
ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်
၁။ အကြမ်းဖက်လုပ်ရပ်များကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသည့်အပြင် လူမှုကွန်ရက်စာမျက်နှာများတွင် လတ်တလောထွက်ပေါ်လာသည့် အချက်အလက်များအရ ၎င်းတို့၏ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များကပင် အသိအမှတ်ပြုလက်ခံထားခြင်းမရှိဘဲ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့က ၎င်းတို့၏ မဲမသမာမှုများနှင့် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းခဲ့မှုများကိုဖုံးကွယ်ကာ နိုင်ငံတော်အာဏာကို မတရားဆက်လက်ရယူဆုပ်ကိုင်ထားလိုသည့်အတွက် ၎င်းတို့ကပင် ရွေးကောက်ခံအစိုးရဖြစ်သကဲ့သို့ ပုံဖော်ခဲ့သည်။ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာအရပ်ရပ်ကို တာဝန်ယူဆောင်ရွက်ခဲ့ရသည့် တပ်မတော်အား ဒီမိုကရေစီနောက်ပြန်ဆွဲသည်ဟု CRPH နှင့် NUG တို့က ဝါဒဖြန့်ဆောင်ရွက်ခဲ့မှုများကို လက်ခံယုံကြည်ခဲ့၍ဖြစ်စေ၊ မိမိတို့၏ယုံကြည်ချက်၊ ခံယူချက်များသည် မှန်ကန်သည်ဟုယူဆ၍ဖြစ်စေ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။
၂။ နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရားဝင်ရပ်တည်လျက်ရှိသည့် နိုင်ငံရေးပါတီတို့၏ မျှော်မှန်းချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဖြစ်သည်။ ထို့အပြင် မိမိတို့၏ယုံကြည်ချက်နှင့် ခံယူချက်များအတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည့် PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများ၏ မျှော်မှန်းချက်မှာလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးပင်ဖြစ်သည်။
၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ကာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အတော်ပင်ခရီးရောက်နေပြီဖြစ်သည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် မျှော်မှန်းချက်တူညီပြီး ရွေးကောက်ပွဲလမ်းကြောင်းသို့ဝင်ရောက်မည့် နိုင်ငံရေးပါတီများမှာလည်း ၅၄ ပါတီရှိနေပြီဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးဆီသို့လျှောက်လှမ်းရန် တံခါးဝကြီးမှာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးပင်ဖြစ်သည်။ ထိုသို့သောအခြေအနေမျိုးတွင် လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေမည်ဆိုပါက နိုင်ငံတော်အတွက်အကျိုးရှိမည်မဟုတ်ဘဲ ဒီမိုကရေစီနောက်ပြန်သွားနေသကဲ့သို့သာ ဖြစ်နေမည်ဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးဆိုသည့် ရည်မှန်းချက်ပန်းတိုင်သည် CRPH နှင့် NUG တို့၏ ဝါဒမှိုင်းတိုက်မှုကြောင့် လမ်းစပျောက်သွားရန်မလိုဘဲ မိမိတို့၏ယုံကြည်ချက်၊ မိမိတို့၏ မျှော်မှန်းချက်လမ်းကြောင်းပေါ်ရောက်ရှိရေး ဆက်လက်လျှောက်လှမ်းရမည်သာဖြစ်သည်။ ရွေးကောက်ပွဲကျင်းပပြီး၍ လွှတ်တော်နှင့် အစိုးရများပေါ်ပေါက်လာလျှင် ၎င်းတို့သာ ရွေးကောက်ခံအစိုးရဟူသည့် ရပ်တည်မှုပျောက်ဆုံးမည်ကိုစိုးရိမ်နေသည့် CRPH နှင့် NUG တို့၏ လုပ်ဆောင်မှုများသည် မိမိတို့၏ မျှော်မှန်းချက်များနှင့်ဆန့်ကျင်နေပါက မှန်ကန်သည့်လမ်းကြောင်းကို ပြောင်း၍လျှောက်လှမ်းရမည်သာဖြစ်သည်။ လက်နက်ကိုင်လမ်းစဉ်ကြောင့် လူငယ်၊ လူရွယ်အများအပြား အသက်ဆုံးရှုံးကြရပြီး မျှော်မှန်းတည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုကြီးအတွက် လူစွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်။
