကြရာ၌ မိမိကိုယ်ကို သစ္စာရှိရန်၊ မိမိအလုပ်အပေါ် သစ္စာရှိရန်၊ နိုင်ငံတော်အပေါ် သစ္စာရှိရန်လို ကြောင်း။
မိမိတို့အစိုးရအနေဖြင့် စတင်တာဝန်ယူစဉ်မှစ၍ ယခုအချိန်အထိ ကပ်ရောဂါကြုံတွေ့ရမှုများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရမှုများ၊ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် အခက်အခဲအကျပ်အတည်း နှင့် ပိတ်ဆို့မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စစ်မှန်သည့် စေတနာနှင့် သစ္စာတရား ကိုလက်ကိုင်ထား၍ ကြံ့ကြံ့ခံဖြတ်ကျော်ခဲ့ခြင်းဖြစ်ကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအနေဖြင့်လည်း မိမိကိုယ်ကိုနှင့် မိမိအလုပ်ကိုသစ္စာရှိရန်၊ နိုင်ငံတော် နှင့် နိုင်ငံသားများအပေါ် သစ္စာရှိရန် မှာကြားလိုကြောင်း။
ငွေကုန်ကြေးကျခံ၍ အနာဂတ်နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များရရှိနိုင်ရန် ပညာတော်သင်စေလွှတ်ခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်၏ ကျေးဇူးကို မမေ့ရန်နှင့် နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးများကို ပြန်လည်ထမ်းဆောင်သွားကြရန်လိုကြောင်း၊ မိမိတို့ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ အနာဂတ် နိုင်ငံတော်အကျိုးကို တတ်စွမ်းသည့်ဘက်မှ ဖော်ဆောင်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင် သင်တန်းသားများ စေလွှတ်ပေးလျက်ရှိပြီး အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံတွင် ပညာတော်သင်များအဖြစ် စိစစ်ရွေးချယ်စေလွှတ်ခံကြရသူများဖြစ်သဖြင့် မိမိကိုယ်ကိုတန်ဖိုး ထားကြရန်၊ မိမိကိုယ်တိုင်နှင့် နိုင်ငံတော်အတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
ထို့ပြင် မိမိတို့မြန်မာနိုင်ငံသား များအချင်းချင်း စည်းလုံးညီညွတ်စွာနေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်မျှတစွာ နေထိုင်ကြရန်၊ ဂရုစိုက်ကြရန် မှာကြားလိုကြောင်း၊ မိမိတို့တစ်ဦးချင်းစီ အလိုက် အသိ၊ သတိဖြင့် ထိန်းထိန်းသိမ်းသိမ်းနေထိုင်သွားလာ စားသောက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို မှန်မှန်ကန်ကန် ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်သွားကြရန် လိုကြောင်းဖြင့်မှာကြားပြီး လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် ပညာတော်သင် သင်တန်းသားများက လက်ခံ ရယူကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် သံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် တွေ့ဆုံဆွေးနွေး
09/27/2025
နေပြည်တော် စက်တင်ဘာ ၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် Radission Collection ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး (ROSATOM) ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Nikolay SPASSKIY နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum)”ကျင်းပပြုလုပ်မှုအပေါ် သုံးသပ်မှုအမြင်များ၊ မြန်မာနိုင်ငံနှင့် ROSATOM တို့အကြား နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည့်အခြေ အနေများ၊ အမျိုးသားအဆင့် နျူကလီးယားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှု အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နျူကလီးယား စွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ရုရှား ဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းတို့က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌရှေ့မှောက်၌ လက်မှတ်ရေးထိုးကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ၏ ညွှန်ကြား ရေးမှူးချုပ်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(ROSATOM)၏ ညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်