

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကိုမြို့၌ကျင်းပသည့် သိပ္ပံပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် အမှာစကားပြောကြား
09/26/2025
နေပြည်တော် စက်တင်ဘာ ၂၅
“လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ” ခေါင်းစဉ်ဖြင့် သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ RADISSON COLLECTION ဟိုတယ်၊ Conference Hall ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်အမှာ စကားပြောကြားသည်။
အဆိုပါသိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်း အုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ ဒုတိယဝန်ကြီးများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံအရပ်ဘက်တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာလေ့လာဆန်းစစ်မှုများ၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် နည်းပညာဆိုင်ရာများကို ကဏ္ဍပေါင်းစုံတွင်အသုံးချနိုင်မည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများစသည်ဖြင့် ကဏ္ဍအလိုက်ပိုစတာများဖြင့် သုံးသပ်တင်ပြထားမှုအား ပြကွက်တစ်ခုချင်းစီအလိုက်စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုလေ့လာကြပြီး ပြကွက်တာဝန်ခံများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။
လိုအပ်ချက်များကို ဖြည့်ဆည်းအဖြေရှာ
ထို့နောက် သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို စတင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာ ယနေ့ကျင်းပသည့် “လူငယ်နှင့် အနာဂတ်မြန်မာ” သိပ္ပံနှင့်နည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသည် အနာဂတ်မြန်မာနိုင်ငံတွင် ကြုံတွေ့လာနိုင်သည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ စိန်ခေါ်မှုများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းအဖြေရှာနိုင်စေရန်၊ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များ စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းပါဝင်လာစေရေး ခေတ်မီဆန်းသစ်ပြီး စဉ်းစားတွေးခေါ်နိုင်မှုမြင့်မားသည့် ပညာတတ်လူငယ်များဖြစ်လာစေရန်၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များ၏စွမ်းဆောင်နိုင်မှုအပေါ် မြှင့်တင်အားပေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်အသီးသီးတွင် သုတေသနပြုစုနေကြသည့် သင်တန်းသားများက လေ့လာတွေ့ရှိချက်များအပေါ် မိမိတို့တွင်ရှိသည့် အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး တင်ပြဆွေးနွေးကြမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ သိပ္ပံနှင့်နည်းပညာကဏ္ဍအပေါ် အကျိုးရှိစေမည်ဖြစ်ကြောင်း၊ တင်ပြဆွေးနွေးသူများ၏ လေ့လာတွေ့ရှိချက်နှင့် အကြံပြုချက်များအပေါ် တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်းများ၊ အတွေ့အကြုံဖလှယ်ခြင်းများ ပြုလုပ်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း။
ယနေ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ၊ စွမ်းအင်ဆိုင်ရာ၊ စက်မှုနည်းပညာဆိုင်ရာ၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုနည်းပညာဆိုင်ရာနယ်ပယ်များတွင် ပညာရှင်များစွာ လိုအပ်လျက်ရှိနေကြောင်း၊ ပြည်တွင်း၌ အလုပ်လုပ်နိုင်သည့်အရွယ် လူဦးရေအချိုးအစားများပြားသော်လည်း စက်မှု၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း။
ထို့ကြောင့် လူငယ်များကို ဝေဖန်ပိုင်းခြားတွေးခေါ်တတ်မှု၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်တတ်မှု၊ ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်မှု၊ စုပေါင်းဆောင်ရွက်နိုင်မှု စသည့် စွမ်းရည်များသာမက စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန် အတွက် ညီလာခံများ၊ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
