
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် စျေးဆိုင်ခန်းပေါင်း (၄၀၀) ကျော်ဖြင့် MSME ထုတ်ကုန် သီတင်းကျွတ်စျေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချမည်
09/30/2025
ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို အောက်တိုဘာလ ၄ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
MSME ပြည်တွင်းထုတ်ကုန်များကို အားပေးမြှင့်တင်စေရန်နှင့် အရည်အသွေးမြင့် ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ပြီး MSME ထုတ်ကုန်များနှင့် အခြားထုတ်ကုန်အမျိုးမျိုးကို တစ်နေရာတည်းတွင် ပူးပေါင်းရောင်းချနိုင်သည့်အတွက် နည်းပညာနှင့် ဈေးကွက်ဆိုင်ရာအသိပညာဖလှယ်မှုများ ဖြစ်ပေါ်လာစေရန် အဆိုပါ MSME ထုတ်ကုန်ဈေးရောင်းပွဲတော်ကို ကျင်းပရခြင်းဖြစ်သည်။
သီတင်းကျွတ်ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန စက်မှုထုတ်ကုန်များ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဒေသထွက်ကုန်ပစ္စည်းများ၊ အစားအစာအရောင်းဆိုင်ခန်းများ အပါအဝင် ဈေးဆိုင်ခန်းပေါင်း (၄၀၀) ကျော် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဈေးရောင်းပွဲတော်ရက်များအတွင်း Esports Games ပြိုင်ပွဲများ၊ အနုပညာရှင်များ၏ ဖျော်ဖြေမှုများနှင့် ဆက်ကပ်မျက်လှည့်များဖြင့် ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်သည်။ ပွဲတော်လာပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် အကြိုပို့ကားများကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေသည့် နိုင်ငံသားအမျိုးသမီး(၃) ဦးအား မြန်မာ သံရုံး၊ ရီရတ်ဒ်မြို့မှ ကူညီပြန်လည်ပို့ဆောင်
09/30/2025
ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးသည် ဆော်ဒီအာရေဗျနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့်ညှိနှိုင်း၍ ဆော်ဒီအာရေဗျနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား အမျိုးသမီး (၃) ဦးအား ကူညီပေးခဲ့ပြီး ၂၈-၉-၂၀၂၅ ရက် (တနင်္ဂနွေနေ့) တွင် ရီရတ်ဒ်-ဒိုဟာ-ဗန်ကောက်-ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


ဆယ်ကျော်သက် ကျောင်းသားများတွင် ကျန်းမာရေးနှင့်ပတ်သက်သော အကြောင်းအရာများကို လေ့လာခြင်း” သုတေသနလုပ်ငန်းအတွက် “Training Workshop on School-based adolescent health survey in Myanmar” ဖွင့်ပွဲအခမ်းအနားကျင်းပ
09/30/2025
“မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆယ်ကျော်သက် ကျောင်းသားများတွင် ကျန်းမာရေးနှင့်ပတ်သက်သောအကြောင်းအရာများကိုလေ့လာခြင်း” သုတေသနလုပ်ငန်းအတွက် “Training Workshop on School-based adolescent health survey in Myanmar” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအေးအေးခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် Overview of the Study နှင့် Expected Outcomes ကို ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းတွင် ဆေးသုတေသနဦးစီးဌာနမှ ဝါရင့်သုတေသီများက သုတေသနလုပ်ငန်းအကြောင်းအသေးစိတ်ကို ကွင်းဆင်းဆောင်ရွက်ကြမည့် အရာထမ်း/အမှုထမ်း သင်တန်းသား/သူ (၄၀)ဦးအား သင်ကြားပို့ချပေးမည်ဖြစ်သည်။ သုတေသနလုပ်ငန်းဆောင်ရွက်ရာတွင်လိုအပ်သော သုတေသန နည်းပညာများဖြစ်သော သွေးဖောက်ခြင်းကို Phlebotomy Arm အသုံးပြု၍သင်ကြားခြင်း၊ သွေးပေါင်ချိန်၊ အရပ်နှင့် ကိုယ်အလေးချိန်၊ ခါးပတ်လည် အတိုင်းအတာများကို စံသတ်မှတ်ထားသော နည်းများအတိုင်း တိုင်းတာရန်သင်ကြားခြင်း၊ သွေးတွင်းအဆီဓာတ်၊ သွေးတွင်း သကြားဓာတ်၊ သိုလှောင်သံဓာတ်၊ သွေးတွင်းသွေးနီဥ၊ သွေးဖြူဥ၊ သွေးမွှားဥပါဝင်မှုများကို တိုင်းတာရန် Good laboratory Practices နည်းပညာများ သင်ကြားခြင်း၊ Android Tablet နှင့် KOBO collect applicationကို အသုံးပြု၍ နေထိုင်စားသောက်မှုပုံစံ၊ အမူအကျင့်တို့နှင့် သက်ဆိုင်သော သုတေသနမေးခွန်းများကို မေးမြန်းသည့် နည်းပညာများကို သင်ကြားခြင်း၊ လက်တွေ့သရုပ်ပြ သင်ကြားလေ့ကျင့်ခြင်းများ၊ သုတေသနကွင်းဆင်းဆောင်ရွက်ရန် ပြင်ဆင်ခြင်းများအား ၂၉-၉-၂၀၂၅ မှ ၁-၁၀-၂၀၂၅ ရက်နေ့အထိ စာတွေ့လက်တွေ့ (၃)ရက်တာ ဆောင်ရွက်သွားကြမည် ဖြစ်သည်။
ဤသုတေသနကို ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှအပ ကျန်တိုင်းနှင့် ပြည်နယ်(၁၄)ခုရှိ အခြေခံပညာအထက်တန်းကျောင်းများမှ (၁၃)နှစ်မှ(၁၇)နှစ်အတွင်းရှိ ဆယ်ကျော်သက် ကျောင်းသား/သူ (၁၃၀၀)ဦးတို့တွင် ဇီဝဖြစ်ပျက်ရောဂါစု ဖြစ်ပွားမှုနှုန်း၊ ရောဂါဖြစ်နိုင်ခြေရှိသော အပြုအမူများ (ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်မှုမရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း)၊ စိတ်ကျန်းမာရေးအခြေအနေ၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် သွေးအားနည်းရောဂါဖြစ်ပွားမှုနှုန်း အစရှိသည်တို့ကို သိရှိနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ သုတေသနတွေ့ရှိချက်များကိုအခြေခံ၍ ဆယ်ကျော်သက် ကျောင်းသား/သူများအတွက် ကျန်းမာရေးအစီအစဉ်များရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

