
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေး
ရန်ကုန် စက်တင်ဘာ ၁၉
ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးကိစ္စရပ်များအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အမှာစကားပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မကြာသေးမီက နိုင်ငံတော်အကြီးအကဲသွားရောက်ခဲ့သည့် တရုတ်နိုင်ငံခရီးစဉ်တွင် နိုင်ငံကြီးအချို့မှ နိုင်ငံ့ခေါင်းဆောင်ကြီးများက မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်းနှင့် စောင့်ကြည့်လေ့လာရေးအဖွဲ့များ လွှတ်ပေးမည်ဟု ပြောကြားမှုများ ရှိခဲ့ပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် မိမိတို့အားလုံးမီဒီယာနည်းလမ်းများဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကာလတွင် ပြည်သူများ လုံခြုံစွာမဲပေးနိုင်ရန်အတွက်လည်း နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သတင်းမီဒီယာသမားများအနေဖြင့် ကျေးလက်နေပြည်သူများထံ သတင်းမှန်များဖြန့်ဝေ၍ အတွေးမှန်၊ အသိမှန်၊ အလုပ်မှန်အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ အထူးသဖြင့် လူငယ်များကို အသိပညာဖြန့်ဝေ၍ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးရန်နှင့် လမ်းမှားရောက်နေသည့် လူငယ်များကိုလည်း လမ်းမှန်သို့ရောက်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦး၊ ဒုတိယဥက္ကဋ္ဌနှင့် ကောင်စီဝင်များက ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့်အတူ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ဖလင်ပိဋကတ်တိုက်အတွင်း ရုပ်ရှင်ဖလင်များ ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တန်ဖိုးမဖြတ်နိုင်သည့် မော်ကွန်းရုပ်ရှင်ဖလင်များအား ဒစ်ဂျစ်တယ်စနစ်ဖြင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရေးနှင့် လိုအပ်သည့် သင်တန်းများဖွင့်လှစ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားကာ ယခင်မော်ကွန်းရုပ်ရှင်ရုံးခွဲအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါမော်ကွန်းရုပ်ရှင်ရုံးခွဲအဆောက်အအုံသည် ၁၉၂၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ယခုအခါနှစ် ၁၀၀ ခန့် သက်တမ်းရှိကာ ယခင်က မော်ကွန်းရုပ်ရှင်ကားများ ရိုက်ကူးတည်းဖြတ်၊ ထုတ်လုပ်ခြင်း၊ ရုပ်ရှင်ဇာတ်ကားများ ဆင်ဆာကြည့်ရှုခြင်း၊ ရုပ်ရှင်ထူးချွန်ဆုများ စိစစ်အကဲဖြတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် အဆောက်အအုံဖြစ်သည်။
ယင်းအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြီးစီးပါက မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ
နေပြည်တော် စက်တင်ဘာ ၁၉
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme- UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်အသစ်ဖြစ်သူ Mr. Norimasa Shimo-mura အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် UNDP မှ ဆောင်ရွက်လျက်ရှိသော အသိုက်အဝန်းပြန်လည်ထူထောင်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတိုးမြှင့်ရေးလုပ်ငန်းစီမံချက် (Enabling Community Recovery and Resilience - ENCORE) ပါ တိုးချဲ့လုပ်ငန်းများဖြစ်သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့မှုအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အကျိုးရှိထိရောက်စွာ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ UNDP ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
နေပြည်တော် စက်တင်ဘာ ၁၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များတွင် ပါဝင်ဆောင်ရွက်နေမှုနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးဆိုင်ရာ ဆောင်ရွက်သွားမည့်အခြေအနေ၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ကောင်းမွန်သည့် သံတမန်ဆက်ဆံရေးထူထောင်နိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံကောင်းအဖြစ် အစဉ်အမြဲရပ်တည်ပေးနေမှု၊ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းမှုအခြေအနေ၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ဆောင်ရွက်မည့်အခြေအနေ၊ မဲဆန္ဒရှင်စာရင်း ပြုစုဆောင်ရွက်မှုအခြေအနေ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုသွားမည့် အခြေအနေနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရှိသည့် ရွေးကောက်ပွဲအဖြစ် ဖော်ဆောင်နိုင်ရေး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ပြုသွားမည့်အခြေအနေ၊ သတင်းမီဒီယာဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများအပါအဝင် နည်းပညာဆိုင်ရာသင်တန်းများကို အိန္ဒိယနိုင်ငံ၏ ကူညီမှုဖြင့် ရွေးကောက်ပွဲလွန်ကာလတွင် ဆောင်ရွက်သွားလိုသည့်အခြေအနေနှင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

