
မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံအကြား သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများနှင့် ကာတာနိုင်ငံကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး
10/01/2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ Dr. Khalid Bin Mohammed AI Attiyah ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၃၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နည်းပညာ၊ စွမ်းအင်နှင့်သတ္တုတူးဖော်ရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများ၊ ကာတာနိုင်ငံ ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ကြက်မောက်တောင် ရေလှောင်တမံနှင့် ရေပိုလွှဲ၏ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမရှိဟုသိရ
10/01/2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်မောက်တောင် ရေလှောင်တမံသည် စက်တင်ဘာ ၃၀ ရက် နံနက် ၉ နာရီတွင် ကန်ရေပြည့်အမှတ်သို့ ကျော်လွန်ရောက်ရှိခဲ့ကြောင်းသိရသည်။
ထိုသို့ ကန်ရေပြည့်အမှတ် ကျော်လွန်ပြီး ရေပိုလွှဲမှစတင်ရေကျော်စီးဆင်းခဲ့ရာ မွန်းလွဲ ၃ နာရီတွင် ရေပိုလွှဲမှ အမြင့်ဆုံး ၃ ဒသမ ၄၀ ပေအထိ ရေကျော်စီးဆင်းခဲ့သော်လည်း ညနေ ၆ နာရီတွင် အမြင့် ၃ ဒသမ ၃၀ ပေ ရေကျော်စီးဆင်းလျက်ရှိသည့်အတွက် ရေအမှတ်များ ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။
ကြက်မောက်တောင်ရေလှောင်တမံနှင့် ရေပိုလွှဲ၏ကြံ့ခိုင်မှုသည် ကောင်းမွန်လျက်ရှိပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမရှိကြောင်းသိရှိရပြီး ရေပိုလွှဲမှ ရေကျော်စီးဆင်းခဲ့သည့်အတွက် တောင်ဇင်းချောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ချောင်းရေမြင့်တက်နေမှုအား ဂရုပြုနေထိုင်ကြရန် အသိပေးနှိုးဆော်ထားသည်။


မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၁၈) ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့
10/01/2025
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ထိထိရောက်ရောက်နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် နီပေါနိုင်ငံသား ခုနစ်ဦး၊ တောင်အာရိကနိုင်ငံသား လေးဦး၊ တရုတ်နိုင်ငံသား နှစ်ဦး၊ သီရိလင်္ကာနိုင်ငံသား နှစ်ဦး၊ ကင်မရွန်းနိုင်ငံသား တစ်ဦး၊ အီသီယိုးပီးယားနိုင်ငံသား တစ်ဦး၊ ဇင်ဘာဘွေနိုင်ငံသား တစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား(၁၈)ဦးကို စက်တင်ဘာ ၃၀ ရက်တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီးဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၉၄၃၉ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၃၂၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၁၁၂ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက်ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့်လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပြည်တွင်းထုတ်ဓာတ်ဆီ (RON 77) အား အများပြည်သူသို့ လွတ်လပ်စွာဖြန့်ဖြူးရောင်းချပေးသွားမည်
10/01/2025
စွမ်းအင်ဝန်ကြီးဌာနမှ “ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့” ရောက်ရှိစေရေးနှင့် စက်သုံးဆီစျေးနှုန်းမြင့်မားမှုအား တစ်ဖက်တစ်လမ်းမှ လျော့နည်းသက်သာစေရန်ရည်ရွယ်၍ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)မှထုတ်လုပ်သည့် ပြည်တွင်းထုတ်ဓာတ်ဆီ(RON 68) အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှ စတင်ကာ တစ်လီတာ ငွေကျပ် ၂၂၀၀ နှုန်းဖြင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ စက်သုံးဆီအရောင်းဆိုင်များမှ အများပြည်သူသို့ လွတ်လပ်စွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရသည်။
အမှတ်(၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) ကို ၂၀၂၃ ခုနှစ်က စက်ချွတ်ယွင်း၍ ရပ်ဆိုင်းခဲ့ရသော်လည်း ယခုအခါ စက်ရုံကျွမ်းကျင် ဝန်ထမ်းများဖြင့် ပြင်ဆင်မှုများဆောင်ရွက်ပြီး စက်ရုံပြန်လည် လည်ပတ်နိုင်ခဲ့သဖြင့် အဆိုပါစက်ရုံမှထုတ်လုပ်သည့် ဓာတ်ဆီ (RON 77)ကို လည်း တစ်လီတာလျှင် ငွေကျပ် ၂၄၅ ကျပ်နှုန်းဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင်အမှတ်(၁၃၅၄)တွင် အောက်တိုဘာ ၁ ရက်မှ စတင်ကာ အများပြည်သူသို့ လွတ်လပ်စွာထပ်မံ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်သည်။
ပြည်သူလူထုအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိစက်သုံးဆီအရောင်းဆိုင် အမှတ် (၁၃၅၄)တွင် ပြည်တွင်းထုတ်ဓာတ်ဆီများဖြစ်သည့် (RON 68) နှင့် (RON 77) တို့ကို ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ဗီယက်နမ်-မြန်မာကုန်စည်ပြပွဲ ၂၀၂၅ (Vietnam-Myanmar Trade Fair 2025)ကျင်းပမည်
10/01/2025
Vietnam-Myanmar Trade Fair 2025 ကို ၂၀၂၅ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ အထိ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းသွားမှာဖြစ်ပြီး ပါဝင်ပြသမည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ် ထားကြောင်းသိရသည်။
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ပံ့ပိုးပေးကာ နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာကုန်စည်ပြပွဲအဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးနှင့် မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းတို့ ပူးပေါင်းကာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ပြပွဲသို့ လာရောက်သူများအတွက် ဗီယက်နမ်-မြန်မာ အစားအသောက်များကို ကျွေးမွေးဧည့်ခံမှုများ၊ ဗီယက်နမ်ရိုးရာဝတ်စုံများဖြင့် အလှဓာတ်ပုံရိုက်ကူးနိုင်မည့် အစီအစဉ်များ၊ ဂိမ်းအစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။
ထို့ပြင် 72 Sqm ကျယ်ဝန်းသည့် Travel Vietnam Pavilion ကိုလည်း ထပ်တိုးထည့်သွင်းထားပြီး အဆိုပါ Travel Vietnam Pavilion မှာ Travel Agency ၁၀ ခုစာအတွက် ကောင်တာ ၁၀ ခု ပါဝင်မည်ဖြစ်သည်။ ဗီယက်နမ်-မြန်မာ ကုန်စည်ပြပွဲမှ မိမိတို့၏ခရီးသွားလုပ်ငန်းများကို တိုက်ရိုက် တွေ့ဆုံရောင်းချနိုင်မည့်အပြင် ဗီယက်နမ် Travel Agent များနှင့်လည်း ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။