နိုင်ငံတော်အနေဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသည့် ဆောင်ပုဒ်အတိုင်း ပညာရေးကဏ္ဍကို အားပေးထောက်ပံ့လျက်ရှိပြီး ပညာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးမြှင့်ခွင့်ပြုပေးလျက်ရှိကြောင်း၊ အသိဉာဏ်ပညာပြည့်စုံသည့် လူငယ်ပညာရှင်များ ပေါ်ထွန်းလာရေး၊ အသိပညာ၊ အတတ်ပညာ၊ စွမ်းရည်များနှင့်ပြည့်စုံပြီး အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်တည်လာစေရေး လူငယ်များကို နိုင်ငံ့အနာဂတ်ပဲ့ကိုင်ရှင်များအဖြစ်သတ်မှတ်ကာ နိုင်ငံသားတိုင်းအားလုံးက လူငယ်စွမ်းရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်း အမြစ် အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိဖိစီးစီးလုပ်ဆောင်ရန် လိုကြောင်းကို တိုက်တွန်းပြောကြားလိုကြောင်း။
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်
ယနေ့မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံ အများစုက ကဏ္ဍပေါင်းစုံတွင် အချက်အလက်များကို အသုံးချပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း၊ သတင်းအချက်အလက် သိပ္ပံနည်းပညာဆိုင်ရာလုပ်ငန်းများ၊ အချက်အလက် သိပ္ပံသုတေသနလုပ်ငန်းများနှင့် နိုင်ငံတော်အတွက် အထောက်အကူပြုသည့် အကျိုးဖြစ်ထွန်းစေမည့် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
ယနေ့ခေတ်တိုးတက်မှု အမြန်ဆုံးနည်းပညာမှာ ဉာဏ်ရည်တုနည်းပညာ(AI) ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ကုန်ထုတ်လုပ်မှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ၌ ဉာဏ်ရည်တုနည်းပညာကို တွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း ပညာရေးကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ဉာဏ်ရည်တုနည်းပညာ အသုံးပြုနိုင်ရေး ကြိုးပမ်းသွားရမည်ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် ဉာဏ်ရည်တုနည်းပညာကို စိုက်ပျိုးရေးကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
လူသားအရင်းအမြစ်များမွေးထုတ်
ဉာဏ်ရည်တုနည်းပညာကို အကျိုးရှိစွာအသုံးချရေး၊ ခိုင်မာသော ဉာဏ်ရည်တုနည်းပညာဂေဟစနစ်ကို တည်ဆောက်နိုင်ရေးနှင့် အရည်အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် အသုံးချမှုများမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
နျူကလီးယားစွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာဖွံ့ဖြိုး တိုးတက်ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်နည်းပညာကို စွမ်းအင်ကဏ္ဍအပြင် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် မိမိတို့နိုင်ငံ၏ နျူကလီးယားအခြေခံအဆောက်အအုံတည်ထောင်နိုင်ရေး ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်မည်ဖြစ်ကြောင်း။
ယနေ့ မိမိတို့ ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းသည် ရှိရင်းစွဲအလုပ်ကို ဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံအတွက် အရွေ့တစ်ခု၊ မှတ်တိုင်တစ်ခုကို ရေးထိုးနိုင်သည်အထိ လုပ်ငန်းများအပေါ်ရည်မှန်းချက်ထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် အရေးကြီးကြောင်း၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ခြင်းနှင့် စိတ်အား ထက်သန်မှုရှိခြင်းတို့သည် ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အဓိကသော့ချက်တစ်ခုဖြစ်သည်ကို အစဉ်နှလုံးသွင်းခံယူထားပြီး ကြိုးစားကြရန်လည်းမှာကြားလိုကြောင်း။
ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် သိပ္ပံနည်းပညာများကို မျက်ခြည်မပြတ်ဆည်းပူးလေ့လာပြီး မိမိတို့တတ်ကျွမ်းသည့်ပညာရပ်နှင့် နိုင်ငံအကျိုးပြုသုတေသနလုပ်ငန်းများတွင် ဆက်လက်ဆောင်ရွက်သွားရမည်လည်းဖြစ်ကြောင်း၊ သင်ကြားပေးလိုက်သည့် ခေတ်မီနည်းပညာများကို နိုင်ငံအတွင်း၌ ထိရောက်စွာအသုံးချနိုင်ရေး နိုင်ငံ့အကျိုး စီးပွားအတွက် လက်ဆင့်ကမ်းလွှဲပြောင်းထမ်းဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲမှ နိုင်ငံတော်၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာ စိန်ခေါ်မှုများ၊ လိုအပ်ချက်များကို ဖော်ထုတ်နိုင်ကြစေရန်နှင့် နိုင်ငံ့အကျိုးစီးပွားအတွက် ရည်ရွယ်ချက်ကောင်းနှင့် ခံယူချက်ကောင်းများထားရှိပြီး အနာဂတ်မြန်မာ နိုင်ငံတော်၏ နိုင်ငံ့သားကောင်းများဖြစ်ကြစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အရပ်ဘက်တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားများအနက် ကိုယ်စားလှယ်သင်တန်းသားများက သိပ္ပံနည်းပညာဆိုင်ရာ ဆန်းစစ်လေ့လာချက်များနှင့်ပတ်သက်၍ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးတင်ပြကြသည်။
