
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေး
09/26/2025
နေပြည်တော် စက်တင်ဘာ ၂၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညပိုင်းတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေး
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအား ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ပြီး တွေ့ဆုံဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူတို့တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတနှင့်အတူ သမ္မတအုပ်ချုပ်မှုရုံး ဒုတိယအကြီးအကဲ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ လက်ထောက်အရာရှိ၊ ဘဏ္ဍာရေး၊ စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့အကြီးအကဲများတက်ရောက်ကြသည်။
နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်
ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံးကို လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်ပြီး အဆွေတော်ရုရှားနိုင်ငံသို့ ရောက်ရှိခဲ့ချိန်များတွင် နှစ်နိုင်ငံအကြား သဘောတူညီချက်များစွာကိုလည်း ရေးထိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြားရရှိထားသည့် သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
စစ်ဘက်သံတမန်ဆက်ဆံရေး လက်တွဲဆောင်ရွက်လျက်ရှိ
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လုပ်ငန်းတာဝန်များ မအားလပ်သည့်ကြားမှ အဆွေတော်နှင့် ယခုကဲ့သို့ ထပ်မံတွေ့ဆုံခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း၊ မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်သံတမန်ဆက်ဆံ ရေးသည်လည်း ခိုင်မြဲသောချစ်ကြည်ရင်းနှီးမှုဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အတူတကွ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတိုင်းသည် ၎င်းတို့၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားအပေါ် လုံခြုံရေးအရထိပါးလာခဲ့ပါက ကာကွယ်ပိုင်ခွင့်ရှိသည်ကို မိမိအနေဖြင့် လက်ခံထားပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် ရုရှားနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များကိုလည်း မိမိအနေဖြင့် ကြိုဆိုပါကြောင်း၊ မကြာမီကာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုကျင်းပသွားမည်ဖြစ်ပြီး ကျင်းပပြီးစီးပါက ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ အနာဂတ်ကာလများတွင် လည်း မိမိတို့နှစ်နိုင်ငံနှင့် ပြည်သူများ၏ ဘုံအကျိုးစီးပွားများအတွက် နှစ်နိုင်ငံအကြားကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီး မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေးနှင့် ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာသင်ကြားရေးကဏ္ဍ၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပညာရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကျောင်းများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်
09/26/2025
နေပြည်တော် စက်တင်ဘာ ၂၅
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကျောင်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပုဂ္ဂလိကကျောင်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနကထုတ်ပြန်သည့် ပုဂ္ဂလိကကျောင်းဆိုင်ရာ အမိန့်များ၊ ညွှန်ကြားချက်များ၊ အသစ်ထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည် သဘောပေါက်စေရန် ရည်ရွယ်ပါကြောင်း၊ ချမှတ်ထားသည့် မူဝါဒများကို သိရှိနားလည်ပြီး ပုဂ္ဂလိကကျောင်းအားလုံးက တစ်သမတ်တည်း တစ်ပြေးညီလိုက်နာဆောင်ရွက်ရန်နှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပညာရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကျောင်း များအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
