MDD

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၆၁၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

09/22/2025

နေပြည်တော် စက်တင်ဘာ ၂၁

စားသုံးသူပြည်သူများ စားသုံးဆီ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

ပြည်ပမှ စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၆၆၁၀ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားကြောင်း သိရသည်။  

ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရသည်။

စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

သတင်းစဉ်

22.09.2025 | Views : 1
1

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (မှော်ဘီ) သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၀

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ မှော်ဘီတပ်နယ်ရှိ တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (မှော်ဘီ) မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက လှိုက်လှဲနွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အစည်းအဝေးခန်းမတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (မှော်ဘီ) တပ်မှူးတို့က တပ်သမိုင်းအကျဉ်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် အထွေထွေလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတင်းများ၊ ထူးခြားဖြစ်စဉ်သတင်းများနှင့် အများပြည်သူသိသင့်သိထိုက်သည့် ပြည်တွင်း၊ ပြည်ပသတင်းများကို မှန်မှန်ကန်ကန်နှင့် အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ထုတ်လွှင့်နေရန်လိုကြောင်း၊ ဖျော်ဖြေမှုများဆောင်ရွက်ရာတွင် အသံနှင့်အရုပ်နှစ်ခုလုံး ပါဝင်သည်ဖြစ်သဖြင့် အသံကောင်းမွန်ရုံသာမက တင်ဆက်သည့်အစီအစဉ်နှင့်ကိုက်ညီသည့် ဝတ်စားဆင်ယင်မှုဖြစ်စေရန်လည်း အရေးကြီးကြောင်း၊ သတင်းများထုတ်လွှင့်ခြင်းနှင့် အစီအစဉ်များထုတ်လွှင့်ရာတွင် သွက်လက်ဖျတ်လတ်၍ နှစ်လိုဖွယ်ဖြစ်စေရေး တည်းဖြတ်ခြင်းများကို စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်လွှင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တည်းဖြတ်သူ၊ ကြီးကြပ်သူများအနေဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ အစီအစဉ်များထုတ်လွှင့်ရာတွင်လည်း ပြည်သူများကောင်းရာ ကောင်းကျိုးကို အကျိုးပြုစေနိုင်မည့်၊ အသိပညာဗဟုသုတရရှိစေနိုင်မည့် ပြည်သူ့အကျိုးပြု အစီအစဉ်ကောင်းများဖြစ်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ) စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (မှော်ဘီ) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ) ဝန်ထမ်းစားရိပ်သာအဆောက်အဦသစ် ဆောက်လုပ်ပြီးစီး မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ)မှ အရာရှိ၊ စစ်သည်များ၊ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်မှူးက လက်ခံရယူသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (မှော်ဘီ) အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

21.09.2025 | Views : 1
1

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ရှမ်းပြည်နယ်မှ လေ့လာရေးခရီး လာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ကိုယ်စားလှယ်များကို တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်

ပြည်တော် စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်မှ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ်မှ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယခုလေ့လာရေးခရီးစဉ်သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ရှစ်ကြိမ်မြောက် လေ့လာရေးခရီးစဉ်ဖြစ်ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များအကြား တစ်ဦးနှင့်တစ်ဦး အတွေ့အကြုံများကို အမြင်ချင်းဖလှယ်နိုင်ပြီး ရင်းနှီးမှုများ ပိုမိုရရှိစေမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များကို ပေါင်းစုထားသည့် ပြည်ထောင်စုတစ်ခုဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးသည် အလွန်အင်မတန် အရေးကြီးပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ပါက စစ်မှန်သည့်ညီညွတ်ရေးကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် တည်ဆောက်ရန်အတွက် အရေးကြီးဆုံးအချက်သည် ငြိမ်းချမ်းရေးပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုလေ့လာရေးခရီးစဉ်တွင် ငြိမ်းချမ်းသည့်ဒေသများ၌ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများကို လက်တွေ့မြင်တွေ့နိုင်မည်ဖြစ်ပါကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်သဖြင့် နိုင်ငံတော်က ငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့်နည်းတူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးကလည်း အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်း ပါဝင်ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် မိမိတို့၏ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်မှ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များက ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကို ဂါရဝပြုလက်ဆောင်များပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ကြကာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ကိုယ်စား ပအိုဝ်းတိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေ့လာရေးလာရောက်ကြသည့် အဖွဲ့များနှင့်အတူ ချစ်ကြည်ရင်းနှီးစွာဖြင့် ညစာသုံးဆောင်ကြကာ ညစာသုံးဆောင်စဉ် တိုင်းရင်းသားရိုးရာတေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

