
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အာဆီယံ-တရုတ် ဆောက်လုပ်ရေးဝန်ကြီးများ စားပွဲဝိုင်းအစည်းအဝေးနှင့် (၂၂) ကြိမ်မြောက် အာဆီယံ- တရုတ် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
နေပြည်တော် စက်တင်ဘာ ၁၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင် (Guilin) မြို့၌ ကျင်းပသည့် အာဆီယံ - တရုတ် ဆောက်လုပ်ရေးဝန်ကြီးများ စားပွဲဝိုင်းအစည်းအဝေးနှင့် နန်နင်း (Nanning) မြို့၌ ကျင်းပသည့် (၂၂) ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ အာဆီယံ - တရုတ်နိုင်ငံများမှ ဧည့်သည်တော်များနှင့်အတူ တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွေ့လင် (Guilin) မြို့၌ ရောက်ရှိနေစဉ် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက် ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိမ်ရာနှင့် မြို့ပြ - ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဆောင်သောအဖွဲ့နှင့် သီးခြားတွေ့ဆုံ၍ အာဆီယံ - တရုတ် ဆောက်လုပ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် အိမ်ရာနှင့် မြို့ပြ-ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများတွင် ထိရောက်သော အကျိုးရလဒ်များ၊ ခေတ်သစ်ပိုးလမ်းမကြီး (Belt and Road Initiative – BRI) နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China – Myanmar Economic Corridor – CMEC) တို့ကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မည့် အခြေအနေများ၊ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းတို့တွင် နည်းပညာဆိုင်ရာကူညီပံ့ပိုးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ကွေ့လင် (Guilin) မြို့ရှိ ASEAN-China Building Technology Exhibition သို့သွားရောက်ပြီး ပြခန်းများ တွင်ပြသထားသည့် ဆောက်လုပ်ရေးဆိုင်ရာပြခန်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
ညနေပိုင်းတွင် အာဆီယံ-တရုတ် ဆောက်လုပ်ရေးဝန်ကြီးများ စားပွဲဝိုင်းအစည်းအဝေး (ASEAN - China Ministerial Roundtable on Construction 2025) သို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးတွင် အဓိကဆွေးနွေးမည့် အကြောင်းအရာဖြစ်သော “ဒစ်ဂျစ်တယ်နည်းပညာဉာဏ်ရည်တုအသုံးချမှုဖြင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းခြင်းဖြင့် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ အဆောက်အအုံကဏ္ဍအရည်အသွေးမြင့်မားဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်း” ကို အသုံးချဆောင်ရွက်ခြင်းဖြင့် စမတ်မြို့ပြ၊ ကာဗွန်ထုတ်လုပ်မှုလျှော့ချသော မြို့ပြများကို ရည်မှန်းချက်ထားရှိသည့်အတိုင်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကိုလည်း တွက်ချက်၍ ကာကွယ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
အိမ်ရာ၊ မြို့ပြ-ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍတွင် ပြည်သူ့လူနေမှုဘဝများ မြှင့်တင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် မြို့ပြအစီအစဉ်အသစ်များ၏ ရည်မှန်းချက်များ အောင်မြင်စေရေးတို့ကို အာဆီယံ-တရုတ် ကျယ်ပြန့်သော မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း။
ထို့အပြင် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းခြင်းနှင့် မြို့ပြအရည်အသွေးမြှင့်တင်ခြင်းတို့အတွက် ဒစ်ဂျစ်တယ်နည်းပညာ၊ အစိမ်းရောင်မြို့ပြအဆောက်အုံဆိုင်ရာ နည်းပညာများနှင့် ဘေးကင်းလုံခြုံသော လူမှုပတ်ဝန်းကျင်များအတွက် သတင်းအချက်အလက်အခြေခံဉာဏ်ရည်တုနည်းပညာများ၊ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် သုတေသနပူးပေါင်းဆောင်ရွက်မှုရလဒ်များကို ယခုကဲ့သို့ အာဆီယံ-တရုတ် ဆောက်လုပ်ရေးဆိုင်ရာအစည်းအဝေးများ၊ ပြပွဲများမှတစ်ဆင့်မျှဝေခြင်းဖြင့် ဒေသတွင်းလူမှုအသိုက်အဝန်းအား ပိုမိုကောင်းမွန်သော မြို့ပြများ ပေါ်ထွန်းရေးအထောက်အကူဖြစ်ပါကြောင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆောက်လုပ်ရေးဒုတိယဝန်ကြီး ဦးဆောင်ကျင်းပသည့် ဆောက်လုပ်ရေးနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များနှင့် စီးပွားရေးပညာရှင်များ ပါဝင်သော ASEAN - China Cooperation and Development Forum on Building Industry 2025 အလွတ်တန်းအဆင့် ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လိုက်ပါလာသည့် ညွှန်ကြားရေးမှူးချုပ်က Digital Transfor-mation and Green Approach For Urban Development ခေါင်းစဉ်ဖြင့် တက်ရောက်ပါဝင်ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက်တွင် အာဆီယံ - တရုတ် ဆောက်လုပ်ရေးဝန်ကြီးများ စားပွဲဝိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ ကွေ့လင် (Guilin) မြို့မှ နန်နင်း (Nanning) မြို့သို့ သွားရောက်ကာ (၂၂) ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
သတင်းစဉ်

ရန်ကုန်မြို့အတွင်း၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများအား ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်စာရေးသားထားသည့် စတေကာများ လိုက်လံကပ်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ
