MDD

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၀၆၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

06/30/2025 

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူ စားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိန်းကျောင်းဆောင်ရွက်

ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

စားအုန်းဆီ တစ်ပိဿာ ငွေကျပ် ၆၀၆၀

ပြည်ပမှ စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဇွန် ၃၀ ရက်မှ ဇူလိုင် ၆ ရက် အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၀၆၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားသည်။      

အရေးယူဆောင်ရွက်မည်

ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ကြည့်ရှုလေ့လာနိုင်

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း၏ Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်းသိရသည်။

သတင်းစဉ်

30.06.2025
MDD

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

06/30/2025

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့်ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီးနှင့်ပြည်နယ်ခြောက်ခုတို့တွင် ဇွန် ၂၆ ရက်အထိ သေဆုံးသူ ၃၇၆၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၃၈ ဦး ရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ဇွန်လ ၂၆ ရက်နေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၄၆ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့‌လှူဒါန်းပေးလျက်ရှိရာ ဇွန် ၂၅ ရက် ညနေ ၅ နာရီမှ ဇွန်လ ၂၆ ရက်နေ့  ညနေ ၅ နာရီအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ကလှူဒါန်းသည့်ဆေးဝါး (၁၇ ဒသမ ၅၄၂ တန်) ရောက်ရှိခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနက လက်ခံရယူကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။              

သတင်းစဉ်

30.06.2025