စင်တာများနှင့်ပတ်သက်၍ ညွှန်ကြားချက်များ မကြာမီထုတ်ပြန်မည်ဖြစ်ပါကြောင်း၊ ဥပဒေ၊ ညွှန်ကြားချက်များတွင်ပါရှိသည့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးအတွက် ကျောင်းသား ကျောင်းသူများကို တွန်းအားပေးရန် ပုဂ္ဂလိကကျောင်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ သတ်မှတ်ထားသည့် စည်းကမ်းများလိုက်နာ ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကျောင်းများအနေဖြင့် ကျောင်းသားကျောင်းသူအချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းများ မဖြစ်ပေါ်စေရန် ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း။
ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်ခြင်းကိစ္စဆောင်ရွက်ရာတွင် အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများ၊ ကောလိပ်များ မှတ်ပုံတင်ခြင်းကို ယာယီနှစ်နှစ် ခွင့်ပြုပေးထားပါကြောင်း၊ လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မှတ်ပုံတင်အသစ် လျှောက်ထားရာတွင် ကိုယ်ပိုင်ကျောင်းများအနေဖြင့် သတ်မှတ်ထားသည့် စံနှုန်းများနှင့်ပြည့်မီရန် ဆောင်ရွက်ထားကြစေလိုပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ယနေ့အချိန်ကာလအထိ ကောလိပ်အဖြစ်သာ ခွင့်ပြုထားပြီး ခွင့်ပြုချက်ရရှိသော ကောလိပ်များအနေဖြင့် သတ်မှတ်ထားသည့် ကောလိပ်အင်္ဂါရပ်များနှင့်ကိုက်ညီမှုရှိရန် လိုအပ်ပါကြောင်း၊ စင်တာဖွင့်လှစ်ထားခြင်းနှင့်ပတ်သက်၍ ပိုင်ရှင်တစ်ဦးတည်းမှ နာမည်အမျိုးမျိုးဖြင့် ဖွင့်လှစ်ခွင့်မရှိပါကြောင်းနှင့် မှတ်ပုံတင်ရာတွင် ရှင်းလင်းမှုရှိရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရန် ပုဂ္ဂလိကကဏ္ဍ၏ အကြံပြုချက်များနှင့်အတူပေါင်းစပ်ပြီး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် ကြီးကြပ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးနေမျိုးလှိုင်နှင့်တွဲဖက်အတွင်းရေးမှူး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က ဖြည့်စွက်ဆွေးနွေးကြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ပုဂ္ဂလိကကျောင်းကိုယ်စားလှယ်များက သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကျောင်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၄ ရက်နှင့် စက်တင်ဘာ ၂၅ ရက်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေး (၂/၂၀၂၅) တက်ရောက်
09/26/2025
နေပြည်တော် စက်တင်ဘာ ၂၅
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေး (၂/၂၀၂၅)ကို ယနေ့မွန်းလွဲ ပိုင်းတွင်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်တပ်မတော်မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီကို ၅-၁-၂၀၀၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကလေးသူငယ်များအား အတင်းအကျပ် တပ်သားသစ်အဖြစ်စုဆောင်းခြင်းမပြုရန်၊ ကလေးသူငယ်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကလေးသူငယ်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန် စသည့်ကော်မတီ၏ ရည်ရွယ်ချက် ၃ ရပ်ဖြင့် တပ်မတော်အတွင်း အသက် ၁၈ နှစ်မပြည့်သူများ စစ်မှုထမ်းဆောင်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူပင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် တပ်မတော် (ကြည်း) ပါဝင်နေခြင်းကို စာရင်းမှပယ်ဖျက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နှင့် Country Task Force on Monitoring and Reporting (CTFMR) တို့အကြား အရွယ်မရောက် သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်း စီမံချက်(Plan of Action) ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီးကော်မတီနှင့် CTFMR တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ၂၇ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်ပါကြောင်း။
