photo

အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

09/25/2025

နေပြည်တော် စက်တင်ဘာ ၂၄

၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (Interna-tional Day for Disaster Risk Reduction – IDDRR) အထိမ်းအမှတ်အဖြစ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ပြိုင်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အဆင့်အလိုက် ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး နေ့အထိမ်းအမှတ်အခမ်းအနားတွင် ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

သတင်းစဉ်

25.09.2025 | Views : 4
photo

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

09/25/2025

နေပြည်တော် စက်တင်ဘာ ၂၄

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ချောချောစိန်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ယှဉ်ပြိုင်ရန်သတ်မှတ်ထားသည့် ဘာသာရပ်များတွင် ပြိုင်ပွဲဝင်များ အဆင့်အလိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်စိစစ်ရေးဆပ်ကော်မတီက ချမှတ်ထားသည့် ပြိုင်ပွဲဝင်စည်းကမ်းချက်များနှင့်အညီ စိစစ်ရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲအကြိုကာလ လှုံ့ဆော်ရေးအစီအစဉ်အဖြစ် ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခန်းများ ရိုက်ကူးပြီး မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ပြသရေး၊ ပြိုင်ပွဲဦးတည်ချက်များ၊ အဆိုနှင့် အတီး စံပြုတေးသီချင်းများထုတ်လွှင့်ရေး၊ လှုံ့ဆော်ရေးဆိုင်းဘုတ်များစိုက်ထူရေးတို့ကို ဆောင်ရွက်ကြရန်၊ ကျန်းမာရေးကဏ္ဍအနေဖြင့် ကူးစက်ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြိုတင်စစ်ဆေးကာကွယ်မှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက်ရန်၊ ယခုနှစ်ကျင်းပမည့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြိုင်ပွဲကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ဦးစီးကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာသူများက သက်ဆိုင်ရာဆပ်ကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က တင်ပြချက်များအပေါ် ပြန်လည်ညှိနှိုင်းဆွေးနွေးပြီး (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့်ကာလ၊ ပြိုင်ပွဲကာလ၊ ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲအပါအဝင် ပြိုင်ပွဲပြီးဆုံးချိန်အထိ မူလစီမံထားရှိသည့်အတိုင်း စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

25.09.2025 | Views : 2
photo

ဝဇီရာရုပ်ရှင်ရုံကို ရုပ်ရှင်ပြသမှုတစ်ခုတည်းသာမက အနုပညာလုပ်ငန်းများစွာ ဘက်စုံအသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်

09/25/2025

နေပြည်တော် စက်တင်ဘာ ၂၄

ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ရေးလုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အွန်လိုင်းမှတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ ဝဇီရာရုပ်ရှင်ရုံသို့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် လမ်းညွှန်မှုများပေးထားပြီးဖြစ်ပါကြောင်း၊ ဝဇီရာရုပ်ရှင်ရုံကို ရုပ်ရှင်ပြသမှုတစ်ခုတည်းသာမက အနုပညာလုပ်ငန်းများစွာ ဘက်စုံအသုံးပြုနိုင်ရေးပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လတွင်ဖွင့်လှစ်နိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ ဝဇီရာရုပ်ရှင်ရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ယာဉ်ရပ်နားရန်နေရာများကိုပါ တစ်ပါတည်း စဉ်းစားဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ ရုပ်ရှင်ရုံသို့ လာရောက်ကြသည့်ပရိသတ်များ အဆင်ပြေချောမွေ့စွာ လာရောက်နိုင်ရေးအတွက် သင့်လျော်သည့်နေရာတွင် လူကူးခုံးကျော်တံတား သို့မဟုတ် မြေအောက်လမ်းကူးလူသွားဥမင် (Underpass) တည် ဆောက်ရေးကိစ္စများကိုပါ ကြိုတင်တွက်ဆစဉ်းစားဆောင်ရွက်ပေးကြရန်လိုပါကြောင်း‌ ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာ အဆင့်မီရုပ်ရှင်ရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် ဆပ်ကော်မတီဥက္ကဋ္ဌများက လေအေးပေးစက်နှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အဆောက်အအုံပြုပြင်မွမ်းမံခြင်းဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အသံ (Audio) ၊ မီး(Lighting) ၊ ပြသခြင်း (Projection) ဆိုင်ရာ ပြုပြင်မွမ်းမံရန် လိုအပ်သည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက အဆောက်အအုံပြုပြင်မွမ်းမံခြင်း၊ ဗိသုကာဆိုင်ရာနည်းပညာများ၊ လျှပ်စစ်ကဏ္ဍ၊ ရေနှင့် မိလ္လာကောင်းမွန်စေရေး၊ လူသွားစင်္ကြံများ စနစ်တကျဖြစ်စေရေး၊ ပြဇာတ်အဆင်အပြင် စသည်တို့နှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