အပြန်အလှန်မေးမြန်းဆွေးနွေး
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများက သိရှိလိုသည့်မေးခွန်းများကို မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းတို့ကိုဆောင်ရွက်ကြပြီး အပြန်အလှန်မေးမြန်းဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကြီးမားပြီး တက္ကသိုလ်ပညာသင်နိုင်သည့် လူသားအရင်းအမြစ်ကောင်းများ များစွာလိုအပ်ကြောင်း၊ အရည်အချင်းရှိသည့် ကျောင်းသားများဖြစ်ရမည်ဖြစ်ပြီး အရေအတွက်များများစွာရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားရသည့်အတွေ့အကြုံများ၊ မြင်တွေ့နေရသည့် အတွေ့အကြုံများနှင့် ဆွေးနွေးတင်ပြသွားသည်ကိုတွေ့မြင်ရပြီး မိမိတို့နိုင်ငံ၏ ပကတိအခြေအနေများဖြင့်လည်း ချိန်ထိုးစဉ်းစား သွားကြရန်လိုကြောင်း။
သုတေသနပြုလုပ်ရုံသာမက အသုံးချမှုနှင့်ပတ်သက်၍လည်း မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ဒေသနှင့် တိုင်းပြည်၏အကျိုးကို ဖော်ဆောင်မြှင့်တင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံရှိ တက္ကသိုလ်များ၊ ကောလိပ်များအနေဖြင့် လည်း တက်ရောက်အောင်မြင်ပြီးစီးပါက လက်တွေ့ လုပ်ငန်းနယ်ပယ်သို့ ဝင်ရောက်အလုပ်လုပ်ကိုင်နိုင် သည်အထိ သင်ကြားပေးသွားရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အားနည်းချက်များ ရှိနေဆဲဖြစ်သည့်အတွက် ပြုပြင်ပြောင်းလဲမှု များ ဆောင်ရွက်၍ ပညာရေးကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အနာဂတ်ပညာတတ် လူငယ်များ များပြားလာစေရန်ရည်ရွယ်၍ ပညာရေးဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးတို့နှင့် တိုင်ပင်ဆွေးနွေးခဲ့ပြီး Polytechnic တက္ကသိုလ်များ၊ Institute ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ အလားတူ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ အခြေခံပညာ အလယ်တန်းအဆင့် တတ်မြောက်ပြီးသူများ တက်ရောက်နိုင်ရေးအတွက် စက်မှုစိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံပညာ အထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း။
ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဘာသာရပ်များကိုလည်း သိရှိနားလည်ကျွမ်းကျင်နိုင်စေရေး ဆက်လက်လေ့လာကြိုးစားအားထုတ်သွားရန်လိုကြောင်း၊ မိမိတို့သင်ယူတတ်မြောက်လာသည့် ဘာသာရပ်အသီးသီး၊ အသိအမြင်အသီးသီးတို့ဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးကို ဖော်ဆောင်နိုင်ရေးအတွက် လည်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဆင့်မြင့်ပညာရပ်များကို နိုင်ငံရပ်ခြား၌ လာရောက် သင်ယူနေရသည်ဖြစ်သည့်အတွက် တစ်ဦးချင်းစီ အလိုက် ဘဝများတိုးတက်စေရေး၊ နိုင်ငံတော်မှ ပညာတော်သင်စေလွှတ်ရကြိုးနပ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကောင်းမွန်သည့် အတွေးအခေါ်အသိအမြင်များဖြင့် နိုင်ငံတော်အတွက် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း၊ နိုင်ငံတော်၏အနာဂတ်ကို ကောင်းမွန်သည့်ပညာတတ်လူသားအရင်းအမြစ်များဖြင့်သာ တည်ဆောက်ရမည် ဖြစ်သဖြင့် တစ်ဦးချင်းစီအလိုက် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင်ကျင်းပပြုလုပ်သည့် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် -၂၀၂၅ (World Atomic Week forum 2025)” ၏ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်
09/26/2025
နေပြည်တော် စက်တင်ဘာ ၂၅
“ကမ္ဘာ့အဏုမြူ သီတင်းပတ်ဖိုရမ်- ၂၀၂၅ (World Atomic Week forum 2025)” ကို ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ရှိ Atom Museum ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် “နည်းပညာသစ်မွေးဖွားခြင်းမှ ကမ္ဘာသစ်အမြင်ဆီသို့ (From a New Technological Rollout to a New Worldview)” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ဆွေးနွေးသည်။
အဆိုပါ “ကမ္ဘာ့အဏုမြူသီတင်းပတ် ဖိုရမ် -၂၀၂၅ (World Atomic Week forum 2025)” သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာမေးနီးယားနိုင်ငံဝန်ကြီးချုပ်၊ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့အပါအဝင် နိုင်ငံတကာမှခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိကြီးများနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများ၊ ကမ္ဘာ့ထိပ်တန်း ကျွမ်းကျင်သူများ၊ ကုမ္ပဏီကြီးများမှ အကြီးအကဲများ၊ CIS ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသများမှ ခေါင်းဆောင်များနှင့် နိုင်ငံပေါင်း ၁၀၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများအား ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM)၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM)၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev က အဖွင့်အမှာစကားပြောကြားပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတက မိန့်ခွန်းပြောကြားသည်။
ယင်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ၊ အာမေးနီးယားနိုင်ငံဝန်ကြီးချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက် တစ်သမ္မတနိုင်ငံဝန်ကြီးချုပ်၊ IAEA ၏ ညွှန်ကြားရေးမှူးချုပ်တို့အပါအဝင် တက်ရောက်လာကြသည့် နိုင်ငံတကာမှ အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိကြီးများနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများ၊ ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူများက မိန့်ခွန်းများ အသီးသီးပြောကြားကြသည်။
ဆွေးနွေးမျှဝေပေးနိုင်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အဏုမြူလုပ်ငန်းများ၏ နှစ်(၈၀)ပြည့် အခမ်းအနားနှင့်ဆက်စပ်ကျင်းပသည့် ယခုအပြည်ပြည်ဆိုင်ရာဖိုရမ် ကမ္ဘာ့အဏုမြူသီတင်းပတ်သည် နျူကလီးယားစွမ်းအင်နှင့် နျူကလီးယားနည်းပညာ၏ ကမ္ဘာ့စွမ်းအင်လိုအပ်ချက်၊ စိုက်ပျိုးရေး၊ ဆေးပညာနှင့် စက်မှုကဏ္ဍများအပေါ် အထောက်အကူပြုခဲ့သည့် သမိုင်းကြောင်းကို ဖော်ပြပေးသည်သာမက အနာဂတ်နျူကလီးယား လုပ်ငန်းများအတွက် ရည်မှန်းချက်ကောင်းများကို ဆွေးနွေးမျှဝေပေးနိုင်မည့် ဖိုရမ်တစ်ခုလည်းဖြစ်ကြောင်း။
ယခုဖိုရမ်၏ ဆောင်ပုဒ်ဖြစ်သည့် “အရာရာတိုင်းသည် အက်တမ်တစ်ခုမှစတင်သည် (Everything starts with an atom.)” ဆိုသည့်အတိုင်း မိမိတို့အပါအဝင် စကြဝဠာကြီးထဲတွင်ရှိသည့် အရာ ဝတ္ထုများအားလုံးသည် အက်တမ်များနှင့် ဖွဲ့စည်းထားခြင်းပင်ဖြစ်ကြောင်း။
အဆွေတော်တို့သိကြသည့်အတိုင်း အက်တမ်၏နျူကလိယပ်စ်ထဲက ကြီးမားသည့် နျူကလီးယားအားကို ထိန်းချုပ်အသုံးချနိုင်ခဲ့ခြင်းဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအပြင် ဆေးပညာ၊ စိုက်ပျိုးရေးနှင့်စက်မှုကဏ္ဍများကို များစွာဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည်လည်း ဆိုဗီယက် ပြည်ထောင်စုကာလ ၁၉၅၄ ခုနှစ် ဇွန်လ ၂၆ ရက်မှစ၍ ကမ္ဘာ့ပထမဦးဆုံး နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးသည့် နိုင်ငံတစ်ခုလည်းဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် လောင်စာသစ်များကို ထုတ်လုပ်ပေးနိုင်သည့် အမြန်နျူထရွန်သုံးနျူကလီးယားဓာတ်ပေါင်းဖို (Fast Breeder Reactors) များကို အောင်မြင်စွာလည်ပတ်နိုင်သည့် တစ်ခုတည်းသော နိုင်ငံတစ်ခုလည်းဖြစ်ကြောင်း။
နှစ်ပေါင်း (၈၀) ကျော်ကာလအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နျူကလီးယားကဏ္ဍကို အသိပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ငြိမ်းချမ်းသော အဏုမြူဆိုင်ရာသိပ္ပံ ပညာရပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီးရှူးတန်ဆောင်တစ်ခုအဖြစ် မယိမ်းယိုင်ဘဲ ခိုင်မြဲစွာပြောင်းလဲပေးခဲ့ကြသည့် သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများ၊ မူဝါဒရေးဆွဲသူများနှင့် ရည်မှန်းချက်ကြီးမားသူများအားလုံးကို မိမိ၏နှလုံးသားထဲမှ လှိုက်လှဲစွာဖြင့် ချီးကျူးဂုဏ်ပြုစကားပြောကြားလိုကြောင်း။
ပူးတွဲအသုံးပြုရန် စီမံကိန်းများချမှတ်
