
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆို ပူဇော်ပွဲကြီးဆိုင်ရာ အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
ရန်ကုန် မေ ၁၇
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆို ပူဇော်ပွဲကြီးဆိုင်ရာ အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂ မဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဥက္ကဋ္ဌဆရာတော် ဒေါက်တာပဏ္ဍိတဘိက္ခုနှင့် ဂုဏ်ထူးဆောင်ဆရာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) နာယကများ၊ ဘဏ္ဍာရေးမှူး ဒေါက်တာမြသီတာနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဒေါက် တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက သြဝါဒကထာမြွက်ကြားတော်မူသည်။
ထို့နောက် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇော တိကဓဇဒွိပိဋကဓရ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ ဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် အလှူ ရှင်များက သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) နာယက ဦးစိန်မော်၊ ဘဏ္ဍာရေးမှူး ဒေါက်တာမြသီတာနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဂုဏ်ထူးဆောင်နာယက မနာပဒါယီကိုရီးယား ဆရာတော် အရှင်ဝိစိတ္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၉၀ မြန်မာ - ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၁ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှု လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးအပ်လျက်ရှိရာ မေလ ၁၄ ရက်နေ့တွင် အီသီယိုးပီးယားနိုင်ငံသား ၉၀ အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၁ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စေရေးအတွက် ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေး၊ ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယားဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံးမှ Second Secretary Mr. Wendwosen Melkamu နှင့် တာဝန် ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့သည်။
အလားတူ မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မဲ့ထော် သလေး (KK Park)နှင့် ကျောက်ခတ်နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၁၁ ဦးကို မေလ ၁၄ ရက်နေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ မေ ၁၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၇၀ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် မှ ၈၂၂၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၈၄၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းက စားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား လက်ခံတွေ့ဆုံ
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည် ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား ၁၄-၅-၂၀၂၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မန္တလေးငလျင်ကြီး ဖြစ်ပွားခဲ့သည့်ဒေသများတွင် ICRC မှ ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ ICRC အနေဖြင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တရားမဝင် ဝိုင်ဖိုင်ကြိုးများနှင့် လျှပ်စစ်အန္တရာယ်ရှိ ဆက်သွယ်ရေးကြိုးများကိုရှင်းလင်း
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တရားမဝင်သွယ်တန်းထားသည့် ဝိုင်ဖိုင်ကြိုးများနှင့် အန္တရာယ်ရှိသည့် ဆက်သွယ်ရေးကြိုးများကို ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းတစ်လျှောက်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းပိုင် ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင် သွယ်တန်းထားသော ဖိုင်ဘာကေဘယ်ကြိုးများ၊ ဝိုင်ဖိုင်ကြိုးများနှင့် လျှပ်စစ်အန္တရာယ်ဖြစ်စေနိုင်သည့် ဆက်သွယ်ရေးကြိုးများ၊ ဆက်လက်အသုံးပြုခြင်းမရှိတော့ဘဲရှုပ်ထွေးနေသည့် ဆက်သွယ်ရေး ကြိုးများအားဖယ်ရှားရှင်းလင်းခဲ့ကြခြင်း ဖြစ်သည်။
ထို့ပြင် တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် မြို့တော်အင်္ဂါရပ်များနှင့် အညီ စနစ်တကျသွယ်တန်းထားခြင်းရှိ/မရှိ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ စစ်ဆေးခြင်းများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးနှင့် လူငယ် အသင်းများအား အဖွဲ့ချုပ်ဥက္ကဋ္ဌ အားပေးချီးမြှင့်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာရှ၊ အာဆီယံ ခြေစစ်ပွဲများနှင့်နိုင်ငံတကာ ပြိုင်ပွဲ အသီးသီးအတွက် ပြင်ဆင်လေ့ကျင့်နေသည့် အမျိုးသမီး လက်ရွေးစင်အသင်း၊ အမျိုးသားနှင့် အမျိုးသမီး လူငယ်လက်ရွေးစင်အသင်းများအား တွေ့ဆုံအားပေး၍ ထပ်ဆောင်းပံ့ပိုးငွေများ ပေးအပ်ခဲ့သည်။
မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းသည် အာရှဖလား ခြေစစ်ပွဲ(အိမ်ရှင်၊ ဇွန်လ)၊ အာဆီယံ ချန်ပီယံရှစ်(စက်တင်ဘာ)၊ ဆီးဂိမ်းစ် (ဒီဇင်ဘာ)ပြိုင်ပွဲများ၊ မြန်မာ အမျိုးသမီး ယူ-၁၉ အသင်းသည် အာရှခြေစစ်ပွဲ(ဩဂုတ်)၊ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်(ဇွန်လ)၊ မြန်မာ အမျိုးသမီး ယူ-၁၆ အသင်းသည် အာရှ ယူ-၁၇ ခြေစစ်ပွဲ(အောက်တိုဘာ)၊ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်(ဩဂုတ်)၊ မြန်မာ အမျိုးသား ယူ-၁၉ အသင်းသည် ၂၀၂၆ ခုနှစ်အတွင်း အာရှခြေစစ်ပွဲ၊ အာဆီယံချန်ပီယံရှစ်၊ မြန်မာ အမျိုးသား ယူ-၁၆ အသင်းသည် အာရှ ယူ-၁၇ ခြေစစ်ပွဲ (နိုဝင်ဘာလ)တို့အား အသီးသီး ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲ အသီးသီးတွင် ဆုတံဆိပ်ရရှိခြင်း၊ ခြေစစ်ပွဲအောင်မြင်ခြင်းများအတွက် အသင်းများအား ထိုက်တန်စွာ ဂုဏ်ပြု ချီးမြှင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌက ပြောကြားသည်။
MFF အနေဖြင့် ကာလတိုလေ့ကျင့်သည့် အမျိုးသားလက်ရွေးစင် အသင်းကြီးမှအပ ကာလရှည် နေထိုင်လေ့ကျင့်ရသည့် အမျိုးသမီးနှင့် လူငယ်အသင်းများအား လစာနှုန်းထားဖြင့် ထောက်ပံ့လျက်ရှိသည်။
ယနေ့ လေကျင့်နေသည့် အမျိုးသမီးနှင့် လူငယ်အသင်း စုစုပေါင်း (၅)သင်းမှ ကစားသမား၊ နည်းပြ/ အုပ်ချုပ် (၁၈၆) ဦးအတွက် လစာအပြင် ထပ်ဆောင်းပံ့ပိုးငွေ တစ်ဦးလျှင် ကျပ် (၁)သိန်းဖြင့် စုစုပေါင်း ကျပ် (၁၈၆) သိန်းအား အဖွဲ့ချုပ်ဥက္ကဋ္ဌမှ ချီးမြှင့်ခဲ့ကြောင်း သိရသည်။