သတင်းစဉ်

25.09.2025 | Views : 3
photo

မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး မဲခေါင်-လန်ချန်းနိုင်ငံများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလွယ်ကူချောမွေ့မှုမြှင့်တင်ခြင်းစီမံကိန်း၏ သုတေသနရလဒ်များ မျှဝေခြင်းနှင့် စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနားကျင်းပ

09/25/2025

နေပြည်တော် စက်တင်ဘာ ၂၄

“မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး မဲခေါင်-လန်ချန်း နိုင်ငံများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှု လွယ်ကူချောမွေ့မှုမြှင့်တင်ခြင်းစီမံကိန်း” ၏ သုတေသနရလဒ်များ မျှဝေခြင်းနှင့် စီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ဟိုတယ်ဇုန်ရှိ Jasmine Naypyitaw Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက နိုင်ငံတော်ကချမှတ်ထားသည့် ပို့ကုန်နှစ်ဆမြှင့်တင်ရေး လမ်းညွှန်ချက်နှင့်အညီ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလွယ်ကူချောမွေ့မှုမြှင့်တင်ခြင်း စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် စီမံကိန်းလုပ်ငန်းစဉ်များ၌ ပို့ကုန်အလားအလာအရှိဆုံး သီးနှံများဖြစ်သည့် ဆန်စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲပုပ်၊ ပဲတီစိမ်း၊ ဖရဲ၊ ရေထွက်ကုန်ပစ္စည်းများ၏ ဈေးကွက်သုတေသနလေ့လာခြင်းအပါအဝင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် ဆက်စပ်လုပ်ငန်းများ ထည့်သွင်းရေးဆွဲထားသည့် ယခုစီမံကိန်းအတွက် ရန်ပုံငွေပေးသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (နိုင်ငံခြားရေးဝန်ကြီးဌာန) နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ၊ ပညာရှင်များကို ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

ထို့နောက် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံကိန်း၏ရည်ရွယ်ချက်နှင့် သုတေသနအနှစ်ချုပ်ကိုတင်ပြပြီး ဒုတိယဝန်ကြီးများက ဆန်စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲပုပ်၊ ပဲတီစိမ်း၊ ဖရဲ၊ ရေထွက်ကုန်ပစ္စည်းများ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းနှင့် ပို့ကုန်အလားအလာသုတေသနလေ့လာခြင်း စာအုပ်များကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေမှ ၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ စီမံကိန်း ၄၂ ခု အကောင်အထည်ဖော်ဆောင်ရွက်ရန် ရန်ပုံငွေအမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၁ သန်းခန့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

25.09.2025 | Views : 1
MDD

အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

09/25/2025

နေပြည်တော် စက်တင်ဘာ ၂၄

အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်နေ မ-----၊ ၁၉/၂၀၂၅ နှစ်သည် လူမှုကွန်ရက် Tiktok Xiao Mei@ xiaomei 7711 အကောင့်မှ တရုတ်ပြည်ဘက်တွင် ကောင်မလေးများခေါ်သည်၊ အာမခံစီစဉ်ပေးသည်၊ နယ်ဝေးကားစီစဉ်ပေးသည်ဟု ကြော်ငြာထားသည်ကို တွေ့ရှိသဖြင့် ဆက်သွယ်ခဲ့ရာ ရှမ်းပြည်နယ် မူဆယ်မြို့နေ အကောင့်ပိုင်ရှင် ကံ့ကော်ဦး (ခ) မီးမီးမှ တရုတ်အငှားမယားလုပ်ရမည်၊ တစ်နှစ်တရုတ်ယောက်ျားနှင့် အတူနေရမည်၊ ငွေကျပ်သိန်း ၈၀ ရမည်ဟု စည်းရုံးပြောဆိုခဲ့ပြီး မိတ္ထီလာမြို့သို့ လာရောက်ရန်ခေါ်ဆောင်သဖြင့် သွားရောက်ခဲ့ရာ မိတ္ထီလာမြို့ကားဂိတ်တွင် ကံကော်ဦး (ခ) မီးမီးနှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နေ ဘိုဘိုတို့က လာကြိုစဉ်ဖမ်းဆီးရမိခဲ့သဖြင့် မိတ္ထီလာမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်း (ပ) ၁၂/ ၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၃ ရက်တွင် မိတ္ထီလာခရိုင် တရားရုံးမှ တရားခံ ကံ့ကော်ဦး (ခ) မီးမီးနှင့် ဘိုဘိုတို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

