photo

ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် -၂၀၂၅ (World Atomic Week Forum-2025) ဖွင့်ပွဲ ကျင်းပပြုလုပ်

09/27/2025

နေပြည်တော် စက်တင်ဘာ ၂၆

ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် -၂၀၂၅ (World Atomic Week Forum-2025) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကို မြို့ရှိ VDNKh စင်တာ၌ ကျင်းပပြုလုပ်ရာ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် A.V Novak နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

အဆိုပါဖိုရမ်သည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန် စိတ်ဝင်စားကြသည့် နိုင်ငံများ စုဝေးကြသည့် အကြီးမားဆုံးသော အပြည်ပြည်ဆိုင်ရာ အစည်းအဝေးတစ်ခုလည်း ဖြစ် သည်။

ဖိုရမ်တွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ပညာရှင်များ၊ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နျူကလီးယားစွမ်းအင်နှင့် သိပ္ပံနည်းပညာစွမ်းအင်ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကျန်းမာရေးကဏ္ဍဆိုင်ရာများတွင် အနာဂတ်တွင် မည့်သို့သက်ရောက်မှု ရှိနိုင်သည့် အခြေအနေဆိုင်ရာများကို ဆွေးနွေးလျက်ရှိသည်။ အဆိုပါဖိုရမ်တွင် စားပွဲဝိုင်းဆွေးနွေးပွဲများ၊ နားလည်မှုဆိုင်ရာ စာချွန်လွှာလက်မှတ်ရေးထိုးပွဲများပါရှိပြီး စွမ်းအင်ထုတ်လုပ်မှု ဆိုင်ရာများနှင့်ပတ်သက်၍ တက်ရောက်လာသူများ လေ့လာကြည့်ရှုနိုင်ရန် ပြခန်းများအား သက်ဆိုင်ရာနိုင်ငံများအလိုက် ခင်းကျင်းပြသထားလျက်ရှိသည်။

ယခုဖိုရမ်တွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ Rosatom Technical Academy နှင့် မြန်မာနိုင်ငံရန်ကုန် နည်းပညာတက္ကသိုလ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ် (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါစာချုပ်အရ နျူကလီးယား သိပ္ပံ၊ နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ သင်ရိုး ညွှန်းတမ်းများ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် အပြည်ပြည်ဆိုင်ရာစီမံကိန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ Naypyidaw State Poly-technic University မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါက်တာစိုးလွင်အောင်က “ဒီနေ့ကျွန်တော်တို့ မြန်မာနိုင်ငံက ရန်ကုန်နည်းပညာ တက္ကသိုလ်နဲ့ ရုရှားနိုင်ငံက ROSATOM Technical Academy နဲ့အကြားမှာ နားလည်မှုစာချွန် လွှာ ရေးထိုးကြပါတယ်။ ရန်ကုန် နည်းပညာတက္ကသိုလ်နဲ့ ROSATOM Technical Academy နဲ့ အကြားမှာ ဒီလိုမျိုး နားလည်မှုစာချွန်လွှာတွေ ရေးထိုးပြီးတဲ့နောက်မှာ ပထမအနေနဲ့ ကျောင်းသား ကျောင်းသူအချင်းချင်း အပြန်အလှန်စေလွှတ်တာတွေ၊ သင်ကြားရေးနဲ့ပတ်သက်တဲ့ ဆရာ၊ ဆရာမတွေ ဖလှယ်တာတွေ၊ သုတေသနနဲ့ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပြီးတော့ ယဉ်ကျေးမှုချင်းဖလှယ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ရှိပါတယ်။ အခုလက်ရှိမှာလည်း မြန်မာနိုင်ငံက စေလွှတ်ထားတဲ့ ကျောင်းသားတွေအနေနဲ့ ROSATOM ရဲ့ အကူ အညီနဲ့ ရုရှားနိုင်ငံတက္ကသိုလ်တွေမှာ ပညာသင်ယူနေကြတာ တွေရှိပါတယ်။ နျူကလီးယား စွမ်းအင်နဲ့ပတ်သက်ရင် ရုရှားက ကမ္ဘာမှာ ပထမဆုံး Pioneer ဖြစ်တယ်။ ဒီအဏုမြူစွမ်းအင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီက ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေ ဒီလိုမျိုး တက္ကသိုလ်တွေကနေ ပညာသင်ယူလေ့လာခွင့်ရတယ်ဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ HR ကဏ္ဍ၊ သုတေသနကဏ္ဍအပြင် နျူကလီးယားစွမ်းအင်နဲ့ပတ်သက်တဲ့ စီမံကိန်းတွေအတွက်ပါ အောင်မြင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရရှိလာနိုင်မှာဖြစ်ပါတယ်။”