နေပြည်တော် စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်စာများ ရေးသားထားသည့် စတေကာများ ဖြင့် အများပြည်သူသွားလာနေသည့် နေရာများ၌ စတေကာကပ်၍ လှုံ့ဆော်သူအမျိုးသားနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်စာရေးသားထားသည့် စတေကာများကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရွှေလင်ဘန်းကျေးရွာ ကျန်စစ်သားလမ်းနှင့် ဦးဖိုးလှိုင်လမ်းထောင့်ရှိ လမ်းညွှန်ဆိုင်းဘုတ်၌ ကပ်ထားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါလမ်းညွှန် ဆိုင်းဘုတ်ပေါ်၌ အလျား ၇ လက်မ၊ အနံ ၄ လက်မခန့်ရှိ နောက်ခံအနီရောင်ပေါ်တွင် အဝါရောင်ဖြင့် ရွေးကောက်ပွဲအား ဆန့်ကျင်လှုံ့ဆော်ရေးသားထားသည့် စာသားပါစတေကာ တစ်ရွက်နှင့် အနက်ရောင်မဲပုံးပေါ်တွင် ကျည်ဆန်ပုံသဏ္ဌာန်များပါ စတေကာတစ်ရွက်တို့ ကပ်ထားသည်ကို တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်း၍ ကျူးလွန်သူများအား လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်း (ပ) ၈၁၇/၂၀၂၅၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (က) ဖြင့် အမှုဖွင့်လှစ်၍ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့သည့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အမှတ် (၆) ရပ်ကွက်နေသူများဖြစ်ကြသည့် အောင်ရဲထွဋ် (ခ) ရဲထွဋ် (၂၄) နှစ်နှင့် ရန်နိုင်ကြည်ဝင်း (ခ) ရန်နိုင် (ခ) အကြီးကောင် (၂၃) နှစ်တို့ကို စက်တင်ဘာ ၁၈ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် ၎င်းတို့နေအိမ်မှ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၎င်းတို့၏ ထွက်ဆိုချက်များအရ ၎င်းတို့သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပျက်ပြားစေရန်ရည်ရွယ်၍ စက်တင်ဘာ ၁၃ ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သော နေရာ ၁၀ နေရာ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်ရေးသားထားသည့် စာသားပါစတေကာများဖြင့် အသိပေးလှုံ့ဆော်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
နေပြည်တော် စက်တင်ဘာ ၁၉
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်မှု၊ နယ်စပ်လုံခြုံရေးအပါအဝင် ကောင်စစ်ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

စတုတ္ထအကြိမ်မြောက် သဘင်သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ
ရန်ကုန် စက်တင်ဘာ ၁၈
မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် သဘင်သက်ကြီးပူဇော်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် အင်းစိန်ဘူတာရုံလမ်းရှိ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) မင်းဓမ္မယာယီရုံးသစ်၌ ကျင်းပသည်၊၊
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သဘင်အစည်းအရုံး အဖွဲ့ဝင်များ၊ ကန်တော့ခံသက်ကြီးသဘင်ပညာရှင် အဘိုး၊ အဘွားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်၊၊
ရှေးဦးစွာပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကိုယ်စား အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းတို့က မုဒိတာစကား ပြောကြားကြသည်။
ထို့နောက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကြရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အလှူငွေ ကျပ်သိန်း ၃၀ နှင့် MRTV DTH အစုံ ၂၀ နှင့် Set Top Box အလုံး ၁၀၀ တို့အားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အလှူငွေကျပ်သိန်း ၂၅၀ နှင့် ဆန်အိတ် ၅၀၀ အားလည်းကောင်း ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်က ယခုကဲ့သို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)အတွက် မြေနေရာခွင့်ပြုပေးခဲ့ သည့် နိုင်ငံတော်အစိုးရနှင့် တာဝန် ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခင်က ရန်ကုန်မြို့တွင် မိမိတို့အစည်းအရုံးအနေဖြင့် ရုံးခန်းငှားရမ်း၍ ဖွင့်လှစ်လျက်ရှိရာမှ ယခုအချိန်တွင် အစည်း အရုံးပိုင်မြေနေရာနှင့် ရုံးခန်းများတည်ရှိလာပြီဖြစ်ပါကြောင်း၊ ယခု မြေနေရာကိုအသုံးပြု၍ သဘင် လောကသားများနှင့် သဘင်ပညာရပ်များ တိုးတက်ဖွံ့ဖြိုးရန် ကြံဆောင်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ တက်ရောက်ကြသူများက သဘင်သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ကြပြီး ဂါရဝလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်၊၊
ထို့နောက် မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)၊ ဇာတ်သဘင်ပညာရပ်ဆိုင်ရာ ထိန်းသိမ်းမြှင့်တင်ရေး၊ ဆိုင်းပညာရပ်ဆိုင်ရာ ထိန်းသိမ်းမြှင့်တင်ရေး၊ ရုပ်သေးပညာရပ်ဆိုင်ရာ ထိန်းသိမ်း မြှင့်တင်ရေး၊ နတ်ဒေဝါထိန်းသိမ်းမြှင့်တင်ရေး၊ ရာမယဏပညာရပ် ထိန်းသိမ်းမြှင့်တင်ရေး၊ ဆပ်ကပ်မျက်လှည့်ပညာရပ်များ ထိန်းသိမ်းမြှင့်တင်ရေး၊ အငြိမ့်ပညာရပ်ဆိုင်ရာ ထိန်းသိမ်းမြှင့်တင်ရေးစသည့် ကော်မတီအသီးသီးမှ မျိုးဆက်သစ်သဘင်အနုပညာ ရှင်များနှင့် သဘင်ပညာရပ်ဆိုင်ရာ ပညာရှင်ကြီးများက တေးသီချင်း၊ ဆိုင်း၊ အက၊ မြေဝိုင်း ဇာတ်သဘင်၊ ဆပ်ကပ်၊ မျက်လှည့်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်၊၊
