photo

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ (World Atomic Week Forum - 2025) ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာ

09/24/2025

နေပြည်တော် စက်တင်ဘာ ၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ (World Atomic Week Forum 2025) သို့တက်ရောက်ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizovi ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဦးကိုကိုလွင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြကြောင်း သတင်းရရှိသည်။

24.09.2025
MDD

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်မည်

09/23/2025

နေပြည်တော် စက်တင်ဘာ ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅(World Atomic Week 2025)သို့ တက်ရောက်ရန်အတွက် မကြာမီရက်ပိုင်းအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်သည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅(World Atomic Week 2025)သို့ တက်ရောက်ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင် အပါအဝင် ရုရှားနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက် ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

23.09.2025
photo

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားများ အင်းလေးဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီ

09/23/2025

ညောင်ရွှေ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူ အင်းလေးဒေသဝဲယာ(၂၁)ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံ ပင့်ဆောင်ပွဲမင်္ဂလာအခမ်းအနားပထမပိုင်းကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ရုပ်ရှင်တော်မြတ်များ ထာဝရသီတင်းသုံး စံပယ်တော်မူရာ နမ့်ဟူးစံကျောင်းတော်၌ ကျင်းပသည်။

ဦးစွာ မိုင်းသောက်ပထမ စာသင်တိုက်ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလာ ဘိဝံသအမှူးပြုသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့ အမှူးပြုသော ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး နမ့်ဟူးကျောင်းဆရာတော် ဦးဝိဇယအရှင်မြတ်က မာရ်အောင်မင်္ဂလာဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်သည်။

ထို့နောက် တောင်ခြေကျောင်းဆရာတော် ဦးကောဝိဒက ကောင်းတင်းခြိမ့်ညံ ကြွေးကြော်သံဂါထာတော်နှင့် ရွှေဉာဏ်တော်ဖွင့်ဂါထာတော်များ ရွတ်ဖတ်ပူဇော်ပြီး ဖောင်တော်ဦးဘုရားရုပ်ရှင်တော်မြတ်များအား အနေကဇာတင်တော်မူကြသည်။

ယင်းနောက် ဧည့်သည်တော်များက ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းပြီးနောက် နံနက် ၆ နာရီတွင် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ မိုင်းသောက်ပထမစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် ညောင်ရွှေမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ အင်းလေးဒေသဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံပါမည့် အကြောင်း ပင့်ပန်လျှောက်ထားလွှာကို ဖတ်ကြားလျှောက်ထားပြီး ဖောင်တော်ဦးရုပ်ရှင်တော်မြတ် ပထမအဆူကို ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်ကလည်းကောင်း၊ ဒုတိယအဆူကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံကလည်းကောင်း၊ တတိယအဆူကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းကလည်းကောင်း၊ စတုတ္ထအဆူကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန်ကလည်းကောင်း အသီးသီးအစီအစဉ်အတိုင်း ပင့်ဆောင်ပူဇော်ကြသည်။

အဆိုပါ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူတို့အား နံနက် ၇ နာရီတွင် အင်းသားရိုးရာ ဆွဲလှေ ၄၆ စင်းဖြင့် ရေလမ်းခရီးပင့်ဆောင်ပူဇော်ကြပြီး ကြေးပေါခုံစံကျောင်းတော်၌ တစ်ညတာ ကိန်းဝပ်အပူဇော်ခံမည်ဖြစ်ကာ စက်တင်ဘာ ၂၃ ရက်တွင် အင်းတိန်စံကျောင်းတော်မှ ဟဲယာရွာမစံကျောင်းတော်သို့ ဆက်လက်ကြွချီပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ

23.09.2025
photo

ဆက်သွယ်ရေး၊ သတင်း၊ ပြန်ကြားရေးကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

09/23/2025

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အမျိုးသား စီမံကိန်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆက်သွယ်ရေး၊ သတင်း၊ ပြန်ကြားရေးကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ ရက်၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။ 

အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆက်သွယ်ရေး၊ သတင်းနှင့်ပြန်ကြားရေးကဏ္ဍသည် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်၏   ကာလ(၃)ခုတွင် အဓိကအရေးပါသောကဏ္ဍဖြစ်ကြောင်း၊ ပို့ဆောင်ရေးကဏ္ဍတွင် ကားလမ်းများ၊ ရထားလမ်းများ၊ လေယာဉ်ကွင်းများနှင့် ချောင်းကူးမြစ်ကူး တံတားများကို ကွန်ရက်ဖြစ်အောင် တည်ဆောက်ထားခြင်းအားဖြင့် ဘေးအန္တရာယ်များ ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးကိစ္စများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်များ အချိန်မီပေးပို့နိုင်ရေး၊ မှန်ကန်သည့် သတင်းများ ဖြစ်စေရေးသည် အရေးပါသကဲ့သို့ သတင်းအမှားများကို သိရှိရှောင်ရှားနိုင်ရေးသည်လည်း လွန်စွာ အရေးကြီးကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်များကို နိုင်ငံပိုင်သတင်း မီဒီယာများ၊ ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြ၍ ကြိုတင်ပြင်ဆင်နိုင်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုကို လျော့နည်းအောင် ဆောင်ရွက်နိုင်ခဲ့သည့် သာဓကများရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် နိုင်ငံတော်က ကဏ္ဍအလိုက်ဆောင်ရွက်ပေး နေမှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်နှင့် မှန်ကန်မြန်ဆန်စွာသိရှိရန် လိုအပ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားပြီးနောက် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူခြင်း၊ တိကျမှန်ကန်သော အချက်အလက်များ မြန်ဆန်စွာရရှိခြင်းသည် ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေး၊ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် အဓိကကျကြောင်း၊ စကားဝိုင်း ဆွေးနွေးပွဲသည် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ အကျိုးရှိသောဆွေးနွေးပွဲတစ်ခုဖြစ်သည့် အတွက် တက်ရောက်လာသူများအနေဖြင့် လေ့လာမှတ်သား၍ ထပ်ဆင့်မျှဝေပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

စကားဝိုင်းဆွေးနွေးပွဲတွင် ဗဟိုစာရင်းအင်းအဖွဲ့၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြပြီး တက်ရောက် လာသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

23.09.2025
photo

ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားတီထွင်ခဲ့သော မြန်မာကလေးငယ်အဖွဲ့ ပထမဆုရ

09/23/2025

ဖိလစ်ပိုင်နိုင်ငံတွင် စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သော ကမ္ဘာ့စက်ရုပ် အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲ(World Robot Olympiad Asia Pacific Open Championship) တွင် မြန်မာ We are Genius MYANMAR အသင်းသည် AI အသုံးပြုရှာဖွေ ကယ်ဆယ်ရေး စက်ရုပ်ကားဖြင့် ပထမဆုရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါပြိုင်ပွဲသည် စက်ရုပ်ကားကို သဘာဝဘေးဒဏ်အန္တရာယ် ကျရောက်သည့် အခြေအနေ များတွင် လူဝင်ရောက်ရန် ခက်ခဲသော နေရာများထဲသို့ အလိုအလျောက်သွားလာသော စနစ်ဖြင့် ရှာဖွေကယ်ဆယ်ရေးပြုလုပ်နိုင်ရန် ရည်ရွယ်ထုတ်လုပ်ပြသမှုဖြင့် အောင်မြင်မှုရရှိခဲ့သည်။

ယင်းပြိုင်ပွဲ၌ We are Genius MYANMAR အသင်းတွင် မိုးပြည့်စုံကျော်(၁၁နှစ်)၊ ကျော်ဘုန်းခန့်ဇော်(၁၁ နှစ်)နှင့် ဉာဏ်ကိုး (၁၂)နှစ်တို့သည် ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မကာအိုစသည့် နိုင်ငံများဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု ရရှိခဲ့သည်။

ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု We are Genius MYANMAR အသင်း၊ ILBC ၊ CIY Club တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အာကာလင်း

23.09.2025