Rosatom Technical Academy ၏ ပါမောက္ခချုပ်ကလည်း နျူကလီးယားပညာရေးကို တည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်အတွက် မြန်မာနိုင်ငံမှ ကျောင်းသားများကို ရုရှားနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိမှုနှင့်အတူ ကိုယ်ပိုင်နျူကလီးယားပညာရေးအစီ အစဉ်များ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖြေကြားခဲ့သည်။

ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ (World Atomic Week Forum-2025) ကို စက်တင် ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

27.09.2025
photo

မော်စကိုမြို့၌ ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ ပါဝင်တက်ရောက်

09/27/2025

နေပြည်တော် စက်တင်ဘာ ၂၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ စက်တင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းက “အရာအားလုံးက အက်တမ်ကနေ စတင်တယ်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် မျက်နှာစုံညီအစည်းအဝေးကို ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါမျက်နှာစုံညီအစည်းအဝေးကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr.Alexey Likhachev ဦးဆောင်ပြုလုပ်ခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီးများနှင့် UMFCCI မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ မျက်နှာစုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရပါသည်-

ဦးကိုကိုလွင် (ပြည်ထောင်စုဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန)

ဒီနေ့က Atomic Energy Forum ကို နိုင်ငံတော်အကြီးအကဲနဲ့အတူ လာကြတာပါ။ အဏုမြူ စွမ်းအင်နဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေ ပါလာကြတယ်။ စွမ်းအင်ဆိုတာက လူသားတွေအတွက် မရှိမဖြစ်လိုအပ်ချက်၊ အရေးကြီးဆုံးလိုအပ်ချက်ပဲ။ လူမှုဘဝရှင်သန်ဖို့၊ နိုင်ငံတစ်နိုင်ငံ စီးပွား ဖွံ့ဖြိုးဖို့စွမ်းအင်လိုတယ်။

အဲဒီမှာ Energy ဆိုတာက Energy ရရှိဖို့အတွက် Primary Energy လို့ ခေါ်တဲ့ ဒီ Energy ကို ဘယ် Source က ယူတာလဲ။ ပြီးတဲ့အခါကျမှ Secondary Energy ကို ပြန်ပြီးတော့ Transform လုပ်တယ်။ ဥပမာအားဖြင့် ကျွန်တော်တို့လုပ်နေတဲ့ Oil and Gas ဆိုလို့ ရှိရင် Oil and Gas ကို Primary Energy အနေနဲ့ လုပ်တယ်။ အဲဒီကနေပြီးတော့ Secondary Energy နဲ့ Transform လုပ်တဲ့ အခါကျတော့ Electricity ဆိုတာ ရတယ်။ Electricity သည် Secondary Energy။ အဲဒီ Secondary Energy ကနေပြီး တော့ လိုချင်တဲ့ လူတွေရဲ့လိုအပ် ချက်တွေကို အသုံးပြုကြတယ်။ အခု ဒီ Atomic Energy ကျတော့ Primary Energy အနေနဲ့ Atom တွေကရတယ်။ Atom တွေက Uranium ၊ Plutonium နဲ့ Thori-um အဲဒီ Atom တွေက Fusion ဖြစ်တဲ့ အခါကျတော့ Atom တွေကနေ Nucleus က ကွဲသွား တဲ့အခါ Neutron တွေ ထွက်လာတယ်။ ဒါ Primary Energy ပေါ့။ အဲဒီကနေ Secondary Energy ဖြစ်တဲ့ အမျိုးမျိုးသော အသုံးပြုမှု တွေကိုသွားရော။ အခု ဒီနေ့ကတော့ ထွက်လာတဲ့ Energy တွေကို လျှပ်စစ်ထုတ်ဖို့ပါ။ ဒီအပြင် စိုက်ပျိုးရေးကိစ္စတွေ၊ ကျန်းမာရေးကိစ္စတွေမှာ သုံးမယ်။ အများကြီးသုံးလို့ ရတယ်။