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တီမောလက်စ်တေ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတို့ ဦးဆောင်သော နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ
နေပြည်တော် စက်တင်ဘာ ၁၈
တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာဘန်ဒီတိုဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ အလုပ်သဘောခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာဘန်ဒီတိုဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ်တို့ ဦးဆောင်သည့် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံပြီး နှစ်နိုင်ငံကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးကို အာဆီယံပဋိညာဉ်၊ အခြေခံမူများ၊ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ တစ်နိုင်ငံ၏ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုဘဲ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို တိုးမြှင့်သွားကြရန် အလေးထား ဆွေးနွေးသဘောတူခဲ့သည်။
ထို့ပြင် တီမောလက်စ်တေနိုင်ငံက မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ် ခြင်း၊ တရားမဝင်ဆန့်ကျင်သည့် လှုပ်ရှားမှုများဆောင်ရွက်ခြင်းခွင့်ပြုမည်မဟုတ်ကြောင်းနှင့် မြန်မာ နိုင်ငံအစိုးရအား တီမောလက်စ်တေနိုင်ငံ မြို့တော်ဒီလီ၌ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ရန် ဆွေးနွေး ကမ်းလှမ်းခဲ့ပြီးနှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ အာဆီယံနိုင်ငံများအကြား ချုပ်ဆိုကြသည့် နှစ်နိုင်ငံသံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးအတွက် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

မြန်မာနိုင်ငံသို့ နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်အတွက် Bilateral Engagement Activities ဆိုင်ရာ လှုပ်ရှားမှုများဆောင်ရွက်ရန်ရောက်ရှိနေသည့် ထိုင်းဘုရင့်လေတပ်မှ Air Chief Marshal Punpakdee Pattanakul ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ
နေပြည်တော် စက်တင်ဘာ ၁၈
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၏ ဖိတ်ကြားချက်အရ မြန်မာ-ထိုင်းနှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်အတွက် Bilateral Engagement Activities ဆိုင်ရာလှုပ်ရှားမှုများဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ရောက်ရှိနေသော ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကမ္ဘာအေးဘုရားနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်လည်ပတ်ကြည့်ရှုခဲ့ကြသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ထိုင်းနိုင်ငံသို့ ထိုင်းဘုရင်လေတပ်မှ ATR-72 လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းဘုရင့်လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ
နေပြည်တော် စက်တင်ဘာ ၁၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ် တက်ရောက်ခဲ့သော နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေနံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နန်နင်းမြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာကြသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ကွမ်ရှီးဒေသ CPC ပါတီဒုတိယအတွင်းရေးမှူး Mr.Wang Weiping၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်၊ တာဝန်ရှိသူများနှင့် ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် နန်နင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော်တပ်မတော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယမန်နေ့ညနေပိုင်းကလည်း နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နန်နင်းမြို့ရှိ တရုတ်-အာဆီယံ AI နည်းပညာဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက စင်တာအတွင်းရှိ AI ဖြင့် ပြုလုပ်ထားသည့် CAAIC သမိုင်းကြောင်း Video ၊ Al ၏စွမ်းရည်မြင့်မားလာမှုများ၊ AI ဖြင့် အာဆီယံနိုင်ငံများအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နေမှု၊ AI ဖြင့် လူမှုဆက်ဆံရေး၊ ဆေးဘက်ဆိုင်ရာ ကုသရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများတွင် အကောင်အထည်ဖော်အသုံးပြုနေမှု၊ AI ဖြင့် Super League ပြိုင်ပွဲနှင့် ဖိုရမ်တွင် အသုံးပြုခဲ့သည့် ပစ္စည်းများ ၊ တရုတ်-အာဆီယံနှင့် ပတ်သက်သည့် Data Zone၊ လုံခြုံရေးဆိုင်ရာ Service ပေးသည့် Zone တို့ကို လိုက်လံရှင်းလင်းပြသရာ နိုင်ငံတော်ဝန်ကြီးချုပ်က ကြည့်ရှုလေ့လာပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထားဝယ်မြို့တော်ခန်းမဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်၊ ထားဝယ်မြို့နယ်အတွင်းမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူတစ်ဦးတို့အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်
နေပြည်တော် စက်တင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ အဆောက်အဦသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများလိုက်ပါ၍ ထားဝယ်မြို့ မြို့တော်ခန်းမ အဆောက်အဦသစ်ဖွင့်ပွဲ ကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက လှိုက်လှဲနွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။
