ASEAN-1

စင်ကာပူနှင့် ယူအေအီးနိုင်ငံ သံတမန်ဆက်ဆံရေးနှစ် ၄၀ ပြည့် အထိမ်းအမှတ် စာအုပ်စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲနှင့် ဓာတ်ပုံပြပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်

09/30/2025

မြန်မာသံရုံး၊ အဘူဒါဘီမြို့မှ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် စက်တင်ဘာ ၂၅ ရက် နေ့တွင် ယူအေအီးနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E Kamal R. Vaswani ၏ ဖိတ်ကြားချက်အရ စင်ကာပူနှင့် ယူအေအီးနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး နှစ် ၄၀ ပြည့် အထိမ်းအမှတ်အခါသမယကို ဂုဏ်ပြုသောအားဖြင့် စင်ကာပူနိုင်ငံသံရုံးနှင့် ယူအေအီးနိုင်ငံ အမျိုးသားစာကြည့်တိုက်နှင့် မော်ကွန်းတိုက်တို့ပူးပေါင်း၍ အဘူဒါဘီမြို့ရှိ Anwar Gargash Diplomatic Academy (AGDA) တွင် ကျင်းပခဲ့သည့် စာအုပ်စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲနှင့် ဓာတ်ပုံပြပွဲအခမ်းအနားသို့ အဘူဒါဘီမြို့အခြေစိုက် ဖိတ်ကြားထားသော နိုင်ငံတကာမှသံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ ယူအေအီးနိုင်ငံသမ္မတ၏ သံတမန်ဆိုင်ရာ အကြံပေးနှင့် Anwar Gargash Diplomatic Academy ၏ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ H.E. Dr. Anwar Mohammed Gargash တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး စင်ကာပူနိုင်ငံမှ လွှဲပြောင်းပေးအပ်သည့် စာအုပ်စာတမ်းများနှင့် စာစောင်များကို လက်ခံရယူကာ အခမ်းအနားသို့ တက်ရောက်လာကြသည့် သံတမန်များနှင့်အတူ ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ စင်ကာပူနိုင်ငံရှိ ပညာရှင်အသီးသီးတို့မှ ဘာသာရပ်အလိုက် ရေးသားထုတ်ဝေခဲ့ကြသည့် ပညာရပ်ဆိုင်ရာ စာအုပ်၊ စာတမ်း၊ စာစောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

30.09.2025 | Views : 2
Health

ဆယ်ကျော်သက် ကျောင်းသားများတွင် ကျန်းမာရေးနှင့်ပတ်သက်သော အကြောင်းအရာများကို လေ့လာခြင်း” သုတေသနလုပ်ငန်းအတွက် “Training Workshop on School-based adolescent health survey in Myanmar” ဖွင့်ပွဲအခမ်းအနားကျင်းပ

09/30/2025

“မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆယ်ကျော်သက် ကျောင်းသားများတွင် ကျန်းမာရေးနှင့်ပတ်သက်သောအကြောင်းအရာများကိုလေ့လာခြင်း” သုတေသနလုပ်ငန်းအတွက် “Training Workshop on School-based adolescent health survey in Myanmar” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအေးအေးခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် Overview of the Study နှင့် Expected Outcomes ကို ရှင်းလင်းပြောကြားခဲ့သည်။