၄။ လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းရန်ကြိုးပမ်းမှုသည် နှစ်ပေါင်း ၇၀ ကျော် ကြာသော်လည်း မည်သည့်ရလဒ်မျှမထွက်သည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သည်ကို သင်ခန်းစာယူကာ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် မိမိတို့ဒေသတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက်ကြောင့်လည်းကောင်း၊ မိမိတို့၏ လက်နက်ကိုင်လမ်းစဉ်တွင် ပါဝင်နေမှုကြောင့်လည်းကောင်း မိမိတို့၏ မိဘညီအစ်ကိုမောင်နှမများနှင့် ဆွေမျိုးသားချင်းတို့သည် လူမှုစီးပွားဘဝများထိခိုက်ပျက်စီးကြရပြီး အတိဒုက္ခရောက်ကြရသည်ကို ထောက်ထား၍ဖြစ်စေ၊ မိမိတို့ဒေသတည်ငြိမ်အေးချမ်းပြီး ပညာရေး၊ ကျန်းမာရေးအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ထောက်ထား၍ဖြစ်စေ ရွေးကောက်ပွဲလမ်းကြောင်းကို အပြည့်အဝပူးပေါင်းပါဝင်ခြင်းဖြင့် မျှော်မှန်းသည့်ပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဖြစ်သည်။
၅။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးတို့သည် ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှ ထွက်ပေါ်လာမည့်လွှတ်တော်၊ အစိုးရတို့နှင့် ဆက်လက်ညှိနှိုင်းဆွေနွေး ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
၆။ သို့ပါ၍ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်မည်ဆိုပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ပါကြောင်းနှင့် ထိုသို့ဆန္ဒရှိပါက နီးစပ်ရာတပ်စခန်းများ၊ ဒေသအာဏာပိုင်များထံ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာအပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်
07/04/2025
၂၀၂၄ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအစီရင်ခံစာကို ၁၇-၆-၂၀၂၅ ရက်တွင် စာရွက်စာတမ်းအမှတ် A/ 79/ 878-S/ 2025/ 247 ဖြင့် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာအား ဇွန်လ ၂၅ နှင့် ၂၆ ရက် တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အပြည်ပြည်ဆိုင်ရာစံချိန်စံနှုန်းများကို လေးစားလိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသိပေးလိုသည်။
အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်သည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် ကုလသမဂ္ဂစောင့်ကြည့်လေ့လာ အစီရင်ခံစာတင်ပြရေးလုပ်ငန်းအဖွဲ့(UN CTFMR)တို့ နှစ်ဖက်တွေ့ဆုံပူးပေါင်း၍ တိုက်ဆိုင်စိစစ်မှုများကို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်အတွင်း နှစ်ဖက်အကြား အစည်းအဝေး ၄ ကြိမ်တိုင်ကျင်းပခဲ့ပြီး စိစစ်တွေ့ရှိသည့် အသက်မပြည့်သေးသည့် စစ်သည် ၉၃ ဦး တပ်မတော်မှ နုတ်ထွက်ခွင့်ပေးကာ မိဘများထံ ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့ပါသည်။ နုတ်ထွက်ခွင့်ရသည့် စစ်သည်တစ်ဦးချင်းအလိုက် ထောက်ပံ့ကြေးငွေများ ပံ့ပိုးခဲ့ပြီးဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် နှစ်ဖက်ပူးတွဲတိုက်ဆိုင်စိစစ်မှုပြုလုပ်ခဲ့ရာ အသက်မပြည့်ဟု သံသယရှိသူစစ်သည် ၁၈ ဦးသာ ကျန်ရှိသည်။
ကလေးသူငယ်များကို အကာအကွယ်ပေးရန်နှင့် ကောင်းကျိုးချမ်းသာရရှိစေရေး ဆောင်ရွက်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဦးဆောင်သည့် ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ် တားဆီးရေး အမျိုးသားအဆင့်ကော်မတီကို ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများမှ တားဆီးနိုင်ရေးအတွက် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားအဖြစ် 4 Digits (1566) Helpline ဝန်ဆောင်မှုကို ၂၅-၁၀- ၂၀၂၂ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ တိုင်ကြားမှုဖြစ်စဉ် ၉၈ ခုကို ဆောင်ရွက်ပေးခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများနှင့် သက်ဆိုင်ခြင်းမရှိသည့် ဖြစ်စဉ်များသာ တွေ့ရှိသည်။
