
ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားတီထွင်ခဲ့သော မြန်မာကလေးငယ်အဖွဲ့ ပထမဆုရ
09/23/2025
ဖိလစ်ပိုင်နိုင်ငံတွင် စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သော ကမ္ဘာ့စက်ရုပ် အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲ(World Robot Olympiad Asia Pacific Open Championship) တွင် မြန်မာ We are Genius MYANMAR အသင်းသည် AI အသုံးပြုရှာဖွေ ကယ်ဆယ်ရေး စက်ရုပ်ကားဖြင့် ပထမဆုရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသည် စက်ရုပ်ကားကို သဘာဝဘေးဒဏ်အန္တရာယ် ကျရောက်သည့် အခြေအနေ များတွင် လူဝင်ရောက်ရန် ခက်ခဲသော နေရာများထဲသို့ အလိုအလျောက်သွားလာသော စနစ်ဖြင့် ရှာဖွေကယ်ဆယ်ရေးပြုလုပ်နိုင်ရန် ရည်ရွယ်ထုတ်လုပ်ပြသမှုဖြင့် အောင်မြင်မှုရရှိခဲ့သည်။
ယင်းပြိုင်ပွဲ၌ We are Genius MYANMAR အသင်းတွင် မိုးပြည့်စုံကျော်(၁၁နှစ်)၊ ကျော်ဘုန်းခန့်ဇော်(၁၁ နှစ်)နှင့် ဉာဏ်ကိုး (၁၂)နှစ်တို့သည် ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မကာအိုစသည့် နိုင်ငံများဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု ရရှိခဲ့သည်။
ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု We are Genius MYANMAR အသင်း၊ ILBC ၊ CIY Club တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အာကာလင်း

ဆက်သွယ်ရေး၊ သတင်း၊ ပြန်ကြားရေးကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
09/23/2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အမျိုးသား စီမံကိန်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆက်သွယ်ရေး၊ သတင်း၊ ပြန်ကြားရေးကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ ရက်၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆက်သွယ်ရေး၊ သတင်းနှင့်ပြန်ကြားရေးကဏ္ဍသည် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်၏ ကာလ(၃)ခုတွင် အဓိကအရေးပါသောကဏ္ဍဖြစ်ကြောင်း၊ ပို့ဆောင်ရေးကဏ္ဍတွင် ကားလမ်းများ၊ ရထားလမ်းများ၊ လေယာဉ်ကွင်းများနှင့် ချောင်းကူးမြစ်ကူး တံတားများကို ကွန်ရက်ဖြစ်အောင် တည်ဆောက်ထားခြင်းအားဖြင့် ဘေးအန္တရာယ်များ ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးကိစ္စများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်များ အချိန်မီပေးပို့နိုင်ရေး၊ မှန်ကန်သည့် သတင်းများ ဖြစ်စေရေးသည် အရေးပါသကဲ့သို့ သတင်းအမှားများကို သိရှိရှောင်ရှားနိုင်ရေးသည်လည်း လွန်စွာ အရေးကြီးကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်များကို နိုင်ငံပိုင်သတင်း မီဒီယာများ၊ ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြ၍ ကြိုတင်ပြင်ဆင်နိုင်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုကို လျော့နည်းအောင် ဆောင်ရွက်နိုင်ခဲ့သည့် သာဓကများရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။
ဆက်လက်၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် နိုင်ငံတော်က ကဏ္ဍအလိုက်ဆောင်ရွက်ပေး နေမှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်နှင့် မှန်ကန်မြန်ဆန်စွာသိရှိရန် လိုအပ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားပြီးနောက် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူခြင်း၊ တိကျမှန်ကန်သော အချက်အလက်များ မြန်ဆန်စွာရရှိခြင်းသည် ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေး၊ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် အဓိကကျကြောင်း၊ စကားဝိုင်း ဆွေးနွေးပွဲသည် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ အကျိုးရှိသောဆွေးနွေးပွဲတစ်ခုဖြစ်သည့် အတွက် တက်ရောက်လာသူများအနေဖြင့် လေ့လာမှတ်သား၍ ထပ်ဆင့်မျှဝေပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲတွင် ဗဟိုစာရင်းအင်းအဖွဲ့၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြပြီး တက်ရောက် လာသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားများ အင်းလေးဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီ
09/23/2025
ညောင်ရွှေ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူ အင်းလေးဒေသဝဲယာ(၂၁)ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံ ပင့်ဆောင်ပွဲမင်္ဂလာအခမ်းအနားပထမပိုင်းကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ရုပ်ရှင်တော်မြတ်များ ထာဝရသီတင်းသုံး စံပယ်တော်မူရာ နမ့်ဟူးစံကျောင်းတော်၌ ကျင်းပသည်။
ဦးစွာ မိုင်းသောက်ပထမ စာသင်တိုက်ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလာ ဘိဝံသအမှူးပြုသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့ အမှူးပြုသော ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး နမ့်ဟူးကျောင်းဆရာတော် ဦးဝိဇယအရှင်မြတ်က မာရ်အောင်မင်္ဂလာဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်သည်။
ထို့နောက် တောင်ခြေကျောင်းဆရာတော် ဦးကောဝိဒက ကောင်းတင်းခြိမ့်ညံ ကြွေးကြော်သံဂါထာတော်နှင့် ရွှေဉာဏ်တော်ဖွင့်ဂါထာတော်များ ရွတ်ဖတ်ပူဇော်ပြီး ဖောင်တော်ဦးဘုရားရုပ်ရှင်တော်မြတ်များအား အနေကဇာတင်တော်မူကြသည်။
ယင်းနောက် ဧည့်သည်တော်များက ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းပြီးနောက် နံနက် ၆ နာရီတွင် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ မိုင်းသောက်ပထမစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် ညောင်ရွှေမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ အင်းလေးဒေသဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံပါမည့် အကြောင်း ပင့်ပန်လျှောက်ထားလွှာကို ဖတ်ကြားလျှောက်ထားပြီး ဖောင်တော်ဦးရုပ်ရှင်တော်မြတ် ပထမအဆူကို ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်ကလည်းကောင်း၊ ဒုတိယအဆူကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံကလည်းကောင်း၊ တတိယအဆူကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းကလည်းကောင်း၊ စတုတ္ထအဆူကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန်ကလည်းကောင်း အသီးသီးအစီအစဉ်အတိုင်း ပင့်ဆောင်ပူဇော်ကြသည်။
အဆိုပါ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူတို့အား နံနက် ၇ နာရီတွင် အင်းသားရိုးရာ ဆွဲလှေ ၄၆ စင်းဖြင့် ရေလမ်းခရီးပင့်ဆောင်ပူဇော်ကြပြီး ကြေးပေါခုံစံကျောင်းတော်၌ တစ်ညတာ ကိန်းဝပ်အပူဇော်ခံမည်ဖြစ်ကာ စက်တင်ဘာ ၂၃ ရက်တွင် အင်းတိန်စံကျောင်းတော်မှ ဟဲယာရွာမစံကျောင်းတော်သို့ ဆက်လက်ကြွချီပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်မည်
09/23/2025
နေပြည်တော် စက်တင်ဘာ ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅(World Atomic Week 2025)သို့ တက်ရောက်ရန်အတွက် မကြာမီရက်ပိုင်းအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅(World Atomic Week 2025)သို့ တက်ရောက်ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင် အပါအဝင် ရုရှားနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက် ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်
09/22/2025
နေပြည်တော် စက်တင်ဘာ ၂၁