ကမ္ဘာ့စွမ်းအင် လိုအပ်ချက်သည် နှစ်စဉ်တိုးတက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA)၏ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်မှာ ၂၀၂၄ ခုနှစ်ထက် ၂.၂ % တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ ယခုလက်ရှိတွင် ကမ္ဘာ့စွမ်းအင် လိုအပ်ချက်၏ ၉ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင်မှ ရယူလျက်ရှိပြီး World Net-Zero Carbon Emissions အရ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များနှင့် နျူကလီးယားစွမ်းအင်ကို ပူးတွဲအသုံးပြု ရန်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက် ရှိသည်ကိုတွေ့ရှိရကြောင်း၊ နျူကလီးယား စွမ်းအင်သည် ကာဗွန်ထုတ်လွှတ်မှု နည်းပါးသည့် Green Energy တစ်ခုလည်းဖြစ်ပြီး တည်ငြိမ်လျှပ်စစ်စွမ်းအားကိုလည်း ပေးစွမ်းနိုင်ကြောင်း။
ထို့အပြင် စိုက်ပျိုးရေးတွင် နျူကလီးယားနည်းပညာများသည် ပို၍ဘေးကင်းလုံခြုံပြီး ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသည့် အစားအစာထုတ်လုပ်မှုကို ပံ့ပိုးပေးပါကြောင်း၊ မျိုးဗီဇပြောင်းလဲမွေးမြူခြင်းကဲ့သို့ အစီအစဉ်များသည် မိုးခေါင်ရေရှားမှု၊ ပိုးမွှားနှင့် ရောဂါများကို ခံနိုင်ရည်ရှိသည့်သီးနှံများကို ထုတ်လုပ်ပေးခဲ့ပြီး မျိုးပွားနိုင်မှုမရှိသည့် အင်းဆက်နည်းပညာသည်လည်း ပိုးသတ်ဆေးအသုံးပြုမှုကို လျှော့ချနိုင်စေခဲ့သကဲ့သို့ ဂေဟစနစ်များကို ကာကွယ်ပေးခြင်းနှင့် ရေရှည်တည်တံ့သည့် ရိတ်သိမ်းမှုများကိုဖြစ်စေကြောင်း၊ မိမိတို့ကဲ့သို့ စိုက်ပျိုးရေးနိုင်ငံများအတွက် များစွာအကျိုးဖြစ်စေကြောင်း။
ဆေးပညာပိုင်းတွင်ဆိုပါက ရေဒီယိုအိုင်ဆိုတုပ်များနှင့် နျူကလီးယားပုံရိပ် ဖော်နည်းပညာများသည် ရောဂါကိုရှာဖွေခြင်းနှင့် ကုသခြင်းနည်းလမ်းများကို ပြောင်းလဲစေခဲ့ကြောင်း၊ ကင်ဆာရောဂါများကို စောစီးစွာသိရှိနိုင်ခြင်းနှင့် ရေဒီယိုဓာတ်ရောင်ခြည်နည်းဖြင့် ကုသခြင်း (Radiotherapy) ကရရှိလာသည့် တိကျသည့်ပစ်မှတ်ထားကုသမှုတို့ကြောင့် နှစ်စဉ်နှစ်တိုင်း သန်းနှင့်ချီသည့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီး မရေမတွက်နိုင်သော လူပေါင်းများစွာ၏ ဘဝများကို ပိုမိုကောင်းမွန်စေခဲ့ကြောင်း၊ နျူကလီးယားဆေးပညာသည် လူသားမျိုးနွယ်အတွက် သိပ္ပံပညာအစွမ်းဖြင့် ဝန်ဆောင်မှုပေးနိုင်ခြင်း၏ ဥပမာတစ်ရပ်ဖြစ်ကြောင်း။
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသည့်ရည်ရွယ်ချက်ဖြင့် နယ်ပယ်အသီးသီးတွင်အသုံးချပါက လူသားမျိုးနွယ်အတွက် များစွာအကျိုးပြုသလို အခြားတစ်ဖက်တွင်လည်း အားနည်းချက်များရှိကြောင်း၊ နျူကလီးယားစွမ်းအင် အသုံးပြုသည့်အခါ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို မထိခိုက်အောင် ရေဒီယိုသတ္တိကြွစွန့်ပစ် ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲရန်လိုအပ်ခြင်း၊ နျူကလီးယားဒြပ်ပစ္စည်းများမှ ဓာတ်ရောင်ခြည်ယိုစိမ့်မှုမဖြစ်အောင် ကာကွယ်ရန်လိုအပ်ခြင်းနှင့် နျူကလီးယား မတော်တဆမှုများမဖြစ်ပွားအောင် စိတ်ချရသည့်ဘေးကင်းလုံခြုံမှုရှိအောင် စနစ်တကျ ကြိုတင်စီမံဆောင်ရွက်ရန် လိုအပ်ခြင်းတို့ရှိကြောင်း။
မြန်မာနိုင်ငံသည် နျူကလီးယားစွမ်းအင်အသုံးပြုနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်ကစ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း (ROSATOM) နှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပြီး နျူကလီးယားစွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ခဲ့ခြင်းသည် နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ် စတင်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့၌ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် နျူကလီးယားနယ်ပယ်တွင် အတွေ့အကြုံကြွယ်ဝပြီး ထိပ်တန်းဖြစ်သည့် ရုရှားနိုင်ငံနျူကလီးယားစက်ရုံနှင့် နည်းပညာအပေါ် မီဒီယာမျိုးစုံနှင့် ပြည်သူလူထုပိုမိုနားလည်သဘောပေါက်စေရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
