
အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်လေးဆူ ညောင်ရွှေမြို့ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီ စံကျောင်းတော်ကြီးသို့ ပင့်ဆောင်ကြွချီပူဇော်ခံ
10/01/2025
အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားလေးဆူသည် အင်းလေးဒေသ (၂၁)ဌာနသို့ ကြွချီပူဇော်ခံလျက်ရှိရာ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီတွင် ညောင်ရွှေမြို့နယ်၊ လင်းကင်းကျေးရွာမှ အင်းလေးရိုးရာဘုရားဆွဲ လှေ ၄၃ စင်းဖြင့် အင်းလေးရေပြင်ကိုဖြတ်၍ ညောင်ရွှေမြို့ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီးသို့ ပင့်ဆောင်ကြွချီပူဇော်ခံလျက်ရှိကြောင်း သိရသည်။
ဦးစွာ ညောင်ရွှေမြို့ ဖောင်တော်ပြန်မဏ္ဍပ်ရှေ့တွင် နိုင်ငံတော်အဆင့်ရွှေတံဆိပ်နှစ်ဆုရှင် ဆိုင်းဝိုင်းအဖွဲ့မှဖျော်ဖြေခြင်း၊ ဆွမ်းပို့လှေသရုပ်ပြသခြင်း၊ ကိန္နရီကိန္နရာအက၊ အင်းတိုင်းရင်းသား အက၊ တိုးနရားအက၊ အင်းပေါခုန်၊ ဟဲယာရွာမ ရေယာဉ်အလှဖြင့် သရုပ်ပြသဖျော်ဖြေမှုတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၊ ပွဲတော်လာ ဧည့်ပရိသတ်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်လေးဆူပင့်ဆောင်လာသည့် ကရဝိက်ဖောင်တော်သည် ညောင်ရွှေမြို့ နန်းကပ်ချောင်းအတိုင်း ညောင်ရွှေမြို့ ဖောင်တော်ဆိုက်ပြာသာဒ်သို့ ရောက်ရှိလာရာ ကရဝိက်ဖောင်တော်ပေါ်မှ အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ် လေးဆူကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ပင့်ဆောင်၍ ညောင်ရွှေမြို့အတွင်းသို့ လှည့်လည်အပူဇော်ခံမည့် ဘော်ယာဉ်ပြာသာဒ်ပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြသည်။
ယင်းနောက် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ညောင်ရွှေမြို့အတွင်း လှည့်လည်ပူဇော်ခံနေစဉ် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲများ ကျင်းပရာ ဗိုလ်လုပွဲယှဉ်ပြိုင်မှုများကို ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ပွဲတော်လာဧည့်ပရိသတ်များက ကြည့်ရှုအားပေးကြပြီး ဆုချီးမြှင့်ပွဲကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီး ချုပ်၏ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ညောင်ရွှေမြို့အတွင်း လှည့်လည်အပူဇော်ခံပြီး အဋ္ဌဒိသာဓမ္မဝိဟာရဒေသစာရီ စံကျောင်းတော်သို့ ရောက်ရှိချိန်တွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များသည် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် ညောင်ရွှေမြို့ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်း တော်၌ စက်တင်ဘာလ ၂၈ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်အထိ ၃ ရက်တိုင်တိုင် ကိန်းဝပ်ပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

“Strengthening Sustainable Value Chain in Natural Rubber Production through Responsible Practices” အပြည်ပြည်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
10/01/2025
ရော်ဘာတန်ဖိုးကွင်းဆက်တစ်လျှောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုစီးပွားရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများ၊ ပွင့်လင်းမြင်သာမှုနှင့်နောက်ခံအချက်အလက် ချိတ်ဆက်ခြေရာခံနိုင်မှုစနစ်များ ရေရှည်တည်တံ့ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အလေ့အကျင့်ကောင်းများ လိုက်နာဆောင်ရွက်မှုအတွေ့အကြုံများကို IRRDB အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းမျှဝေဖလှယ်ရန် ရည်ရွယ်ကျင်းပသည့် “Strengthening Sustain-able Value Chain in Natural Rubber Production through Responsible Practices" အပြည်ပြည်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၉ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Zealax Hotel Yangon ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ IRRDB အဖွဲ့ဝင်နိုင်ငံများမှ ပညာရှင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာ့သဘာဝရော်ဘာရေရှည်တည်တံ့မှု