ထို့အပြင် တပ်မတော်သားများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား ကလေးသူငယ်များ အကာအကွယ်ပေးရေးနှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေး သောကျူးလွန်မှု ၆ ရပ် နှင့်ဆက်စပ်သည့် သင်ခန်းစာများကို ပို့ချပေး လျက်ရှိသည်။
အထက်ဖော်ပြပါအချက်များသည် မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များနှင့်ပတ်သက်၍ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်သည်။
သို့ရာတွင် ကုလသမဂ္ဂ၏ ယခုနှစ်အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ စွပ်စွဲချက်များသည် စနစ်တကျစိစစ်ထားခြင်းမရှိသည့် ကိန်းဂဏန်းအချက်အလက်များ လွဲမှားစွာ ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်၏ မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံက တရားဝင်ပေးပို့ထားသည့် သက်သေအထောက်အထားအချက်အလက်အမှန်များနှင့် တိုက်ဆိုင်စစ်ဆေး အတည်ပြုထားခြင်းမျိုးလည်းမရှိကြောင်း တွေ့ရှိရသည်။
ဥပမာပြရမည်ဆိုရပါက မြန်မာ့တပ်မတော်သည် အသက်မပြည့်သေးသူ ကလေးသူငယ် ၄၈၂ ဦးကို စစ်သည်အဖြစ် စုဆောင်းအသုံးပြုခဲ့ကြောင်း စွပ်စွဲထားသော်လည်း ၂၀၂၄ ခုနှစ်တွင်း ကုလသမဂ္ဂက မြန်မာနိုင်ငံအစိုးရဘက်သို့ ပေးပို့လာသည့် အမှုတွဲမှာ ၈ မှုသာဖြစ်၍ အစီရင်ခံစာပါ စွပ်စွဲထားသည့် ကိန်းဂဏန်းများသည် လုံးဝလွဲမှားစွာ ဖော်ပြနေခြင်းဖြစ်သည်မှာ ထင်ရှားနေပါသည်။ ထို့အပြင် ၂၀၂၁-၂၀၂၄ ကာလအတွင်း NUG နှင့် ယင်းလက်ဝေခံ PDF အကြမ်းဖက်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ တိုက်ခိုက်မှုများကြောင့် ကလေးသူငယ် ၃၁၈ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၈,၅၈၈ ဦး သေဆုံးခဲ့ပြီး ကလေးသူငယ် ၁,၂၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ သို့သော် အစီရင်ခံစာတွင် ဤအချက်များကို လုံးဝဖော်ပြထားခြင်းမရှိဘဲ တပ်မတော်အပေါ် စွပ်စွဲချက်များကိုသာ အလေးပေးဖော်ပြထားသည်။
ကုလသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် မျှတမှုမရှိသော အစီရင်ခံစာများကို ထုတ်ပြန်ကာ အကြမ်းဖက်အဖွဲ့များ၏ ရာဇဝတ်မှုများကို "အမည်မသိကျူးလွန်သူများ" ဟု ရှင်းလင်းပြတ်သားမှုမရှိဘဲ ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ကုလသမဂ္ဂအနေဖြင့် တစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားသည့် ဘက်လိုက်သော အစီရင်ခံစာများပြုစုခြင်းနှင့် နိုင်ငံရေးအရ ဖိအားပေးမှုများ ပြုလုပ်နေခြင်းသည် အဖွဲ့ဝင်နိုင်ငံကို ကူညီရာမရောက်ဘဲ ကုလသမဂ္ဂ၏ သမာသမတ်ကျမှုနှင့် အချက်အလက်စုဆောင်းသည့်ပုံစံ (methodology) အပေါ် မေးခွန်းထုတ်စရာဖြစ်ကြောင်း တွေ့ရှိရသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံက အစီရင်ခံစာတွင်ပါဝင်သည့် အခြေအမြစ်မရှိသော စွပ်စွဲချက်များနှင့် မြေပြင်အခြေအနေမှန်များကို ထင်ဟပ်မှုမရှိသည့် မှားယွင်းသော ကိန်းဂဏန်းအရေအတွက် ဖော်ပြချက်ကို ကန့်ကွက်ပယ်ချသည်။ မြန်မာနိုင်ငံသည် ကလေးသူငယ်များ၏ လုံခြုံရေးနှင့် အခွင့်အရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအပေါ် အပြုသဘောဆောင်သော ချဉ်းကပ်မှုဖြင့် မျှတမှုရှိပြီး ယုံကြည် လက်ခံနိုင်သော အစီရင်ခံစာများကို ထုတ်ပြန်ရန် ပြင်းထန်စွာ တောင်းဆိုသည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်

အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများနှင့် တရုတ်အမျိုးသားနှင့်အတူ ပေါင်းသင်းရန်စီစဉ်ခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်
