photo , photo2

ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲတွင် ခေတ် (၄) ခေတ်၏ မြန်မာ့ရိုးရာဝတ်စုံများအား တင်ဆက်ပြသ

09/25/2025

ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲ (Costumes of the World Show) ကို ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် International Cultural Diversity Organization (ICDO) က ကြီးမှူး၍ ၂၃-၉-၂၀၂၄ ရက်တွင် ဗီယင်နာမြို့တော်ခန်းမ (Festsaal Rathaus)တွင် ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါ အခမ်းအနားသို့ ဗီယင်နာပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့တော်ကောင်စီ အဖွဲ့ဝင်များ ဖြစ်သော Mr.  Alexander Ackerl နှင့် Ms. Aslihan Bozatemur၊ ဝတ်စားဆင်ယင်မှု တင်ဆက်သည့်နိုင်ငံများမှ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းနှင့် အခြားသံအမတ်ကြီးများ၊ ယဉ်ကျေးမှုသံအရာရှိများနှင့် ပရိသတ်ရာပေါင်းများစွာ တက်ရောက်အားပေးခဲ့သည်။ 

အဆိုပါဝတ်စားဆင်ယင်မှုပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံက ၎င်းတို့၏ ရိုးရာဝတ်စားဆင်ယင်မှုများ၊ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ပြသခဲ့ကြပြီး၊ ဗီယင်နာမြို့၊ မြန်မာသံရုံးမှ ပုဂံခေတ်၊ အင်းဝခေတ်၊ ကိုလိုနီခေတ်အလွန်နှင့် မျက်မှောက် ခေတ်တို့၏ မြန်မာ့ရိုးရာဝတ်စုံများဖြင့် တင်ဆက်ပြသခဲ့ကြောင်း သိရသည်။

25.09.2025
photo , photo2

ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ပါဝင်တက်ရောက်

09/25/2025

ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံ (SCAJ2025 World Specialty Coffee Conference & Exhibition) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် Tokyo International Exhibition Center ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ 

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ Specialty Coffee Association of Japan ၏ ဥက္ကဋ္ဌ Mr. Yoshihito KATO ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြပွဲတွင် ပါဝင်ပြသကြသော ကော်ဖီထုတ်လုပ်တင်ပို့ရောင်းချသည့်နိုင်ငံများမှ သံအမတ်ကြီးများနှင့် သံရုံးများမှကိုယ်စားလှယ်များ ပါဝင်တက် ရောက်ခဲ့ကြသည်။ 

Specialty Coffee Association of Japan က ကြီးမှူးကျင်းပသည့် ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံသည် အာရှတွင် အကြီးဆုံးကော်ဖီပြပွဲဖြစ်ပြီး ၂၀၀၅ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့သဖြင့် ယခုအကြိမ်သည် ၂၀ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။ ပြပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၄ ရက်ကြာ နိုင်ငံပေါင်း ၇၀ မှ ကုမ္ပဏီပေါင်း ၄၅၀ ကျော်က ပြခန်းပေါင်း ၆၅၀ ဖွင့်လှစ်ပြသခဲ့သည်။ 

အဆိုပါ ပြပွဲတွင် မြန်မာ့အထူးတန်းဝင်ကော်ဖီအား ဂျပန်နိုင်ငံနှင့် နိုင်ငံတကာဈေးကွက်သို့ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာ့ကော်ဖီအား ကမ္ဘာ့ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရေး၊ နိုင်ငံတကာ ဈေးကွက်ချိတ်ဆက်မှုများ ရရှိစေရေး၊ လုပ်ငန်းရှင်များအား နိုင်ငံတကာပြပွဲ အတွေ့အကြုံများ ရရှိစေရေးနှင့် အခြားလုပ်ငန်းရှင်များ၏ နည်းပညာနှင့်ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေအနေများအား လေ့လာ၍ မြန်မာ့ကော်ဖီထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းကို ဖွင့်လှစ်ပြသခဲ့သည်။ ပြပွဲတွင် မြန်မာနိုင်ငံ ကော်ဖီအသင်းဝင်ကုမ္ပဏီများက မြန်မာ့အထူးတန်းဝင်ကော်ဖီများအား ပါဝင်ပြသခဲ့ကြပြီး၊ လက်တွေ့သရုပ်ပြကော်ဖီဖျော်စပ်မှု များကို ပြုလုပ်ခဲ့သည်။