ဖော်ဆောင်ရေးအသင်း၊ မြန်မာ့ရော်ဘာလုပ်ငန်းရှင်များ၊ ရော်ဘာလုပ်ငန်းနှင့်ပတ်သက်သော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက IRRDB အဖွဲ့ဝင်နိုင်ငံများအတွင်း အလေ့အကျင့်ကောင်းများ၊ အတွေ့အကြုံများ ဝေငှခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက်များ ကိုက်ညီအောင် ညှိနှိုင်းဆောင်ရွက်ပြီး EUDR စံနှုန်းများနှင့်ကိုက်ညီသည့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုဖြစ်အောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပူးပေါင်းချိတ်ဆက်တည်ဆောက်ထားသည့် လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးဆိုင်ရာ အစီအစဉ်များနှင့် မူဝါဒချိန်ညှိမှုများက သစ်တောပြုန်းတီးမှုအန္တရာယ်များကို စုပေါင်းဖြေရှင်းကာကွယ်နိုင်စေမည်ဖြစ်ကြောင်း၊ အလားတူ အရည်အသွေးအာမခံချက်ကို ထိခိုက်စေသည့် ဒေသတွင်းအရည်အသွေးနိမ့်ကျသော ရော်ဘာများကို ဈေးနှုန်းချိုသာစွာ ရောင်းဝယ်ဖောက်ကားနေမှုကို စုပေါင်းထိန်းချုပ်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ရော်ဘာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်နိုင်ကြပြီး ပိုမိုကောင်းမွန်သော ဆွေးနွေးသုံးသပ်ချက်များဖော်ထုတ်ခြင်းကို IRRDB ရည်ရွယ်ချက်များနှင့်အညီ အဖွဲ့ဝင်များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် IRRDB ၏ အထွေထွေ အတွင်းရေးမှူး Dr. Abdul Aziz တို့က အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ကြက်ခြေနီအသိပညာပြန့်ပွားရေးအလုပ်ရုံဆွေးနွေးပွဲပြုလုပ်
10/01/2025
မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းတို့ပူးပေါင်း၍ ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ(၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင် ပြုလုပ်လျက်ရှိသည်။
ဆွေးနွေးပွဲကို ကြက်ခြေနီလှုပ်ရှားမှု၏တန်ဖိုးများ၊ ကြက်ခြေနီအခြေခံမူများ၊ ဆောင်ရွက်ချက်များနှင့် လုပ်ငန်းတာဝန်များ၊ ကြက်ခြေနီလှုပ်ရှားမှုအကြောင်း အရာများကို ကြက်ခြေနီစေတနာ လုပ်အားရှင်များ ပိုမိုရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန်နှင့် ကြက်ခြေနီကချမှတ်ထားသော အခြေခံမူများနှင့်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို မှန်ကန်တိကျစွာ လိုက်နာနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။
(၃)ရက်တာပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသအတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂၀) ဦး တက်ရောက်လျက်ရှိသည်။

စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိ
10/01/2025
မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်း၍ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်းသင်တန်းကို စက်တင်ဘာလ (၂၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရန်ကုန်မြို့ရှိ Best Western Green Hill Hotel တွင် ပြုလုပ်လျက်ရှိသည်။
အဆိုပါသင်တန်းဖွင့်ပွဲကို စက်တင်ဘာလ(၂၉)ရက်နေ့ကပြုလုပ်ခဲ့ပြီးသဘာဝဘေး ခံစားရသူများတွင် အိုးအိမ်ပျက်စီးမှုစသော physical damage အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများပါကြုံတွေ့ရကြောင်း၊ ယင်းသို့ကြုံတွေ့ခံစားရသူများ၏ စိတ်ဓာတ်များ ပြန်လည်ကြံ့ခိုင်လာစေရန် စွမ်းရည်မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ထိခိုက်ခံစားခဲ့ရသူများကို လိုအပ်သော စိတ်ပိုင်းဆိုင်ရာနှင့် လူမှုပေါင်းသင်းဆက်ဆံရေးများကို ပြန်လည်ပံ့ပိုးထူထောင်ပေးရန်အပါအဝင် စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်းကိစ္စရပ်များကို ကူညီပေးနိုင်ရန်အတွက် ယခုသင်တန်းတွင် သင်ကြားပေးမည်ဖြစ်ရာ လုပ်ငန်းခွင်တွင် ကောင်းမွန်စွာ ပြန်လည်အသုံးချစေလိုကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်ရီရီတင်က ပြောကြားခဲ့သည်။
(၂)ရက်တာ ပြုလုပ်လျက်ရှိသည့် အဆိုပါသင်တန်းသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်မှ ဝန်ထမ်း(၂၇)ဦး တက်ရောက်လျက်ရှိသည်။