စတုတ္ထအကြိမ်မြောက် သဘင်သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ
ရန်ကုန် စက်တင်ဘာ ၁၈
မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် သဘင်သက်ကြီးပူဇော်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် အင်းစိန်ဘူတာရုံလမ်းရှိ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) မင်းဓမ္မယာယီရုံးသစ်၌ ကျင်းပသည်၊၊
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သဘင်အစည်းအရုံး အဖွဲ့ဝင်များ၊ ကန်တော့ခံသက်ကြီးသဘင်ပညာရှင် အဘိုး၊ အဘွားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်၊၊
ရှေးဦးစွာပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကိုယ်စား အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းတို့က မုဒိတာစကား ပြောကြားကြသည်။
ထို့နောက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကြရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အလှူငွေ ကျပ်သိန်း ၃၀ နှင့် MRTV DTH အစုံ ၂၀ နှင့် Set Top Box အလုံး ၁၀၀ တို့အားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အလှူငွေကျပ်သိန်း ၂၅၀ နှင့် ဆန်အိတ် ၅၀၀ အားလည်းကောင်း ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်က ယခုကဲ့သို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)အတွက် မြေနေရာခွင့်ပြုပေးခဲ့ သည့် နိုင်ငံတော်အစိုးရနှင့် တာဝန် ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခင်က ရန်ကုန်မြို့တွင် မိမိတို့အစည်းအရုံးအနေဖြင့် ရုံးခန်းငှားရမ်း၍ ဖွင့်လှစ်လျက်ရှိရာမှ ယခုအချိန်တွင် အစည်း အရုံးပိုင်မြေနေရာနှင့် ရုံးခန်းများတည်ရှိလာပြီဖြစ်ပါကြောင်း၊ ယခု မြေနေရာကိုအသုံးပြု၍ သဘင် လောကသားများနှင့် သဘင်ပညာရပ်များ တိုးတက်ဖွံ့ဖြိုးရန် ကြံဆောင်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ တက်ရောက်ကြသူများက သဘင်သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ကြပြီး ဂါရဝလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်၊၊
ထို့နောက် မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)၊ ဇာတ်သဘင်ပညာရပ်ဆိုင်ရာ ထိန်းသိမ်းမြှင့်တင်ရေး၊ ဆိုင်းပညာရပ်ဆိုင်ရာ ထိန်းသိမ်းမြှင့်တင်ရေး၊ ရုပ်သေးပညာရပ်ဆိုင်ရာ ထိန်းသိမ်း မြှင့်တင်ရေး၊ နတ်ဒေဝါထိန်းသိမ်းမြှင့်တင်ရေး၊ ရာမယဏပညာရပ် ထိန်းသိမ်းမြှင့်တင်ရေး၊ ဆပ်ကပ်မျက်လှည့်ပညာရပ်များ ထိန်းသိမ်းမြှင့်တင်ရေး၊ အငြိမ့်ပညာရပ်ဆိုင်ရာ ထိန်းသိမ်းမြှင့်တင်ရေးစသည့် ကော်မတီအသီးသီးမှ မျိုးဆက်သစ်သဘင်အနုပညာ ရှင်များနှင့် သဘင်ပညာရပ်ဆိုင်ရာ ပညာရှင်ကြီးများက တေးသီချင်း၊ ဆိုင်း၊ အက၊ မြေဝိုင်း ဇာတ်သဘင်၊ ဆပ်ကပ်၊ မျက်လှည့်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်၊၊
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တီမောလက်စ်တေ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတို့ ဦးဆောင်သော နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ
နေပြည်တော် စက်တင်ဘာ ၁၈
တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာဘန်ဒီတိုဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ အလုပ်သဘောခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာဘန်ဒီတိုဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ်တို့ ဦးဆောင်သည့် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံပြီး နှစ်နိုင်ငံကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးကို အာဆီယံပဋိညာဉ်၊ အခြေခံမူများ၊ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ တစ်နိုင်ငံ၏ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုဘဲ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို တိုးမြှင့်သွားကြရန် အလေးထား ဆွေးနွေးသဘောတူခဲ့သည်။
ထို့ပြင် တီမောလက်စ်တေနိုင်ငံက မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ် ခြင်း၊ တရားမဝင်ဆန့်ကျင်သည့် လှုပ်ရှားမှုများဆောင်ရွက်ခြင်းခွင့်ပြုမည်မဟုတ်ကြောင်းနှင့် မြန်မာ နိုင်ငံအစိုးရအား တီမောလက်စ်တေနိုင်ငံ မြို့တော်ဒီလီ၌ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ရန် ဆွေးနွေး ကမ်းလှမ်းခဲ့ပြီးနှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ အာဆီယံနိုင်ငံများအကြား ချုပ်ဆိုကြသည့် နှစ်နိုင်ငံသံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးအတွက် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်