     သင်တန်းတွင် ဆေးသုတေသနဦးစီးဌာနမှ ဝါရင့်သုတေသီများက သုတေသနလုပ်ငန်းအကြောင်းအသေးစိတ်ကို ကွင်းဆင်းဆောင်ရွက်ကြမည့် အရာထမ်း/အမှုထမ်း သင်တန်းသား/သူ (၄၀)ဦးအား  သင်ကြားပို့ချပေးမည်ဖြစ်သည်။ သုတေသနလုပ်ငန်းဆောင်ရွက်ရာတွင်လိုအပ်သော သုတေသန နည်းပညာများဖြစ်သော သွေးဖောက်ခြင်းကို Phlebotomy Arm  အသုံးပြု၍သင်ကြားခြင်း၊ သွေးပေါင်ချိန်၊ အရပ်နှင့် ကိုယ်အလေးချိန်၊ ခါးပတ်လည် အတိုင်းအတာများကို စံသတ်မှတ်ထားသော နည်းများအတိုင်း တိုင်းတာရန်သင်ကြားခြင်း၊ သွေးတွင်းအဆီဓာတ်၊ သွေးတွင်း သကြားဓာတ်၊ သိုလှောင်သံဓာတ်၊ သွေးတွင်းသွေးနီဥ၊ သွေးဖြူဥ၊ သွေးမွှားဥပါဝင်မှုများကို တိုင်းတာရန် Good laboratory Practices နည်းပညာများ သင်ကြားခြင်း၊ Android Tablet နှင့် KOBO collect applicationကို အသုံးပြု၍ နေထိုင်စားသောက်မှုပုံစံ၊ အမူအကျင့်တို့နှင့် သက်ဆိုင်သော သုတေသနမေးခွန်းများကို မေးမြန်းသည့် နည်းပညာများကို သင်ကြားခြင်း၊ လက်တွေ့သရုပ်ပြ သင်ကြားလေ့ကျင့်ခြင်းများ၊ သုတေသနကွင်းဆင်းဆောင်ရွက်ရန် ပြင်ဆင်ခြင်းများအား ၂၉-၉-၂၀၂၅  မှ ၁-၁၀-၂၀၂၅ ရက်နေ့အထိ စာတွေ့လက်တွေ့ (၃)ရက်တာ ဆောင်ရွက်သွားကြမည် ဖြစ်သည်။

     ဤသုတေသနကို ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှအပ ကျန်တိုင်းနှင့် ပြည်နယ်(၁၄)ခုရှိ အခြေခံပညာအထက်တန်းကျောင်းများမှ (၁၃)နှစ်မှ(၁၇)နှစ်အတွင်းရှိ ဆယ်ကျော်သက် ကျောင်းသား/သူ (၁၃၀၀)ဦးတို့တွင် ဇီဝဖြစ်ပျက်ရောဂါစု ဖြစ်ပွားမှုနှုန်း၊ ရောဂါဖြစ်နိုင်ခြေရှိသော အပြုအမူများ (ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်မှုမရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း)၊ စိတ်ကျန်းမာရေးအခြေအနေ၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် သွေးအားနည်းရောဂါဖြစ်ပွားမှုနှုန်း အစရှိသည်တို့ကို သိရှိနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ သုတေသနတွေ့ရှိချက်များကိုအခြေခံ၍ ဆယ်ကျော်သက် ကျောင်းသား/သူများအတွက် ကျန်းမာရေးအစီအစဉ်များရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

30.09.2025 | Views : 1
ရွှေဖယုံသီး

လိပ်သိုမြို့တွင် ဒေသထွက် ရွှေဖရုံသီးများ အရွယ်အစားပေါ်မူတည်၍ ဈေးကောင်းရရှိ

09/30/2025 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစု စားဝတ်နေရေးအတွက် တောင်ယာများနှင့် အိမ်ခြံဝင်းများအတွင်း ရွှေဖရုံပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် အပိုဝင်ငွေရရှိစေရန် ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။ 

ရွှေဖရုံပင်များကို ပင်ပြန့်စိုက်နည်းနှင့် စင်ထိုးစိုက်နည်းဖြင့် စိုက်ပျိုးကြပြီး ရွှေဖရုံစိုက်ပျိုးပြီး ရက် (၁၀၀)အကြာတွင် ဆွတ်ခူးနိုင်ကာ လိပ်သိုမြို့ပေါ်ရှိ ဈေးဆိုင်များတွင် ရွှေဖရုံသီး အလုံးအကြီး/ အသေး ပေါ်မူတည်၍ လက်လီဈေး (၁)လုံးလျှင် ကျပ်(၂၀၀ဝိ/-)မှ (၄၀၀ဝိ/-)ကျပ်အထိ ဈေးကောင်းရလျက်ရှိသည်။ ရွှေဖရုံသီးကို ချက်ပြုတ်စားနိုင်သလို အစိမ်းအတိုင်းလည်း သုပ်စားနိုင်ပြီး အသား/ ငါးနှင့်လည်း ရော၍ချက်စားကြကြောင်း၊ အိမ်လုပ် မုန့်အချိုများလည်း ပြုလုပ်စားသုံးကြကြောင်း၊ ရွှေဖရုံသီးများမှာ အာဟာရပြည့်ဝပြီး အရသာချိုသောကြောင့် ဝယ်ယူစားသုံးသူများပြားလျက်ရှိကြောင်း ရွှေဖရုံသီးရောင်းချသူတစ်ဦးထံမှ သိရသည်။