ထားဝယ်မြို့တော်ခန်းမဖွင့်ပွဲကျင်းပ
အစီအစဉ်အရ အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ထားဝယ်မြို့ မြို့တော်ခန်းမအဆောက်အဦသစ်အား တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထားဝယ်မြို့ မြို့တော်ခန်းမ အဆောက်အဦသစ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့ မြို့တော်ခန်းမ အဆောက်အဦသစ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအဖြစ် ထားဝယ်မြို့ မြို့တော်ခန်းမ အဆောက်အဦသစ်အတွင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့တော်ခန်းမအဆောက်အဦသစ်ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါ ထားဝယ်မြို့တော်ခန်းမအား နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၂ ခုနှစ်တွင် ထားဝယ်မြို့သို့လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ထားဝယ်မြို့၌ လိုအပ်လျက်ရှိသည့် မြို့တော်ခန်းမကို တည်ဆောက်ရန် ခွင့်ပြုဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စတုရန်းပေ ၄၀၃၆၄ ရှိကာ တစ်ထပ်ခွဲ RCC အဆောက်အဦ အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။
ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပညာရည်ချွန်ဆု ချီးမြှင့်ရခြင်းနှင့် ပညာရေးကဏ္ဍကို အလေးပေးမြှင့်တင်ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားရာ၌ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်နှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဆိုပါနိုင်ငံတွင်ရှိသည့် ပြည်သူတစ်ဦးချင်းစီသည် အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်ဗဟုသုတ ပြည့်ဝကြရန်လိုကြောင်း၊ အထူးသဖြင့်မိမိတို့ နိုင်ငံကဲ့သို့ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေသည့်အချိန်တွင် တိုင်းရင်းသားပြည်သူ အားလုံးအနေဖြင့် အရာရာကို စဉ်းစားတွေး ခေါ်နိုင်စွမ်းနှင့် အမှားအမှန်ကိုခွဲခြားသိရှိပြီး နိုင်ငံနှင့်လူမျိုးကောင်းကျိုးများကို သယ်ပိုးရွက်ဆောင်နိုင်ကြရန် အရေးကြီးကြောင်း၊ ထိုသို့အဖက်ဖက်မှ ပြည့်စုံရန်အတွက် နိုင်ငံသားတိုင်းပညာတတ်ရန် အဓိကကျကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်ကို ချမှတ်ထားကြောင်း။
နိုင်ငံတော်အနေဖြင့် ပညာရေးကို မြှင့်တင်ပေးနေသကဲ့သို့ ထူးချွန်ထက်မြက်သည့် လူရည်ချွန်များ၊ တက္ကသိုလ်ဝင်တန်းတွင် ထူးထူးချွန်ချွန်အောင်မြင်ကြသူများကို နှစ်စဉ်ထိုက်ထိုက်တန်တန် ချီးမြှင့်ဂုဏ်ပြုပေးလျက်ရှိကြောင်း၊ ယခုအခမ်းအနားတွင် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မမြတ်ရတနာသင်းကို ချီးမြှင့်ဂုဏ်ပြုသွားမည် ဖြစ်ကြောင်း။
၂၀၂၁ ခုနှစ်မှစပြီး တနင်္သာရီတိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်တန်း အောင်ချက်များကိုကြည့်ပါက ၂၀၂၁ ခုနှစ်တွင် ၄၅ ဒသမ ၉၅ ရာခိုင်နှုန်း ၊ ၂၀၂၂-၂၃ ပညာသင်နှစ်တွင် ၆၈ ဒသမ ၀၃ ရာခိုင်နှုန်း၊ ၂၀၂၃-၂၄ ခုနှစ်တွင် ၄၈ ဒသမ ၃၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ယခု ၂၀၂၄-၂၅ ပညာသင်နှစ်တွင် ၅၀ ဒသမ ၅၈ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခင်နှစ်ကထက် အောင်မြင်မှုရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့သည်ကို တွေ့ရှိရကြောင်း။
ဂုဏ်ထူးရရှိမှုများအနေဖြင့် (၄)နှစ်တာကာလအတွင်း ခြောက်ဘာသာ ဂုဏ်ထူးရှင် (၂၃)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၆၂)ဦး၊ လေးဘာသာ ဂုဏ်ထူးရှင်(၁၁၀)၊ သုံးဘာသာဂုဏ်ထူးရှင်(၁၆၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၄၂၀)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၆၆၃) ဦးရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် (၄)နှစ်တာကာလအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆင့်(၁)တစ်ဦးရရှိခဲ့သည်ကို တွေ့ရကြောင်း၊ ယခုကဲ့သို့ပညာရေးကဏ္ဍ ပိုမိုတိုးတက်လာခြင်းသည် မိဘဆရာများ၏ စေတနာနှင့်ဝတ္တရားကျေပွန်စွာ ပူးပေါင်းဆောင်ရွက်မှုအပြင် ကျောင်းသားကျောင်းသူများ၏ ကြိုးစားအားထုတ်မှုတို့ကြောင့်ပင် ဖြစ်ကြောင်း။
၂၀၂၁ ခုနှစ်မှ ယနေ့ ၂၀၂၅ ခုနှစ်အထိ (၄)နှစ်တာကာလအတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသူများအနက် ဆေးတက္ကသိုလ်တက်ရောက်နေသူ (၁၈)ဦး၊ နည်းပညာတက္ကသိုလ် တက်ရောက်နေသူ(၁၅၂)ဦး၊ ထားဝယ်မြို့ Polytechnic University မှာ (၁၉၆)ဦး ပညာသင်ကြားလျက်ရှိသည်ဟု သိရကြောင်း၊ ထို့အပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်လုံးတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(၄)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး အသက်မွေးဝမ်းကျောင်း အခြေခံ ပညာရပ်များကို လေ့ကျင့်သင်ကြားပေးလျက်ရှိနေသည်ကို တွေ့ရကြောင်း။