မြန်မာ့တပ်မတော် (ရေ) နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေတပ်)၊ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Cui Yuzhong ၏ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စက်တင်ဘာလ ၁၄ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာကာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၆ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) ဌာနချုပ်သို့ သွားရောက်ခဲ့ရာ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Cui Yuzhong နှင့်အဆင့်မြင့်အရာရှိကြီးများက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဒုတိယရေတပ်ဦးစီးချုပ်တို့သည် ရေတပ်ဂုဏ်ပြုတပ်ဖွဲ့၏ ကြိုဆိုအလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။ ၎င်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး ဌာနချုပ်ခန်းမတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် အစည်းအဝေးခန်းမတွင် နှစ်နိုင်ငံ ရေတပ်နှစ်ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ ညပိုင်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်)၊ ဒုတိယရေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ဆက်လက်၍ စက်တင်ဘာလ ၁၇ ရက်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့သည် ချင်းတောင်မြို့ North Sea Fleet ရှိ ဖျက်သင်္ဘော Xining သို့သွားရောက်လေ့လာခဲ့ရာစစ်ရေယာဉ်မှူးက အလေးပြုကြိုဆိုကာ လိုက်လံရှင်းလင်းပြသခဲ့သည်။ ၎င်းနောက် North Sea Fleet ဌာနချုပ်သို့ သွားရောက်ခဲ့ရာ North Sea Fleet Commander နှင့် အရာရှိကြီးများက တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့အား North Sea Fleet ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုအလေးပြုခဲ့ပြီး North Sea Fleet ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၈ ရက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) ၏ Navy Submarine Academy သို့ သွားရောက်လေ့လာခဲ့ရာ Navy Submarine Academy ကျောင်းအုပ်ကြီးက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုအလေးပြုခဲ့သည်။ ၎င်းနောက် Academy ၏ သမိုင်းကြောင်းနှင့် လေ့ကျင့်သင်ကြားမှုများကို ရှင်းလင်းတင်ပြပြီး ကျောင်းဝန်းအတွင်းရှိ စာကြည့်တိုက်၊ Simulator ၊ Trainer များကို လှည့်လှည်ကြည့်ရှုခဲ့သည်။ ထို့နောက်ရေတပ်ပြတိုက်သို့ သွားရောက်လေ့လာခဲ့သည်။ ထို့ပြင် စက်တင်ဘာလ ၁၉ ရက်တွင်လည်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့ရှိ Shanghai Hudong-Zhonghua သင်္ဘောကျင်းသို့ သွားရောက်လေ့လာခဲ့ရာ သင်္ဘောကျင်းတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်။
တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လင်ကွမ်းဘုရားကျောင်း၊ Great Wall အစရှိသည့် အထင်ကရနေရာများသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရန်ကုန်မြို့ရှိ အနုပညာဗဟိုဌာနတည်ဆောက်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
09/22/2025
ရန်ကုန် စက်တင်ဘာ ၂၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် မင်းဓမ္မလမ်းပေါ်ရှိ အနုပညာဗဟိုဌာန (Myanmar Art Center - Yangon) သို့ ရောက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ကို ဆောက်လုပ်ရေးရှင်းလင်းဆောင်တွင် Myanmar Land and Development Limited ဆောက်လုပ်ရေး ကုမ္ပဏီမှ Managing Director ဦးသန့်ဇင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော လုပ်ငန်းခုနစ်ခု၏ ဆောင်ရွက်မှုကို ရှင်းလင်းတင်ပြပြီး Project Director ဒေါ်ယုယုနိုင်က လုပ်ငန်းပြီးစီးမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းအဆင့်တိုင်း ဆောင်ရွက်ရာ၌ စံချိန်စံညွှန်းမီအောင် ဆောင်ရွက်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်အရည် အသွေးစံနှုန်းများနှင့်အညီ သုံးစွဲရေး၊ Structure ပါအတိုင်း အဆင့်တိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အရည်အသွေးစစ်ဆေးရေးအဖွဲ့ (QC Team)က အလေးထားစစ်ဆေးသွားရေး၊ QC Report တင်ပြပေးရေး၊ လိုက်နာဆောင်ရွက်မှု မှတ်တမ်းထားရှိ စစ်ဆေးကြီးကြပ်ပေးရေး၊ ငလျင်ရစ်(ခ်)တာစကေး ၈ ဒသမ ၀ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ပေးရေး လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ရေဂါလန် ၃၀၀၀၀ ဆံ့ Ground Tank နှစ်လုံး တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ ရှစ်လက်မ Tube Well တူးဖော်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ Steel Structure သန့်ရှင်းရေးနှင့် ဆီဆေးသုတ်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ RC Wall နံရံများ အချောကိုင်ခြင်း၊ ရေလုံဆေးသုတ်ခြင်းလုပ်ငန်းများ၏ ပြီးစီးမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
အနုပညာဗဟိုဌာန (Myanmar Art Center- Yangon) ကို ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရပ်များ တင်ဆက်နိုင်မည့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနအဖြစ် ဖျော်ဖြေရေးအတွက်သာမက အနုပညာဆိုင်ရာပြပွဲ၊ ပြိုင်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာနှင့်ဆက်စပ်သော ဟောပြောပွဲများ ပြုလုပ်နိုင်ရန်အတွက်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအနုပညာဗဟိုဌာနကြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှ လာရောက်သော ယဉ်ကျေးမှု ပဒေသာကပွဲများ၊ ကဇာတ်၊ ပြဇာတ်နှင့် တေးဂီတ သံစုံဖျော်ဖြေတီးခတ်မှုများ၊ တေးဂီတဆိုင်ရာ ဖျော်ဖြေမှုများ၊ အနုပညာနှင့် ဆက်စပ်သော ပန်းချီ၊ ပန်းပုဆိုင်ရာပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာဆိုင်ရာ ပညာပေးဟောပြောမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပုနှင့် စာပေနယ်ပယ်အသီးသီးမှ မြန်မာအနုပညာရှင်လူငယ်များအနေဖြင့် မိမိတို့၏ အနုပညာရပ်များကို ကမ္ဘာသို့ ဖော်ထုတ်ပြသနိုင်မည်သာမက ကမ္ဘာ့အနုပညာအသီးသီးနှင့် ဆက်စပ်ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိစေမည့် အနုပညာဗဟိုဌာနတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

(၈၄) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ရာသီဥတုအပြောင်းအလဲနှင့်ဆက်စပ်၍ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် ဆွေးနွေး
09/22/2025
နေပြည်တော် စက်တင်ဘာ ၂၁
(၈၄) ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပရာ သက်ဆိုင်ရာပညာရှင်များက “ရာသီဥတုအပြောင်းအလဲနှင့်ဆက်စပ်၍ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
ဦးစွာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနက သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်၍ လွှမ်းခြုံနိုင်သော မျိုးစေ့ထုတ်လုပ်မှု စနစ်ကို ပိုမိုခိုင်မာစွာ တည်ဆောက်ကာ အရည် အသွေးမြင့် မျိုးစေ့များ တောင်သူများလက်ထဲ ရောက်ရှိရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသနှင့်ကိုက်ညီသော မျိုးများ အသုံးပြုနိုင်ရေး၊ ဒေသအလိုက် မျိုးစေ့ဖူလုံရေးအတွက် ဒေသန္တရမျိုးစေ့စနစ် ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် တောင်သူတိုင်း ကိုယ်တိုင် မျိုးစေ့ထုတ်လုပ်နိုင်စေရန် မျိုးစေ့ထုတ်နည်းပညာများ စနစ်တကျမျှဝေပေးပြီး တောင်သူကိုယ်တိုင် ပူးပေါင်းပါဝင်သည့် မျိုးစေ့ထုတ်စနစ် ဖွံ့ဖြိုးတိုးတက်လာရေး ဦးတည်ဆောင်ရွက်သွားစေလိုကြောင်း၊ ယခုအခါ မျိုးစေ့ထုတ်ကုမ္ပဏီများ ပေါ်ပေါက်လာသော်လည်း စိုက်ပျိုးဧရိယာအားလုံးအတွက် ဖူလုံရန် လိုအပ်လျက်ရှိကြောင်း၊ ပြည်ပမှ မျိုးစေ့တင်သွင်းအသုံးပြုရခြင်းသည် ရေရှည်အတွက် အဖြေမဟုတ်ကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုမွန်က မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဂေဟဗေဒဇုန်များ၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူလွန်ကဲသည့်ဖြစ်စဉ်များ၊ ရာသီဥတုပြောင်းလဲမှု၊ ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းရန် နည်းလမ်းများ၊ ဒေသအလိုက် မျိုးစေ့ဖူလုံရေးဆောင်ရွက်ရန် နည်းလမ်းများ၊ ရာသီဥတုဒဏ်ခံနိုင်သည့် သီးနှံမျိုးများထုတ်လုပ်ခြင်း၊ ဒေသအလိုက် ရာသီဥတုဒဏ်ခံနိုင်သည့်မျိုးများ စိုက်ပျိုးရွေးချယ်ခြင်း၊ ပွားများခြင်း၊ မျိုးစေ့ရှင်သန်နိုင် စွမ်းအားတို့နှင့်ပတ်သက်၍ တင်ပြပြီး ဆွေးနွေးပွဲတက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို အသေးစိတ်ရှင်းလင်းဖြေကြားသည်။
(၈၄) ကြိမ်မြောက်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များ၊ သုတေသီများ၊ နေပြည်တော်ကောင်စီနယ်မြေမှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူ ၂၁၈ ဦးက zoom point ၁၀၀ ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်

အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်
09/22/2025
နေပြည်တော် စက်တင်ဘာ ၂၁
အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် နေ မ----- ၊ ၂၀ နှစ်၊ မ----- ၊ ၁၈ နှစ်နှင့် မ----- ၊ ၁၆ နှစ်တို့ကို ၎င်းတို့ကျိုင်းတုံမြို့ရှိ Bar များတွင် အလုပ်လုပ်ခဲ့စဉ်က ခင်မင်ခဲ့သည့် ကျိုင်းတုံမြို့နယ် နောင်ကုန်းအုပ်စုနေ ကဗျာမေ (ခ) နာသဲနဲ၊ ၁၆/၂၀၂၅ နှစ်က မိုင်းယောင်းမြို့တွင် ကုမ္ပဏီသူဌေး တရုတ်နိုင်ငံသားများက ကောင်မလေးခေါ်နေကြောင်း၊ တရုတ်နိုင်ငံသားများနှင့် ပေါင်းသင်းနေထိုင်ပါက တစ်လလျှင် ယွမ် ၁၅၀၀၀/ ၂၀၀၀၀ ခန့်ရမည်ဖြစ်ကြောင်း စည်းရုံးပြောဆိုသဖြင့် သဘောတူခဲ့ကြောင်း၊ ၎င်းတို့သုံးဦးကို ကဗျာမေ (ခ) နာသဲနဲနှင့် ခင်ပွန်းအားဘာတို့မှ မိုင်းပေါက်မြို့နေ ဂျော်နီ (ခ)ဂျော်လီ၊ ၁၇/၂၀၂၅ နှစ် ထံပို့ဆောင်ခဲ့ကြောင်း၊ ဂျော်နီ (ခ) ဂျော်လီက အထူးဒေသ (၂) မိုင်းပေါက်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကျိုင်းတုံမြို့မရဲစခန်း (ပ) ၄၂/၂၀၂၅နှင့် (ပ) ၄၃/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ တို့ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့သည်။
စက်တင်ဘာ ၁၈ ရက်တွင် ကလေးသူငယ်တရားခံ ကဗျာမေ(ခ) နာသဲနဲနှင့် ဂျော်နီ(ခ)ဂျော်လီတို့ နှစ်ဦးကို ကျိုင်းတုံမြို့နယ်တရားရုံးမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၈၈ (ဂ) အရ အမှုတစ်မှုချင်းစီအတွက် အလုပ်မဲ့ထောင်ဒဏ်သုံးနှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံ အားဘာကို ကျိုင်းတုံခရိုင်တရားရုံးမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်နေ မ----- ၊ ၂၀/၂၀၂၅ နှစ်သည် ဗန္ဓုလပန်းခြံသို့ သွားရောက်လည်ပတ်ရာ ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်နေ မခင်လှရီ (ခ) မရှည်က လာရောက်မိတ်ဆက်ပြီး တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ်သိန်း ၅၀ ရမည်၊ စရိတ်ကုန်ကျခံ၍ ပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆို၍ မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် နေထိုင်စေခဲ့ကြောင်း၊ လေးရက်ခန့်အကြာ လှိုင်သာယာမြို့နယ် ရွှေဥက္ကံရပ်ကွက်နေ မသဲအိကျော် (ခ) သဲသဲက တစ်ရပ်ကွက်တည်းနေ မ----- ၊ ၁၇ နှစ်ကို တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ရန် စည်းရုံးပြောဆိုပြီး