 

30.09.2025 | Views : 1
PDF ဥပဒေဘောင်အတွင်းဝင်ရောက်

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံအဖွဲ့ဝင် ၅ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

09/30/2025 

နေပြည်တော် စက်တင်ဘာ ၂၉

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် ၅ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ စက်တင်ဘာ ၂၉ ရက်နေ့တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

အဆိုပါဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ ရောက်ရှိနေသော PDF အမည်ခံအဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်နှင့် နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၅ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို စက်တင်ဘာ ၂၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိနယ်မြေခံတပ်ခန်းမ၌ ပြုလုပ်ရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။

ဦးစွာတာဝန်ရှိသူတစ်ဦးက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာပုဒ်မများနှင့် အသိပညာပေးရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် ဘီအေ-၆၃ ၁ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၄၀ မမ လက်လုပ်သေနတ် ၁ လက်၊ တူမီးသေနတ် ၁ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ယင်းနောက် တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ဂုဏ်ပြုဆုငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက် လာသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာတပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

30.09.2025 | Views : 4
MDD

မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံချက်

09/30/2025

နေပြည်တော် စက်တင်ဘာ ၂၉ 

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ၃၀ - ၉ - ၂၀၂၅ ရက်နေ့မှ ၁၃ - ၁၀ - ၂၀၂၅ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်း မရှိပါက သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းကြည့်ရှုနိုင်ရေးဆောင်ရွက်ထားမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိနိုင်မည် ဖြစ်ပါသည်။

၂။ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုပါသည်။ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ပါသည်။ ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး (မပျက်မကွက်) လာရောက်ကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

30.09.2025 | Views : 2
တရားမဝင်

တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ယာဉ်၊ တရားမဝင် ကုန်ပစ္စည်းတင်မော်တော်ယာဉ်များနှင့် ရေယာဉ်များ ဖမ်းဆီးရမိ

09/30/2025 

နေပြည်တော် စက်တင်ဘာ ၂၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၉ ရက်တွင် တောင်ဥက္ကလာပမြို့နယ် ၁၆ ရပ်ကွက်၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၂၇ ရက်တွင် သာကေတဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၂၈ မျိုး၊ လူသုံးကုန်ပစ္စည်း ၃၉ မျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၇၁၁၂၀၃၇၂) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Shwe Dei Wi ရေယာဉ်တစ်စင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၈၇၁၈၁၄၈) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၀၄၈၃၈၅၂၀ ကို အမှုတွဲဖွင့်လှစ်အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၇ ရက်တွင် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းခုနစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၁၇၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) ကိုလည်းကောင်း၊ မုတ္တမဆိပ်ကမ်း (လှိုင်သာယာ) ၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၃၅ မျိုး၊ လူသုံးကုန်ပစ္စည်း ၁၈ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၄၈၉၇၇၀၈) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Shwe Bon San ရေယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၄၆၂၇၉၁၂) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၉၀၆၉၅၆၂၀ ကို အမှုတွဲဖွင့်လှစ်ထားရှိသည်။

စက်တင်ဘာ ၁၉ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၉၅၅၃၄၁၄၀) ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်ခြင်းများကြောင့် ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက် ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။

သတင်းစဉ်

30.09.2025 | Views : 2
MDD

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရ

09/30/2025 

(၂၉-၉-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၂၁-၉-၂၀၂၅)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၈-၉-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃၄၄)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသပေးသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိပါ။

လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့်

အသက်အရွယ်ကြီးသူများ (အသက် ၆၀ နှစ်နှင့်အထက်)၊

ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါ ရှိသူများ၊

ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့် အထက်) ကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ် ဆေးထိုးနှံပေးနေပြီဖြစ်ပါ၍ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသေးစိတ်သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန

30.09.2025 | Views : 1
Pagoda

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ ဆံတော်တိုက်အဝင်အထွက် လုံခြုံရေးမှန်ကာရံ၍ ဆံတော်တိုက်ပတ်လည်ရွှေချထားသည့် နံရံများ Polycarbonate တပ်ဆင်လှူဒါန်း

09/29/2025 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ လင်ကွမ်းစီကျောင်းတိုက်ဆရာတော် VAN SHICHANG ZANG မှ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ ဆံတော်တိုက် အဝင် အထွက် လုံခြုံရေးမှန်ကာရံ၍ ဆံတော်တိုက် ပတ်လည်ရွှေချထားသည့်နံရံများ Polycarbonate တပ်ဆင် လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက အဆိုပါ စေတီတော်၌ ကျင်းပခဲ့ကြောင်းသိရသည်။ 

ဦးစွာ လင်ကွမ်းစီကျောင်းတိုက်ဆရာတော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီးဦးဌေးအောင်၊ တရုတ်မြန်မာချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဒေါက်တာတင်ထွန်းတို့က လုံခြုံရေးမှန်ကာရံ၍ ရွှေချထားသည့်နံရံများ Polycarbonate တပ်ဆင် လှူဒါန်းထားမှုကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးကြကာ လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို နန်းဦးဘုရားကြီး တန်ဆောင်း၌ ဆက်လက်ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော် သံဃာတော်များ၊ လင်ကွမ်းစီကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့အဖွဲ့ဝင် ဦးအောင်မြတ်က လုပ်ငန်းဆောင်ရွက်လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြလျှောက်ထားပြီး လင်ကွမ်းစီကျောင်းတိုက်ဆရာတော်က လှူဒါန်းမှုအစုစုတို့အတွက် ဝမ်းသာပီတိစကား မိန့်ကြားတော်မူသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးအေးထွန်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံပူးပေါင်း၍ ချစ်ကြည်ရင်းနှီးစွာ ကုသိုလ်စိတ်ဖြင့် ဆောင်ရွက်လှူဒါန်းမှု ဖြစ်ခြင်းကြောင့် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်ပါစေကြောင်း လျှောက်ထားခဲ့သည်။

ယင်းနောက် ဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လင်ကွမ်းစီကျောင်းတိုက် ဆရာတော်က ဘဏ္ဍာတော်တိုက်အသစ် ဆောက်လုပ်ရန်အတွက် အလှူငွေ ယွမ် ၁၀၀၀၀ ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီးနှင့် ဂေါပက အဖွဲ့ဝင်များက လက်ခံရယူကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးသံဃမဟာ နာယအဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူဆောက်တည်ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး ဆရာတော်ကြီးများအား စေတီတော်ရင်ပြင် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

29.09.2025 | Views : 1
မြန်မာတရုတ်သံတမန်

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၆)နှစ်မြောက် နှစ်ပတ်လည်နှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့်အထိမ်းအမှတ် ဧည့်ခံပွဲကျင်းပ

09/29/2025 

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၆)နှစ်မြောက်နှစ်ပတ်လည်နှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး(၇၅)နှစ်ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲကို စက်တင်ဘာ ၂၆ ရက် ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးဟိုတယ်၌ ကျင်းပပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့ အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Ms. Gao Ping နှင့် ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းမှူးနှင့်တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် တရုတ်နိုင်ငံ၏ သမိုင်းကြောင်း မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြသည်။ 

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားဖွင့်လှစ်၍ တရုတ်နိုင်ငံ၏ ဒေသအတွင်းဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းဗီဒီယိုကို ပြသပြီး မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

၎င်းနောက် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဂုဏ်ပြုစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

29.09.2025 | Views : 1
လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေး

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေး

09/29/2025

ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေးပွဲကို စက်တင်ဘာ ၂၇ ရက်တွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Auditorium ခန်းမ၌ ကျင်းပသည်။  

ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ ‌ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ မြို့မိမြို့ဖများနှင့် အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်၊၊

ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုင်းရင်းသားတိုင်းရင်းသူများက “ရွှေပြည်တော်သို့တို့အတူ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်၊၊