21.09.2025 | Views : 1
1

တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၆)နှစ်မြောက်နှင့် မြန်မာ-တရုတ်သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်မြောက်ဂုဏ်ပြုခြင်း အနုပညာဖျော်ဖြေပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၆)နှစ်မြောက်နှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်မြောက်ဂုဏ်ပြုခြင်း အနုပညာဖျော်ဖြေပွဲကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျား၊ မိတ်ဖက် အဖွဲ့အစည်းများ၊ တရုတ်နိုင်ငံဝူအော်ပရာအဖွဲ့သားများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။ 

ဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ရာမာ ယဏ” ဇာတ်တော်ထဲမှ “ ရာမသမင်လိုက်ခန်း” ဖြင့် ကပြဖျော်ဖြေသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျားက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့ခေတ်တွင် နိုင်ငံအလိုက် အမျိုးသားရေးလက္ခဏာပုံရိပ်များကို အပြည့်အဝဖော်ထုတ် မိတ်ဆက်ပြသနိုင်ရန် “ယဉ်ကျေးမှုရေးရာ သံခင်း၊ တမန်ခင်း” ကို နူးညံ့သောစွမ်းအား (Soft Power) အဖြစ် အသားပေးစီစဉ်ဆောင်ရွက်လာကြသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ရိုးရာယဉ်ကျေးမှုနှင့် စရိုက်လက္ခဏာများကို ဖော်ထုတ်ပြသခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းမှာ ကမ္ဘာ့နိုင်ငံတိုင်းအားလုံးလိုလိုက ယဉ်ကျေးမှုရေးရာသံခင်း၊ တမန်ခင်းများကို မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် ဖော်ထုတ်မိတ်ဆက်နေကြပြီး နိုင်ငံအချင်းချင်းချစ်ကြည်ရေးတည်တံ့ခိုင်မြဲ စေရန်နှင့် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာများကို အခြားနိုင်ငံများနှင့် မတူညီသည့် လူမှုအဖွဲ့အစည်းများက လေးစားတန်ဖိုးထားလာကြစေရန် ကြိုးပမ်းဆောင်ရွက်ကြခြင်းပင်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်ကာလတွင် နူးညံ့သည့်စွမ်းအားက ခိုင်မာတောင့်တင်းသော ရုပ်ပိုင်းဆိုင်ရာစွမ်းအား (Hard Power) ထက် ပိုမိုအားကောင်းလာသည်မှာငြင်း၍ မရသည့်အချက်ဖြစ်သည်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း။ 

ယနေ့ ဖျော်ဖြေတင်ဆက်မည့် တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၏ အဓိက ဒေသန္တရ အော်ပရာဇာတ်အမျိုးအစားဖြစ်သော “ကျင်းဟွာ” အော်ပရာဟု အသိများသည့် “ ဝူအော်ပရာ” သည် နှစ်ပေါင်း ၅၀၀ ကျော် သမိုင်းကြောင်းရှိနေပြီဟု သိရပါကြောင်း၊ ဝူအော်ပရာဇာတ်အဖွဲ့သည် ယခုနှစ်အတွင်း ဂျာမနီ၊ စပိန်၊ အန်ဒိုရာနိုင်ငံတို့၌ ဖျော်ဖြေတင်ဆက်ခဲ့သည်ဟု သိရပါကြောင်း၊ ယခုလို နာမည်ကြီးသည့် ဝူအော်ပရာအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို မြန်မာပရိသတ်များ ကြည့်ရှုခွင့်ရခြင်းကြောင့်များစွာ ဂုဏ်ယူဝမ်းမြောက်ရပါသည်ဟုလည်း ပြောကြား လိုပါကြောင်း။ 

အလားတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များကလည်း အစဉ်အလာကြီးမား ခန့်ညားသော “ ရာမာယဏ" ဇာတ်တော်ထဲမှ အဓိကဇာတ်ဝင်ခန်းများဖြစ်သည့် “ ရာမသမင်လိုက်ခန်း” နှင့် “ဒဿပန်းစိုက်ခန်း” များဖြင့် ပါဝင်ကပြဖျော်ဖြေကြမည်ဖြစ်၍ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ခွင့်ရရှိမည်ဖြစ်သကဲ့သို့ မြန်မာ့ အနုပညာအဆင့်အတန်းကို ဖော်ထုတ်ပြသနိုင်မည်ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ယခုကဲ့သို့ တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ယဉ်ကျေးမှုဖလှယ်မှုများ၊ အပြန်အလှန်လေ့လာသင်ယူမှုများသည် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်စေပြီး နိုင်ငံအဆင့်တွင်လည်း ဆက်ဆံရေးခိုင်မာမှုကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံယဉ်ကျေးမှုသံယောဇဉ်ကို ကဏ္ဍစုံမှ ဆက်လက်ပြီး ထိန်းသိမ်းမြှင့်တင်ရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြား သည်။

ဆက်လက်၍ တရုတ်နိုင်ငံကျဲ့ကျန်းပြည်နယ် ဝူအော်ပရာ အနုပညာယဉ်ကျေးမှုသုတေသနဌာန ကျဲ့ကျန်းဝူးကဇာတ်အဖွဲ့က “ကျင်းဟွာ”အော်ပရာဟု အသိများသည့် ဝူအော်ပရာဖြင့် ကပြဖျော်ဖြေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ကပြဖျော်ဖြေသည့် တရုတ်နိုင်ငံကျဲ့ကျန်းပြည်နယ်ဝူအော်ပရာ အနုပညာယဉ်ကျေးမှုသုတေသနဌာန ကျဲ့ကျန်းဝူးကဇာတ်အဖွဲ့အား အမှတ်တရပန်းခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျားက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များအား အမှတ်တရပန်းခြင်းပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် သံအမတ်ကြီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တရုတ်နိုင်ငံကျဲ့ကျန်းပြည်နယ် ဝူအော်ပရာအနုပညာ ယဉ်ကျေးမှုသုတေသနဌာန ကျဲ့ကျန်းဝူးကဇာတ်အဖွဲ့နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

စက်တင်ဘာ ၂၁ ရက်တွင် ကျဲ့ကျန်းပြည်နယ် ဝူအော်ပရာ သုတေသနဌာန ကျဲ့ကျန်းဝူးကဇာတ်အဖွဲ့သည် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ညနေ ၃ နာရီတွင် ပရိသတ်များအား ဆက်လက်ကပြဖျော်ဖြေသွားမည်ဖြစ်သည်။ အဆိုပါ အော်ပရာအဖွဲ့က နိုင်ငံပေါင်း ၂၆ နိုင်ငံတွင် အကြိမ်ပေါင်း ၂၀၀ ကျော် ဖျော်ဖြေတင်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ယခုပထမ ဆုံးအကြိမ်အဖြစ် လာရောက်ဖျော်ဖြေတင်ဆက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

21.09.2025 | Views : 3
2

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ်အတွင်း နေကြာစိုက်သမဝါယမအသင်းသားတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် မျိုးနှင့်သွင်းအားစုများ ပေးအပ်

