၅

နယ်စပ်ရေးရာဝန်ကြီးဌာနက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၅

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံးအကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်ဟွေ့ရေခေါက်-ဒုံလိတန်ကျေးရွာချင်းဆက် ကျောက်လမ်း ၁၂ မိုင် ၂ ဖာလုံ အနက် ၃ မိုင် ကတ္တရာခင်းပြီးကျန် ၉ မိုင် ၂ ဖာလုံမှ ၄ ဖာလုံ ကတ္တရာခင်းခြင်း လုပ်ငန်း‌စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဒေသခံကျေးရွာ ၁၀ ရွာမှ လူဦးရေ ၂၂၆၄ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ဒေသခံတိုင်းရင်းသား ပြည်သူများထံမှသိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၇၇၉၇ ဒသမ ၅၆၃ သန်းဖြင့် မြေလမ်းကိုးမိုင်၊ ကျောက်လမ်းပြုပြင်ထိန်းသိမ်းခြင်းနှစ်မိုင်၊ ကျောက်လမ်း ၉ မိုင် ၁ ဖာလုံ၊ ကတ္တရာလမ်း ၃ မိုင် ၁ ဖာလုံ၊ ကွန်ကရစ်လမ်း ၂ မိုင် ၆ ဒသမ ၆ ဖာလုံ၊ ကွန်ကရစ်တံတားလေးစင်း၊ Box Culvert ၂၃ စင်း၊ ကျောက်တောင် မိုင်းခွဲခြင်းလုပ်ငန်းတစ်ခု၊ ကျောက်စီရေမြောင်း နှစ်ဖာလုံ၊ ပညာရေးလုပ်ငန်းတစ်ခု၊ မီးသွယ်တန်းခြင်းလုပ်ငန်းတစ်ခု၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ခြင်းလုပ်ငန်းသုံးခု၊ သာသနာရေးလုပ်ငန်းလေးခုနှင့် ဦးစီးဌာနလုပ်ငန်းငါးခုတို့ကို အကောင်အထည်ဖော်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

16.09.2025
၃ , ၄

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ နောင်ချိုဘူတာ၊ ဂုတ်ထိပ်ဘူတာနှင့် ဂုတ်ထိပ်တံတားများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ နောင်ချိုဘူတာဂုတ်ထိပ်ဘူတာနှင့် ဂုတ်ထိပ်တံတားများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် နောင်ချိုဘူတာမှတစ်ဆင့် သံလမ်းပြေးယာဉ်ဖြင့် ဂုတ်ထိပ်တံတားကို ကြည့်ရှုစစ်ဆေးရာ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက အကြမ်းဖက်သောင်းကျန်းသူများ၏ ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဂုတ်ထိပ်တံတား လားရှိုးဘက်ခြမ်းကမ်းကပ်ခုံနှင့် တံတားတိုင်အမှတ် ၁၆ အကြား တံတားသံပေါင်များ အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရေးအတွက် လိုအပ်သည့် တံတားပစ္စည်းများ သယ်ယူစုဆောင်းပြီးစီးမှု၊ ယာယီ ဒေါက်တိုင်ဖြင့် ယာယီသံပေါင် တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုနှင့်ပျက်စီးသွားသည့် တံတားအစိတ်အပိုင်းများဖယ်ရှားပြီး တံတားသံပေါင်အသစ်များ အစားထိုးတပ်ဆင်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သမိုင်းအမွေအနှစ်တံတားဖြစ်သဖြင့် မူလလက်ရာဒီဇိုင်းအတိုင်း ပြန်လည်တည်ဆောက်နိုင်ရေး၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်အချိန်ဇယားအတိုင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး လိုအပ်ချက်များကိုမှာကြားပြီး တံတားကြီးနှင့် ကပ်လျက်ပေ ၃၅၀ အရှည်ရှိ ဥမင် လိုဏ်ခေါင်းအတွင်း အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးထားသည့် ရထားသံလမ်းများ၊ ကွန်ကရစ်ဇလီဖားတုံးများ၊ မိုင်းဖောက်ခွဲရန်စီစဉ်ထားခဲ့သည့်နေရာများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းခွင်မှ ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုဆုငွေများပေးအပ်သည်။

ထို့နောက် ဂုတ်ထိပ်ဘူတာရုံ၌ သီးသန့်ထိန်းသိမ်းပြသထားသည့် ဂုတ်ထိပ်တံတား စတင်တည်ဆောက်ခဲ့စဉ်က ရှားပါးမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကာ ဘူတာဝန်ထမ်းများ နှင့် တံတားမွမ်းမံပြင်ဆင်ရေး တာဝန်ထမ်းဆောင်နေကြသည့် အင်ဂျင်နီယာဝန်ထမ်းများ၊ နောင်ချိုမြို့၌ တာဝန်ထမ်းဆောင်နေကြသည့် ဌာနအဖွဲ့အစည်းများ မှ ဝန်ထမ်းများနှင့် သီးခြားစီတွေ့ဆုံပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြား မန္တလေး-လားရှိုးရထားလမ်းကြောင်းပေါ်၌ ပေ ၂၂၀၀ ကျော် ရှည်လျား၍ ပေ ၅၀၀ ခန့်နက်သည့် လျှိုချောက်ကြီး၏ တစ်ဖက်တစ်ချက်ရှိ တောင်နံရံနှစ်ခုကို ဖြတ်သန်းဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ်ပြီး တံတားကြီးကို လန်ဒန်မြို့ ရှိ Sir A.M.R Rendel & Co., က ဒီဇိုင်းရေးဆွဲ၍ အမေရိကန်ပြည်ထောင်စုမှ Pennsylvania & Maryland Bridge and Constru-ction Co., က ၁၈၉၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့သဖြင့် ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့ရာ ယခုအခါ သက်တမ်းနှစ်ပေါင်း ၁၂၀ ကျော်ခဲ့ပြီဖြစ်သည်။ တံတားအရှည်ပေ ၂၂၆၀ ခန့်၊ တံတား သံမဏိတိုင်အမြင့်ပေ ၃၂၀ အပါအဝင် လျှိုကြမ်းပြင်မှ ရထား သံလမ်းမျက်နှာပြင်အထိ အမြင့် ၈၂၅ ပေခန့်မြင့်မားသောကြောင့် ၎င်းကာလက ကမ္ဘာ့အမြင့်ဆုံး သံမဏိတံတားအဖြစ် မှတ်တမ်းဝင်ခဲ့ကာ သံနှင့်သံမဏိတန်ချိန် ၄၃၁၁ တန်၊ သံမှိုတစ်သန်းခန့်သုံးစွဲထားပြီး မတ်စောက်သည့် တောင်စောင်းများအကြား ခက်ခဲစွာတည်ဆောက်ထားခြင်းဖြစ်သောကြောင့် မီးရထားဖြင့် လိုက်ပါစီးနင်းလျှင် တွေ့မြင်ရသည့် သံမဏိတံတားနှင့် ပတ်ဝန်းကျင်ရှုခင်းအလှအပမှာ လွန်စွာကျော်ကြားပြီး မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဖွယ်ရာ အံ့မခန်းထင်ရှားသည့် တံတားတစ်စင်းဖြစ်သည်။

အဆိုပါတံတားကို ဩဂုတ် ၂၄ ရက်က အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ (TNLA)က မိုက်မဲစွာ မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရ သည်ကို နိုင်ငံပိုင်သတင်းမီဒီယာများတွင် ဖော်ပြအသိပေးခဲ့ပြီး ယခုအခါ မြန်မာ့မီးရထားမှ အင်ဂျင်နီယာဝန်ထမ်းများက ပျက်စီးသွားသည့် အစိတ်အပိုင်းများကို ရှေးမူရင်းလက်ရာ ဒီဇိုင်းပုံစံအတိုင်း ပြန်လည်ပြင်ဆင် တည်ဆောက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

16.09.2025
၄

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD)၏ (၁ဝ)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား တက်ရောက်