ထိုသို့ကော်မတီနှင့် CTFMR တို့အကြား Plan of Action သည် အသက်ဝင်ခြင်း မရှိ တော့သော်လည်း မြန်မာ့တပ်မတော်အနေဖြင့် ကလေးသူငယ်များ၏ အကျိုးစီးပွားကို ရှေးရှုလျက် မိမိတို့လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါကြောင်း၊ တပ်သားသစ်စုဆောင်းရေးကဏ္ဍတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ အား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်း ရေးကော်မတီနှင့် CTFMR တို့ သဘောတူသတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များအတိုင်း အလေးထားလိုက်ပါ စုဆောင်းလျက်ရှိပါကြောင်း၊ အသိပညာပေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကော်မတီအစည်းအဝေးများကို ပုံမှန်ကျင်းပလျက်ရှိပြီး ကော်မတီ၏ရည်မှန်းချက်အတိုင်း တပ်မတော်အတွင်း ကလေးစစ်သားအသုံးပြုမှုမရှိစေရေး တစိုက်မတ်မတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို CTFMR သို့ အသိပေး အကြောင်း ကြားလျက်ရှိပါကြောင်း။
Plan of Action လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၂ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် အမြဲတမ်းစစ်မှုထမ်း ၁၁၅၂ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း တပ်သားသစ်စုဆောင်းရေးတပ်များတွင် စုဆောင်းရရှိသည့် တပ်သားသစ်များထဲမှ ငယ်ရုပ်မပျောက်သေးသူ၊ အသက်မပြည့်သေးသူဟု သံသယရှိသူများကို စိစစ်ရေးဘုတ်အဖွဲ့ဖြင့် စစ်ဆေးခြင်း၊ အရိုးဓာတ်မှန်ဖြင့် ရိုက်ကူး၍ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ အသက်မပြည့်၍ ပြန်လည်စေလွှတ်ပေး ခဲ့သူ တပ်သားသစ်များရှိကြောင်း။
ထို့အပြင် ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အကောင်အထည်ဖော်၍ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ခဲ့ပါကြောင်း၊ ယင်းဆင့်ခေါ်ခဲ့သူများထဲမှ အသက်ငယ်ရွယ်ကြောင်း စိစစ်တွေ့ရှိသူများကိုလည်း ပြန်လည်စေလွှတ်ပေးနိုင်ခဲ့ပါကြောင်း၊ အရွယ်မရောက်သေးသူများကို မှားယွင်းစု ဆောင်းခဲ့သူ၊ မှားယွင်းဆင့်ခေါ်ခဲ့သူများကိုလည်း အရေးယူခြင်းများ ပြုလုပ်ခဲ့ပါကြောင်း။
တပ်မတော်အတွင်း အသက်မပြည့်စစ်သည်များ မှားယွင်းစုဆောင်းမှုမရှိစေရေးအတွက် အသိပညာ ပေးမှုအနေဖြင့် စစ်ဥပဒေချုပ်ရုံး၊ တိုင်းစစ်ဌာနချုပ် များမှ ဥပဒေဘာသာရပ်ဆိုင်ရာ အရာရှိကြီး/အရာရှိ များက တပ်ရင်းတပ်ဖွဲ့များနှင့် တပ်မတော် သင်တန်းကျောင်းများရှိ တပ်မတော်သားများအား ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ စုစုပေါင်း အကြိမ် ၂၇၂၀ ဆွေးနွေးပို့ချနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြ သည့် ကော်မတီဝင်များက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည့်အခြေအနေများအား အကြံပြုဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ယင်းနောက် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များစစ်မှုထမ်းရန် ဝင်ရောက်ခြင်းမရှိစေရေးနှင့် မှားယွင်း စုဆောင်းမှုမျိုးမရှိစေရေး ကဏ္ဍအလိုက်တာဝန် ရှိသူများက စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်သွားစေလိုကြောင်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၇ ဦး ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့
09/26/2025
နေပြည်တော် စက်တင်ဘာ ၂၅
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် နီပေါနိုင်ငံသား ခုနစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ငါးဦး၊ တရုတ်နိုင်ငံသားလေးဦးနှင့် ရုရှားနိုင်ငံသားတစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၁၇ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီးဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၄၂၁ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၃၁၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၀၈ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကိုကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲ ပွဲစဉ်များ အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