နေပြည်တော် စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ နေကြာစိုက် သမဝါယမအသင်းသားတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် မျိုးနှင့်သွင်းအားစုပေးအပ်ပွဲကို ယနေ့တွင် ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ကျင်းပသည်။

အဆိုပါပေးအပ်ပွဲသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့် အသင်းသားတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ရှမ်းပြည်နယ်အတွင်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးမည့်အခြေအနေကို ရှင်းလင်းတင်ပြသည်။

မျိုးနှင့်သွင်းအားစုများပံ့ပိုး

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် ပြည်ပမှတင်သွင်းမှု လျှော့ချရန်အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန် လမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနရှိ သမဝါယမဦးစီးဌာနက သီးနှံပေါ်ပေးစနစ်ဖြင့် မျိုးနှင့် သွင်းအားစုများ ပံ့ပိုးလျက်ရှိပြီး ယခုအခမ်းအနားတွင် တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်တို့မှ နေကြာ စိုက်သမဝါယမအသင်း ၂၅ သင်း၏ စိုက်ဧက ၅၀၀၀ အတွက် တစ်ဧကလျှင် ငွေကျပ်သုံးသိန်းနှင့်ညီမျှသော မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ထွက်ရှိသောသီးနှံများ ဈေးကွက်ရရှိရေးနှင့် သမဝါယမချေးငွေများ၊ မြစိမ်းရောင် (ဆီထွက်သီးနှံ နေကြာ) စီမံကိန်းချေးငွေ၊ သက်တံ့ရောင်စီမံကိန်း ချေးငွေများကို သက်သာသောအတိုးနှုန်းဖြင့် မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသားတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ နေကြာစိုက်သမဝါယမအသင်း ၂၅ သင်း၏ စိုက်ဧက ၅၀၀၀ အတွက် ငွေကျပ် သန်းပေါင်း ၁၅၀၀ တန်ဖိုးရှိ အထွက်တိုးမျိုးနှင့် သွင်းအားစုများကိုပေးအပ်သည်။

ဆက်လက်၍ အင်းပေါခုံခေတ်မီစံပြကျေးရွာ (Smart Village)၌ မြစင်္ကြာရက်ကန်းလုပ်ငန်းတွင် ကြာချည်မျှင်ထုတ်ပုံ၊ ကြာချည်ဖြင့်ရက်လုပ်သော လက်ရက်ကန်းထည်များ၊ ပိုးချည်ဖြင့်ရက်လုပ်သော လက်ရက်ကန်းထည်များနှင့် ရက်ကန်းထည် ထုတ်လုပ်ပုံအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မန္တလေးငလျင်ဘေးဒဏ်သင့် ညောင်ရွှေမြို့နယ်မှ ကျေးရွာ ၂၉ ရွာအတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေကျပ်သိန်း ၄၃၅၀၊ ကျေးရွာရှစ်ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၂၀၀၀၊ ကျေးရွာ ၁၁ ရွာအတွက် ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၉၀၀ စုစုပေါင်းကျေးရွာ ၄၈ ရွာအတွက် စုစုပေါင်းရန်ပုံငွေကျပ် သိန်း ၈၂၅၀ ကို ကျေးရွာအလိုက် ကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ညောင်ရွှေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝဆိုးဆေးနည်းပညာသင်တန်း တက်ရောက်အောင်မြင်ခဲ့သော သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး သင်တန်းဆင်းလက်ရာများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ အင်းလေးဖောင်တော်ဦးရုပ်ရှင် တော်မြတ်ကြီးအား သွားရောက်ဖူးမြော်ပြီး ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကာ မန္တလေးငလျင်ကြီးကြောင့် စေတီတော်မြတ်ကြီး ထိခိုက်မှုများ ပြန်လည်ပြုပြင်ပြီးစီးမှုများကို ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ တောင်ကြီးမြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းရှိ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ငလျင်ဒဏ်သင့်ကျောင်းဆောင်များ ပြန်လည်ပြုပြင် ပြီးစီးမှုအခြေအနေကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

