
မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံအကြား သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများနှင့် ကာတာနိုင်ငံကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး
10/01/2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ Dr. Khalid Bin Mohammed AI Attiyah ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၃၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နည်းပညာ၊ စွမ်းအင်နှင့်သတ္တုတူးဖော်ရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများ၊ ကာတာနိုင်ငံ ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ကြက်မောက်တောင် ရေလှောင်တမံနှင့် ရေပိုလွှဲ၏ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမရှိဟုသိရ
10/01/2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်မောက်တောင် ရေလှောင်တမံသည် စက်တင်ဘာ ၃၀ ရက် နံနက် ၉ နာရီတွင် ကန်ရေပြည့်အမှတ်သို့ ကျော်လွန်ရောက်ရှိခဲ့ကြောင်းသိရသည်။
ထိုသို့ ကန်ရေပြည့်အမှတ် ကျော်လွန်ပြီး ရေပိုလွှဲမှစတင်ရေကျော်စီးဆင်းခဲ့ရာ မွန်းလွဲ ၃ နာရီတွင် ရေပိုလွှဲမှ အမြင့်ဆုံး ၃ ဒသမ ၄၀ ပေအထိ ရေကျော်စီးဆင်းခဲ့သော်လည်း ညနေ ၆ နာရီတွင် အမြင့် ၃ ဒသမ ၃၀ ပေ ရေကျော်စီးဆင်းလျက်ရှိသည့်အတွက် ရေအမှတ်များ ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။
ကြက်မောက်တောင်ရေလှောင်တမံနှင့် ရေပိုလွှဲ၏ကြံ့ခိုင်မှုသည် ကောင်းမွန်လျက်ရှိပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမရှိကြောင်းသိရှိရပြီး ရေပိုလွှဲမှ ရေကျော်စီးဆင်းခဲ့သည့်အတွက် တောင်ဇင်းချောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ချောင်းရေမြင့်တက်နေမှုအား ဂရုပြုနေထိုင်ကြရန် အသိပေးနှိုးဆော်ထားသည်။

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၁၈) ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့
10/01/2025
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ထိထိရောက်ရောက်နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် နီပေါနိုင်ငံသား ခုနစ်ဦး၊ တောင်အာရိကနိုင်ငံသား လေးဦး၊ တရုတ်နိုင်ငံသား နှစ်ဦး၊ သီရိလင်္ကာနိုင်ငံသား နှစ်ဦး၊ ကင်မရွန်းနိုင်ငံသား တစ်ဦး၊ အီသီယိုးပီးယားနိုင်ငံသား တစ်ဦး၊ ဇင်ဘာဘွေနိုင်ငံသား တစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား(၁၈)ဦးကို စက်တင်ဘာ ၃၀ ရက်တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီးဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၉၄၃၉ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၃၂၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၁၁၂ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက်ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့်လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပြည်တွင်းထုတ်ဓာတ်ဆီ (RON 77) အား အများပြည်သူသို့ လွတ်လပ်စွာဖြန့်ဖြူးရောင်းချပေးသွားမည်
10/01/2025
စွမ်းအင်ဝန်ကြီးဌာနမှ “ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့” ရောက်ရှိစေရေးနှင့် စက်သုံးဆီစျေးနှုန်းမြင့်မားမှုအား တစ်ဖက်တစ်လမ်းမှ လျော့နည်းသက်သာစေရန်ရည်ရွယ်၍ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)မှထုတ်လုပ်သည့် ပြည်တွင်းထုတ်ဓာတ်ဆီ(RON 68) အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှ စတင်ကာ တစ်လီတာ ငွေကျပ် ၂၂၀၀ နှုန်းဖြင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ စက်သုံးဆီအရောင်းဆိုင်များမှ အများပြည်သူသို့ လွတ်လပ်စွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရသည်။
အမှတ်(၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) ကို ၂၀၂၃ ခုနှစ်က စက်ချွတ်ယွင်း၍ ရပ်ဆိုင်းခဲ့ရသော်လည်း ယခုအခါ စက်ရုံကျွမ်းကျင် ဝန်ထမ်းများဖြင့် ပြင်ဆင်မှုများဆောင်ရွက်ပြီး စက်ရုံပြန်လည် လည်ပတ်နိုင်ခဲ့သဖြင့် အဆိုပါစက်ရုံမှထုတ်လုပ်သည့် ဓာတ်ဆီ (RON 77)ကို လည်း တစ်လီတာလျှင် ငွေကျပ် ၂၄၅ ကျပ်နှုန်းဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင်အမှတ်(၁၃၅၄)တွင် အောက်တိုဘာ ၁ ရက်မှ စတင်ကာ အများပြည်သူသို့ လွတ်လပ်စွာထပ်မံ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်သည်။