09/26/2025
ရန်ကုန် စက်တင်ဘာ ၂၅
အာရှဘောလုံးအဖွဲ့ချုပ်(AFC) မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများ၏ပွဲစဉ်များကို အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏပတ္တမြားခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း အာရှဘောလုံးအဖွဲ့ချုပ်(AFC)မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ရာ အောက်တိုဘာ ၁၃ ရက်မှ ၁၇ ရက်အထိ (AFC) U-17 Women’s Asian Cup China 2026 Qualifiers ပြိုင်ပွဲ၊ အောက်တိုဘာ ၁၄ ရက်တွင် (AFC) Asian Cup Saudi Arabia 2027 Qualifiers ပြိုင်ပွဲ၊ နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက် အထိ Asian Women’s Cham-pions League (AWCL) 2025 Group Stage ပြိုင်ပွဲ၊ နိုဝင်ဘာ ၂၂ ရက်မှ ၃၀ ရက်အထိ AFC U-17 Asian Cup Saudi Arabia 2026 Qualifiers ပြိုင်ပွဲများကျင်းပမည်ဖြစ်ပါကြောင်း၊ အဆိုပါပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ လုံခြုံရေးကို ယခင်ဆောင်ရွက်ပေးသည်ထက် ပိုမိုဂရုစိုက် ဆောင်ရွက်ပေးစေလိုကြောင်း၊ သွားလာ/နေထိုင်စားသောက်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များ၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းထိန်းသိမ်းရေးကိစ္စရပ်များ၊ ယာဉ်လမ်းကြောင်းပိတ်ဆို့မှုမဖြစ်ပေါ် စေရေးတို့ကို သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲများအောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ဝိုင်းဝန်းကူညီပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးစေလိုပါကြောင်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီမံရေးရာနှင့်လုံခြုံရေးဌာနတာဝန်ခံက Video Clip ဖြင့် ပြိုင်ပွဲအစီအစဉ်များကို ရှင်းလင်းပြသပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြသည်။
ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က Asian Women’s Champions League (AWCL) 2025 Group Stage ပြိုင်ပွဲယှဉ်ပြိုင်အောင်နိုင်ရေးကိစ္စရပ်များကို ထပ်မံဖြည့်စွက်ပြောကြားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား သည်။
သတင်းစဉ်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး
09/26/2025
နေပြည်တော် စက်တင်ဘာ ၂၅
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှု၏ ဆိုးရွားသောအကျိုးဆက်များကြောင့် ကမ္ဘာနှင့်တစ်ဝန်း တိုက်ဖျက်ကြရန် ကုလသမဂ္ဂကွန်ဗင်းရှင်းတစ်ရပ်ကို ၂၀၀၃ ခုနှစ်တွင် ချမှတ်ထား သကဲ့သို့ မိမိတို့နိုင်ငံတော်အနေဖြင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းကာ ပိုမိုထိရောက်စွာတားဆီးနှိမ်နင်းခြင်း၊ ပညာပေးခြင်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိကြရကြောင်း၊ ယနေ့ကျင်းပသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှုများသည် အဂတိတိုက်ဖျက်ရေးဆိုင်ရာ အသိအမြင်များကိုရရှိခြင်း၊ အဂတိကင်းသောလူ့အဖွဲ့အစည်း ဖြစ်ပေါ်စေရေးအတွက် လူ့အခွင့်အရေးအခြေခံဖြင့် ပေါင်းစပ်ဖော် ဆောင်ပေးနိုင်မည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်က ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သည့် အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပိုမိုပွင့်လင်းမြင်သာပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။
ဆွေးနွေးပွဲအပြီးတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit–CPU)များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော သံချောင်းလုံး များအား အထူးကုန်ရထားဖြင့် ပို့ဆောင်
