1 , 2

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (မှော်ဘီ) သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၀

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ မှော်ဘီတပ်နယ်ရှိ တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (မှော်ဘီ) မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက လှိုက်လှဲနွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အစည်းအဝေးခန်းမတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (မှော်ဘီ) တပ်မှူးတို့က တပ်သမိုင်းအကျဉ်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် အထွေထွေလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတင်းများ၊ ထူးခြားဖြစ်စဉ်သတင်းများနှင့် အများပြည်သူသိသင့်သိထိုက်သည့် ပြည်တွင်း၊ ပြည်ပသတင်းများကို မှန်မှန်ကန်ကန်နှင့် အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ထုတ်လွှင့်နေရန်လိုကြောင်း၊ ဖျော်ဖြေမှုများဆောင်ရွက်ရာတွင် အသံနှင့်အရုပ်နှစ်ခုလုံး ပါဝင်သည်ဖြစ်သဖြင့် အသံကောင်းမွန်ရုံသာမက တင်ဆက်သည့်အစီအစဉ်နှင့်ကိုက်ညီသည့် ဝတ်စားဆင်ယင်မှုဖြစ်စေရန်လည်း အရေးကြီးကြောင်း၊ သတင်းများထုတ်လွှင့်ခြင်းနှင့် အစီအစဉ်များထုတ်လွှင့်ရာတွင် သွက်လက်ဖျတ်လတ်၍ နှစ်လိုဖွယ်ဖြစ်စေရေး တည်းဖြတ်ခြင်းများကို စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်လွှင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တည်းဖြတ်သူ၊ ကြီးကြပ်သူများအနေဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ အစီအစဉ်များထုတ်လွှင့်ရာတွင်လည်း ပြည်သူများကောင်းရာ ကောင်းကျိုးကို အကျိုးပြုစေနိုင်မည့်၊ အသိပညာဗဟုသုတရရှိစေနိုင်မည့် ပြည်သူ့အကျိုးပြု အစီအစဉ်ကောင်းများဖြစ်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ) စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (မှော်ဘီ) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ) ဝန်ထမ်းစားရိပ်သာအဆောက်အဦသစ် ဆောက်လုပ်ပြီးစီး မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ)မှ အရာရှိ၊ စစ်သည်များ၊ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်မှူးက လက်ခံရယူသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (မှော်ဘီ) အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

21.09.2025
11

ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၉

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်မှု၊ နယ်စပ်လုံခြုံရေးအပါအဝင် ကောင်စစ်ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

20.09.2025
am

ရန်ကုန်မြို့အတွင်း၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများအား ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်စာရေးသားထားသည့် စတေကာများ လိုက်လံကပ်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ

နေပြည်တော် စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်စာများ ရေးသားထားသည့် စတေကာများ ဖြင့် အများပြည်သူသွားလာနေသည့် နေရာများ၌ စတေကာကပ်၍ လှုံ့ဆော်သူအမျိုးသားနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်စာရေးသားထားသည့် စတေကာများကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရွှေလင်ဘန်းကျေးရွာ ကျန်စစ်သားလမ်းနှင့် ဦးဖိုးလှိုင်လမ်းထောင့်ရှိ လမ်းညွှန်ဆိုင်းဘုတ်၌ ကပ်ထားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါလမ်းညွှန် ဆိုင်းဘုတ်ပေါ်၌ အလျား ၇ လက်မ၊ အနံ ၄ လက်မခန့်ရှိ နောက်ခံအနီရောင်ပေါ်တွင် အဝါရောင်ဖြင့် ရွေးကောက်ပွဲအား ဆန့်ကျင်လှုံ့ဆော်ရေးသားထားသည့် စာသားပါစတေကာ တစ်ရွက်နှင့် အနက်ရောင်မဲပုံးပေါ်တွင် ကျည်ဆန်ပုံသဏ္ဌာန်များပါ စတေကာတစ်ရွက်တို့ ကပ်ထားသည်ကို တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်း၍ ကျူးလွန်သူများအား လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်း (ပ) ၈၁၇/၂၀၂၅၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (က) ဖြင့် အမှုဖွင့်လှစ်၍ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့သည့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အမှတ် (၆) ရပ်ကွက်နေသူများဖြစ်ကြသည့် အောင်ရဲထွဋ် (ခ) ရဲထွဋ် (၂၄) နှစ်နှင့် ရန်နိုင်ကြည်ဝင်း (ခ) ရန်နိုင် (ခ) အကြီးကောင် (၂၃) နှစ်တို့ကို စက်တင်ဘာ ၁၈ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် ၎င်းတို့နေအိမ်မှ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၎င်းတို့၏ ထွက်ဆိုချက်များအရ ၎င်းတို့သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပျက်ပြားစေရန်ရည်ရွယ်၍ စက်တင်ဘာ ၁၃ ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သော နေရာ ၁၀ နေရာ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်ရေးသားထားသည့် စာသားပါစတေကာများဖြင့် အသိပေးလှုံ့ဆော်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