25.09.2025 | Views : 1
photo

မော်စကိုမြို့၌ ကျင်းပသည့် First World Public Assembly on New World of Conscious Unity သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

09/25/2025

နေပြည်တော် စက်တင်ဘာ ၂၄

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (International Day of Peace) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် First World Public Assembly on New World of Conscious Unity သို့ တက်ရောက်ခဲ့သည်။

စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံ ပေါင်းစည်းရေးဝန်ကြီး Mr. SERGEY GLAZYEV ၊ Commonwealth of Independent States (CIS) အတွင်းရေးမှူးချုပ် Mr. SERGEY LEBEDEV၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသတို့မှ ဝန်ကြီးများ၊ မြို့တော်ဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Secretary General of the World Peoples Assembly ဖြစ်သူ Mr. Andrey Belyaninov နှင့် တွေ့ဆုံဆွေးနွေးပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။

စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် Business Forum ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးသည် အာရှ၊ အာဖရိက၊ ဥရောပနိုင်ငံများ၊ BRICS ၊ SCO များမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့သည်။

ယင်းဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများ၏ ယုံကြည်မှုမှ စီးပွားရေးယုံကြည်မှုသို့ ပူးပေါင်း ဆောင်ရွက်မှုအခြေခံအုတ်မြစ်များ၊ From People Trust to Economic Trust (Humanitarian Foundations of Partnership) ခေါင်းစဉ်ဖြင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၏ လူသားချင်း စာနာထောက်ထားမှုကိုအခြေခံသည့် လူသားများ၏ ယုံကြည်မှုဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ယုံကြည်စိတ်ချစွာ ဆောင်ရွက်နိုင်ရေး၊ ယင်းမှတစ်ဆင့် ရေရှည်တည်တံ့သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုကို ဖန်တီးတည်ဆောက်နိုင်ရေးစသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် The Role of Business in Economic Integration amid Global Changes ခေါင်းစဉ်ဖြင့် Panel Session ကို ကျင်းပရာ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံအချို့က ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုများကြားတွင် စီးပွားရေးတိုးတက်မှုအတွက် နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုများကို အလေးထားဆွေးနွေးခဲ့ကြပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် လက်တွေ့ကျသော အကြံပြုချက်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးဖော်ထုတ်ခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညီလာခံခန်းမကြီး၌ ကျင်းပသည့် ညီလာခံပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ညီလာခံကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ညီလာခံသို့ နိုင်ငံပေါင်း ၁၅၀ ကျော်မှ လူထုအကြား ထင်ပေါ်ကျော်ကြားသည့်ပုဂ္ဂိုလ်များ၊ နိုဘယ်ဆုရပုဂ္ဂိုလ်များ၊ အစိုးရနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ သိပ္ပံပညာရှင်များ၊ ပညာရေးနှင့် ယဉ်ကျေးမှုနယ်ပယ်တို့မှ ပညာရှင်များ၊ လူငယ်ခေါင်းဆောင်များ၊ အားကစားသမားများ၊ အာကာသယာဉ်မှူးများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတကာမှ လူသိများသည့် သတင်းမီဒီယာများမှ သတင်းသမား စုစုပေါင်း ၅၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

စက်တင်ဘာ ၂၂ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်၌ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Mr. SHOLBAN KARO-OOL နှင့် တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် မြန်မာနိုင်ငံတွင် မကြာမီကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်နှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီဆောင်ရွက်ပေးနိုင်သည့် အခြေအနေများကိုဆွေးနွေးကြပြီး ဒူးမားလွှတ်တော်ရှိ ပြတိုက်အတွင်း လေ့လာခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Russian Presidential Academy မှ Vice Rector ဖြစ်သူ Mr. Andrey Margolin ၏ ဖိတ်ကြားမှုအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့်အတူ Russian Presidential Academy of National Economy and Public Administration (RANEPA) သို့ သွားရောက်ပြီး Economic Development of Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး တက္ကသိုလ်ဝင်းအတွင်းရှိ စာသင်ဆောင်များနှင့် အဆောက်အအုံများကို လေ့လာကြည့်ရှုသည်။

စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

25.09.2025 | Views : 3
photo

ထောပတ်သီး ဝယ်လိုအားတက်နေသဖြင့် တိုးချဲ့စိုက်ပျိုးရန် စီစဉ်

09/25/2025

ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားမြင့်တက်နေသည့်အတွက် မြန်မာနိုင်ငံတွင် ထောပတ်သီး စိုက်ဧကများ တိုးချဲ့သွားရန်အတွက် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) မှ သိရသည်။

ထောပတ်သီးရာသီတွင် အရည်အသွေးမြင့် Hass အမျိုးအစား ထောပတ်သီးတန်ချိန် (၃,၀၀၀) ခန့်အထိ အထွက်နှုန်း ကောင်းမွန်ခဲ့ပြီး ယခုနှစ်ရာသီတွင် အထွက်နှုန်းမြင့်မားနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပြီး Hass အမျိုးအစားကဲ့သို့ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် ထောပတ်သီးမျိုးများကို စိုက်ပျိုး သွားမည်ဖြစ်သည်။

ပြည်တွင်း စိုက်ပျိုးသည့် Hass ၊ Buccaneer ၊ အမရာ စသည့် ထောပတ်သီးမျိုးများ၏ လိုအပ်ချက်သည် တစ်နှစ်ထက် တစ်နှစ် တိုးလာခြင်းကြောင့် ယခုနှစ်တွင် ပြည်တွင်းထုတ် အရည်အသွေးမြင့် Hass ထောပတ်သီးများကို စင်ကာပူနှင့် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့မည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် ပြည်တွင်းတွင် စိုက်ပျိုးထွက်ရှိသည့် ထောပတ်သီးများကို မလေးရှားဈေးကွက်သို့ စမ်းသပ်တင်ပို့နိုင်ခဲ့ပြီး လက်ရှိတွင် အိန္ဒိယနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် အနည်းငယ် စတင် တင်ပို့လျက်ရှိကြောင်း သိရသည်။

25.09.2025 | Views : 1
photo

ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ပါဝင်တက်ရောက်

09/25/2025

ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံ (SCAJ2025 World Specialty Coffee Conference & Exhibition) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် Tokyo International Exhibition Center ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ 

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ Specialty Coffee Association of Japan ၏ ဥက္ကဋ္ဌ Mr. Yoshihito KATO ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြပွဲတွင် ပါဝင်ပြသကြသော ကော်ဖီထုတ်လုပ်တင်ပို့ရောင်းချသည့်နိုင်ငံများမှ သံအမတ်ကြီးများနှင့် သံရုံးများမှကိုယ်စားလှယ်များ ပါဝင်တက် ရောက်ခဲ့ကြသည်။ 

Specialty Coffee Association of Japan က ကြီးမှူးကျင်းပသည့် ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံသည် အာရှတွင် အကြီးဆုံးကော်ဖီပြပွဲဖြစ်ပြီး ၂၀၀၅ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့သဖြင့် ယခုအကြိမ်သည် ၂၀ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။ ပြပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၄ ရက်ကြာ နိုင်ငံပေါင်း ၇၀ မှ ကုမ္ပဏီပေါင်း ၄၅၀ ကျော်က ပြခန်းပေါင်း ၆၅၀ ဖွင့်လှစ်ပြသခဲ့သည်။ 

အဆိုပါ ပြပွဲတွင် မြန်မာ့အထူးတန်းဝင်ကော်ဖီအား ဂျပန်နိုင်ငံနှင့် နိုင်ငံတကာဈေးကွက်သို့ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာ့ကော်ဖီအား ကမ္ဘာ့ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရေး၊ နိုင်ငံတကာ ဈေးကွက်ချိတ်ဆက်မှုများ ရရှိစေရေး၊ လုပ်ငန်းရှင်များအား နိုင်ငံတကာပြပွဲ အတွေ့အကြုံများ ရရှိစေရေးနှင့် အခြားလုပ်ငန်းရှင်များ၏ နည်းပညာနှင့်ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေအနေများအား လေ့လာ၍ မြန်မာ့ကော်ဖီထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းကို ဖွင့်လှစ်ပြသခဲ့သည်။ ပြပွဲတွင် မြန်မာနိုင်ငံ ကော်ဖီအသင်းဝင်ကုမ္ပဏီများက မြန်မာ့အထူးတန်းဝင်ကော်ဖီများအား ပါဝင်ပြသခဲ့ကြပြီး၊ လက်တွေ့သရုပ်ပြကော်ဖီဖျော်စပ်မှု များကို ပြုလုပ်ခဲ့သည်။

အဆိုပါ ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံ (SCAJ2025 World Specialty Coffee Conference & Exhibition)တွင် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းအား  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ တိုကျိုမြို့နှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်ပြသခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