09/26/2025
ငလျင်ဘေးဒဏ်ခံခဲ့ရသော ဒေသများရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော HRB 500 အမျိုးအစား သံချောင်းလုံးများအား ရန်ကုန်မြို့မှ မန္တလေးမြို့သို့ အထူးကုန်ရထားဖြင့် ပို့ဆောင်ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။
အဆိုပါအထူးကုန်ရထားသည် HRB 500 အမျိုးအစား သံချောင်းလုံးစုစုပေါင်းတန်ချိန် ၄၈၆ ဒဿမ ၈၈၆ တန်အား တင်ဆောင်၍ စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ မလွှကုန်း ဘူတာမှတစ်ဆင့် စတင်ထွက်ခွာလာရာညပိုင်းတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်ခဲ့ပြီး နေပြည်တော်မှ ဆက်လက်ထွက်ခွာခဲ့ရာ မန္တလေးမြို့၊ မြို့ဟောင်းဘူတာသို့ စက်တင်ဘာလ ၂၄ရက်နေ့၊ နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။
အဆိုပါ HRB 500 အမျိုးအစား သံချောင်းလုံးများအား မြို့ဟောင်းဘူတာသို့ ရောက်ရှိစဉ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူ များက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေး နှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
09/25/2025
နေပြည်တော် စက်တင်ဘာ ၂၄
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရွေးကောက်ပွဲကို အပိုင်းလိုက် ဆောင်ရွက်သွားရန် စီမံဆောင်ရွက်ထားရှိမှု၊ နိုင်ငံပြင်ပကြိုတင်မဲပေးခြင်းနှင့် နိုင်ငံရေးပါတီဆိုင်ရာ ကိစ္စရပ်များ၊ ဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ ဖိတ်ကြားမည့်အခြေအနေ၊ ကိုယ်စားလှယ်လောင်းလျှောက်ထားမှု၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၆) နှစ်မြောက် နှစ်ပတ်လည်နှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားတက်ရောက်
09/25/2025
နေပြည်တော် စက်တင်ဘာ ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၆) နှစ်မြောက် နှစ်ပတ်လည်နှင့် မြန်မာ- တရုတ် သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ WYNDHAM GRAND Yangon Hotel ၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ဇနီးတို့ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားနှင့် တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ ဇနီးနှင့် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြပြီး ခင်းကျင်းပြသထားသည့် တရုတ်နိုင်ငံ၏ သမိုင်းကြောင်းမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး တရုတ်နိုင်ငံ၏ ဒေသအတွင်းဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းဗီဒီယိုကို ပြသကာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသည် လွန်ခဲ့သည့် (၇၆) နှစ်တာကာလအတွင်း ရရှိခဲ့သည့် တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့် ပြည်သူများ၏ အောင်မြင်မှုကို ဂုဏ်ပြုသည့် ပွဲဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြား နှစ်ပေါင်း (၇၅) နှစ် ကျော်ကြာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည့် သမိုင်းဝင်အမှတ်တရများ၊ ခိုင်မာသည့် မိတ်ဖက်ဆက်ဆံရေးများ၊ အပြန်အလှန်လေးစားမှုများနှင့် နှစ်နိုင်ငံမိတ်ဖက်များအကြား နယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်ထားရှိသည့် ကတိကဝတ်များကို ထင်ဟပ်ပြသသည့် အထိမ်းအမှတ် အောင်ပွဲတစ်ခုဖြစ်ပါကြောင်း၊ သံတမန်ဆက်ဆံရေးစတင်ထူထောင်ချိန်မှစ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မကျူးကျော်ရေး၊ ဝင်ရောက်မစွက်ဖက်ရေး၊ အပြန်အလှန်လေးစားမှု၊ တန်းတူညီတူရှိမှုနှင့် ပူးပေါင်းဆောက်ရွက်မှုတို့အပေါ် အခြေခံသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို ပူးတွဲထုတ်ပြန်နိုင်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို အဖွင့်ကောင်းဖြင့် စတင်နိုင်ခဲ့ကြောင်း။