အဆိုပါသင်တန်းကို အရေးပေါ်ကာလများတွင် ထိခိုက်ခံစားရသူများ၏ စိတ်ပိုင်းဆိုင်ရာခံစားမှုများနှင့် စိတ်ဖိစီးမှုများကို လျော့ပါးသက်သာမှုပေးနိုင်စေရန်၊ လူမှုကရုဏာလုပ်ငန်းများ လုပ်ကိုင်နေချိန်၌ မိမိကိုယ်တိုင် ကြုံတွေ့ခံစားရချိန်တွင် လက်တွေ့ ပြန်လည်အသုံးချနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သည်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမ လက်ရွေးစင် လက်ဝှေ့အားကစားသမားများ လက်ရည်စမ်းပြိုင်ပွဲ ကျင်းပ
10/01/2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် လက်ဝှေ့အားကစားသမားများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ဝှေ့အားကစား သမားများ၏ လက်ရည်စမ်း (Sparring) ပြိုင်ပွဲကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။
လက်ဝှေ့ လက်ရည်စမ်း အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၅၇) ကီလိုတန်းပြိုင်ပွဲတွင် လမင်းကိုကို (Gold Camp) နှင့် ချစ်စမ်းမောင် (ကာကွယ်ရေး)၊ (၆၀) ကီလို တန်းပြိုင်ပွဲတွင် နုတ်မာရ် (Gold Camp) နှင့် ဝါဆို (ကာကွယ်ရေး)၊ (၆၉) ကီလိုတန်းပြိုင်ပွဲတွင် သီဟဇော် (Gold Camp) နှင့် ကျော်မင်းဦး (ကာကွယ်ရေး)၊ (၇၅) ကီလိုတန်း ပြိုင်ပွဲတွင် အောင်ဇင်ထိုက် (Gold Camp) နှင့် အောင်ပြည့်ဖြိုး (ကာကွယ်ရေး) တို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ လက်ရည်စမ်းပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြပြီး ပဏာမလက်ရွေးစင် လက်ဝှေ့အားကစားသမားများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ဝှေ့အားကစားသမားများနှင့်တွေ့ဆုံကာ အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူ၊ နည်းပြများအနေဖြင့် ပြိုင်ပွဲများ လစဉ်ကျင်းပပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုလက်ရည်စမ်းပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့မှုများအပေါ် မိမိအားကစားသမားများ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်လေ့လာသုံးသပ်ပြီး ထိချက်များမှန်ကန်၍ နည်းစနစ်များ၊ နည်းဗျူဟာများနှင့် ဖြတ်ထိုးဉာဏ်များသုံးပြီး ပြိုင်ပွဲတွင်အနိုင်ရရှိအောင် ပြန်လည်လေ့ကျင့် သင်ကြားပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ပညာရေးဆိုင်ရာမူဝါဒများသုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်
10/01/2025
ပညာရေးဆိုင်ရာမူဝါဒများသုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တွဲဖက်ပါမောက္ခများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အလုပ်ရုံဆွေးနွေးပွဲကို အဆင့်မြင့်ပညာကဏ္ဍနှင့်ပတ်သက်သည့်မူဝါဒများကို နှစ်ရက်ကြာ သုံးသပ်အကြံပြုသွားမည်ဖြစ်ပြီး ပါမောက္ခချုပ်များက ဦးဆောင်၍ ထိန်းညှိပေးစေလိုပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကိုမြှင့်တင်စို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရေးဆွဲမည့်မူဝါဒများသည် ဆောင်ပုဒ်နှင့်ကိုက်ညီမှုရှိရန်လိုအပ်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှ အားနည်းချက်များကိုဖော်ထုတ်ပြီး အားသာချက်ဖြစ်မည့် မူဝါဒများကို အတူတကွအကောင်းဆုံးရေးဆွဲနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ ရာထူးတိုး၊ ပြောင်းကိစ္စရပ်များကို တစ်နှစ်လျှင် မေလနှင့်အောက်တိုဘာလတို့တွင် နှစ်ကြိမ်ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲမှထွက်ပေါ်လာသည့် ရလဒ်များသည် ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ပြီး အလုပ်ရုံဆွေးနွေးပွဲမှ အကောင်းဆုံးမူဝါဒများချမှတ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်ဦးက အဆင့်မြင့်ပညာကဏ္ဍအတွက် တက္ကသိုလ် ဆရာဆရာမများ ရာထူးတိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားရေးဆိုင်ရာ မူဝါဒများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အဖွဲ့များခွဲ၍ မူဝါဒများ အတည်ပြုချမှတ်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြပြီး တွေ့ရှိချက်နှင့်အကြံပြုချက်များကို အဖွဲ့လိုက်တင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များက တက္ကသိုလ် ဆရာဆရာမများ ရာထူးတိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားရေးဆိုင်ရာ မူဝါဒများသုံးသပ်ခြင်း၊ တွေ့ရှိချက်နှင့် အကြံပြုချက်များအပေါ် စုပေါင်းဆွေးနွေးခြင်းများဆောင်ရွက်ကာ ရာထူးတိုး၊ ပြောင်းမူဝါဒ (မူကြမ်း) ပြုစုခဲ့ကြသည်။