ပြည်သူလူထုအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိစက်သုံးဆီအရောင်းဆိုင် အမှတ် (၁၃၅၄)တွင် ပြည်တွင်းထုတ်ဓာတ်ဆီများဖြစ်သည့် (RON 68) နှင့် (RON 77) တို့ကို ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ASEAN Lecture Series သို့ တက်ရောက်
10/01/2025
အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၂၉-၉-၂၀၂၅ ရက်နေ့တွင် October 6 University ၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေးဌာန၌ ကျင်းပပြုလုပ်သည့် 6th ASEAN Lecture Series သို့ အာဆီယံ (၉) နိုင်ငံမှ သံရုံးအကြီးအကဲများ၊ သံရုံးဒုတိယအကြီးအကဲများနှင့်အတူတက်ရောက်ခဲ့ပြီး အာဆီယံ-ကိုင်ရိုကော်မတီဥက္ကဌအနေဖြင့် အာဆီယံအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ASEAN Lecture Series အား အီဂျစ်နိုင်ငံတက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားများ အာဆီယံအကြောင်းသိရှိမှု မြှင့်တင်ပေးရန်နှင့် အီဂျစ်နိုင်ငံနှင့် အာဆီယံတက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်မှုအလားအလာများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ October 6 University မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အကြီးအကဲများ၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေးဌာနမှ အကြီးအကဲနှင့် ပါမောက္ခများ၊ ဆရာ/ ဆရာမ များနှင့် ကျောင်းသား ၁၀၀ ခန့် တက်ရောက်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲကို အပိုင်း (၂) ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး ပထမအပိုင်းသည် အာဆီယံ (၉) နိုင်ငံမှ သံရုံးအကြီးအကဲများ၊ ဒုတိယအကြီးအကဲများနှင့် October 6 University မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အကြီးအကဲများ သီးသန့်တွေ့ဆုံခြင်းဖြစ်ပြီး တက္ကသိုလ်ဥက္ကဋ္ဌနှင့် အာဆီယံ-ကိုင်ရို ကော်မတီဥက္ကဋ္ဌ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်တို့က အဖွင့်အမှာစကားပြောကြားခြင်း၊ October 6 University ၏ အကြောင်းအား တက္ကသိုလ်ဥက္ကဋ္ဌက ရှင်းလင်းတင်ပြခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ဒုတိယအပိုင်းသည် စီးပွားရေးနှင့် စီမံခန့်ခွဲရေးဌာန ကျောင်းသားများနှင့်တွေ့ဆုံခြင်းဖြစ်ပြီး တက္ကသိုလ်၏ဒုတိယဥက္ကဌ အဖွင့်အမှာစကားပြောကြားခြင်း၊ အာဆီယံ-ကိုင်ရိုကော်မတီ၏ လက်ရှိဥက္ကဌ မြန်မာသံအမတ်ကြီးက အာဆီယံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် တက်ရောက်လာသူများအကြား အပြန်အလှန်ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌတာဝန်ယူထားသော မြန်မာသံအမတ်ကြီး အာဆီယံဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးဖလှယ်ပွဲသို့တက်ရောက်
10/01/2025
အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌအဖြစ် ၂၀၂၅ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ဗီယင်နာမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့်အတူ ၃၀-၉-၂၀၂၅ ရက်တွင် ဩစတြီးယား ဖက်ဒရယ်ဥရောပနှင့် နိုင်ငံတကာရေး ရာဝန်ကြီးဌာန၌ကျင်းပသည့် အာဆီယံဆိုင်ရာစားပွဲဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် အာဆီယံသံရုံးအကြီးအကဲများသည် ဩစတြီးယားဖက်ဒရယ် ဥရောပနှင့် နိုင်ငံတကာရေးရာဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သံအမတ်ကြီး မစ္စစ် ဟာနာလစ်ကိုး၊ ဝန်ကြီးချုပ်ရုံးမှ ဥရောပသမဂ္ဂ၊ နိုင်ငံတကာနှင့် အထွေထွေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် သံအမတ်ကြီး မစ္စတာ ကလေးမန်း မဲယာ-ဟတ်တင်း၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံနှင့် ဩစတြီးယားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံနှင့်အီးယူအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များအပေါ် ရင်းနှီးစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ၌ ကြေးသွန်းပူဇော်၍ မြန်မာနိုင်ငံသို့ ပင့်ဆောင်ပူဇော်မည့် ဗုဒ္ဓကြေးသွန်း ရုပ်ပွား တော်မြတ်ကြီးအား ကြေးသွန်းလောင်းမှုပြီးစီးခြင်း အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ပါဝင်တက်ရောက် ကြည်ညိုပူဇော်