မန္တလေးငလျင်ကြီး လှုပ်ခတ်မှုအပြီး တရုတ်နိုင်ငံ မှ အချိန်နှင့်တစ်ပြေးညီ ပေးအပ်ခဲ့သည့် အရေးပေါ် ကယ်ဆယ်ရေးအကူအညီများ၊ ကျန်းမာရေးအကူအညီများ၊ ပြန်လည်ထူထောင်ရေးနှင့် နေရာချထားရေးဆိုင်ရာ အကူအညီများသည် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက် စိတ်ဓာတ်ခွန်အားကို ရရှိစေခဲ့ပါကြောင်း၊ အလားတူ မြန်မာ့ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံမှပေးအပ်သော အပြုသဘောဆောင်သည့် အထောက်အပံ့များ၊ အာဆီယံနှင့် ကုလသမဂ္ဂအစရှိသည့်ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ထောက်ခံပေးမှုနှင့် ယခုနှစ်ကုန်ပိုင်းတွင် စတင်ကျင်းပမည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးပေးသည့် အကူအညီများအတွက် ကျေးဇူးတင်ရှိပါကြောင်း။
နှစ်နိုင်ငံအကြား အပြန်အလှန်ဖေးမကူညီမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဖြစ်ထွန်း လာသည်နှင့်အမျှ နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုနှင့် ထောက်ခံမှုများ တိုးတက်ဖြစ်ထွန်း လာခဲ့သည်ကို သမိုင်းက သက်သေခံလျက်ရှိပါကြောင်း၊ သာတူညီမျှမှု၊ အပြန်အလှန် လေးစားယုံကြည်မှုနှင့် ဆွေမျိုးပေါက်ဖော်အိမ်နီးချင်းကောင်းဆက်ဆံရေးကိုအခြေခံကာ အတူတကွ ဆက်လက်ကြိုးပမ်းအားထုတ်မည်ဆိုပါက ပိုမိုမြင့်မားသည့် ဆက်ဆံရေးအဆင့်သို့ တက်လှမ်းနိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံ သံအမတ်ကြီးတို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၆) နှစ်မြောက် နှစ်ပတ်လည်နှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် အထိမ်းအမှတ်ကိတ်မုန့်ကို လှီးဖြတ်ပေးကြပြီး သံအမတ်ကြီးက တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် ဇနီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်အရာရှိများနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

မစ္စတာ မာဇီယဒ်မိုဟာမက်မာ ဇီယဒ်အယ်လ်ဟိုဝီရှန်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်
09/25/2025
နေပြည်တော် စက်တင်ဘာ ၂၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာ မာဇီယဒ်မိုဟာမက်မာဇီယဒ် အယ်လ်ဟိုဝီရှန်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ဆော်ဒီအာရေဗျအစိုးရ၏ အဆိုပြုချက်ကို သဘောတူပြီးဖြစ်သည်။
မစ္စတာ မာဇီယဒ်မိုဟာမက် မာဇီယဒ်အယ်လ်ဟိုဝီရှန်ကို ၁၉၈၀ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင် မွေးဖွားခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့ရှိ ကင်းဆော့ဒ်တက္ကသိုလ်မှ ဥပဒေဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကို ၂၀၀၂ ခုနှစ်တွင်လည်းကောင်း၊ အီဂျစ်နိုင်ငံ၊ အလက်ဇန္ဒရီးယားမြို့ရှိ အလက်ဇန္ဒရီးယားတက္ကသိုလ်မှ နိုင်ငံတကာဥပဒေဘာသာရပ်ဖြင့် မဟာဘွဲ့ကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်းရရှိခဲ့သည်။
မစ္စတာ မာဇီယဒ်မိုဟာမက် မာဇီယဒ်အယ်လ်ဟိုဝီရှန် သည် ၂၀၀၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဆော်ဒီအာရေဗျနိုင်ငံ၊ အာရှနိုင်ငံများဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးရုံးတွင် သံအရာရှိအဖြစ်လည်းကောင်း၊၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဆီးရီးယားနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံရုံးတွင် ပထမအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆော်ဒီအာရေဗျနိုင်ငံ၊ သံတမန်ရေးရာကောင်စီ၏ ဒုတိယအတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် ၂၀၂၁ ခုနှစ်မှစ၍ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
မစ္စတာ မာဇီယဒ်မိုဟာမက် မာဇီယဒ်အယ်လ်ဟိုဝီရှန်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သားသမီးသုံးဦးထွန်းကားသည်။
သတင်းစဉ်