25.09.2025 | Views : 3
photo

ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲတွင် ခေတ် (၄) ခေတ်၏ မြန်မာ့ရိုးရာဝတ်စုံများအား တင်ဆက်ပြသ

09/25/2025

ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲ (Costumes of the World Show) ကို ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် International Cultural Diversity Organization (ICDO) က ကြီးမှူး၍ ၂၃-၉-၂၀၂၄ ရက်တွင် ဗီယင်နာမြို့တော်ခန်းမ (Festsaal Rathaus)တွင် ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါ အခမ်းအနားသို့ ဗီယင်နာပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့တော်ကောင်စီ အဖွဲ့ဝင်များ ဖြစ်သော Mr.  Alexander Ackerl နှင့် Ms. Aslihan Bozatemur၊ ဝတ်စားဆင်ယင်မှု တင်ဆက်သည့်နိုင်ငံများမှ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းနှင့် အခြားသံအမတ်ကြီးများ၊ ယဉ်ကျေးမှုသံအရာရှိများနှင့် ပရိသတ်ရာပေါင်းများစွာ တက်ရောက်အားပေးခဲ့သည်။ 

အဆိုပါဝတ်စားဆင်ယင်မှုပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံက ၎င်းတို့၏ ရိုးရာဝတ်စားဆင်ယင်မှုများ၊ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ပြသခဲ့ကြပြီး၊ ဗီယင်နာမြို့၊ မြန်မာသံရုံးမှ ပုဂံခေတ်၊ အင်းဝခေတ်၊ ကိုလိုနီခေတ်အလွန်နှင့် မျက်မှောက် ခေတ်တို့၏ မြန်မာ့ရိုးရာဝတ်စုံများဖြင့် တင်ဆက်ပြသခဲ့ကြောင်း သိရသည်။

25.09.2025 | Views : 1
photo

ပျဉ်းမနားမြို့နယ်ရှိ ကျေးရွာများတွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများကို ငွေသား ထောက်ပံ့ကူညီ

09/25/2025

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဥ်းမနားမြို့နယ်ရှိ ကျေးရွာများတွင် ၂၀၂၅ ခုနှစ်၊ မတ်လတွင် လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ငလျင်ဘေးသင့် အိမ်ထောင်စု များအား ပြန်လည်ထူထောင်ရေးအတွက် ပထမအကြိမ် ငွေသားထောက်ပံ့ခြင်း အစီအစဥ်ကို စက်တင်ဘာလ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ ပြုလုပ်ခဲ့ရာ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် တာဝန်ရှိသူများက သွားရောက် ပံ့ပိုးပေးခဲ့သည်။

ထောက်ပံ့ရာတွင် ပျဥ်းမနားမြို့နယ်ရှိ ကျေးရွာပေါင်း (၂၈)ရွာမှ ငလျင်ဘေးသင့် အိမ်ထောင်စုပေါင်း (၇၉၇)စုအတွက် အိမ်ထောင်စု (၁)စုလျှင် ငွေကျပ် (၄)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၃,၁၈၈)သိန်းကို အဆိုပါ အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ ငွေသား ထောက်ပံ့ခြင်း အစီအစဉ်ဆောင်ရွက်ရာတွင် လေ့ကျင့်ထားသော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းကာ တစ်အိမ်ထောင်စုချင်းစီအလိုက် အိမ်တိုင်ရာရောက် စနစ်တကျ လေ့လာဆန်းစစ်ခြင်းများကို အသင်း၏ သတ်မှတ်ချက်စံနှုန်းများနှင့်အညီ ဦးစွာဆောင်ရွက်ခဲ့သည်။  ထို့နောက် အကျိုးခံစားခွင့်ရှိသူများ စာရင်းကို ရပ်/ရွာအတွင်း အများပြည်သူဆိုင်ရာ နေရာများတွင် ကြော်ငြာပေးခဲ့ပြီး Community Engagement and Accountability လုပ်ငန်းစဉ်ကိုပါ ပွင့်လင်း မြင်သာစွာ တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC)၏ ပံ့ပိုးကူညီမှုဖြင့် ငွေသားထောက်ပံ့ခြင်းဖြစ်ပြီး အသင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနနှင့် ဘဏ္ဍာရေးဌာနမှ ဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC)မှ တာဝန်ရှိသူများ၊ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များ၊ Deployment Team မှ ကြက်ခြေနီ စေတနာလုပ်အားရှင်များက ရပ်/ရွာ လူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

25.09.2025 | Views : 2