တစ်ဆက်တည်း၌ပင် အမျိုးသားအဆင့် နျူကလီးယားအခြေခံအဆောက်အအုံနယ်ပယ်များ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းလမ်းညွှန်ချက်များ (Terms of Reference - ToR) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ “ROSATOM” နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်းပြီး “သိပ္ပံပွဲတော်၂၀၂၃” နှင့် “သိပ္ပံပွဲတော် ၂၀၂၄” တို့ကို နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာနှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်(YTU) တို့၌ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် မြန်မာကျောင်းသားများကို နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာနှင့် ဗဟုသုတများစွာရရှိစေခဲ့ကြောင်း။
ROSATOM မှ ချီးမြှင့်သည့် ပညာသင်ဆုအစီအစဉ်ဖြင့် Small Modular Reactor-SMR အတွက် လုပ်ငန်းလိုအပ် ချက်များအပါအဝင် နျူကလီးယားစွမ်းအင်နှင့် နျူကလီးယားနည်းပညာအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းမြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ် အကောင်အထည်ဖော်ဆောင်ရာတွင် လုပ်ငန်းမှတ်တိုင် ၃ ခု၊ လုပ်ငန်း အဆင့် ၃ ခုတို့ဖြင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ ROSATOM ၏ Timeline အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၅၇ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာအဏုမြူ စွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA)၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ချိန်မှစပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (Technical Cooperation)တွင် ပါဝင်ခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီအနေဖြင့် လုပ်ငန်းရန်ပုံငွေပံ့ပိုးပေးခြင်း၊ စက်ပစ္စည်းကိရိယာများထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အအုံများ မြှင့်တင်ပေးခြင်း တို့အပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များတွင်ပါဝင်စေခြင်း၊ နည်းပညာဆိုင်ရာသင်တန်းများပေးခြင်း၊ နည်းပညာပူးပေါင်းဆောင် ရွက်ရေးစီမံကိန်းများ ဆောင်ရွက်စေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
၂၀၂၄ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီက ကြီးမှူးကျင်းပသည့် နျူကလီးယားဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ နျူကလီး ယားဥပဒေကို ပြင်ဆင်ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
၂၀၂၅ ခုနှစ်အတွင်း ROSATOM နည်းပညာအကယ်ဒမီနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီတို့ကြီးမှူးကျင်းပသည့် နိုင်ငံခြားကျွမ်းကျင် သူများအတွက် အမျိုးသားအဆင့်နျူကလီးယားအစီအစဉ်များ အကောင်အထည်ဖော်မှုတွင်ပါဝင်သည့် အငယ်စားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံများ နေရာချထားခြင်းဆိုင်ရာ ဒေသတွင်းအချင်းချင်း ပူးပေါင်းဆောင် ရွက်ရေးသင်တန်းကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၈ နိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် IAEA အဖွဲ့ဝင်နိုင်ငံအဖြစ် နျူကလီးယားနယ်ပယ်များ မြန်မာနိုင်ငံမှာအသုံးပြုနိုင်ရေး နှစ်ပေါင်းများစွာကတည်းက ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တုံ့နှေးနေခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်ကစပြီး ရုရှားနိုင်ငံနှင့်ပူးပေါင်းကာ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ကြိုးစားခဲ့မှု၊ ရုရှားနိုင်ငံ၏ အဘက်ဘက်မှ အားဖြည့်ဆောင်ရွက်ပေးမှုတို့ကြောင့် တိုးတက်မှုများသိသာစွာရရှိခဲ့ပြီးဖြစ်ကြောင်း။
နျူကလီးယားစွမ်းအင်ဟာ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့် Green Energy တစ်ခုလည်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်မှ တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကိုထုတ်ယူပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်စွမ်းအား လိုအပ်ချက်မြင့်မားလျက်ရှိပြီး အသေးစားစက်မှုလုပ်ငန်းများနှင့် ကျေးလက်နေပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ဖြည့်တင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် နျူကလီးယားနည်းပညာနှင့် ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုကဏ္ဍများတွင် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံရှိ တက္ကသိုလ်များနှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ ပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပြီး စီမံလုပ်ဆောင်လျက်ရှိကြောင်း။
