

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov နှင့် တွေ့ဆုံဆွေးနွေး
09/27/2025
နေပြည်တော် စက်တင်ဘာ ၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov နှင့် Roscosmos ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် Roscosmos ရုံးချုပ်အဆောက်အအုံသစ်သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် Roscosmos ရုံးချုပ်အဆောက်အအုံအတွင်း၌ Roscosmos မှ အာကာသအတွင်းသို့ လွှတ်တင်ထားသည့် ဂြိုဟ်တုပုံစံတူ ပြုလုပ်ပြသထားရှိမှုနှင့် ဂြိုဟ်တုပတ်လမ်းအတွင်း လွှတ်တင်ထားသည့် ဂြိုဟ်တုများနှင့် တိုက်ရိုက်ချိတ်ဆက်ထားရှိမှု ထိန်းချုပ်ခန်းတို့ကို လှည့်လည်ကြည့်ရှုလေ့လာကြပြီး “Roscosmos” ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်တို့သည် အစည်းအဝေးခန်းမအတွင်း၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး “Roscosmos” ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ အာကာသနည်းပညာဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပအာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အာကာသနည်းပညာနှင့် သက်ဆိုင်သည့် ပညာတော်သင် သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရတို့အကြား ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပအာကာသစူးစမ်း လေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov နှင့် မြန်မာအာကာသအေဂျင်စီအမှုဆောင်ချုပ် ဒေါက်တာ စိုးမြင့်မောင်တို့က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌရှေ့မှောက်၌ လက်မှတ်ရေးထိုးကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာအာကာသအေဂျင်စီအမှုဆောင်ချုပ်တို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov နှင့် တွေ့ဆုံဆွေးနွေး
09/27/2025
နေပြည်တော် စက်တင်ဘာ ၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov အား Radission Collection ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတောလုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov နှင့်အတူ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်နှင့် RC Investment Fund ညွှန်ကြားရေးမှူးချုပ် Mr.Sergey Shatirov နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
တွေ့ဆုံဆွေးနွေးရာတွင် မကြာမီကာလအတွင်း မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုနှင့် ရွေးကောက်ပွဲကျင်းပပြီးစီးပါက ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမည်ဖြစ်သည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှလည်း အသိအမှတ်ပြုအားပေးထောက်ခံလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနှင့် ပြည်သူများ၏ ဘုံအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို လမ်းပြမြေပုံများ ရေးဆွဲ၍ စဉ်ဆက်မပြတ် အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်နှင့် RC Invest-ment Fund ညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် တွေ့ဆုံဆွေးနွေး
09/27/2025
နေပြည်တော် စက်တင်ဘာ ၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် Radission Collection ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး (ROSATOM) ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Nikolay SPASSKIY နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum)”ကျင်းပပြုလုပ်မှုအပေါ် သုံးသပ်မှုအမြင်များ၊ မြန်မာနိုင်ငံနှင့် ROSATOM တို့အကြား နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည့်အခြေ အနေများ၊ အမျိုးသားအဆင့် နျူကလီးယားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှု အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နျူကလီးယား စွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ရုရှား ဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းတို့က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌရှေ့မှောက်၌ လက်မှတ်ရေးထိုးကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ၏ ညွှန်ကြား ရေးမှူးချုပ်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(ROSATOM)၏ ညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော သံချောင်းလုံး များအား အထူးကုန်ရထားဖြင့် ပို့ဆောင်
09/26/2025
ငလျင်ဘေးဒဏ်ခံခဲ့ရသော ဒေသများရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော HRB 500 အမျိုးအစား သံချောင်းလုံးများအား ရန်ကုန်မြို့မှ မန္တလေးမြို့သို့ အထူးကုန်ရထားဖြင့် ပို့ဆောင်ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။
အဆိုပါအထူးကုန်ရထားသည် HRB 500 အမျိုးအစား သံချောင်းလုံးစုစုပေါင်းတန်ချိန် ၄၈၆ ဒဿမ ၈၈၆ တန်အား တင်ဆောင်၍ စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ မလွှကုန်း ဘူတာမှတစ်ဆင့် စတင်ထွက်ခွာလာရာညပိုင်းတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်ခဲ့ပြီး နေပြည်တော်မှ ဆက်လက်ထွက်ခွာခဲ့ရာ မန္တလေးမြို့၊ မြို့ဟောင်းဘူတာသို့ စက်တင်ဘာလ ၂၄ရက်နေ့၊ နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။
အဆိုပါ HRB 500 အမျိုးအစား သံချောင်းလုံးများအား မြို့ဟောင်းဘူတာသို့ ရောက်ရှိစဉ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူ များက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေး နှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး
09/26/2025
နေပြည်တော် စက်တင်ဘာ ၂၅
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှု၏ ဆိုးရွားသောအကျိုးဆက်များကြောင့် ကမ္ဘာနှင့်တစ်ဝန်း တိုက်ဖျက်ကြရန် ကုလသမဂ္ဂကွန်ဗင်းရှင်းတစ်ရပ်ကို ၂၀၀၃ ခုနှစ်တွင် ချမှတ်ထား သကဲ့သို့ မိမိတို့နိုင်ငံတော်အနေဖြင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းကာ ပိုမိုထိရောက်စွာတားဆီးနှိမ်နင်းခြင်း၊ ပညာပေးခြင်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိကြရကြောင်း၊ ယနေ့ကျင်းပသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှုများသည် အဂတိတိုက်ဖျက်ရေးဆိုင်ရာ အသိအမြင်များကိုရရှိခြင်း၊ အဂတိကင်းသောလူ့အဖွဲ့အစည်း ဖြစ်ပေါ်စေရေးအတွက် လူ့အခွင့်အရေးအခြေခံဖြင့် ပေါင်းစပ်ဖော် ဆောင်ပေးနိုင်မည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်က ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သည့် အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပိုမိုပွင့်လင်းမြင်သာပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။
ဆွေးနွေးပွဲအပြီးတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit–CPU)များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်