ထို့နောက် “တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဆီသို့” Video Clip ကို ပြသသည်၊၊

ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့အနေဖြင့် ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကို ရှေ့ပြေးစီမံကိန်းအဖြစ် စတင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကိုလည်း ပြည်သူများသိရှိစေရန် မီဒီယာမှတစ်ဆင့် ထုတ်လွှင့်ဖြန့်ချိလျက်ရှိပါကြောင်း၊ နိုင်ငံတော်မီဒီယာသည်  ပြည်သူလူထုအတွက် ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ အသိပညာပေးရန်တို့သာမက ပြည်သူများကို ပြုံးပျော်ရွှင်စေရေးအတွက်ပါ ဖန်တီးဆောင်ရွက်ပေးနေပါကြောင်း၊ ခိုင်မာတောင့်တင်းအားကောင်းသည့် လူမှုအသိုက်အဝန်းကိုလည်း နိုင်ငံတော်မီဒီယာအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပြီး ပြည်သူနှင့်အစိုးရအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ပြည်သူလူထုထံ သတင်းမှန်များ ရောက်ရှိသိရှိနိုင်စေရေးအတွက် အချိန်နှင့်တစ်ပြေးညီ နည်းလမ်း မျိုးစုံဖြင့် ကြိုးစားဖော်ပြနေပါကြောင်း၊ မိဘပြည်သူများအနေဖြင့် လူမှုကွန်ရက်ပလက်ဖောင်းများကို သုံးစွဲရာတွင် သတင်းတု၊ သတင်းမှားများကို ခွဲခြားဝေဖန်ပိုင်းခြားပြီး စီးပွားရေး၊ လူမှုရေးအတွက် အကျိုးကျေးဇူးရှိစေမည့် ဗဟုသုတများကိုသာ ကြည့်ရှုစေလိုပါကြောင်း၊ လာမည့်ကာလများတွင် တိုးတက်ကောင်းမွန်သည့် အသိုက်အဝန်းနှင့် ယုံကြည်စိတ်ချပျော်ရွှင်စရာ ကောင်းသည့်ဘဝများ ရောက်ရှိရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တပ်ကုန်းမြို့နယ် မြို့မ ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၉ အုပ်စုတို့အတွက် MRTV DTH စလောင်း ၁၇၇ စုံနှင့် MRTV DVB-T2 Set Top Box အလုံး ၁၁၀ တို့ကို ပေးအပ်သည်၊၊

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားမြင့်မားရေး၊ အမျိုးသားပညာရေးအဆင့်အတန်းမြင့်မားရေးနှင့် နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင်ကောင်းမွန် သာယာရေးတို့အတွက် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ပြည်သူများကလည်း နိုင်ငံတော်နှင့်တကွ နိုင်ငံသားတိုင်း၏ ကောင်းကျိုးများဖြစ်ထွန်းစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးစီမံချက်သည် ကျေးလက်ဒေသများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအပြင် ရေရှည်တည်တံ့ခိုင်မြဲသည့် လူမှုစီးပွားဘဝများ ခိုင်မာအားကောင်းလာစေရေးအတွက် အကောင်အထည်ဖော်ပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တပ်ကုန်းမြို့နယ် ပညာရေးမှူးရုံးတစ်ရုံး၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၃၀ နှင့် အခြေခံပညာအလယ်တန်းကျောင်း ၃၄ ကျောင်းတို့အတွက် MRTV DTH စလောင်း ၇၂ စုံကို ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအား MRTV DTH စလောင်း ၁၅ စုံနှင့် MRTV DVB-T2 Set Top Box အလုံး ၃၀ တို့ကို ကံစမ်းမဲဖောက်၍ ပေးအပ်သည်၊၊

ထို့နောက် နာမည်ကျော်တေးသံရှင်များက တေးသီချင်းများဖြင့်လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ယိမ်းအဖွဲ့က “ပန်းတိုင်းပွင့်ပါစေ” သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေ တင်ဆက်ကြသည်၊၊

ယင်းနောက် ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ စိန်ရတုပြတိုက်နှင့် သတင်းစတူဒီယိုခန်းများကို ကြည့်ရှုလေ့လာကြသည်။

29.09.2025 | Views : 3