20.09.2025
mt

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အာဆီယံ-တရုတ် ဆောက်လုပ်ရေးဝန်ကြီးများ စားပွဲဝိုင်းအစည်းအဝေးနှင့် (၂၂) ကြိမ်မြောက် အာဆီယံ- တရုတ် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင် (Guilin) မြို့၌ ကျင်းပသည့် အာဆီယံ - တရုတ် ဆောက်လုပ်ရေးဝန်ကြီးများ စားပွဲဝိုင်းအစည်းအဝေးနှင့် နန်နင်း (Nanning) မြို့၌ ကျင်းပသည့် (၂၂) ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ အာဆီယံ - တရုတ်နိုင်ငံများမှ ဧည့်သည်တော်များနှင့်အတူ တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွေ့လင် (Guilin) မြို့၌ ရောက်ရှိနေစဉ် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက် ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိမ်ရာနှင့် မြို့ပြ - ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဆောင်သောအဖွဲ့နှင့် သီးခြားတွေ့ဆုံ၍ အာဆီယံ - တရုတ် ဆောက်လုပ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် အိမ်ရာနှင့် မြို့ပြ-ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများတွင် ထိရောက်သော အကျိုးရလဒ်များ၊ ခေတ်သစ်ပိုးလမ်းမကြီး (Belt and Road Initiative – BRI) နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China – Myanmar Economic Corridor – CMEC) တို့ကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မည့် အခြေအနေများ၊ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းတို့တွင် နည်းပညာဆိုင်ရာကူညီပံ့ပိုးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ကွေ့လင် (Guilin) မြို့ရှိ ASEAN-China Building Technology Exhibition သို့သွားရောက်ပြီး ပြခန်းများ တွင်ပြသထားသည့် ဆောက်လုပ်ရေးဆိုင်ရာပြခန်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

ညနေပိုင်းတွင် အာဆီယံ-တရုတ် ဆောက်လုပ်ရေးဝန်ကြီးများ စားပွဲဝိုင်းအစည်းအဝေး (ASEAN - China Ministerial Roundtable on Construction 2025) သို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးတွင် အဓိကဆွေးနွေးမည့် အကြောင်းအရာဖြစ်သော “ဒစ်ဂျစ်တယ်နည်းပညာဉာဏ်ရည်တုအသုံးချမှုဖြင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းခြင်းဖြင့် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ အဆောက်အအုံကဏ္ဍအရည်အသွေးမြင့်မားဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်း” ကို အသုံးချဆောင်ရွက်ခြင်းဖြင့် စမတ်မြို့ပြ၊ ကာဗွန်ထုတ်လုပ်မှုလျှော့ချသော မြို့ပြများကို ရည်မှန်းချက်ထားရှိသည့်အတိုင်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကိုလည်း တွက်ချက်၍ ကာကွယ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

အိမ်ရာ၊ မြို့ပြ-ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍတွင် ပြည်သူ့လူနေမှုဘဝများ မြှင့်တင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် မြို့ပြအစီအစဉ်အသစ်များ၏ ရည်မှန်းချက်များ အောင်မြင်စေရေးတို့ကို အာဆီယံ-တရုတ် ကျယ်ပြန့်သော မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း။