ရန်ကုန် စက်တင်ဘာ ၁၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) ၏ (၁ဝ) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ယာယီတာဝန်ခံ Ms. Cao Jing ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFRD) ဒုတိယဥက္ကဋ္ဌ Mr. liu Wenkui နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးယာယီတာဝန်ခံ Ms. Cao Jing နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFRD) ဒုတိယဥက္ကဋ္ဌ Mr. Liu Wenkui တို့က အမှာစကားပြောကြားကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) ၏ (၁ဝ)နှစ်မြောက် နှစ်ပတ်လည်ကိတ်အား လှီးဖြတ်ပေးကြသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(CFRD)နှင့် ပူးပေါင်းဆောင် ရွက်နေကြသည့် အဖွဲ့အစည်းများက နားလည်မှုစာချွန်လွှာများကို သဘောတူလက်မှတ်ရေးထိုးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFRD) ဒုတိယဥက္ကဋ္ဌတို့က အလှူရှင်များကို ဂုဏ်ပြုလက်ဆောင်များပေးအပ်ကြသည်။

ယင်းနောက် အလှူရှင်များကိုယ်စား တာဝန်ရှိသူများက ကျေးဇူးတင်စကားပြောကြားကြပြီး မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်နှင့် လှိုင်သာယာမြို့နယ်အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူများက အကများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံးသည် (၁၀) နှစ်တာအတွင်း “ကြီးမားသောချစ်ခြင်း” ဆိုသည့် အတွေးအခေါ်အတိုင်း "Belt and Road Initiative" မဟာဗျူဟာအား ရှေးရှုကာ မြန်မာပြည်တွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံကိန်းများကို အပြည့်အဝဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရှိ ပြည်နယ်အများစုမှ ကလေးများအတွက် အာဟာရပြည့်စားသောက်ဖွယ်ရာများလှူဒါန်းခြင်း၊ လျှပ်စစ်မီးမရှိသည့်ဒေသများရှိ ကျောင်းသားမိသားစုများကို solar မီးလုံးများလှူဒါန်းခြင်း၊ တက္ကသိုလ်ကျောင်းသားများကို ပညာသင်ဆုနှင့် ကျွမ်းကျင်မှုသင်တန်းများပံ့ပိုးခြင်း၊ ကျေးရွာဒေသများတွင် ရေသန့်စင်စက်များတပ်ဆင်ခြင်း စသည့်လှူဒါန်းမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

16.09.2025
၃

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နေပြည်တော် - တပ်ကုန်းမြို့ရှိ မဟာဇနကကျောင်းတိုက် ဓမ္မာရုံပြင်ဆင်နေမှု မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ ကွန်ကရစ်လမ်းများပြင်ဆင်နေမှု ကြည့်ရှုစစ်ဆေး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်းများအားတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၅

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့တွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မဟာဇနကကျောင်းတိုက်တွင် မြေငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ဓမ္မာရုံပြင်ဆင်နေမှုနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကွန်ကရစ်လမ်းများပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်းများအား တွေ့ဆုံသည်။

ဦးစွာ မဟာဇနကကျောင်းတိုက်တွင် မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဓမ္မာရုံမျက်နှာကြက်နှင့် နံရံကြွေပြားများ ပြန်လည်တပ်ဆင်ပြုပြင်မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် မြို့နယ် ဩဝါဒါစရိယ အဂ္ဂမဟာ ဂန္ထ ဝါစကပဏ္တိတ ဘဒ္ဒန္တဝဏ္ဍာရဟအား ဖူးမြော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကွန်ကရစ်လမ်းပိုင်းများ ပျက်စီးချို့ယွင်းမှုအလိုက် ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြင်ဆင်​ဆောင်ရွက်​ရန်နှင့် သတ်မှတ်ချိန်ပြီးစီးရေး အလေးထားဆောင်ရွက်ရန်မှာကြားသည်။

ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ နိုင်ငံတကာသတင်းဘာသာပြန်အဖွဲ့နှင့် သတင်းဖတ်​ကြားသူများအားတွေ့ဆုံပြီး သတင်းထုတ်ပြန်ရာတွင် သတိပြုရမည့်အချက်များကို ဆွေးနွေးမှာကြားကာ ချီးမြှင့်ငွေများပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Auditorium ခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တိကျမှန်ကန်သောသတင်းမှန်များဖြင့် ပြည်သူများအား ဝန်ဆောင်မှုပေးရန်၊ သတင်းတု၊ သတင်းမှားများအား အမြန်စိစစ်ဖော်ထုတ်၍ သတင်းအချက်အလက်မှန်ကန်ပြည့်စုံစွာဖြင့် လျင်မြန်စွာ ရှင်းလင်းထုတ်လွှင့်ပေးရန်၊ စာပေ၊ ရုပ်ရှင်၊ သဘင်နှင့်ဂီတအနုပညာရှင်များ၏စွမ်းအားဖြင့် ဟန်ချက်ညီပေါင်းစပ်၍ ပြည်သူတို့၏ ပျော်ရွှင်သောလူနေမှုဘဝကို ဖော်ဆောင်ပေးရန်၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ပြီးမြောက်စေရန်အတွက် အကြိုကာလ၊ ကျင်းပစဉ်ကာလနှင့် ကျင်းပပြီးကာလတို့တွင် နိုင်ငံတော်မီဒီယာက ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအလိုက် တက်ကြွစွာကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

သတင်းစဉ်

16.09.2025
၂

အွန်လိုင်းမှတစ်ဆင့် တရားမဝင်ထီနှင့်ကုန်ပစ္စည်းများရောင်းဝယ်၍ အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့ပေးလျက်ရှိသော DCS (သစ္စာမဲ့ဝန်ထမ်း) ခိုင်စုလွင်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသူများအား ဖမ်းဆီးရမိမှု

နေပြည်တော် စက်တင်ဘာ ၁၅

နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသားများအနေဖြင့် အကြမ်းဖက်အားပေး ပြည်ပြေးများနှင့်ပူးပေါင်းကာ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း၊ တရားမဝင်ထီနှင့် တရားမဝင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ပြုလုပ်၍ အကြမ်းဖက်သမားများအား ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် လုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီး နိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၂ လမ်း နှင့် ၅၄ x ၅၅ လမ်းကြား၊ ထွန်တုံးရပ်ကွက်နေ စံထိုက်သီ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေကြသူ ပညာရေးဝန်ကြီးဌာနမှ DCS(သစ္စာမဲ့ဝန်ထမ်း) သီတာဇော် (ဘ) ဦးဇော်စိုး၊ ၃၁ နှစ်နှင့် ဖြိုးမင်းစိုး (ဘ)ဦးဇော်စိုး၊ ၃၅ နှစ် တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၅/၅၈)၊ ဂရုဏာ(၅)လမ်း၊ ကြူစမ်းရွာသစ်၊ ပြန်လည်နေရာချထားရေး ရပ်ကွက်နေ သန်းဇော်မိုး (ဘ) ဦးစိန်ရွှေ၊ ၄၂ နှစ်အားလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

ဖမ်းဆီးရမိတရားခံများအား စိစစ်ဖော်ထုတ်ချက်များအရ ၎င်းတို့သည် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ဆူပူအုံကြွမှုဖြစ်ပေါ်စေရန် Social Media များမှတစ်ဆင့် Post တင်ရေးသားခဲ့ခြင်း၊ နိုင်ငံ့ဝန်ထမ်းများအား DCS လှုပ်ရှားမှုတွင်ပါဝင်ရန်လှုံ့ဆော်ခြင်း၊ မိမိကိုယ်တိုင် DCS ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံခဲ့ရပြီး ပြည်ပသို့ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ပညာရေးဝန်ကြီးဌာနမှ DCS(သစ္စာမဲ့ဝန်ထမ်း) ခိုင်စုလွင်ထံသို့အဝတ်အထည် အမျိုးမျိုးချုပ်လုပ်၍ တရားမဝင်ပို့ဆောင်ပေးခဲ့သည့်အပြင် ခိုင်စုလွင်အွန်လိုင်းမှ တရားမဝင်ရောင်းချလျက်ရှိသည့် ထိုင်းထီများဝယ်ယူခဲ့ကြောင်း၊ ပြည်ပတွင်နေထိုင်သော ခိုင်စုလွင်မှ အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ငွေကြေးထောက်ပံ့နိုင်ရန် ၎င်းတို့၏ Mobile Payments များအား အခကြေးငွေရယူ၍ အသုံးပြုခွင့်ပေးခဲ့ကြောင်း၊ ရောင်းချရသည့်ငွေများအား ၎င်းတို့အမည်ဖြင့် ဖွင့်လှစ်ထားသော Mobile Payments များမှတစ်ဆင့် ငွေကြေးများလွှဲပြောင်းပေးအပ်နိုင်ရန်ဆောင်ရွက်ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။