စာတော်သည့် ထူးချွန်သည့်သူတစ်ယောက်သည် ငယ်စဉ်ကတည်းက မိဘဆရာသမားများ၏ ကြပ်မတ်သွန်သင်မှုနှင့် ငယ်စဉ်ကတည်းက ကြိုးစားမှသာ ရခြင်းဖြစ်ကြောင်း၊ “အစကောင်းမှ အနှောင်းသေချာမည်” ဖြစ်ကြောင်း၊ မမြတ်ရတနာသင်းကဲ့သို့ပင် ထားဝယ်ဒေသမှ တိုင်းသိပြည်သိ ကမ္ဘာသိ ထူးချွန်သည့်ပုဂ္ဂိုလ်များ ပေါ်ထွက်ခဲ့ကြောင်း၊ ဝန်ကြီးချုပ် ဦးဘဆွေ၊ ဦးစိန်ဝင်း၊ ဗိုလ်မှူးကြီးဗထူး၊ မီးပုံးပျံ ဦးကျော်ရင်၊ သူရမချစ်ပို၊ ပန်းချီ ဦးငွေကိုင်၊ နိုင်ငံတော်စာရင်းစစ်ချုပ် ဦးအုန်းတင်၊ မောင်ထားဝယ် ဦးဖေအေး၊ ကျွန်းဆွယ်အလေးမချန်ပီယံ ဦးဖေအေး စသည်ဖြင့် အခြားမိမိအနေဖြင့် မဖော်ပြနိုင်သည့်ပုဂ္ဂိုလ်များလည်း များစွာရှိကြဦးမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းအတွက် ဂုဏ်ယူဖွယ်ရာများပင်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသကဲ့သို့ မိဘများ၊ ဆရာ ဆရာမများကလည်း မိမိတို့၏ သားသမီးများ၊ တပည့်များကို ပညာတတ် လူတော်လူကောင်းများဖြစ်အောင် သွန်သင်ဆုံးမ၊ လေ့ကျင့်သင်ကြားပေးကြရန်၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း မိဘဆရာများ၏ သွန်သင်ပြသမှုများကို နာယူမှတ်သားပြီး အသိပညာ၊ အတတ်ပညာပြည့်ဝသည့်၊ ဘက်ပေါင်းစုံတွင် ထူးချွန်ထက်မြက်သည့်၊ ဗလငါးတန်ပြည့်ဝသည့် နိုင်ငံအတွက်အားကိုးအားထားပြုနိုင်သည့် သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်းမှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် (၆) ဘာသာဂုဏ်ထူးရှင် မမြတ်ရတနာသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် (၆)ဘာသာဂုဏ်ထူးရှင် မမြတ်ရတနာသင်းနှင့် မိဘများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးမှာကြား
နေပြည်တော် စက်တင်ဘာ ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား ထားဝယ်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေး ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒေါက်တာမျိုးသိန်းကျော်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား ဆွေးနွေးတင်ပြ
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးဆိုင်ရာအချက်အလက်များ၊ ဆီဖူလုံမှုရရှိရေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိမှုနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်လျက်ရှိမှု၊ ဆီဖူလုံမှုရရှိရေးအတွက် ဆီကြမ်းနှင့် ဆီချောစက်ရုံများ ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ ရော်ဘာနှင့် ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်လျက်ရှိမှု၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ငါးသယံဇာတနှင့် ရေထွက်ကုန်ထုတ်လုပ်ရေးစက်ရုံများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ မြို့ပြနှင့်ကျေးလက်ဒေသများအားလုံး လျှပ်စစ်မီးရရှိရေးဆောင်ရွက်နိုင်မှု၊ တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဒေသများသို့ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာအထက်တန်း ကျောင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ ကျန်းမာရေးဆိုင်ရာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှု၊ ဒီရေတောပင်များထိန်းသိမ်းထားရှိမှုနှင့် တစ်အုပ်တမ သစ်ပင်စိုက်ပျိုးပွဲများပြုလုပ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု၊ ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ရော်ဘာကုန်ကြမ်းများအား တင်ပို့ရောင်းချရာတွင် ပိုမိုလွယ်ကူမှု ရှိစေရေးနှင့်အကျိုးအမြတ်ပိုမိုရရှိစေရေး ဆောင်ရွက်ပေးစေလိုမှု၊ ထားဝယ်ခရိုင်အတွင်း ငါးနှင့်ရေထွက်သယံဇာတမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ကျွန်းပတ်လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးစေလိုမှု၊ အသေးစား၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးစေလိုမှု၊ ထားဝယ်ဒေသအတွင်း လမ်းပန်းဆက်သွယ်မှုများ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလိုအပ်ချက်များကို အသီးသီးဆွေးနွေး တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး
၎င်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်ဒုတိယဝန်ကြီးများက တင်ပြချက်များတွင်ပါဝင်သည့် မြန်မာ့ရော်ဘာပို့ကုန်များ ပိုမိုဈေးကွက်ရရှိရေးအတွက် နိုင်ငံတကာမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များ၊ အသိအမှတ်ပြုလက်မှတ်များ ပြည့်မီမှုရှိစေရေး ဆောင်ရွက်သွားရန်လိုအပ်မှု၊ နိုင်ငံတော်မှ သတ်မှတ်ပေးထားသည့် တရားဝင်လမ်းကြောင်းများမှ တင်ပို့ရောင်းချသွားမည်ဆိုပါက ရော်ဘာပို့ကုန်များ ပိုမိုဈေးကွက်ရရှိနိုင်မှု၊ စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန်နှင့် အသေးစားစက်မှုဇုန်ပြုလုပ်ရန် မြေနေရာရရှိလိုမှုနှင့်ပတ်သက်၍ သတ်မှတ်ချက်များနှင့်အညီ တင်ပြလျှောက်ထားနိုင်မှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများအား လုပ်ငန်းရပ်များအလိုက် ကာလသတ်မှတ်ချက်များနှင့် အညီထုတ်ပေးထားခြင်းဖြစ်သည့်အတွက် စည်းကမ်းသတ်မှတ်ချက်များအတိုင်းသာ ရယူဆောင်ရွက်သွားရန်နှင့် ပြန်လည်ပေးဆပ်သွားရန်လိုအပ်မှု၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်အား ဖွင့်လှစ်ပေးသွားမည်ဖြစ်သဖြင့် တနင်္သာရီတိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း တက်ရောက်နိုင်မည်ဖြစ်ပြီး အဆိုပါတက္ကသိုလ်များအား