ထို့အပြင် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းခြင်းနှင့် မြို့ပြအရည်အသွေးမြှင့်တင်ခြင်းတို့အတွက် ဒစ်ဂျစ်တယ်နည်းပညာ၊ အစိမ်းရောင်မြို့ပြအဆောက်အုံဆိုင်ရာ နည်းပညာများနှင့် ဘေးကင်းလုံခြုံသော လူမှုပတ်ဝန်းကျင်များအတွက် သတင်းအချက်အလက်အခြေခံဉာဏ်ရည်တုနည်းပညာများ၊ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် သုတေသနပူးပေါင်းဆောင်ရွက်မှုရလဒ်များကို ယခုကဲ့သို့ အာဆီယံ-တရုတ် ဆောက်လုပ်ရေးဆိုင်ရာအစည်းအဝေးများ၊ ပြပွဲများမှတစ်ဆင့်မျှဝေခြင်းဖြင့် ဒေသတွင်းလူမှုအသိုက်အဝန်းအား ပိုမိုကောင်းမွန်သော မြို့ပြများ ပေါ်ထွန်းရေးအထောက်အကူဖြစ်ပါကြောင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆောက်လုပ်ရေးဒုတိယဝန်ကြီး ဦးဆောင်ကျင်းပသည့် ဆောက်လုပ်ရေးနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များနှင့် စီးပွားရေးပညာရှင်များ ပါဝင်သော ASEAN - China Cooperation and Development Forum on Building Industry 2025 အလွတ်တန်းအဆင့် ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လိုက်ပါလာသည့် ညွှန်ကြားရေးမှူးချုပ်က Digital Transfor-mation and Green Approach For Urban Development ခေါင်းစဉ်ဖြင့် တက်ရောက်ပါဝင်ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက်တွင် အာဆီယံ - တရုတ် ဆောက်လုပ်ရေးဝန်ကြီးများ စားပွဲဝိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ ကွေ့လင် (Guilin) မြို့မှ နန်နင်း (Nanning) မြို့သို့ သွားရောက်ကာ (၂၂) ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

သတင်းစဉ်

20.09.2025
tk

ကိုရီးယားသမ္မတနိုင်ငံ SDG group inc နှင့် မြန်မာနိုင်ငံ MCS group Co.,Ltd တို့မှ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၉

ကိုရီးယားသမ္မတနိုင်ငံ SDG group inc နှင့် မြန်မာနိုင်ငံ MCS group Co.,Ltd တို့မှ ဆေးနှင့် ဆေးပစ္စည်းများ ပူးပေါင်းလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လှူဒါန်းပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကိုရီးယားနိုင်ငံ SDG group inc နှင့် မြန်မာနိုင်ငံ MCS group Co.,ltd တို့မှ ပူးပေါင်းလှူဒါန်းသော အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ သန်းခန့်တန်ဖိုးရှိသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဇူလိုင်လအတွင်းက လက်ခံရရှိခဲ့ပြီး ငလျင်ဘေးသင့်ဒေသများရှိ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့အကြား ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုသည် ဆယ်စုနှစ်ချီ၍ ရှိခဲ့ပြီဖြစ်ပါကြောင်း၊ နှစ်စဉ်ကိုရီးယားနိုင်ငံမှ အထူးကုဆရာဝန်များ လာရောက်ပြီး အသည်းအစားထိုးကုသမှုများ၊ သွားနှင့် ခံတွင်း၊ မေးရိုးဆိုင်ရာခွဲစိတ်ကုသမှုများကို ကျန်းမာရေးဝန်ကြီးဌာနရှိ အထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍ ကျန်းမာရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုပြုလုပ်သွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် SDG group မှ Chairman မစ္စတာ ဆောင်ဒေကွမ်းက လှူဒါန်းမှုနှင့် စပ်လျဉ်း၍ ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက SDG group inc ဥက္ကဋ္ဌနှင့်အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ SDG group မှ ကိုယ်စားလှယ်များ၊ MCS group မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

20.09.2025