နေပြည်တော် ဇူလိုင် ၂
အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများနှင့် အမျိုးသားနှင့်အတူ ပေါင်းသင်းရန်စီစဉ်ခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ်(၂၀) ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နေ မ-----၊ ၂၅/၂၀၂၅ နှစ်ကို တစ်ရပ်ကွက်တည်းနေ ခါကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ဆမားဒူးဝါး(၃/ခ) ရပ်ကွက်နေ စန်းစန်းနွဲ့(ခ)စန်းစန်း(ခ)မအေးတို့က တရုတ်ယောက်ျားယူပါက ငွေကျပ်သိန်း ၆၀ ခန့်ရမည်၊ ကလေးတစ်ဦးမွေးပေးပြီး ပြန်လာလိုပါက ပြန်လာ၍ရကြောင်း စည်းရုံးပြောဆိုပြီး မြစ်ကြီးနား မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ်ယောက်ျားထံရောင်းစားရန် စီစဉ် ဆောင်ရွက်ခဲ့ကြသဖြင့် မြစ်ကြီးနားမြို့နယ် မြစ်ကြီးနားနယ်မြေရဲစခန်း (ပ) ၂၇/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇွန် ၃၀ ရက်တွင် မြစ်ကြီးနားခရိုင်တရားရုံးမှ တရားခံစန်းစန်းနွဲ့(ခ) စန်းစန်း(ခ)မအေးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံခါကြီးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးအလုပ် လုပ်ကိုင်နေသည့် မ-----၊ ၁၇/၂၀၂၅ နှစ်ကို ဆိုင်သို့ လာရောက်လေ့ရှိသူ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဥဿာမြို့သစ် (၅)ရပ်ကွက်နေ ထွေးထွေး(ခ)ချင်းချင်း(ခ)တရုတ်မက တရုတ်အမျိုးသားတစ်ဦးနှင့် တစ်ပတ်၊ ၁၀ ရက်ခန့် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ပေးပါက ငွေကျပ်သိန်း ၅၀ ခန့်ရရှိမည်၊ တရုတ်အမျိုးသား ရန်ကုန်မြို့သို့ ရောက်ရှိလာသည့်အချိန်မှသာ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ပေးရမည်၊ အသက်ပြည့်ပါက တရားဝင်ငွေကျပ်သိန်း ၁၅၀ ဖြင့် တင်တောင်းပြီး တရုတ်နိုင်ငံသို့ခေါ်ဆောင်သွားမည်၊ တရုတ်အမျိုးသားမှ လိုအပ်သလို ထောက်ပံ့ပေးသွားမည်ဟု စည်းရုံးပြောဆို၍ တရုတ်အမျိုးသားနှင့် ပေါင်းသင်းနေထိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် ပဲခူးမြို့ အမှတ်(၃)နယ်မြေ ရဲစခန်း (ပ) ၂၇၃/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်တွင် ပဲခူးခရိုင်တရားရုံးမှ တရားခံ ထွေးထွေး (ခ)ချင်းချင်း(ခ)တရုတ်မအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ်နှစ် (၂၀) ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြို့နယ် ရခိုင်ရိုးလေးကျေးရွာနေ ဦး-----၊ ၃၈/၂၀၂၅ နှစ်အား တစ်ရပ်ကွက်တည်းနေ မပပက ဖျာပုံမြို့နယ် မြစ်တန်းကျေးရွာရှိ စက်လှေပေါ်တွင် ပိုက်ထောင်သည့် အလုပ်အားလုပ်ကိုင်ပါက တစ်လလျှင် စရိတ်ငြိမ်း ငွေကျပ်နှစ်သိန်းကျပ်ခန့်ရမည်၊ ၎င်း ကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆို၍ မိုးမင်းဝင်း(ခ)ငမိုး ထံပို့ဆောင်ပေးခဲ့ကြောင်း၊ မိုးမင်းဝင်း(ခ)ငမိုးမှ “ဖြိုး”ရေစင်သို့ ပို့ဆောင်ပေးခဲ့သဖြင့် ငါးဖမ်းသင်္ဘောပေါ်တွင် ခြောက်လကျော်ခန့် အလုပ်လုပ်ကိုင်ခဲ့ရကြောင်း၊ လုပ်အားခထုတ်ယူချိန်တွင်မရရှိဘဲ မိုးမင်းဝင်း(ခ)ငမိုးမှ လုပ်အားခငွေကျပ် ၁၀ သိန်းကို ကြိုတင်ခေါင်းပုံဖြတ် ထုတ်ယူသွားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် တက်သစ်နယ်မြေရဲစခန်း (ပ) ၇/ ၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မှော်ဘီခရိုင်တရားရုံးမှ ဇွန် ၃၀ ရက်တွင် တရားခံမိုးမင်းဝင်း(ခ)ငမိုးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံ မပပအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်