အဆိုပါ ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံ (SCAJ2025 World Specialty Coffee Conference & Exhibition)တွင် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းအား  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ တိုကျိုမြို့နှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်ပြသခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

25.09.2025
photo

ထောပတ်သီး ဝယ်လိုအားတက်နေသဖြင့် တိုးချဲ့စိုက်ပျိုးရန် စီစဉ်

09/25/2025

ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားမြင့်တက်နေသည့်အတွက် မြန်မာနိုင်ငံတွင် ထောပတ်သီး စိုက်ဧကများ တိုးချဲ့သွားရန်အတွက် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) မှ သိရသည်။

ထောပတ်သီးရာသီတွင် အရည်အသွေးမြင့် Hass အမျိုးအစား ထောပတ်သီးတန်ချိန် (၃,၀၀၀) ခန့်အထိ အထွက်နှုန်း ကောင်းမွန်ခဲ့ပြီး ယခုနှစ်ရာသီတွင် အထွက်နှုန်းမြင့်မားနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပြီး Hass အမျိုးအစားကဲ့သို့ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် ထောပတ်သီးမျိုးများကို စိုက်ပျိုး သွားမည်ဖြစ်သည်။

ပြည်တွင်း စိုက်ပျိုးသည့် Hass ၊ Buccaneer ၊ အမရာ စသည့် ထောပတ်သီးမျိုးများ၏ လိုအပ်ချက်သည် တစ်နှစ်ထက် တစ်နှစ် တိုးလာခြင်းကြောင့် ယခုနှစ်တွင် ပြည်တွင်းထုတ် အရည်အသွေးမြင့် Hass ထောပတ်သီးများကို စင်ကာပူနှင့် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့မည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် ပြည်တွင်းတွင် စိုက်ပျိုးထွက်ရှိသည့် ထောပတ်သီးများကို မလေးရှားဈေးကွက်သို့ စမ်းသပ်တင်ပို့နိုင်ခဲ့ပြီး လက်ရှိတွင် အိန္ဒိယနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် အနည်းငယ် စတင် တင်ပို့လျက်ရှိကြောင်း သိရသည်။

25.09.2025
photo

မော်စကိုမြို့၌ ကျင်းပသည့် First World Public Assembly on New World of Conscious Unity သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

09/25/2025

နေပြည်တော် စက်တင်ဘာ ၂၄

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (International Day of Peace) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် First World Public Assembly on New World of Conscious Unity သို့ တက်ရောက်ခဲ့သည်။

စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံ ပေါင်းစည်းရေးဝန်ကြီး Mr. SERGEY GLAZYEV ၊ Commonwealth of Independent States (CIS) အတွင်းရေးမှူးချုပ် Mr. SERGEY LEBEDEV၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသတို့မှ ဝန်ကြီးများ၊ မြို့တော်ဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Secretary General of the World Peoples Assembly ဖြစ်သူ Mr. Andrey Belyaninov နှင့် တွေ့ဆုံဆွေးနွေးပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။

စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် Business Forum ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးသည် အာရှ၊ အာဖရိက၊ ဥရောပနိုင်ငံများ၊ BRICS ၊ SCO များမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့သည်။

