
ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ Exhibition of Achievements of National Economy (VDNK)သို့ သွားရောက်လေ့လာ
နေပြည်တော် မေ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ Exhibition of Achievements of National Economy(VDNK) ကို သွားရောက် လေ့လာကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် Exhibition of Achievements of National Economy (VDNK) သို့ရောက်ရှိကြရာတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် မော်စကိုမြို့ အကွက်ချပုံစံငယ် တည်ဆောက်ခြင်းပြခန်း၊ ခေတ်သစ် smart city တွင် အသုံးပြုမည့် နည်းပညာများပြခန်းနှင့် အခြားပြခန်းများအလိုက် စိတ်ဝင်တစားဖြင့် လိုက်လံကြည့်ရှုလေ့လာကြရာ ပြခန်းများအလိုက်မှ ပြခန်းတာဝန်ခံများက ရှင်းလင်းပြသခဲ့ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

နေပြည်တော်သို့ လေ့လာရေးခရီးသွားရောက်မည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂ဝ၂၅) မှ သင်တန်းသား၊ သင်တန်းသူများအား ပို့ဆောင်နှုတ်ဆက်
နေပြည်တော် မေ ၁၀
ပုသိမ်လေတပ်စခန်းဌာနချုပ်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) မှ လေ့လာရေးခရီးသွားရောက်မည့် သင်တန်းသား၊ သင်တန်းသူများအား ယနေ့နံနက်ပိုင်းတွင် ပုသိမ်လေတပ်စခန်းဌာနချုပ်မှ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်(ဧလာ)သို့ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ပေးသည်။
အဆိုပါ လေ့လာရေးခရီးသွားရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗာစီဗစ်မြို့သို့ရောက်ရှိ
နေပြည်တော် မေ ၁၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ဘနူကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုဗာစီဗစ်မြို့သို့ အထူး လေယာဉ်ဖြင့် ထွက်ခွာရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Andrey Rudenko နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ကျော်စိုးဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ လိုက်ပါလာသည့် အထူးလေယာဉ်သည် နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာ လေဆိပ်သို့ရောက်ရှိကြရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ပခုက္ကူမြို့၌ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများလှူဒါန်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်နေသည့် ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ညောင်ပင်ကြီး-ဗုဒ္ဓကုန်းမဟာ ဓာတ်အားလိုင်း တိုင်နှစ်တိုင် ကျိုးကျမှုကြောင့် မေလ ၃ ရက်နေ့ ညနေပိုင်းမှစတင်၍ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်နေပြည်သူများ သောက်သုံးရေအခက်အခဲများနှင့် ကြုံတွေ့ နေရကြောင်း၊ ထိုသို့ သောက်သုံးရေခက်ခဲမှုများကြောင့် ပြည်သူများသောက်သုံးရေ ဖူလုံစွာရယူသုံးစွဲနိုင်ရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်အမှတ် ၆ နှင့် ၁၅ ရပ်ကွက်များအတွင်း လှည့်လည်လှူဒါန်းရာ မေလ ၇ ရက်မှစတင်ပြီး မေလ ၈ ရက်နေ့အထိ သောက်သုံးရေ ရေဂါလံ ၁၂,၈၀၀ ခန့် လှူဒါန်းခဲ့ကြောင်း၊ သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့် ပြည်သူများထံ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်ထံမှ သိရသည်။