အဏုမြူစွမ်းအင်လုပ်မယ်ဆိုရင် နံပါတ်တစ်အရေးကြီးဆုံးကတော့ လူ့စွမ်းအားအရင်းအမြစ်နဲ့ အခြေခံအဆောက်အအုံတွေ လုပ်ရမယ်။ နံပါတ်နှစ်ကတော့ ငွေရေးကြေးရေး။ နံပါတ်သုံးကတော့ သူ့ရဲ့လုံခြုံစိတ်ချရမှု။

Security မှာ နှစ်ပိုင်းပါတယ်။ Nuclear ထုတ်တဲ့ Power-plant ကြီးတွေရဲ့ Secure ဖြစ်ဖို့ လိုတယ်။ Very High Tempera-ture မှာ သူက အလုပ်လုပ်တာ။ အဲဒီအခါကျတော့ Super Heated Region ကနေ Steam တွေ ထွက်လာတယ်။ အဲဒါကို သုံးတာ။ ဒါပေမယ့် သုံးချင်တဲ့ Steam တွေက သုံးပြီး၊ သုံးနေတဲ့အချိန်မှာ အဲဒီ Plant ကြီးကိုကျတော့ Cooling System တွေက အအေးပေးထားရတယ်။ နောက်တစ်ခါ Nuclear Atom တွေက ပြိုကွဲသွားတဲ့အခါ Radiation တွေ ထွက်လာတယ်။ အဲဒါတွေကို အကာအကွယ်ပြုလုပ်ရတယ်။ ဒါကြောင့်မို့ Nuclear ဆိုတာနဲ့ နံပါတ်တစ် Security ဆိုတဲ့နေရာမှာ အဲဒီမှာအလုပ်လုပ်မယ့်လူတွေကဟာ ဒါဆိုရင် သူတို့ဘာဖြစ်မလဲ။ စိုးရိမ် မှုတွေရှိတယ်။ နောက်တစ်ခုက အဲဒါကို သုံးစွဲမယ့်ပြည်သူလူထု။ ခုနက IAEA က ပြောသွားတယ်။ ပြည်သူလူထုက Nuclear ဆိုရင် လန့်နေကြတယ်။ အဲဒါကို ပြောပြရမယ်။

ဒီနေ့က ဒီနျူကလီးယားနည်းပညာတွေက တဖြည်းဖြည်းနဲ့ မြင့်တက်လာတယ်။ အခုဆိုရင် Generation က 3 Plus (တတိယမျိုးဆက်လွန်) ဖြစ်သွားပြီ။ နောက်တစ်ခါ သူတို့ 4 ကိုသွားဖို့ သူတို့ဆွေးနွေးနေကြပြီ။ 4 သွားပြီဆိုလို့ရှိရင် ပိုပြီး‌တော့လုံခြုံလာမယ်။ အခုက နျူကလီးယားသုံးပြီဆိုလို့ ရှိရင် ယူရေနီယံတွေ အစွမ်းမဲ့သွားပြီဆိုရင် စွန့်ပစ်ရမယ့်ပြဿနာကို ရင်ဆိုင်ရပြီ။ စတုတ္ထမျိုးဆက်နည်းပညာမှာ Depleted Uranium တွေကို မစွန့်ပစ်ရတော့ဘူး။ ပြန်သုံးမယ်။ Reuse ပြန်လုပ်မယ်။ အဲဒါ 4th Generation ဆိုပြီးတော့ သွားနေကြတယ်။ အဲဒီမှာတော့ ရုရှားက နည်းပညာဦးဆောင်နိုင်ငံဖြစ်တယ်။ မနေ့ကလည်း နိုင်ငံတော်အကြီးအကဲတွေ ဆွေးနွေးကြတဲ့အထဲမှာ အဲဒီခေါင်းစဉ်တွေပါတယ်။ ဒီနေ့လည်း ဆွေးနွေးတယ်။ ဘာပြောပြော ကျွန်တော်တို့နိုင်ငံအနေနဲ့သည် Energy Mix ဆိုတဲ့နေရာမှာ Nuclear သည် အချိုးတစ်ခုပါကို ပါရမယ်။ အဲဒါမှ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမယ်။ ဒီနေ့လည်း ကျွန်တော်တို့ နိုင်ငံတော်အကြီး အကဲရဲ့ရှေ့မှောက်မှာ လက်မှတ်ထိုးကြတယ်။ အဲဒါ ကျွန်တော်တို့ မဖြစ်မနေ ဆောင်ရွက်ရမယ်။ အဲဒါကို ပြည်သူလူထုအနေနဲ့ကလည်း ဆောင်ရွက်ရမယ်။ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အတွက် အင်မတန်အရေးပါတယ်ဆိုတာကို ပြည်သူလူထုနားလည်ရမယ်။ ဒီဘက်ကလည်း နည်းပညာ တွေအရ Secure လုပ်မယ်။ နောက်တစ်ခါ ဒီမှာအလုပ်လုပ် မယ့် လူတွေ၊ ဒီပညာတွေသင်ဖို့အတွက် သူတို့က စိုးရိမ်စိတ်တွေ ရှိစရာမလိုဘူး။ အခုလည်း ဒီမှာ Nuclear နဲ့ပတ်သက်တဲ့ပညာရှင် ငယ်ငယ်လေးတွေ ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀/၇၀ လောက်ကတည်းက ဒါကို စလုပ်နေတာ။ ဒါကို ပြည်သူလူထု အနေနဲ့ လုပ်ကိုလုပ်ရတော့မယ်။ ကြိုးစားလုပ်ရမယ်။ ဒါဆို ငါတို့ နိုင်ငံတော်အတွက် ဘယ်လိုဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတဲ့ အသိအမြင်လေးတွေ ရစေချင်ပါတယ်။