နှစ်စဉ်တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိမှု၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြေနိမ့်ကော်ဖီများကို အောင်မြင်စွာစိုက်ပျိုးနိုင်မည့် အရင်းအမြစ်များရှိပြီးဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုမှု၊ ရေငန်ပုစွန်မွေးမြူရေးနှင့်ပတ်သက်၍လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားရှိပြီး ဈေးကွက်ရှိသည့်လုပ်ငန်းဖြစ်သဖြင့် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လိုသည့်လုပ်ငန်းရှင်များအား နိုင်ငံတော်မှ လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့များသို့ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်လေကြောင်းလိုင်းများမှ ခရီးသည်ရရှိမှုနှင့် ရာသီဥတုအပေါ်မူတည်၍ လေကြောင်းခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိမှု၊ ရေထွက်ကုန်ပစ္စည်းများအား ပြည်ပနိုင်ငံများသို့ တိုက်ရိုက်ပြေးဆွဲတင်ပို့နိုင်ရေးအတွက် ကုန်တင်လေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် လေယာဉ်ကွင်းများဖြစ်ပေါ်လာရေး အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ ကမ်းရိုးတန်းသွားသင်္ဘောများဖြင့် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှုများ အဆင်ပြေစေရေးအတွက် ထားဝယ်မြို့ရှိ ဆိပ်ခံဘောတံတားအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လျာထားဆောင်ရွက်လျက်ရှိမှု၊ သိပ္ပံနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုတို့နှင့်ပတ်သက်၍ အသီးသီးပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့မိ၊ မြို့ဖများနှင့်လုပ်ငန်းရှင်များ၏ တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများသို့တင်ပြ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြား
ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ထားဝယ်မြို့သည် အစဉ်အလာရှိသည့် မြို့တစ်မြို့ဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းစဉ်ကတည်းကပင် သမိုင်းကြောင်းကောင်းသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ ယဉ်ကျေးမှုအနေဖြင့်လည်း ရှေးနှစ်ပေါင်းများစွာကတည်းကပင် ခိုင်ခိုင်မာမာရှိခဲ့သည့်ဒေသတစ်ခုဖြစ်ခဲ့ကြောင်း၊ မကြာသေးမီနှစ်များအတွင်း ထားဝယ်ဒေသသို့ ရောက်ရှိခဲ့ပြီး မြို့တော်ခန်းမ အဆောက်အဦလိုအပ်ချက်ရှိသည်ကို တွေ့ရှိခဲ့ရသဖြင့် အဆောက်အဦအသစ်ဆောက်လုပ်နိုင်ရန် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင်ရွှေဝယ်သီရိအားကစားကွင်း အဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထားဝယ်လေဆိပ် အဆင့်မြှင့်တင်ပေးနိုင်ရေးအတွက်လည်း လိုအပ်သည်များ မှာကြားခဲ့ကြောင်း။
တင်ပြချက်များတွင်ပါဝင်သည့် ရော်ဘာထုတ်ကုန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ရာဘာကုန်ကြမ်းများအနေဖြင့် အဆင့်မြှင့်တင်နိုင်ရန်လိုကြောင်း၊ ရော်ဘာကုန်ကြမ်းများအား ပြည်ပသို့ လွယ်ကူစွာတင်ပို့နိုင်ရေးဆောင်ရွက်ပေးသွားမည် ဖြစ်သော်လည်း အဆင့်မြှင့်တင်နိုင်မည်ဆိုပါက ဈေးကွက်နှင့် ဈေးနှုန်းပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်ကြမ်းများတင်ပို့ခြင်းအပြင် ရော်ဘာထုတ်ကုန်များဖြစ်သည့် တာယာ၊ ကျွတ်နှင့် လူသုံးကုန်ပစ္စည်းများကို အဆင့်မီစွာဖြင့် ဈေးကွက်ရရှိအောင်ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ရာဘာထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံငွေများကိုလည်း ထုတ်ပေးလျက်ရှိကြောင်း၊ ရော်ဘာစိုက်ပျိုးရာတွင်လည်း အပင်၏သက်တမ်းနှင့် ထွက်ရှိနိုင်မှုတို့အပေါ်မူတည်၍ သွင်းအားစုများဖြည့်သွင်းခြင်းအပါအဝင် စဉ်ဆက်မပြတ်သည့် ရော်ဘာထုတ်လုပ်မှုကွင်းဆက်ဖြစ်ပေါ်လာအောင် တွက်ချက်စိုက်ပျိုးဆောင်ရွက်သွားရန်လိုကြောင်း၊ ရော်ဘာထုတ်ကုန်ပစ္စည်းများသည် နိုင်ငံတော်အတွက်လိုအပ်ချက် အမြဲရှိနေမည်ဖြစ်သည့်အတွက် ရော်ဘာကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ငါး၊ ပုစွန်၊ ဂဏန်း၊ ရေထွက်ပစ္စည်းနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
မိမိတို့၏အိမ်နီးချင်းနိုင်ငံများတွင် ငါး၊ ပုစွန်၊ ဂဏန်းနှင့်ရေထွက်ပစ္စည်း အသားလိုအပ်ချက် များစွာရှိနေကြောင်း၊ မိမိတို့အနေဖြင့် ငါးနှင့် ရေထွက်ပစ္စည်းများကို သဘာဝအလျောက် ဖမ်းယူရရှိနိုင်သကဲ့သို့ မွေးမြူရေးလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်၍ ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ဈေးကွက်လိုအပ်ချက်ရှိနေသည့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားရန်နှင့် မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့်အစာကိုလည်း ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့ရေပိုင်နက်အတွင်း ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းများ တိုးတက်လာစေရေးဆောင်ရွက်သွားရန်လိုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆက်သွယ်မှုပိုမိုမြန်ဆန်စေရေးအတွက် ထားဝယ်လေဆိပ်အား အဆင့်မြှင့်တင်တိုးချဲ့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဘုတ်ပြင်း၊ ကော့သောင်း စသည့် ကျွန်းပတ်လေကြောင်း ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထားဝယ်ဆိပ်ကမ်းနှင့် ပတ်သက်၍လည်း ထားဝယ်မြစ်အတွင်း သင်္ဘောများ ဝင်ထွက်မှုအဆင်ပြေစေရေး မြစ်ကြောင်းတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်ဆိပ်ကမ်း အဆင့်မြှင့်တင်နိုင်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
မွေးမြူရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှရင်းနှီးမတည်ငွေများ ထုတ်ပေးထားရှိပြီး လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အသား၊ ငါးနှင့် အခြေခံစားကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်ရခြင်းမှာ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ထို့ပြင်တရားမဝင်ကုန်သွယ်မှုများကြောင့်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ဖြစ်ပေါ်စေကြောင်း၊ မိမိတို့အနေဖြင့် ကုန်ဈေးနှုန်းများ ထိုက်သင့်သည်ဈေးနှုန်းအတိုင်းဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တရားမဝင်ကုန်စည်စီးဆင်းမှုများ မဖြစ်ပေါ်စေရေး တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းအပြင် နိုင်ငံတော်မှ ရသင့်ရထိုက်သည့်အခွန်ငွေများ သည်လည်းများစွာထိခိုက်နစ်နာရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီး အရည်အသွေးပြည့်မီသည့် ပို့ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်လည်း များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့်လည်း ဒေသတွင်းကုန်ထုတ် လုပ်မှုများတိုးမြှင့်၍ ဒေသနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်နှင့် လိုအပ်သည်များ အပြန်အလှန်ဆွေးနွေးနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမှဆောင်ရွက်ပေးခြင်းအပြင် ဒေသခံများအားလုံးကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထားဝယ်ဒေသအတွင်း တစ်ဧကအထွက်နှုန်း ပြည့်မီအောင်ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် ဒေသတွင်းဆန်ဖူလုံမှုမရှိသည်ကို တွေ့မြင်ရကြောင်း၊ ဒေသတွင်းဆန်ဖူလုံမှုရှိအောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာမည်ဖြစ်ပြီး ဒေသစီးပွားရေးကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ အလားတူအခြားသီးနှံများ အထွက်နှုန်းတိုးတက်စေရေး၊ ပန်းတိုင်အထွက်နှုန်းများရရှိရေးအတွက်လည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်းဖူလုံမှုမရှိ၍ ပြင်ပမှဝယ်ယူစားသုံးကုန်ကျမည့်ငွေကြေးများကို ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားနေရာများ၌ သုံးစွဲခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်သွားကြစေလိုကြောင်း။
စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
စိုက်ပျိုးရေးကို အခြေခံသည့်စက်မှုလုပ်ငန်းများကိုလည်း တိုးတက်အောင်ဆောင်ရွက်သွားကြရန်လိုပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း မြေနိမ့်ကော်ဖီဖြစ်သည့် Robesta ကော်ဖီကိုစိုက်ပျိုးနိုင်ကြောင်း၊ ဒေသ၏အခြေခံကောင်းများကို အကျိုးရှိရှိအသုံးချပြီး ဒေသတွင်းစိုက်ပျိုးဖြစ်ထွန်းသည့် ကော်ဖီ၊ ကိုကိုး၊ ဒူးရင်း၊ သီဟိုဠ်၊ အုန်းစသည့် အပင်များကို အောင်မြင်အောင်စိုက်ပျိုး၍ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်သွားကြစေလိုကြောင်း၊ အလားတူတနင်္သာရီတိုင်းဒေသကြီးအတွင်း ဝါးနှင့် ကြိမ်သယံဇာတများစွာထွက်ရှိသဖြင့် ဝါးနှင့် ကြိမ်ကုန်ကြမ်းများကို အခြေခံသည့် တန်ဖိုးမြင့်ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း။
တနင်္သာရီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပြီး ဒေသတွင်းစားရေးဖူလုံမှုအပြင် ပြင်ပနှင့် ပြည်ပသို့ ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံပြီး စနစ်ကျန၍စဉ်ဆက်မပြတ်သည့် ကုန်ထုတ်လုပ်မှုကို ဖော်ဆောင်နိုင်မည်ဆိုပါက ဒေသတွင်းလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း။
ပညာတတ်လူသားအရင်းအမြစ်ကောင်းများမွေးထုတ်ပေးနိုင်ရေး
ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာအတတ်ပညာနှင့်ပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရေးကို မဖြစ်မနေအားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းတန်းစဉ်ကူးပြောင်းမှုမှာ လျော့နည်းလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အတန်းပညာများရှိစေရေး ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းတက်ရောက်နိုင်ပြီး တန်းစဉ်ကူးပြောင်းမှုများ ကောင်းမွန်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း၊ တစ်နိုင်ငံလုံးပညာရည်မြင့်မားရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးအားနည်းမှုရှိပါက အခြားဒေသများသို့ သွားရောက်လုပ်ကိုင်ရမည်ဖြစ်ပြီး အခြားသူများ၏ ဦးဆောင်မှုကို ခံရမည်ဖြစ်သဖြင့် မိမိတို့ဒေသအတွင်း ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝအောင်မွေးထုတ်ကာ ဒေသအကျိုးကို ဖော်ဆောင်ကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