ယင်းဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများ၏ ယုံကြည်မှုမှ စီးပွားရေးယုံကြည်မှုသို့ ပူးပေါင်း ဆောင်ရွက်မှုအခြေခံအုတ်မြစ်များ၊ From People Trust to Economic Trust (Humanitarian Foundations of Partnership) ခေါင်းစဉ်ဖြင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၏ လူသားချင်း စာနာထောက်ထားမှုကိုအခြေခံသည့် လူသားများ၏ ယုံကြည်မှုဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ယုံကြည်စိတ်ချစွာ ဆောင်ရွက်နိုင်ရေး၊ ယင်းမှတစ်ဆင့် ရေရှည်တည်တံ့သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုကို ဖန်တီးတည်ဆောက်နိုင်ရေးစသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် The Role of Business in Economic Integration amid Global Changes ခေါင်းစဉ်ဖြင့် Panel Session ကို ကျင်းပရာ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံအချို့က ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုများကြားတွင် စီးပွားရေးတိုးတက်မှုအတွက် နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုများကို အလေးထားဆွေးနွေးခဲ့ကြပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် လက်တွေ့ကျသော အကြံပြုချက်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးဖော်ထုတ်ခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညီလာခံခန်းမကြီး၌ ကျင်းပသည့် ညီလာခံပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ညီလာခံကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ညီလာခံသို့ နိုင်ငံပေါင်း ၁၅၀ ကျော်မှ လူထုအကြား ထင်ပေါ်ကျော်ကြားသည့်ပုဂ္ဂိုလ်များ၊ နိုဘယ်ဆုရပုဂ္ဂိုလ်များ၊ အစိုးရနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ သိပ္ပံပညာရှင်များ၊ ပညာရေးနှင့် ယဉ်ကျေးမှုနယ်ပယ်တို့မှ ပညာရှင်များ၊ လူငယ်ခေါင်းဆောင်များ၊ အားကစားသမားများ၊ အာကာသယာဉ်မှူးများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတကာမှ လူသိများသည့် သတင်းမီဒီယာများမှ သတင်းသမား စုစုပေါင်း ၅၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

စက်တင်ဘာ ၂၂ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်၌ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Mr. SHOLBAN KARO-OOL နှင့် တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် မြန်မာနိုင်ငံတွင် မကြာမီကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်နှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီဆောင်ရွက်ပေးနိုင်သည့် အခြေအနေများကိုဆွေးနွေးကြပြီး ဒူးမားလွှတ်တော်ရှိ ပြတိုက်အတွင်း လေ့လာခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Russian Presidential Academy မှ Vice Rector ဖြစ်သူ Mr. Andrey Margolin ၏ ဖိတ်ကြားမှုအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့်အတူ Russian Presidential Academy of National Economy and Public Administration (RANEPA) သို့ သွားရောက်ပြီး Economic Development of Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး တက္ကသိုလ်ဝင်းအတွင်းရှိ စာသင်ဆောင်များနှင့် အဆောက်အအုံများကို လေ့လာကြည့်ရှုသည်။

စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

25.09.2025
MDD

အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

09/25/2025

နေပြည်တော် စက်တင်ဘာ ၂၄

အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်နေ မ-----၊ ၁၉/၂၀၂၅ နှစ်သည် လူမှုကွန်ရက် Tiktok Xiao Mei@ xiaomei 7711 အကောင့်မှ တရုတ်ပြည်ဘက်တွင် ကောင်မလေးများခေါ်သည်၊ အာမခံစီစဉ်ပေးသည်၊ နယ်ဝေးကားစီစဉ်ပေးသည်ဟု ကြော်ငြာထားသည်ကို တွေ့ရှိသဖြင့် ဆက်သွယ်ခဲ့ရာ ရှမ်းပြည်နယ် မူဆယ်မြို့နေ အကောင့်ပိုင်ရှင် ကံ့ကော်ဦး (ခ) မီးမီးမှ တရုတ်အငှားမယားလုပ်ရမည်၊ တစ်နှစ်တရုတ်ယောက်ျားနှင့် အတူနေရမည်၊ ငွေကျပ်သိန်း ၈၀ ရမည်ဟု စည်းရုံးပြောဆိုခဲ့ပြီး မိတ္ထီလာမြို့သို့ လာရောက်ရန်ခေါ်ဆောင်သဖြင့် သွားရောက်ခဲ့ရာ မိတ္ထီလာမြို့ကားဂိတ်တွင် ကံကော်ဦး (ခ) မီးမီးနှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နေ ဘိုဘိုတို့က လာကြိုစဉ်ဖမ်းဆီးရမိခဲ့သဖြင့် မိတ္ထီလာမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်း (ပ) ၁၂/ ၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၃ ရက်တွင် မိတ္ထီလာခရိုင် တရားရုံးမှ တရားခံ ကံ့ကော်ဦး (ခ) မီးမီးနှင့် ဘိုဘိုတို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

25.09.2025