လိပ်သိုမြို့တွင် ဒေသထွက် ရွှေဖရုံသီးများ အရွယ်အစားပေါ်မူတည်၍ ဈေးကောင်းရရှိ
09/30/2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစု စားဝတ်နေရေးအတွက် တောင်ယာများနှင့် အိမ်ခြံဝင်းများအတွင်း ရွှေဖရုံပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် အပိုဝင်ငွေရရှိစေရန် ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။
ရွှေဖရုံပင်များကို ပင်ပြန့်စိုက်နည်းနှင့် စင်ထိုးစိုက်နည်းဖြင့် စိုက်ပျိုးကြပြီး ရွှေဖရုံစိုက်ပျိုးပြီး ရက် (၁၀၀)အကြာတွင် ဆွတ်ခူးနိုင်ကာ လိပ်သိုမြို့ပေါ်ရှိ ဈေးဆိုင်များတွင် ရွှေဖရုံသီး အလုံးအကြီး/ အသေး ပေါ်မူတည်၍ လက်လီဈေး (၁)လုံးလျှင် ကျပ်(၂၀၀ဝိ/-)မှ (၄၀၀ဝိ/-)ကျပ်အထိ ဈေးကောင်းရလျက်ရှိသည်။ ရွှေဖရုံသီးကို ချက်ပြုတ်စားနိုင်သလို အစိမ်းအတိုင်းလည်း သုပ်စားနိုင်ပြီး အသား/ ငါးနှင့်လည်း ရော၍ချက်စားကြကြောင်း၊ အိမ်လုပ် မုန့်အချိုများလည်း ပြုလုပ်စားသုံးကြကြောင်း၊ ရွှေဖရုံသီးများမှာ အာဟာရပြည့်ဝပြီး အရသာချိုသောကြောင့် ဝယ်ယူစားသုံးသူများပြားလျက်ရှိကြောင်း ရွှေဖရုံသီးရောင်းချသူတစ်ဦးထံမှ သိရသည်။

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံအဖွဲ့ဝင် ၅ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်
09/30/2025
နေပြည်တော် စက်တင်ဘာ ၂၉
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် ၅ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ စက်တင်ဘာ ၂၉ ရက်နေ့တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
အဆိုပါဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ ရောက်ရှိနေသော PDF အမည်ခံအဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်နှင့် နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၅ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို စက်တင်ဘာ ၂၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိနယ်မြေခံတပ်ခန်းမ၌ ပြုလုပ်ရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။
ဦးစွာတာဝန်ရှိသူတစ်ဦးက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာပုဒ်မများနှင့် အသိပညာပေးရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် ဘီအေ-၆၃ ၁ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၄၀ မမ လက်လုပ်သေနတ် ၁ လက်၊ တူမီးသေနတ် ၁ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ယင်းနောက် တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ဂုဏ်ပြုဆုငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက် လာသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာတပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။