အဆိုပါ ပညာရေးဆိုင်ရာမူဝါဒများ သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရန်ကုန်တက္ကသိုလ်နှင့် ဒါကာတက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့်ပူးပေါင်း၍ ယဉ်ကျေးမှုဆိုင်ရာလုပ်ဆောင်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ အနာဂတ်တွင် နှစ်နိုင်ငံပညာရေးကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
09/30/2025
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးသည် စက်တင်ဘာ ၂၉ ရက်၊ နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများကို လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကလောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကိုလည်းကောင်း တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးကြရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ မဲဆန္ဒနယ်အတွင်းနှင့် မဲဆန္ဒနယ် ပြင်ပကြိုတင်မဲပေးခြင်းဆိုင်ရာများ၊ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မဲဆွယ်စည်းရုံးခြင်းနှင့် ရလဒ်ထုတ်ပြန်ခြင်းဆိုင်ရာများ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ သင်တန်းပေးလေ့ကျင့်ရေးနှင့် လုံခြုံရေးဆိုင်ရာများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်နှင့် သတင်းရယူခွင့်ဆိုင်ရာများ၊ ဆက်လက်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက သက်ဆိုင်ရာဒေသနှင့် မြို့နယ်များအလိုက်ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြပြီး ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က သက်ဆိုင်ရာလုပ်ငန်းစဉ်အလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် စျေးဆိုင်ခန်းပေါင်း (၄၀၀) ကျော်ဖြင့် MSME ထုတ်ကုန် သီတင်းကျွတ်စျေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချမည်
09/30/2025
ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို အောက်တိုဘာလ ၄ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
MSME ပြည်တွင်းထုတ်ကုန်များကို အားပေးမြှင့်တင်စေရန်နှင့် အရည်အသွေးမြင့် ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ပြီး MSME ထုတ်ကုန်များနှင့် အခြားထုတ်ကုန်အမျိုးမျိုးကို တစ်နေရာတည်းတွင် ပူးပေါင်းရောင်းချနိုင်သည့်အတွက် နည်းပညာနှင့် ဈေးကွက်ဆိုင်ရာအသိပညာဖလှယ်မှုများ ဖြစ်ပေါ်လာစေရန် အဆိုပါ MSME ထုတ်ကုန်ဈေးရောင်းပွဲတော်ကို ကျင်းပရခြင်းဖြစ်သည်။
သီတင်းကျွတ်ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန စက်မှုထုတ်ကုန်များ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဒေသထွက်ကုန်ပစ္စည်းများ၊ အစားအစာအရောင်းဆိုင်ခန်းများ အပါအဝင် ဈေးဆိုင်ခန်းပေါင်း (၄၀၀) ကျော် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဈေးရောင်းပွဲတော်ရက်များအတွင်း Esports Games ပြိုင်ပွဲများ၊ အနုပညာရှင်များ၏ ဖျော်ဖြေမှုများနှင့် ဆက်ကပ်မျက်လှည့်များဖြင့် ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်သည်။ ပွဲတော်လာပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် အကြိုပို့ကားများကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေသည့် နိုင်ငံသားအမျိုးသမီး(၃) ဦးအား မြန်မာ သံရုံး၊ ရီရတ်ဒ်မြို့မှ ကူညီပြန်လည်ပို့ဆောင်
09/30/2025
ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးသည် ဆော်ဒီအာရေဗျနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့်ညှိနှိုင်း၍ ဆော်ဒီအာရေဗျနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား အမျိုးသမီး (၃) ဦးအား ကူညီပေးခဲ့ပြီး ၂၈-၉-၂၀၂၅ ရက် (တနင်္ဂနွေနေ့) တွင် ရီရတ်ဒ်-ဒိုဟာ-ဗန်ကောက်-ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။