10/01/2025
ဗီယက်နမ်နိုင်ငံ၌ ကြေးသွန်းပူဇော်၍ မြန်မာနိုင်ငံသို့ပင့်ဆောင်ပူဇော်မည့် ဗုဒ္ဓကြေးသွန်းရုပ်ပွားတော်မြတ်ကြီးအား ကြေးသွန်းလောင်းမှုပြီးစီးသည့်အခမ်း အနားကို ဗီယက်နမ်ရဟန်းတော် သဒ္ဒမဇောတိကဓဇ ဘဒ္ဒန္တ ဦးဝိမလ (Thich Thien Ngoc) က ဦးဆောင်၍ ကြေးသွန်းပြုလုပ်သည့် နင့်ဘင်ပြည်နယ်၌ စက်တင်ဘာလ ၂၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်းနှင့် ဇနီး၊ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မြင့်ထွန်းနိုင်နှင့် ဇနီး၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးမှ ဝန်ထမ်းများ ပါဝင်တက်ရောက် ကြည်ညိုပူဇော်ခဲ့ကြောင်းသိရသည်။
မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်းက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကြေးသွန်းလောင်းမှုအောင်မြင်စွာပြီးစီးမှုနှင့် မြန်မာနိုင်ငံသို့ မကြာမီ ဆက်လက်ပင့်ဆောင်ရန် အသင့်ဖြစ်နေမှုတို့အပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နှစ်နိုင်ငံ ဗုဒ္ဓဘာသာနှင့် သာသနာတော်ပြန့်ပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးတို့အတွက် ပေါင်းကူးတံတားသဖွယ် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းတို့ကို လျှောက်ထားခဲ့ပြီး ဆရာတော် ဦးဝိမလက အခက်အခဲများအကြားမှ ယခုကဲ့သို ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံသို့ ပင့်ဆောင်ပူဇော်နိုင်မည့်အခြေအနေအထိ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှုများအပေါ် ဝမ်းမြောက်ဂုဏ်ယူစကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ နင့်ဘင်ပြည်နယ် ဗုဒ္ဒဘာသာသံဃာ့အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် Thich Ban Luon၊ ဗီယက်နမ် ဗုဒ္ဒဘာသာသံဃာ့အမှုဆောင်အဖွဲ့ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဆရာတော် Thich Van Phoung၊ နင့်ဘင်ပြည်နယ်၊ ရီရန် မြို့နယ် Van Diem ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် Thich Thanh Manh အပါ အဝင် ဗီယက်နမ် ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် ဗီယက်နမ် ဗုဒ္ဓဘာသာဝင် အလှူရှင် ဒါယိကာများ၊ ဒါယိကာမများ ပါဝင်တက်ရောက် ကြည်ညိုပူဇော်ခဲ့ကြသည်။
ယခုသွန်းလုပ်ပြီးစီးသည် ဗုဒ္ဓကြေးသွန်းရုပ်ပွားတော်မြတ်ကြီးသည် ဉာဏ်တော် ၁၉ ပေ၊ လုံးတော်အကျယ် ၁၈ ပေ၊ ရှေ့နောက် ၁၀ ပေ၊ အလေးချိန် ၈ တန်ခန့်ရှိပြီး ဗီယက်နမ် ဗုဒ္ဒဘာသာ သံဃာ့အမှုဆောင်အဖွဲ့၊ ပြည်ပသာသနာတော်ပြန့်ပွားရေးကော်မတီအဖွဲ့ဝင်၊ သဒ္ဒမဇောတိကဓဇ ဘဒ္ဒန္တဦးဝိမလ (Thich Thien Ngoc) က ဦးဆောင်၍ ဗီယက်နမ် ဗုဒ္ဓဘာသာဝင်ပြည်သူများ၏ ကုသိုလ်ပါဝင်မှုဖြင့် သွန်းလုပ်ပူဇော်ခြင်းဖြစ်ကာ ပင်လယ်ရေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပင့်ဆောင်၍ ဆရာတော်ကျောင်းထိုင်သည့် ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ မဟာပုညဝိဟာရ (CHUA DAI PHUOC) ဗီယက်နမ်ကျောင်းတိုက်၏ သိမ်တော်ကြီးတွင် ကိန်းဝပ် စံပယ်ထားရှိ ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓကြေးသွန်းရုပ်ပွားတော်မြတ်ကြီးသည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံနှင့် ပြည်သူနှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းသိရသည်။

ဗီယက်နမ်-မြန်မာကုန်စည်ပြပွဲ ၂၀၂၅ (Vietnam-Myanmar Trade Fair 2025)ကျင်းပမည်
10/01/2025
Vietnam-Myanmar Trade Fair 2025 ကို ၂၀၂၅ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ အထိ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းသွားမှာဖြစ်ပြီး ပါဝင်ပြသမည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ် ထားကြောင်းသိရသည်။