21.09.2025 | Views : 1
3

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော် မန္တလေးခရိုင် MEVM ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့်တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ မန္တလေးခရိုင် MEVM ဆိုင်ရာကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့် ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပထမအကြိမ်မဲစာရင်း ကပ်ထားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များမဲရုံများသို့ သယ်ယူပို့ဆောင်နိုင်ရေးအတွက် စီမံဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။

ဆွေးနွေးတင်ပြ

ထို့နောက် မန္တလေးခရိုင် MEVM ဆိုင်ရာ နည်းပညာအထောက် အကူပြုအဖွဲ့ အဖွဲ့ခေါင်းဆောင်က ခရိုင်အတွင်း MEVM ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့များနှင့် နည်းပညာ အထောက်အကူပြု အဖွဲ့များဖွဲ့စည်း ဆောင်ရွက်ထားရှိမှု၊ သင်တန်းပေးရန်စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ ခရိုင်နှင့် မြို့နယ် MEVM ကြီးကြပ်မှုအဖွဲ့ဝင်များနှင့် ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။

လိုအပ်သည်များမှာကြား

ယင်းနောက် မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ နိုင်ငံရေးပါတီများက ဥပဒေနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းနေမှုကိုကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။       

သတင်းစဉ်

21.09.2025 | Views : 3
ts

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များတွင် ပါဝင်ဆောင်ရွက်နေမှုနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးဆိုင်ရာ ဆောင်ရွက်သွားမည့်အခြေအနေ၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ကောင်းမွန်သည့် သံတမန်ဆက်ဆံရေးထူထောင်နိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံကောင်းအဖြစ် အစဉ်အမြဲရပ်တည်ပေးနေမှု၊ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းမှုအခြေအနေ၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ဆောင်ရွက်မည့်အခြေအနေ၊ မဲဆန္ဒရှင်စာရင်း ပြုစုဆောင်ရွက်မှုအခြေအနေ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုသွားမည့် အခြေအနေနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရှိသည့် ရွေးကောက်ပွဲအဖြစ် ဖော်ဆောင်နိုင်ရေး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ပြုသွားမည့်အခြေအနေ၊ သတင်းမီဒီယာဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများအပါအဝင် နည်းပညာဆိုင်ရာသင်တန်းများကို အိန္ဒိယနိုင်ငံ၏ ကူညီမှုဖြင့် ရွေးကောက်ပွဲလွန်ကာလတွင် ဆောင်ရွက်သွားလိုသည့်အခြေအနေနှင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

20.09.2025 | Views : 6
wwm

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၉

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme- UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်အသစ်ဖြစ်သူ Mr. Norimasa Shimo-mura အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် UNDP မှ ဆောင်ရွက်လျက်ရှိသော အသိုက်အဝန်းပြန်လည်ထူထောင်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတိုးမြှင့်ရေးလုပ်ငန်းစီမံချက် (Enabling Community Recovery and Resilience - ENCORE) ပါ တိုးချဲ့လုပ်ငန်းများဖြစ်သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့မှုအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အကျိုးရှိထိရောက်စွာ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ UNDP ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