တနင်္သာရီတိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဖြည့်ဆည်းပေးရန်လိုအပ်သည်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်သကဲ့သို့ ဒေသခံများကလည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ယင်းနောက် အခမ်းအနားအပြီးတွင် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ MSME ထုတ်ကုန်ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့သည်။
ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ထားဝယ်မြို့ဘိုးဘွားရိပ်သာသို့ ရောက်ရှိကြပြီး ဘိုးဘွားများအား ဂါရဝပြုကန်တော့ကာ အာဟာရဖြည့်ငှက်သိုက်များနှင့် စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များကို ပေးအပ်လှူဒါန်းသည်။ ယင်းနောက်ဘိုးဘွားများ၏ ကျန်းမာရေးအခြေအနေများအား မေးမြန်းကာ ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
၎င်းနောက် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ဘိုးဘွားရိပ်သာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားကာ ဘိုးဘွားရိပ်သာအတွက် အလှူငွေများပေးအပ်လှူဒါန်းသည်။
ထို့နောက် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့အတွင်းနှင့် ဆိပ်ကမ်းသာလမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် တနင်္သာရီတိုင်းဒေသကြီး ကျက်သရေဆောင် ထားဝယ်မြို့၊ လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့သွားရောက်၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုကြပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ရွှေတောင်စားစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရွှေဝယ်သီရိအားကစားကွင်းနှင့် အားကစားရုံသို့ရောက်ရှိကြပြီး အားကစားကွင်း အဆင့်မြှင့်နိုင်မည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်လေဆိပ်သို့ရောက်ရှိကြပြီး လေဆိပ်ရှင်းလင်းဆောင်၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းတင်းလင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သည့်အတွက် စနစ်တကျတွက်ချက်ဆောင်ရွက်သွားရန်လိုအပ်မှုနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

MSME ရန်ပုံငွေထူထောင်ထားရှိမှု ချေးငွေလျှောက်ထားမှုများအား စိစစ်ထုတ်ချေးမှုအခြေအနေနှင့် ဆန်စက်၊ ဆီစက် ချေးငွေထုတ်ချေးမှုလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၇
MSME ရန်ပုံငွေထူထောင်ထားရှိမှု၊ ချေးငွေလျှောက်ထားမှုများအား စိစစ်ထုတ်ချေးမှုအခြေအနေနှင့် ဆန်စက်၊ ဆီစက်ချေးငွေထုတ်ချေးမှုလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိစက်မှုဇုန် စီမံခန့်ခွဲရေးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ MSME ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ MSME ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ MSME လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ထောက်ပံ့ငွေကျပ် ၁၇၀ ဘီလီယံကို ထူထောင်ထားရှိပြီး ယင်းမတည်ထောက်ပံ့ငွေအနက် ငွေကျပ် ၂၀ ဘီလီယံကို MSME ဖွံ့ဖြိုးတိုးတက်ရေးအကူအညီအထောက်အပံ့အဖြစ်လည်းကောင်း၊ ငွေကျပ် ၁၅၀ ဘီလီယံကို ချေးငွေထုတ်ချေးနိုင်ရေးအတွက်လည်းကောင်း သုံးစွဲရန်လျာထားကြောင်း၊ MSME လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ခဲ့ပြီး MSME လုပ်ငန်းရှင်များက ချေးငွေကို နိုင်ငံပိုင်ဘဏ်များဖြစ်ကြသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်များ အပြင် ပုဂ္ဂလိကဘဏ် ၁၆ ဘဏ်တွင် ချေးငွေများ လျှောက်ထားနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ကျစေရန်နှင့် ပြည်တွင်းစားသုံးဆီ ဖူလုံရေးကို အကောင်အထည်ဖော်ရန် ဆီစက်များတပ်ဆင်ထုတ်လုပ်နိုင်ရေးနှင့်လက်ရှိဆီစက်များ တိုးချဲ့အဆင့်မြှင့်တင်ရေးအတွက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပြီး ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ၅၀ ဘီလီယံကိုမတည်ပေးခဲ့ကြောင်း၊ လက်ရှိအချိန်ထိ ချေးငွေစံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ဆီစက်လုပ်ငန်းရှင်များကို ထုတ်ချေးပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က MSME လုပ်ငန်းရှင်များအနေဖြင့် MSME ချေးငွေနှင့် ဆီစက်ချေးငွေထုတ်ချေးသည့် လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး မိမိတို့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေလျှောက်ထားမှု၊ အစစ်ဆေးခံမှုများကို ဘဏ်၏ လုပ်ထုံးလုပ်နည်းများ၊ ချေးငွေညွှန်ကြားချက်များနှင့်အညီ အဆိုပြုချေးငွေလျှောက်ထားရန် ကိစ္စရပ်များကိုလည်းကောင်း၊ MSME ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အတွင်း ရေးမှူးက MSME ရန်ပုံငွေ ထူထောင်ထားရှိမှု၊ ချေးငွေလျှောက်ထားရမည့် လုပ်ငန်းစဉ်နှင့် ချေးငွေထုတ်ချေးမှုလုပ်ငန်း စဉ်များကိုလည်းကောင်း၊ MSME ချေးငွေဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက MSME ချေးငွေလျှောက်ထားမှုများအား စိစစ်ထုတ်ချေးမှုနှင့် ဆီစက်ချေးငွေ ထုတ်ချေးမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး MSME ဆီစက်နှင့် ဆန်စက်လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ရှင်းလင်းဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်