တည်းခိုခန်းသို့ လာရောက်ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးကို မခင်လှရီ (ခ) မရှည်က တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ခေါ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့သဖြင့် ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်း (ပ) ၈၈/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ တရားခံ မခင်လှရီ (ခ) မရှည်နှင့် မသဲအိကျော် (ခ) သဲသဲတို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ လယ်ယာသားငါးကဏ္ဍဖွံ့ဖြိုးရေး ကြိုးပမ်းဆောင်ရွက်
09/22/2025
နေပြည်တော် စက်တင်ဘာ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနပိုင် အုတ်ကျင်းသိုလှောင်ရုံအား မျိုးစေ့၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေးသွင်းအားစုများ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် မာလာမြိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်နှင့် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်းဦးစီးဌာနပိုင် အဆောက်အအုံငှားရမ်း၍ စိုက်ပျိုးရေးလုပ်ငန်းသုံး ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် စိုးအဏ္ဏဝါကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ Fresh & Green ကုမ္ပဏီမှ အနောက်ကြို့ကုန်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေအား ငှားရမ်း၍ ကောက်ပဲသီးနှံ၊ အသားငါး၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအအေးခန်းစက်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ မြို့နယ်အားကစားခန်းမတွင် ကျင်းပသည့် ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရကျောင်းသား ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် သင်ကြားမှု ထူးချွန်ဆရာ ဆရာမများအား ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြု အမှာစကားပြောကြားသည်။
အခမ်းအနားတွင် ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၄ ဘာသာဂုဏ်ထူးရှင် သုံးဦး၊ ၃ ဘာသာဂုဏ်ထူးရှင် သုံးဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ကိုးဦးနှင့် ၁ ဘာသာဂုဏ်ထူးရရှိသူ ၁၇ ဦး တို့ကိုလည်းကောင်း၊ ဘက်စုံထူးချွန်လူရည်ချွန် (Grade-9) ကျောင်းသားတစ်ဦး၊ အောင်ချက် အကောင်းဆုံး ကျောင်းများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသည့် ဆရာ ဆရာမများအားလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ပြီး ဒုတိယဝန်ကြီးက ပညာရေးစာကြည့်တိုက်၊ လူမှုရေးအသင်းများ၊ မဟာအတုလမြတ်မုနိရပ်တော်မူဘုရားကြီး ဘက်စုံပြုပြင်ရန်နှင့် ဘိုးဘွားရိပ်သာတို့အတွက် အလှူငွေများ ပေးအပ်သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပန်းပဲစုကျေးရွာ တောင်သူ ဦးလှဘော်၏ လယ်မြေတွင် ပေါ်ဆန်းစပါးမျိုး ၁၁ မျိုး မျိုးယှဉ်ပြိုင်ကွက်တွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်ကြဲပက်နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ဓာတ်မြေသြဇာ အသုံးပြုမှုလျှော့ချခြင်းဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို အကျိုးဖြစ်စေရေး၊ မြေဆီလွှာ ၏ ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိနှင့် ဇီဝဂုဏ်သတ္တိများ ထိခိုက်ပျက်စီး မှုကင်းဝေးပြီး မြေဆီလွှာ၏ ကျန်းမာရေးကောင်းမွန်စေရေး၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းဖြင့် မြေဆီလွှာအတွင်း အာဟာရဓာတ်ဖြစ်ပေါ်ပြောင်းလဲမှုကို အထောက်အကူဖြစ်စေရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တောင်သူများအား သွင်းအားစုသဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်