20.09.2025 | Views : 1
mmo

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေး

ရန်ကုန် စက်တင်ဘာ ၁၉

ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးကိစ္စရပ်များအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အမှာစကားပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မကြာသေးမီက နိုင်ငံတော်အကြီးအကဲသွားရောက်ခဲ့သည့် တရုတ်နိုင်ငံခရီးစဉ်တွင် နိုင်ငံကြီးအချို့မှ နိုင်ငံ့ခေါင်းဆောင်ကြီးများက မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်းနှင့် စောင့်ကြည့်လေ့လာရေးအဖွဲ့များ လွှတ်ပေးမည်ဟု ပြောကြားမှုများ ရှိခဲ့ပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် မိမိတို့အားလုံးမီဒီယာနည်းလမ်းများဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကာလတွင် ပြည်သူများ လုံခြုံစွာမဲပေးနိုင်ရန်အတွက်လည်း နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သတင်းမီဒီယာသမားများအနေဖြင့် ကျေးလက်နေပြည်သူများထံ သတင်းမှန်များဖြန့်ဝေ၍ အတွေးမှန်၊ အသိမှန်၊ အလုပ်မှန်အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ အထူးသဖြင့် လူငယ်များကို အသိပညာဖြန့်ဝေ၍ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးရန်နှင့် လမ်းမှားရောက်နေသည့် လူငယ်များကိုလည်း လမ်းမှန်သို့ရောက်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦး၊ ဒုတိယဥက္ကဋ္ဌနှင့် ကောင်စီဝင်များက ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့်အတူ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ဖလင်ပိဋကတ်တိုက်အတွင်း ရုပ်ရှင်ဖလင်များ ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တန်ဖိုးမဖြတ်နိုင်သည့် မော်ကွန်းရုပ်ရှင်ဖလင်များအား ဒစ်ဂျစ်တယ်စနစ်ဖြင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရေးနှင့် လိုအပ်သည့် သင်တန်းများဖွင့်လှစ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားကာ ယခင်မော်ကွန်းရုပ်ရှင်ရုံးခွဲအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါမော်ကွန်းရုပ်ရှင်ရုံးခွဲအဆောက်အအုံသည် ၁၉၂၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ယခုအခါနှစ် ၁၀၀ ခန့် သက်တမ်းရှိကာ ယခင်က မော်ကွန်းရုပ်ရှင်ကားများ ရိုက်ကူးတည်းဖြတ်၊ ထုတ်လုပ်ခြင်း၊ ရုပ်ရှင်ဇာတ်ကားများ ဆင်ဆာကြည့်ရှုခြင်း၊ ရုပ်ရှင်ထူးချွန်ဆုများ စိစစ်အကဲဖြတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် အဆောက်အအုံဖြစ်သည်။

ယင်းအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြီးစီးပါက မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

20.09.2025 | Views : 1
tk

ကိုရီးယားသမ္မတနိုင်ငံ SDG group inc နှင့် မြန်မာနိုင်ငံ MCS group Co.,Ltd တို့မှ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၉

ကိုရီးယားသမ္မတနိုင်ငံ SDG group inc နှင့် မြန်မာနိုင်ငံ MCS group Co.,Ltd တို့မှ ဆေးနှင့် ဆေးပစ္စည်းများ ပူးပေါင်းလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လှူဒါန်းပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကိုရီးယားနိုင်ငံ SDG group inc နှင့် မြန်မာနိုင်ငံ MCS group Co.,ltd တို့မှ ပူးပေါင်းလှူဒါန်းသော အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ သန်းခန့်တန်ဖိုးရှိသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဇူလိုင်လအတွင်းက လက်ခံရရှိခဲ့ပြီး ငလျင်ဘေးသင့်ဒေသများရှိ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့အကြား ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုသည် ဆယ်စုနှစ်ချီ၍ ရှိခဲ့ပြီဖြစ်ပါကြောင်း၊ နှစ်စဉ်ကိုရီးယားနိုင်ငံမှ အထူးကုဆရာဝန်များ လာရောက်ပြီး အသည်းအစားထိုးကုသမှုများ၊ သွားနှင့် ခံတွင်း၊ မေးရိုးဆိုင်ရာခွဲစိတ်ကုသမှုများကို ကျန်းမာရေးဝန်ကြီးဌာနရှိ အထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍ ကျန်းမာရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုပြုလုပ်သွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် SDG group မှ Chairman မစ္စတာ ဆောင်ဒေကွမ်းက လှူဒါန်းမှုနှင့် စပ်လျဉ်း၍ ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက SDG group inc ဥက္ကဋ္ဌနှင့်အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ SDG group မှ ကိုယ်စားလှယ်များ၊ MCS group မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

20.09.2025 | Views : 2