
ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည့် လွှတ်တော်မဲဆန္ဒနယ် အသီးသီးအတွက် မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့ နယ်၏ပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းဆောင်ရွက်ရန် ဖြစ်ပါသည် -
(က) သက်ဆိုင်ရာ ကျောင်း၊ သင်တန်း၊ အချုပ်ခန်းနှင့် ဆေးရုံအကြီးအမှူးများသည် ပုံစံ (၁၅) များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Website နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများမှရယူ၍ မိမိဌာနရှိ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများထံ ဖြန့်ဖြူးပေးပို့ရန်၊
(ခ) သက်ဆိုင်ရာကျောင်း၊ သင်တန်း၊ အချုပ်ခန်းနှင့် ဆေးရုံအကြီးအမှူးများသည် မဲဆန္ဒရှင်များက ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို မြို့နယ်အလိုက်ပြုစုထားသည့် မှတ်ပုံတင်စာရင်း ပုံစံ (၁၅-က) နှင့်အတူ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ (၁၂-၁၀-၂၀၂၅) ရက်အရောက်ပေးပို့ရန်၊
(ဂ) မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကိုကျောင်း၊ သင်တန်း၊ အချုပ်ခန်းနှင့် ဆေးရုံများအလိုက်ပြုစုထားသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း ပုံစံ [၁၅(က-၁)] နှင့်အတူ သက်ဆိုင်ရာ ကျောင်း၊ သင်တန်း၊ အချုပ်ခန်းနှင့် ဆေးရုံများသို့ (၂၄ -၁၁-၂၀၂၅) ရက် အရောက်ပေးပို့ရန်၊
(ဃ) သက်ဆိုင်ရာ ကျောင်း၊ သင်တန်း၊ အချုပ်ခန်းနှင့် ဆေးရုံများတွင် (၂၅-၁၀-၂၀၂၅) ရက်မှ (၂၉-၁၁-၂၀၂၅) ရက်အတွင်း သင့်လျော်သည့်ရက်၌ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးဆောင်ရွက်ရန်၊
(င) ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်ပါစာအိတ်များကို ကြိုတင်ဆန္ဒမဲပေးသူများ လက်မှတ်ရေးထိုးထားသည့် ပုံစံ [၁၅(က-၁)]၊ အသုံးမပြုဘဲကျန်ရှိနေသော ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များနှင့်အတူ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ (၂၆-၁၂-၂၀၂၅) ရက်နေ့ ညနေ ၄ နာရီထက် နောက်မကျဘဲအရောက်ပေးပို့ရန်။
၃။ သက်ဆိုင်ရာကျောင်း၊ သင်တန်း၊ အချုပ်ခန်း၊ ဆေးရုံအကြီးအမှူးများသည် အပိုဒ် ၂ (ဃ) ပါ ကြိုတင်ဆန္ဒမဲပေးမည့်နေ့ရက်ကို မိမိတို့ဌာနတည်ရှိရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ အနည်းဆုံး (၃) ရက် ကြိုတင်အကြောင်းကြား၍ ညှိနှိုင်းဆောင်ရွက်သွားရန်ဖြစ်သည်။
၄။ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနအောက်ရှိ ရဲအချုပ်စခန်း၊ အကျဉ်းထောင်၊ အချုပ်ထောင်များ၊ ဆေးရုံများတွင် (၂၉-၁၀-၂၀၂၅) ရက်နေ့ နောက်ပိုင်းမှအကြောင်း အမျိုးမျိုးကြောင့် အချုပ်ခံနေရသူများနှင့် ဆေးရုံတက်ရောက်ကုသရသူများရှိပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်သွားရန်ဖြစ်သည်။
၅။ ယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ -
(က) မဲစာရင်းပါရှိရာ သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် ပုံစံ (၁၅) များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Website မှလည်းကောင်း၊ မိမိတို့ရောက်ရှိရာဒေသရှိမြို့နယ်ကော်မရှင်အဖွဲ့ခွဲ ထံမှလည်းကောင်းရယူ၍ ဖြည့်စွက်ပြီး (၁၂-၁၀-၂၀၂၅) ရက်အရောက် ယင်းမြို့နယ်ကော်မရှင်အဖွဲ့ခွဲထံ ပြန်လည်ပေးပို့ရန်၊
(ခ) အဆိုပါ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ယင်းပုံစံ (၁၅) များကို မြို့နယ်အလိုက် ပြုစုထားသည့် မှတ်ပုံတင်စာရင်း ပုံစံ (၁၅-ဂ) နှင့်အတူ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများထံသို့ (၂၉-၁၀-၂၀၂၅) ရက်နေ့ အရောက်ပေးပို့ရန်၊
(ဂ) မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့်စာအိတ်များကို မြို့နယ်အလိုက်ပြုစုထားသည့် မြို့နယ်ပြင်ပရောက် ယာယီနေရပ်စွန့်ခွာနေရသူများ စာရင်းပုံစံ[ ၁၅ (ဂ-၁)] နှင့်အတူ ပုံစံ (၁၅) ပေးပို့လာသည့် သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ (၂၄- ၁၁-၂၀၂၅) ရက်နေ့အရောက်ပေးပို့ရန်၊
(ဃ) ယာယီနေရပ်စွန့်ခွာနေရသူများ ရောက်ရှိနေသည့် သက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲသည် (၂၅-၁၁-၂၀၂၅) ရက်မှ (၂၉-၁၁-၂၀၂၅) ရက်အတွင်း သင့်လျော်သည့်နေ့ရက်၊ သင့်လျော်သည့်နေရာ၌ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးဆောင်ရွက်ရန်၊
(င) ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်ပါစာအိတ်များကို ကြိုတင်ဆန္ဒမဲပေးသူများ လက်မှတ်ရေးထိုးထားသည့် ပုံစံ [၁၅(ဂ-၁)] ၊ အသုံးမပြုဘဲကျန်ရှိနေသော ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များနှင့်အတူ မဲစာရင်းပါရှိသည့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲများသို့ (၂၆-၁၂-၂၀၂၅) ရက်နေ့ ညနေ ၄ နာရီထက် နောက်မကျဘဲ အရောက်ပေးပို့သွားရန်။
(စ) မဲစာရင်းပါရှိသည့် မြို့နယ်မှ ယာယီနေရပ်စွန့်ခွာနေရသူများသည် ပုံစံ (၁၅) ဖြင့် မဲစာရင်းပါရှိသည့် မဲဆန္ဒနယ်အတွက် ကြိုတင်မဲမပေးလိုပါက လက်ရှိရောက်ရှိနေသော မြို့နယ်တွင် မဲစာရင်းပါရှိစေရေး သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၁၀ ပါ သတ်မှတ်ချက်များနှင့်အညီ ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီရက်ပေါင်း ၆၀ ထက် နောက်မကျစေဘဲ (၂၇-၁၀-၂၀၂၅ ရက်နေ့နောက်ဆုံးထား၍) ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲမှ တစ်ဆင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ (၃-က) ဖြင့် လျှောက်ထားရန်။
၆။ သို့ဖြစ်ပါ၍ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပတွင်ရောက်ရှိနေသော ကျောင်း၊ သင်တန်း၊ အချုပ်ခန်းနှင့်ဆေးရုံများရှိ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ယာယီနေရပ်စွန့်ခွာနေရသူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာအကြီးအမှူးများက ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း မေတ္တာရပ်ခံအသိပေး ကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းက တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ အလှူငွေနှင့် ပစ္စည်းများလှူဒါန်း
နေပြည်တော် စက်တင်ဘာ ၁၄
မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) နှင့် တောင်ကြီး အသင်းခွဲတို့က တောင်ကြီးစဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်သော ဆေးဝါးနှင့် ပစ္စည်းကိရိယာများ လှူဒါန်းပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် အဆိုပါဆေးရုံကြီး၌ ကျင်းပသည်။
ပြန်လည်ပေးအပ်
လှူဒါန်းပွဲတွင် တောင်ကြီးအသင်းခွဲဥက္ကဋ္ဌ ဦးဟန်လင်းအောင်၊ အတွင်းရေးမှူး ဦးထွန်းလွင်နှင့် အမှုဆောင်အဖွဲ့က တန်ဖိုးငွေကျပ် ၁၈၈ သိန်းခန့်ရှိသော ဆေးဝါးပစ္စည်းများကို လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်က လက်ခံရယူ၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့ပြင် တောင်ကြီးအသင်းခွဲဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့သည် စက်တင်ဘာ ၁၁ ရက် ညပိုင်းက မန္တလေးမှ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသော ကောင်စစ်ဝန်ချုပ် Ms. Gao Ping နှင့် တွေ့ဆုံ၍ မြန်မာ-တရုတ်ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ်၂၀ စီချမှတ်
နေပြည်တော် စက်တင်ဘာ ၁၄
အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် တောင်ကြီးမြို့နေ မ-----၊ ၂၇ နှစ်သည် မူဆယ်မြို့ရှိ အစ်မဖြစ်သူထံ သွားရောက်နေထိုင်ပြီး အလုပ်အကိုင်ရှာဖွေခဲ့ရာ ဒေါ်မာလာနှင့်တွေ့ဆုံခင်မင်ခဲ့ပြီး ဒေါ်မာလာမှ တရုတ်ယောက်ျားယူလျှင် တရုတ်ယွမ် ၁၅၀၀၀ ခန့်ရမည်ဟု စည်းရုံးပြောဆိုရာ သိန်းဇော်လတ် (ခ) ဆံရှည်၊ ရွှန်းပြည့်ဟိန်း (ခ) ကိုဟိန်း၊ စိုင်းအောင်သိန်း၊ နှင်းဝေဦးတို့နှင့် ပူးပေါင်း၍ ရွှေလီမြို့ရှိ ပွဲစား ဒေါ်ပခမ်းမှတစ်ဆင့် တရုတ်ယောက်ျားထံ ပို့ဆောင်ရောင်းစားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မူဆယ်မြို့မရဲစခန်း (ပ) ၁၁၀/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၁၀ ရက်တွင် မူဆယ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ သိန်းဇော်လတ် (ခ) ဆံရှည်၊ ရွှန်းပြည့်ဟိန်း (ခ) ကိုဟိန်းနှင့် စိုင်းအောင်သိန်းတို့ သုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မာလာ၊ နှင်းဝေဦးနှင့် ဒေါ်ပခမ်းတို့သုံးဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နေ မ -----၊ ၂၂/ ၂၀၂၅ နှစ်အား အမည်မမှတ်မိ Tik Tok အကောင့်တစ်ခုမှ တရုတ်ယောက်ျား By one လုပ်ရမည်၊ ၆ လမှ ၁ နှစ်ခန့် နေထိုင်ပေးရမည်၊ မြန်မာငွေကျပ် သိန်း ၆၀ ရရှိမည်၊ စရိတ်ငြိမ်းပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုပြီး မူဆယ်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ မူဆယ်မြို့သို့ရောက်သောအခါ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးမှ ထက်ထက်လှိုင် (ခ) မထက်ထံ ပို့ဆောင်ပေးခဲ့ပြီး ထက်ထက်လှိုင် (ခ) မထက်မှ စိုင်းအောင်သိန်း၊ သက်သက်ဇော် (ခ) အန်တီသက်နှင့် သက်သက်အေး (ခ) မသက်တို့နှင့် ပူးပေါင်း၍ ရွှေလီမြို့ရှိ ပွဲစား ဒေါ်ပခမ်းမှတစ်ဆင့် တရုတ်ယောက်ျားထံ ပို့ဆောင်ရောင်းစားခဲ့ကြောင်း၊ တရုတ်ယောက်ျားနှင့် တစ်လခန့် ပေါင်းသင်းနေထိုင်ရပြီး ငွေကြေးတစ်စုံတစ်ရာရရှိခြင်းမရှိသဖြင့် ထွက်ပြေးလာခဲ့ပြီး စိုင်းအောင်သိန်းထံ အကူအညီတောင်း၍ မြန်မာနိုင်ငံသို့ပြန်လာခဲ့ကြောင်း၊ စိုင်းအောင်သိန်းမှ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူခ ယွမ် ၁၃၀၀၀ တောင်းရာ မပေးနိုင်သဖြင့် နေအိမ်တွင် ပိတ်လှောင်ထားပြီး မကြာမခဏရိုက်နှက်ခြင်း၊ အဓမ္မပြုကျင့်ခြင်းများ ပြုလုပ်ခဲ့ရာ ပတ်ဝန်းကျင်ရှိ လူများရောက်ရှိလာသဖြင့် လွတ်မြောက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မူဆယ်မြို့မရဲစခန်း (ပ) ၁၀၉/ ၂၀၂၅ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်တွင် မူဆယ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ စိုင်းအောင်သိန်း၊ သက်သက်ဇော် (ခ) အန်တီသက်နှင့် သက်သက်အေး (ခ) မသက်တို့သုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ထက်ထက်လှိုင် (ခ) မထက်နှင့် ပခမ်းတို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/ ၈၈ အတည် ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နေ မ -----၊ ၂၀/ ၂၀၂၅ နှစ်အား ရှမ်းပြည်နယ် မူဆယ်မြို့နေ အေးမြတ်မွန်မှ လူမှုကွန်ရက် Tik Tok Nam Mu Lay @nan.mu acc မှတစ်ဆင့် တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ပါက ယွမ် ၁၀၀၀၀ ရမည်၊ တရုတ်အမျိုးသားနှင့် တစ်နှစ်ပေါင်းသင်းရမည်၊ လုပ်ကိုင်လိုပါက မန္တလေးမြို့သို့ လာရောက်ရန် စည်းရုံးပြောဆိုပြီး မန္တလေးမြို့သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ မန္တလေးမြို့တွင် အေးမြတ်မွန် ချိတ်ဆက်ပေးထားသည့် ပွဲစား မအောင်မီး (ခ) ပီဆိုင်းအွန်က လာကြိုပြီး ၎င်းပေါင်းသင်းရမည့် တရုတ်ယောကျာ်းနှင့် တွေ့ဆုံရန် တရုတ်နိုင်ငံ ရွှေလီမြို့သို့ပို့ဆောင်ခဲ့ကြောင်း၊ ရွှေလီမြို့တွင် တရုတ်ယောက်ျားနှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ပြီး နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပြုလုပ်ရန် စောင့်ဆိုင်းနေစဉ် တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အောင်မြေသာစံမြို့နယ်၊ အမှတ် (၅) မြို့မရဲစခန်း (ပ) ၃၁/ ၂၀၂၅ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ တရားခံအေးမြတ်မွန်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မအောင်မီး (ခ) ပီဆိုင်းအွန်ကို ဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်နေ မ -----၊ ၂၅/ ၂၀၂၅ နှစ်အား တစ်ရွာတည်းနေ အစ်မဝမ်းကွဲဖြစ်သူ မအိဖြူစိုးမှ တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ငွေကျပ် သိန်း ၄၀၀ ရမည်၊ တရုတ်နိုင်ငံ ဝူဟန်မြို့နေ ၎င်းတို့အစ်မတစ်ဝမ်းကွဲတော်စပ်သည့် မသင်းသင်းစိုးထံသို့ wechat မှတစ်ဆင့် ၎င်း၏ဓာတ်ပုံများ ပေးပို့ထားကြောင်း၊ မသင်းသင်းစိုးမှ ဝူဟန်မြို့မှ မန္တလေးမြို့သို့ လာရောက်၍ ၎င်းအားတရုတ်နိုင်ငံသို့ ခေါ်ဆောင်မည်ဟု စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်ရန်အတွက် နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပြုလုပ်ပေးရန် စောင့်ဆိုင်းနေစဉ် တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မဟာအောင်မြေမြို့နယ်၊ အမှတ် (၉) မြို့မရဲစခန်း (ပ) ၅၈/ ၂၀၂၅ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်တွင် မဟာအောင်မြေခရိုင်တရားရုံးမှ တရားခံ သင်းသင်းစိုးနှင့် အိဖြူစိုးတို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်း (၁၀) နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားနှင့် တတိယအကြိမ် သင်းလုံးကျွတ်အစည်းအဝေး တက်ရောက်
နေပြည်တော် စက်တင်ဘာ ၁၄
မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး အသင်း (၁၀) နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားနှင့် တတိယအကြိမ် သင်းလုံးကျွတ်အစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့ Sedona Hotel ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံရုံးယာယီတာဝန်ခံ Ms.Cao Jing၊ တရုတ်နိုင်ငံဆိုင်ရာ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးစတင်ထူထောင်နိုင်ခဲ့သည့် (၇၅) နှစ်ပြည့်မြောက်သောနှစ်ဖြစ်ပါကြောင်း၊ သံတမန်ဆက်ဆံရေးကာလအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို လက်တွေ့ကျင့်သုံးခဲ့ကြပါကြောင်း၊ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးဆောင်ရွက်ရာတွင် အစိုးရအချင်းချင်းဆက်သွယ်ဆောင်ရွက်မှုများအပြင် ပြည်သူချင်း ဆက်သွယ်ပူးပေါင်းဆောင်ရွက်သည့် People to People အခန်းကဏ္ဍတွင် နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာအသင်းအဖွဲ့များ၏ ဆောင်ရွက်မှုများသည် အရေးပါလျက်ရှိပါကြောင်း။
ယနေ့ အခမ်းအနားတွင် ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းနှင့် မြဝတီရုပ်မြင်သံကြားတို့ ပူးပေါင်းဆောင်ရွက်မှုကို တရားဝင်အသိအမှတ်ပြု သဘောတူစာချုပ်ချုပ်ဆိုမည်ဖြစ်သည့်အတွက် အောင်မြင်သည့် အသီးအပွင့်တစ်ခုဖြစ်ပါကြောင်း၊ အနာဂတ်ခရီးစဉ်တွင် “မြန်မာတရုတ် ပူးပေါင်းဆက်ဆံရေးအသင်း” အနေဖြင့် ဆက်လက်အားဖြည့် ကူညီပေးရင်းနှစ်နိုင်ငံအကျိုးကို နှစ်ပေါင်းများစွာ ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံရုံးယာယီတာဝန်ခံ Ms. Cao Jing နှင့် အသင်း၏ Senior President ဦးသစ္စာ (ခ) Mr. Li Bo Bo တို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် မြဝတီရုပ်မြင်သံကြားနှင့် မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးအသင်းတို့သည် သဘောတူစာချုပ်ချုပ်ဆိုကြပြီး မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေး အသင်းအလုပ်အမှုဆောင်ကော်မတီဝင်အသစ်များ၏ အမည်စာရင်းများကို ကြေညာခြင်း၊ “သစ်လွင်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်းခွဲ” စတင်ထူထောင်ကြောင်းကြေညာခြင်းနှင့် အဖွဲ့ဝင်စာရင်းအား ကြေညာခြင်း၊ ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်း၊ ဂုဏ်ပြုညစာစားပွဲဖြင့် တည့်ခင်းဧည့်ခံခြင်းတို့ကို ဆက်လက်ဆောင်ရွက်ကြကြောင်း သိရသည်။
သတင်းစဉ်