မြန်မာနိုင်ငံတွင် ကနဦးခြေလှမ်းအဖြစ် အငယ်စားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး အတွက် ROSATOM နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်အခြေခံအဆောက်အအုံများနှင့် အခြားသောကဏ္ဍပေါင်းစုံတိုးချဲ့ ဆောင်ရွက်နိုင်ရေး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း။
မြန်မာနိုင်ငံတွင် အငယ်စားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည့်နျူကလီးယား အခြေခံအဆောက်အအုံ၊ လူ့စွမ်းအား အရင်းအမြစ်များနှင့် အခြားလိုအပ်သည့် လုပ်ငန်းများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှင့် ROSATOM တို့က တတ်နိုင်သမျှ မြန်မာနိုင်ငံကို ဆက်လက်ကူညီပေးပါရန် မိမိအနေဖြင့် အလေးအနက်ထား မေတ္တာ ရပ်ခံအပ်ပါကြောင်း။
အလားတူ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကလည်း မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ဆောင်ရာတွင် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီပေးရန်လည်း မိမိအနေဖြင့် အလေးအနက်ထား မေတ္တာရပ်ခံအပ်ပါကြောင်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ယခုအပြည်ပြည်ဆိုင်ရာ ဖိုရမ်ကမ္ဘာ့အဏုမြူသီတင်းပတ်ကို တက်ရောက်လာကြသည့် နိုင်ငံများနှင့်လည်း နျူကလီးယားနည်းပညာကဏ္ဍနှင့်ပတ်သက်သည့် သင့်လျော်ရာ Sector များ၌လည်း ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မိတ်ဖက်ဆက်ဆံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လိုကြောင်းနှင့် အဏုမြူစွမ်းပကားဖြင့် ကမ္ဘာ့ပြည်သူများ ငြိမ်းချမ်းသာယာဖွံ့ဖြိုး၍ အကျိုးပြုပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။
အဆိုပါ “ကမ္ဘာ့အဏုမြူသီတင်းပတ် ဖိုရမ် -၂၀၂၅ (World Atomic Week forum 2025)” ကို ရုရှားနိုင်ငံ နျူကလီးယား ကော်ပိုရေးရှင်း Rosatom က ပြည်တွင်း နျူကလီးယားစက်မှုလုပ်ငန်း၏ နှစ်(၈၀) ပြည့်အထိမ်းအမှတ်အဖြစ် နျူကလီးယားနည်းပညာ၏ ငြိမ်းချမ်းရေးဆိုင်ရာ အသုံးဝင်မှုများကို ကမ္ဘာတစ်ဝန်းမြှင့်တင်ရန် ရည်ရွယ်၍ ယနေ့ စက်တင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ဖိုရမ်၏လုပ်ငန်းအစီအစဉ်များကို နျူကလီးယားအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူများ၊ ကုမ္ပဏီ ကြီးများမှ အကြီးအကဲများ၊ CIS ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသများမှ ခေါင်းဆောင်များနှင့် နိုင်ငံပေါင်း ၁၀၅ နိုင်ငံမှကိုယ်စားလှယ်များတက်ရောက်ကြကာ သန့်ရှင်းသောစွမ်းအင်၊ အဆင့်မြင့်ဆေးဘက်ဆိုင်ရာ၊ ကောင်းမွန်သော ပတ်ဝန်းကျင်၊ စက်မှု ဆန်းသစ်မှု၊ ဂေဟဗေဒ၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သိပ္ပံပညာရေးဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ လူငယ်အစီအစဉ်များကို ဦးစားပေးကျင်းပသွားမည်ဖြစ်ပြီး ရုရှား Knowledge အသင်းမှဦးဆောင်သည့် သိပ္ပံနှင့်ပညာ ပြန့်ပွားရေးရန်ပုံငွေပြိုင်ပွဲ “Knowledge. First” ကို ပြုလုပ်မည်ဖြစ်ကာ နိုင်ငံတကာဆွေးနွေးပွဲပလက်ဖောင်းအဖြစ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်နေ့တွင် စတင်ဖွင့်လှစ်မည်
09/25/2025
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား (၁၃၈၇) ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၆ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၅ ခုနှစ် အောက်တိုဘာလ(၆)ရက်နေ့ သီတင်းကျွတ် လပြည့်နေ့မှ ၂၀၂၆ ခုနှစ် ဧပြီလ(၃၀)ရက်နေ့ ကဆုန်လပြည့်နေ့ထိ (၇)လတိုင်တိုင်စည်ကား သိုက်မြိုက်စွာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘုရားလာရောက်ဖူးမြော်သူများ အဆင်ပြေချောမွေ့စွာ တောင်ပေါ်တက်ရောက်နိုင်ရန် တောင်တက်ကား (၁၅၂)စီးကို နေ့စဉ်ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ တောင်ပေါ်တွင် စားသောက်ရေး၊ တည်းခိုနေထိုင်နိုင်ရေးအတွက် တည်းခိုဆောင်များ၊ ထမင်းဆိုင်များနှင့် အမှတ်တရအရောင်းဆိုင်များလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဆံတော်ရှင် ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်း၍ ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်လှစ်