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ပံ့ပိုးပေးကာ နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာကုန်စည်ပြပွဲအဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးနှင့် မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းတို့ ပူးပေါင်းကာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ပြပွဲသို့ လာရောက်သူများအတွက် ဗီယက်နမ်-မြန်မာ အစားအသောက်များကို ကျွေးမွေးဧည့်ခံမှုများ၊ ဗီယက်နမ်ရိုးရာဝတ်စုံများဖြင့် အလှဓာတ်ပုံရိုက်ကူးနိုင်မည့် အစီအစဉ်များ၊ ဂိမ်းအစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။
ထို့ပြင် 72 Sqm ကျယ်ဝန်းသည့် Travel Vietnam Pavilion ကိုလည်း ထပ်တိုးထည့်သွင်းထားပြီး အဆိုပါ Travel Vietnam Pavilion မှာ Travel Agency ၁၀ ခုစာအတွက် ကောင်တာ ၁၀ ခု ပါဝင်မည်ဖြစ်သည်။ ဗီယက်နမ်-မြန်မာ ကုန်စည်ပြပွဲမှ မိမိတို့၏ခရီးသွားလုပ်ငန်းများကို တိုက်ရိုက် တွေ့ဆုံရောင်းချနိုင်မည့်အပြင် ဗီယက်နမ် Travel Agent များနှင့်လည်း ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၂/ ၂၀၂၅)
10/01/2025
ယနေ့ကမ္ဘာကြီးတွင် သက်ကြီးပုဂ္ဂိုလ်အရေအတွက်သည် နေ့စဉ်နှင့်အမျှ ပိုမိုများပြားလာသည့်အတွက် ၎င်းတို့၏ဂုဏ်သိက္ခာနှင့်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း နိုင်ငံတကာအဖွဲ့အစည်းများနှင့်အစိုးရများက သတိပြုလာကြပါသည်။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင်လည်း သက်ကြီးပုဂ္ဂိုလ်များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့်လိုအပ်သည့် လူမှုအထောက်အပံ့များအပါအဝင် ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လုံလောက်သောလူနေမှုအဆင့်အတန်းကို ရပိုင်ခွင့်ရှိသည့်အပြင် အသက်မွေးဝမ်းကျောင်းမပြုနိုင်ခြင်းတို့ဖြစ်ပေါ်ခဲ့လျှင် ဘဝလုံခြုံမှုရပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားပါသည်။
ထို့ပြင် သက်ကြီးပုဂ္ဂိုလ်များ၏အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန်အလို့ငှာ ၁၉၉၁ ကုလသမဂ္ဂသက်ကြီးပုဂ္ဂိုလ်များဆိုင်ရာအခြေခံမူများအပါအဝင် သက်ကြီးပုဂ္ဂိုလ်များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းစီမံချက်များနှင့်ဒေသတွင်း ကြေညာစာတမ်းများတွင်လည်း သက်ကြီးပုဂ္ဂိုလ်များအား ခွဲခြားဆက်ဆံခံရမှုမရှိစေဘဲ ၎င်းတို့၏ ဂုဏ်သိက္ခာ၊ တန်းတူညီမျှမှု၊ ကျန်းမာရေး၊ လူမှုအာမခံ၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်၊ မိသားစုအခြေပြုစောင့်ရှောက်မှု စသည့်အခွင့်အရေးများကို ဖော်ပြထားသည်။
သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကိုမြှင့်တင်ရန် ကုလသမဂ္ဂအထွေထွေညီလာခံသည် နှစ်စဉ်အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အဖြစ် ၁၉၉၀ ပြည့်နှစ်တွင် စတင်သတ်မှတ်ခဲ့ပြီး နှစ်စဉ်ဦးတည်ချက် ဆောင်ပုဒ်များချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Older Persons Driving Local and Global Action: Our Aspirations, Our Well-Being and Our Rights” (ဘဝချမ်းသာအခွင့်အရေးများရရှိရေး သက်ကြီးသူများ ဦးဆောင်ပါဝင်ပေး) ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၂၊ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်သည် အိုမင်းမစွမ်းသူများကို ကြည့်ရှုစောင့်ရှောက်ရန် ပြဋ္ဌာန်းထားပြီး၊ ၂၀၁၆ ခုနှစ် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၌လည်း အသက် ၆၀ နှစ်နှင့်အထက် မြန်မာနိုင်ငံသားအားလုံးကို အထူးစောင့်ရှောက်မှုများ ရရှိစေရန်၊ သဘာဝဘေးအန္တရာယ်များနှင့် ကပ်ရောဂါများဖြစ်ပွားချိန်၌ သက်ကြီးပုဂ္ဂိုလ်များအတွက် အထူးအလေးထားဆောင်ရွက်ရန် စသည်တို့ကို ပြဋ္ဌာန်းထားသည်။
နိုင်ငံတော်သည်သက်ကြီးပုဂ္ဂိုလ်များအား ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုဖူလုံရေးထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် သင်ခန်းစာများပို့ချလျက်ရှိပြီး၊ ကော်မရှင်ဥပဒေပုဒ်မ ၄၃ နှင့် ၄၄ တို့အရ ဘိုးဘွားရိပ်သာများ၊ သက်ကြီးပုဂ္ဂိုလ်နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာများသို့သွားရောက်ပြီး ၎င်းတို့အား လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်းရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာဌာနများသို့ အကြံပြုချက်များ ပေးပို့လျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်အတွင်း ဘိုးဘွားရိပ်သာ (၈) ခုနှင့် သက်ကြီးပုဂ္ဂိုလ် နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (၁) ခုတို့ကို သွားရောက်ကြည့်ရှုခဲ့သည်။