ဒေါက်တာသက်ခိုင်ဝင်း (ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)

နိုင်ငံတော်အကြီးအကဲနဲ့အတူ မော်စကိုမှာကျင်းပတဲ့ (World Atomic Week Forum 2025) ကို လာတက်ရောက်ခြင်း ဖြစ်ပါတယ်။ ဒီနေ့ကလည်း နိုင်ငံတော်အကြီးအကဲ ပါဝင်တဲ့ World Atomic Week ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ပါတယ်။ Nuclear Technology နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတစ်နိုင်ငံမှာ အသုံးပြုဖို့ဆိုတာ တော်တော်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ မနေ့က ထိပ်သီးဆွေးနွေးပွဲမှာ နိုင်ငံတော်အကြီးအကဲများဟာ မိမိတို့ နိုင်ငံတွေအလိုက် Nuclear Technology ကို မိမိတို့လူမှုပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတဲ့ အစီအစဉ်တွေကို ဆွေးနွေးသွားကြတာတွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်အနေနဲ့လည်း နိုင်ငံတော်ယာယီသမ္မတကြီးက မြန်မာနိုင်ငံမှာ ဆောင်ရွက်မယ့် Nuclear Technology နဲ့အတူ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်အောင် စီစဉ်နေတဲ့ အစီအစဉ်တွေ၊ နောက်ဆောင်ရွက်မယ့်အစီအစဉ်တွေကို ကျယ်ပြန့်စွာ ဆွေးနွေးသွားခဲ့ပါတယ်။ ဒီလို ဆွေးနွေးတဲ့ အခါမှာလည်း ကျွန်တော်တို့နိုင်ငံရဲ့ Nuclear Technology ကို ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အဖွဲ့အစည်းတွေဖြစ်တဲ့ IAEA လို အဖွဲ့အစည်းတွေ ROSATOM လို အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းတွေကိုလည်း ဆွေးနွေးခဲ့တာ တွေ့ရှိခဲ့ပါတယ်။ ကျွန်တော်တို့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ဒီပွဲမှာဆိုရင် ကျွန်တော်တို့အပါအဝင် ကျွန်တော်တို့ရဲ့ Nuclear Medicine Department ကတာဝန်ရှိသူများလည်း ပါဝင်လာပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်းပဲ ဒီ Nuclear Technology အသုံးပြုပြီးတော့ ဆေးကုသမှုတွေ၊ ရောဂါရှာဖွေမှုတွေ၊  အထူးသဖြင့် ကင်ဆာရောဂါနဲ့ပတ်သက်တဲ့ ကုသမှုတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီမှာ တက်ရောက်လာခြင်းအားဖြင့် ROSATOM မှာ တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ရဲ့တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီးတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံမှာ ဆေးကုသမှုနဲ့ပတ်သက်ပြီး Nuclear Technology အသုံးပြုပြီးတော့ ဆောင်ရွက်မယ့်ဟာတွေ၊ ယခုလက်ရှိအခြေအနေထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ဖို့ ဒါတွေကိုလည်း ဆွေးနွေးနိုင်မယ့်အခွင့်အလမ်းရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်းပဲ Nuclear Technology ဆေးကုသမှုလုပ်တဲ့အခါမှာ Isotope တွေ ကျွန်တော်တို့နိုင်ငံမှာလည်း ထုတ်နေတာရှိသလို ပြည်ပနိုင်ငံက တင်သွင်း ရတာတွေလည်းရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း ပိုမိုကောင်းမွန်တဲ့၊ အရည်အသွေးမြင့်မားတဲ့ Isotope တွေ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့၊ ပြည်ပမှ တင်သွင်းနိုင်ဖို့တွေကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ (World Atomic Week Forum 2025) ကို လာရောက်တက်ရောက်ခြင်းဟာဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ Nuclear Technology နဲ့ လူမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ့် လုပ်ငန်းတွေမှာ နိုင်ငံတော်ယာယီသမ္မတကြီး ကိုယ်တိုင်တက်ရောက်တဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံအတွက် မှတ်တိုင်တစ်ခု၊ Nuclear Technology အသုံးပြုတဲ့ မှတ်တိုင်တစ်ခုအဖြစ်နဲ့ ကျန်ခဲ့မယ်လို့ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ရုရှား-အာဆီယံဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့သည်။ ထို့နောက် ROSATOM ညွှန်ကြားရေးမှူးချုပ်က တည်ခင်းဧည့်ခံသည့် ညစာစားပွဲကို ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

