


မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍတွင် AI အသုံးပြုနိုင်ရေး တရုတ် ဟွာဝေးကုမ္ပဏီနှင့် ဆွေးနွေး
09/24/2025
ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဟွာဝေးကွန်ရက် ၂၀၂၅ ကို တရုတ်နိုင်ငံတွင် စက်တင်ဘာလ (၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။
ယင်း အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဘဏ် လုပ်ငန်း ကဏ္ဍတွင် ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြုနိုင်ရေး လိုအပ်သည့် အခြေအနေများနှင့် Cloud Computing နည်းပညာကို မိမိတို့လုပ်ငန်းတွင် အသုံးချခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်များ လျော့နည်းစေရေး ဆောင်ရွက်ရမည့် ထိန်းချုပ်မှုလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။
ထို့ပြင် ဟွာဝေး Global Cyber Security Transparency Center တွင် ဟွာဝေး၏ ထုတ်ကုန်များ၊ ဆော့ဖ်ဝဲလ်များနှင့် လုံခြုံရေးလုပ်ငန်းစဉ်များကို ကမ္ဘာ့အဖွဲ့အစည်းများ စစ်ဆေးနိုင်ရေးနှင့် ဆိုက်ဘာ လုံခြုံမှုပိုင်းဆိုင်ရာ Third Party Testing များ ပြုလုပ်နိုင်မှု၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကောင်းဆုံး အလေ့အကျင့်များ၊ Internet of Things (IoT) ဆိုင်ရာ လုံခြုံရေးစနစ်များ၊ BOC၊ ICBC ဘဏ်များနှင့် ဟွာဝေးနည်းပညာကုမ္ပဏီတို့ ပူးပေါင်းပြီး တရုတ်နိုင်ငံရှိ ဘဏ်များတွင် ဆောင်ရွက်ခဲ့သည့် Smart Banking၊ Digital Banking များကို AI နည်းပညာများနှင့် အကောင်အထည်ဖော်ခဲ့မှု အတွေ့အကြုံများကို ဖလှယ်ခဲ့ကြသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ ဘဏ်အချင်းချင်း နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ် (CIPS) မြန်မာဘဏ်များ ပါဝင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံကြား ငွေပေးချေမှုကိစ္စရပ်များတွင် အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြောကြားထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်

၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးတည်ချက်(၄)ရပ်
09/24/2025
၁။ မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားယဉ်ကျေးမှုလက္ခဏာများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေး၊
၂။ ပြည်ထောင်စုသွေးချင်းများ၏ သွေးစည်းညီညွတ်သည့် စိတ်ဓာတ်နှင့် အမျိုးသားစည်းလုံးညီညွတ်မှုစိတ်ဓာတ်တို့ကို မြန်မာ့အနုပညာဖြင့် ဖော်ထုတ်ပြသနိုင်ရေး၊
၃။ မြန်မာ့ရိုးရာအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ရေး၊
၄။ နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှုနှင့် အနုပညာ၏ အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး။