သက်ကြီးပုဂ္ဂိုလ်များသည် ၎င်းတို့၏ တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံ၊ အတတ်ပညာ၊ အသိပညာစွမ်းဆောင်ရည်များဖြင့် မျိုးဆက်သစ်များအတွက် လူမှုစီးပွားဘဝတည်ဆောက်ရေးကဏ္ဍစုံတွင် ဦးဆောင်ပါဝင်ကြရန်နှင့် သက်ဆိုင်သူများအားလုံးက သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို လေးစားကာကွယ်စောင့်ရှောက်ပေးနိုင်ကြပါရန် တိုက်တွန်းလျက် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ကို ဂုဏ်ပြုကြိုဆိုအပ်သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စိုက်ပျိုးရေးသုံးပစ္စည်း၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိ
10/01/2025
နေပြည်တော် စက်တင်ဘာ ၃၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၀ ရက်မှ ၂၃ ရက်အထိ မိုးညှင်းမြို့နယ်၊ တနိုင်းမြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် နမ္မတီးမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော် ဆိုင်ကယ် ၁၃ စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၉၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၂၃ ရက်တွင် နမ္မတီးမြို့ မြို့ဦးရပ်ကွက်၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီဂါလန် ၂၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၀၀၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာ၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စိုက်ပျိုးရေးသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၅၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂၅၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၆ ရက်တွင် ဘားအံမြို့နယ် ကော့ကဒါးကျေးရွာ၊ နောင်ပတုတ်ကျေးရွာနှင့် ရေကျော်ကျေးရွာတို့အနီး၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၆၉၈ ဂါလန်၊ ဓာတ်ဆီ ၂၄၆ ဂါလန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈၃၄၄၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံ ထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၅ ရက်တွင် ဘုတ်ပြင်း မြို့နယ် ကျားတောင်းကျေးရွာ၌ တရားမဝင်မီးသွေးပေါင် ၃၀ ဝင် ၄၅ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် ကော့သောင်းမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၂၄၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် မင်းလှမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ဖြူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၃၂၉ တန်၊ သစ်မာ ၃ ဒသမ ၁၀၁ တန်၊ အခြားသစ် ၅ ဒသမ ၃၄၄ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၅၁၂၁ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၁၆ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀၀၀၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်တွင် မော်လမြိုင် မြို့နယ် ကျောက်တန်းစက်မှုဇုန်ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၁၂ မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉၅၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၇၅၀၀၀၀၀ ကို အမှုတွဲဖွင့်လှစ်ထားရှိသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၄ ရက်တွင် ကြံခင်းမြို့နယ်အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၄၃၆ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၁၅၇၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၂၈ ရက်အထိ ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၄၇ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၅၉၂၉၃၀၁) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ် လုပ်ငန်းများရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသဖြင့် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်