DCS (သစ္စာမဲ့ဝန်ထမ်း) ခိုင်စုလွင်သည် Khaing Su Lwin Facebook Accountနှင့်  khaingsu38cdm TikTok Account တို့အား ၂၀၂၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာဝတ်စုံများ၊ ရှမ်းဝတ်စုံများနှင့် ညဝတ်အင်္ကျီများအား အွန်လိုင်းစနစ်ဖြင့် လိုင်စင်မရှိဘဲရောင်းချခြင်းလုပ်ငန်းအား DCS (သစ္စာမဲ့ဝန်ထမ်း) သီတာဇော်ထံမှ ချိတ်ဆက်ရယူလုပ်ကိုင်ခဲ့ခြင်းနှင့် တရားမဝင်ထိုင်းထီရောင်းချခြင်းတို့မှ ရရှိလာသောငွေကြေးများအား ကိုယ်ကျိုးအတွက်သုံးစွဲခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများသို့ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိသူဖြစ်ကြောင်း တွေ့ရှိရပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများအား ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် လိုအပ်သည့်အမိန့်များ ထုတ်ပြန်ပေးလျက်ရှိရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကိုလည်း အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ထုတ်ပြန်သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို ညွှန်ကြားချက်နှင့်အညီ ရောင်းချခွင့်မှတ်ပုံတင် လက်မှတ်မရှိဘဲ ပြည်တွင်း/ပြည်ပမှ တရားမဝင်ရောင်းချခြင်းကြောင့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာများ ဆုံးရှုံးစေလျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများဖြစ်သော DCS ဝန်ထမ်းသီတာဇော်၊ ဖြိုးမင်းစိုးနှင့် ငွေကြေးလွှဲပြောင်းရာတွင် ပါဝင်ကူညီခဲ့သည့် သန်းဇော်မိုးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

အလားတူ NUG ၊ PDF အကြမ်းဖက်အဖွဲ့အစည်းများအား ‌ထောက်ပံ့မှုပြုလုပ်နိုင်ရန် လူမှုကွန်ရက်များပေါ်၌ တရားမဝင်ဈေးရောင်းချခြင်းနှင့်ချိတ်ဆက်ခြင်း၊ ရောင်းချသည့်ပစ္စည်းများအားဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည်ရောင်းချခြင်း၊ ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်နိုင်ရန် အကူအညီပေးခြင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန် နည်းလမ်းတစ်ခုခုဖြင့် ကူညီဆောင်ရွက် နေသူများကိုလည်း အကြမ်းဖက်ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရေး စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း NUG ၊ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာအချို့သော အကြမ်းဖက်အားပေးအဖွဲ့များနှင့် ပြည်ပြေးများအနေဖြင့် ဥပဒေမဲ့ စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေရှာဖွေ၍ အကြမ်းဖက်အဖွဲ့များ သက်ဆိုးရှည်စေရေးအတွက် ထောက်ပံ့ပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ၎င်းတို့နှင့်ချိတ်ဆက်ခြင်း၊ ကုန်ပစ္စည်းများဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည်ရောင်းချခြင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန် နည်းလမ်းတစ်ခုခုဖြင့် အားပေးကူညီနေသူများသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရနိုင်ကြောင်းနှင့်  မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့အစည်းများကို အားပေးကူညီရန်ရည်ရွယ်၍ တရားမဝင်အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသူများနှင့် ဝယ်ယူသူများအားသိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများအား ‌ထောက်ပံ့မှုပြုလုပ်နိုင်ရန်အတွက် လူမှုကွန်ရက်အား အသုံးပြု၍ တရားမဝင်ဈေးရောင်းချလျက်ရှိသည့် လူမှုကွန်ရက်အကောင့်များနှင့် နည်းလမ်းတစ်ခုခုဖြင့် ကူညီဆောင်ရွက်နေသူများအား ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သတင်းထုတ်ပြန်အပ်ပါသည်။

16.09.2025