09/25/2025
မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာနနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ နှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ပြန်ကြား ဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကို စက်တင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင် ပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် အသင်းအလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာဒေါ်မြသူက အမှာစကား ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms.Nadia Khoury က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ သင်တန်း ဖွင့်ပွဲသို့ အသင်းအလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခ ဒေါက်တာ ဒေါ်မြသူနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူးချုပ် ဦးကျော်မိုးကြည်၊ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်အေးအေးငြိမ်းနှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် ကြက်ခြေနီ စေတနာ လုပ်အားရှင်များ တက်ရောက်ခဲ့သည်။ စက်တင်ဘာလ (၂၄)ရက်နေ့မှ စက်တင်ဘာလ (၂၆)ရက်နေ့ အထိ (၃)ရက်တာ ပြုလုပ်နေသည့် အဆိုပါသင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီးမှ ကြက်ခြေနီ စေတနာလုပ်အားရှင် (၂၀)ဦး တက်ရောက်လျက်ရှိသည်။ သင်တန်းကို ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ လူမှုကရုဏာလုပ်ငန်းများနှင့် အသင်း၏ ပုံရိပ်ကောင်းများရရှိစေရန်၊ ကြက်ခြေနီ စေတနာ လုပ်အားရှင်များ၏ အရည်အသွေးကို မြှင့်တင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။

ပျဉ်းမနားမြို့နယ်ရှိ ကျေးရွာများတွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများကို ငွေသား ထောက်ပံ့ကူညီ
09/25/2025
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဥ်းမနားမြို့နယ်ရှိ ကျေးရွာများတွင် ၂၀၂၅ ခုနှစ်၊ မတ်လတွင် လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ငလျင်ဘေးသင့် အိမ်ထောင်စု များအား ပြန်လည်ထူထောင်ရေးအတွက် ပထမအကြိမ် ငွေသားထောက်ပံ့ခြင်း အစီအစဥ်ကို စက်တင်ဘာလ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ ပြုလုပ်ခဲ့ရာ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် တာဝန်ရှိသူများက သွားရောက် ပံ့ပိုးပေးခဲ့သည်။
ထောက်ပံ့ရာတွင် ပျဥ်းမနားမြို့နယ်ရှိ ကျေးရွာပေါင်း (၂၈)ရွာမှ ငလျင်ဘေးသင့် အိမ်ထောင်စုပေါင်း (၇၉၇)စုအတွက် အိမ်ထောင်စု (၁)စုလျှင် ငွေကျပ် (၄)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၃,၁၈၈)သိန်းကို အဆိုပါ အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ ငွေသား ထောက်ပံ့ခြင်း အစီအစဉ်ဆောင်ရွက်ရာတွင် လေ့ကျင့်ထားသော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းကာ တစ်အိမ်ထောင်စုချင်းစီအလိုက် အိမ်တိုင်ရာရောက် စနစ်တကျ လေ့လာဆန်းစစ်ခြင်းများကို အသင်း၏ သတ်မှတ်ချက်စံနှုန်းများနှင့်အညီ ဦးစွာဆောင်ရွက်ခဲ့သည်။ ထို့နောက် အကျိုးခံစားခွင့်ရှိသူများ စာရင်းကို ရပ်/ရွာအတွင်း အများပြည်သူဆိုင်ရာ နေရာများတွင် ကြော်ငြာပေးခဲ့ပြီး Community Engagement and Accountability လုပ်ငန်းစဉ်ကိုပါ ပွင့်လင်း မြင်သာစွာ တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC)၏ ပံ့ပိုးကူညီမှုဖြင့် ငွေသားထောက်ပံ့ခြင်းဖြစ်ပြီး အသင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနနှင့် ဘဏ္ဍာရေးဌာနမှ ဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC)မှ တာဝန်ရှိသူများ၊ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များ၊ Deployment Team မှ ကြက်ခြေနီ စေတနာလုပ်အားရှင်များက ရပ်/ရွာ လူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။