27.09.2025
photo

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၉ ခု ခွင့်ပြု

09/27/2025

နေပြည်တော် စက်တင်ဘာ ၂၆

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် လေးခုနှင့် စက်မှု၊ ဝန်ဆောင်မှု၊ လျှပ်စစ်၊ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၅ ခုတို့ကို ခွင့်ပြုပေးခဲ့သည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၉ ဒသမ ၆၂၆ သန်း၊ ငွေကျပ် ၄၁၇၅၄၂ ဒသမ ၁၂ သန်းဖြစ်ပြီး ၄၄၄၆ ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ယနေ့အစည်းအဝေးက ခွင့်ပြုပေးသည့်လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများအပြင် စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းတို့လည်း ပါဝင်သည်။

၂၀၂၅ ခုနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ် ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၃၂ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၈ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၅၈ ရာခိုင်နှုန်းဖြင့် အသီးသီးရင်းနှီးမြှုပ်နှံထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များကို စိစစ်ခွင့်ပြုခြင်းနှင့် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

27.09.2025
photo

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးအတွင်းဝန် Mr. Rajesh Kumar Singh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

09/27/2025

နေပြည်တော် စက်တင်ဘာ ၂၆

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးအတွင်းဝန် Mr. Rajesh Kumar Singh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးအတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Shri Abhay Thakur ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel Jaswinder Singh Gill နှင့် အိန္ဒိယတပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးများ ကောင်းမွန်လျက်ရှိသည့်အခြေအနေများ၊ မြန်မာ - အိန္ဒိယနှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုဖြင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ကောင်းမွန်သည့် သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

လက်ဆောင်ပစ္စည်း အပြန်အလှန်ပေးအပ်

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးအတွင်းဝန်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

27.09.2025
photo , photo2

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား

09/27/2025

နေပြည်တော် စက်တင်ဘာ ၂၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား ‌ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့‌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြား‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့် ဇနီး၊ သံရုံး၊ စစ်သံရုံးမိသားစုဝင်များ၊ ပညာ တော်သင် သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံး၊ စစ်သံရုံးမိသားစုများက တစ်ဦးချင်းမိတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum 2025)” သို့ တက်ရောက်ဆွေးနွေးရန် ဖိတ်ကြားချက်အရ လာရောက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က တက်ရောက်ခဲ့ကြောင်း၊ မကြာသေးမီကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာတွင်ကျင်းပသည့် အခြားသော ထိပ်သီးအစည်းအဝေးများသို့လည်း တက်ရောက်ဆွေးနွေးလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံတကာ အခမ်းအနားများသို့ တက်ရောက်ခွင့်ရခြင်းသည် မိမိတို့နိုင်ငံအတွက် ကောင်းမွန်သည့် အကျိုးရလဒ်များကို ရရှိစေကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများအနေဖြင့် နိုင်ငံတော်၏ နိုင်ငံ ရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် ပကတိအခြေအနေမှန်များကို သိရှိနားလည်ရမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေ ကျင်းပပေးသွားရမည်ဖြစ်ပြီး မကြာမီကာလအတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ကြုံတွေ့ ခဲ့ရသည့် ရွေးကောက်ပွဲများတွင် မဲမသမာမှုဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လာမည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများမဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုမရှိစေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များသည် ယုံကြည်စိတ်ချရပြီး မဲမသမာမှုပြုလုပ်၍မရကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေ ရေးဆောင်ရွက်သွားရန်မှာ မိမိတို့၏ ရည်မှန်းချက်ပင်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း မိမိတို့ရွေးချယ်မည့် ရွေးကောက်ခံကိုယ်စားလှယ်များသည် နိုင်ငံ၏ အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို အမှန်တကယ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူဖြစ်ရန်နှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်နိုင်မည့်သူများဖြစ်ရန်လိုကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများ၊ သင်တန်းသားများအနေဖြင့်လည်း မိမိတို့ရွေးချယ်မည့် ကိုယ်စားလှယ်များကို မှန်မှန်ကန်ကန် ရွေးချယ်သွားရန်လိုကြောင်း။

သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအနေဖြင့် အလှမ်းကွာဝေးပြီး မိမိတို့နှင့် အခြေခံမတူသည့် ရေခြား၊ မြေခြားအရပ်ဒေသများတွင် နိုင်ငံတော်၏တာဝန်များကို အခက်အခဲများကြားမှ လာရောက်ထမ်းဆောင်ကြခြင်း၊ ပညာသင်ယူခြင်းများကို ဆောင်ရွက်နေကြရခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများ၏အခက်အခဲများကို နားလည်သဘောပေါက်ပြီး လိုအပ်သည်များကို အခါအခွင့်ကြုံသည့်အခါတိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ကျရာ တာဝန်များကို ထမ်းဆောင်နေကြရာ၌ မိမိကိုယ်ကို သစ္စာရှိရန်၊ မိမိအလုပ်အပေါ် သစ္စာရှိရန်၊ နိုင်ငံတော်အပေါ် သစ္စာရှိရန်လို ကြောင်း။

မိမိတို့အစိုးရအနေဖြင့် စတင်တာဝန်ယူစဉ်မှစ၍ ယခုအချိန်အထိ ကပ်ရောဂါကြုံတွေ့ရမှုများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရမှုများ၊ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် အခက်အခဲအကျပ်အတည်း နှင့် ပိတ်ဆို့မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စစ်မှန်သည့် စေတနာနှင့် သစ္စာတရား ကိုလက်ကိုင်ထား၍ ကြံ့ကြံ့ခံဖြတ်ကျော်ခဲ့ခြင်းဖြစ်ကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအနေဖြင့်လည်း မိမိကိုယ်ကိုနှင့် မိမိအလုပ်ကိုသစ္စာရှိရန်၊ နိုင်ငံတော် နှင့် နိုင်ငံသားများအပေါ် သစ္စာရှိရန် မှာကြားလိုကြောင်း။

ငွေကုန်ကြေးကျခံ၍ အနာဂတ်နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များရရှိနိုင်ရန် ပညာတော်သင်စေလွှတ်ခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်၏ ကျေးဇူးကို မမေ့ရန်နှင့် နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးများကို ပြန်လည်ထမ်းဆောင်သွားကြရန်လိုကြောင်း၊ မိမိတို့ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ အနာဂတ် နိုင်ငံတော်အကျိုးကို တတ်စွမ်းသည့်ဘက်မှ ဖော်ဆောင်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင် သင်တန်းသားများ စေလွှတ်ပေးလျက်ရှိပြီး အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံတွင် ပညာတော်သင်များအဖြစ် စိစစ်ရွေးချယ်စေလွှတ်ခံကြရသူများဖြစ်သဖြင့် မိမိကိုယ်ကိုတန်ဖိုး ထားကြရန်၊ မိမိကိုယ်တိုင်နှင့် နိုင်ငံတော်အတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

ထို့ပြင် မိမိတို့မြန်မာနိုင်ငံသား များအချင်းချင်း စည်းလုံးညီညွတ်စွာနေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်မျှတစွာ နေထိုင်ကြရန်၊ ဂရုစိုက်ကြရန် မှာကြားလိုကြောင်း၊ မိမိတို့တစ်ဦးချင်းစီ အလိုက် အသိ၊ သတိဖြင့် ထိန်းထိန်းသိမ်းသိမ်းနေထိုင်သွားလာ စားသောက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို မှန်မှန်ကန်ကန် ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်သွားကြရန် လိုကြောင်းဖြင့်မှာကြားပြီး လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် ပညာတော်သင် သင်တန်းသားများက လက်ခံ ရယူကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် သံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

27.09.2025