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားရှစ်ဦး သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံပြည်နှင်လွှဲပြောင်းပေးအပ်
09/24/2025
နေပြည်တော် စက်တင်ဘာ ၂၃
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း ၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ကင်ညာနိုင်ငံသားသုံးဦး၊ အီသီယိုးပီးယား နိုင်ငံသားနှစ်ဦး၊ နီပေါနိုင်ငံသားနှစ်ဦးနှင့် ကင်မရွန်းနိုင်ငံသားတစ်ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ရှစ်ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
ပြည်နှင် လွှဲပြောင်းပေးမှု လုပ်ငန်းများစနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့် တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များဆောင်ရွက်နေမှု၊ စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။
လွှဲပြောင်းပေးအပ်
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြား ရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိ သူများ၊ ထိုင်းနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးမှ First Secretary Mr. Kumar Bikram Regmi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာကင်ညာနိုင်ငံသံရုံးမှ Second Secretary Mr. Edward Maroko နှင့် တာဝန်ရှိသူများ၊ အီသီယိုးပီးယားနိုင်ငံသံရုံးနှင့် ကင်မရွန်းနိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူ သံရုံးကိုယ်စား လှယ် Mr. Tana Judah Hira နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၄၀၄ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၃၁၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့်သက်ဆိုင်ရာ နိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိ သည့် ပြည်ပနိုင်ငံသား ၉၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ် ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
ပူးပေါင်းဆောင်ရွက်
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေး အနှောင့်အယှက် အဟန့်အတားမှန်သမျှဖယ်ရှား
09/24/2025
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် “နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး” နှင့် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အရေးကြီးသည့် ဆောင်ရွက်ချက်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲများမှ ပေါ်ထွက်လာသော လွှတ်တော်အခင်းအကျင်းများဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍများကို တည့်မတ်မှန်ကန်စွာ ဆောင်ရွက်၍ အနာဂတ်နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်မည့် ကနဦးအမျိုးသားရေးလုပ်ငန်းစဉ်ကြီးဖြစ်သည်။ ပြည်သူလူထု၏ သဘောထားဆန္ဒများကို ထင်ဟပ်ပေါ်လွင်စေမည့် အခင်းအကျင်းဖြစ်၍ အရေးပါပေသည်။
နိုင်ငံတော်နှင့် ပြည်သူအတွက် အရေးကြီးသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် နိုင်ငံတော်က အလေးထားဆောင်ရွက်နေချိန်တွင် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိသွားမည်ကို လည်းကောင်း၊ မိမိတို့အာဏာလက်လွတ်သွားမည်ကိုလည်းကောင်း မလိုလားကြသော၊ စိုးရိမ်ပူပန်ကြသော အဖျက်အမှောင့်အုပ်စုများက ရွေးကောက်ပွဲပျက်စီးရာပျက်စီးကြောင်း သွေးထိုးလှုံ့ဆော်မှုများ၊ မမှန်မကန်ဝါဒ ဖြန့်မှုများ၊ သားပုပ်လေလွင့်ပြောဆိုမှုများစသည်တို့ ပြုလုပ်နေကြသည်ကို တွေ့မြင်ကြားသိနေကြပြီဖြစ်ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်လျှောက်လုံး၌ လုံခြုံစိတ်ချစွာဆောင်ရွက်နိုင်ရေးနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်ပြည်သူများ လုံခြုံရေးအတွက် အဟန့်အတား၊ အနှောင့်အယှက်မှန်သမျှကို လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့််တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို နိုင်ငံတော်အစိုးရ က ဥပဒေအမှတ် ၄၈/၂၀၂၅ ဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းထား ပြီးဖြစ်သည်။ ဤဥပဒေကို ပြဋ္ဌာန်းရခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်ခြင်းကို တားဆီးနှောင့်ယှက်ခြင်းမှ ကာကွယ်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လုံခြုံစိတ်ချစွာဖြင့် လွတ်လပ်စွာဆန္ဒမဲပေးရေးကို နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း၊ တားဆီးခြင်းမှ ကာကွယ်ရန်၊ မဲရုံနှင့် မဲရုံအတွင်းတာဝန်ကျသူများလုံခြုံမှုအပြည့်အဝဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ဤဥပဒေအရရွေးကောက်ပွဲကို အလုံးစုံဖြစ်စေ၊ တစ်စိတ်တစ်ဒေသမျှပင်ဖြစ်စေ ပျက်ပြားစေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုမူပြောဆိုလုပ်ကိုင်မှုများ မပြုလုပ်ကြရန် တားမြစ်ထားသည်။ ဥပဒေပါတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ကျူးလွန်သည့်ပြစ်မှုများအလိုက် ကျခံရမည့်ပြစ်ဒဏ်များမှာ ထောင်ဒဏ်အနည်းဆုံးသုံးနှစ်မှသည် နှစ်ရှည် ထောင်ဒဏ်၊ ထောင်ဒဏ်တစ်သက်နှင့် အကြီးလေးဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်အထိ သတ်မှတ်ထားသည်ကို သတိမူရမည်ဖြစ်သည်။ မြန်မာနိုင်ငံရွေးကောက်ပွဲ သမိုင်းတွင် ရွေးကောက်ပွဲကို နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း၊ ဖျက်ဆီးခြင်းနှင့် အကြမ်းဖက်သတ်ဖြတ်ခြင်းတို့ ကြုံတွေ့ခဲ့ဖူးပြီးပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ဥပဒေမဲ့ပြုကျင့်မှုများကို သင်ခန်းစာယူဖွယ်တွေ့ရှိခဲ့ပြီးဖြစ်သည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း၊ ခြိမ်းခြောက်ခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ အချို့နေရာဒေသများတွင် ပြုလုပ်မှုရှိလာရာ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ခြင်း၊ ဖမ်းဆီးအရေးယူစစ်ဆေးခြင်း၊ ပြစ်မှုထင်ရှားပါက ထိရောက်စွာအရေးယူအပြစ်ပေးခြင်းတို့ကို ဆောင်ရွက်နေပြီဖြစ်သည်။
သို့ဖြစ်ရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးသည် နိုင်ငံတော်နှင့် ပြည်သူအတွက် အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်၍ ရွေးကောက်ပွဲကို နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးကြသူများသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းခံရမည်ကို သတိချပ်ရမည်ဖြစ်ပါကြောင်း။ ။