
Mobile Banking၊ Digital Payment Platform များအသုံးပြု၍ ငွေပေးချေဆောင်ရွက်နေမှုများအား စောင့်ကြည့်စိစစ်မှု ပိုမိုအားကောင်းစေရန်နှင့် ချေးငွေစည်းမျဉ်းများနှင့် ဆုံးရှုံးနိုင်ခြေ အလေးပေးတွက်ချက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး
09/14/2025
နေပြည်တော် စက်တင်ဘာ ၁၃
Mobile Banking၊ Digital Payment Platform များအသုံး ပြု၍ ငွေပေးချေဆောင်ရွက်နေမှုများအား စောင့်ကြည့်စိစစ်မှု ပိုမိုအားကောင်းစေရန်နှင့် ချေးငွေစည်းမျဉ်းများနှင့် ဆုံးရှုံးနိုင်ခြေအလေးပေး တွက်ချက်မှုများနှင့် လိုက်နာရမည့် သတ်မှတ်စည်းမျဉ်းများနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန် ဘဏ်ခွဲ)၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက လက်ရှိဘဏ်များမှ ဆောင်ရွက်လျက်ရှိသည့် Mobile Payment Platform များ၊ ဘဏ်စာရင်းများမှ တစ်ဆင့်ငွေပေးချေမှုအတွက် ကိုယ်စားလှယ်များ၊ အသုံးပြုသူများအား Onboard ပြုလုပ်ရာတွင် KYC အချက်အလက်များ ပြည့်စုံစွာရယူရန်လိုအပ်ကြောင်း၊ Tran-saction Monitori ng ဆောင်ရွက် ခြင်းများ ပိုမိုထိရောက်စွာပြုလုပ်ရန် လိုအပ်ကြောင်း၊ Online Scam၊ Online Fraud၊ Online Gambling များ ဆောင်ရွက်နေမှုများကို အထူးအလေးထား စောင့်ကြည့်ရန်လိုအပ်ကြောင်း၊ ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူများနှင့် ရောင်းချသူကိုယ်စား ငွေကောက်ခံ ရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများ၏ စောင့်ကြည့်ရန်ကိစ္စရပ်များ၊ လိုက်နာရမည့်အချက်များကို ဗဟိုဘဏ်မှ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ သံသယဖြစ်ဖွယ် Tran-saction များကို စောင့်ကြည့်ရန်၊ Transaction Reporting များ အစီရင်ခံမှုပိုင်း ပိုမိုပြုလုပ်ရန်နှင့် လိုက်နာမှု အားနည်းပါက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေး ယူခံရမည်ဖြစ်ကြောင်း။
Pay တာဝန်ခံများက အထူးစိစစ်ရမည့်အချက်များနှင့် သက်ဆိုင်ရာဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများနှင့် ရောင်းချသူကိုယ်စား ငွေကောက် ခံရှင်းလင်းသည့် လုပ်ငန်းများ အနေဖြင့်လည်း အသိပညာပေးမှုများ ပိုမိုပြုလုပ်ရန်နှင့် MMQR နှင့် သက်ဆိုင်သည့် Transaction များ ပိုမိုတိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ Digital Platform များနှင့် Mobile Account များမှ တစ်ဆင့်သွားနေသဖြင့် Agent၊ Merchant Category များ ပိုမိုစိစစ်ရန်နှင့် Online Scam၊ Fraud များ၊ AML များ သုံးစွဲမှုမရှိစေရေး ဆောင်ရွက်ရမည့်ကိစ္စ ရပ်များ၊ Mobile Pay အတွက် သတ်မှတ်ထားသည့် ပမာဏထက် ကျော်လျှင် Bank လမ်းကြောင်း (Mobile Banking၊ CBM-NET၊ ACH) တို့မှတစ်ဆင့် ဆောင်ရွက်စေရေး စိစစ်ရန်လိုအပ်ကြောင်း၊ Mobile Banking ၊ Payment Platform၊ RTGS တို့၏ ရည်ရွယ်ချက်များနှင့်အညီ Transaction များ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် ရောင်းချသူ ကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြကြသည်။
ယင်းနောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက တိုင်းပြည်၏ စီးပွားရေးကို တွန်းအားပေး စေမည့် Sector များကို စိစစ်၍ ချေးငွေများထုတ်ချေးရန်၊ ဘဏ်များ စည်းမျဉ်းလိုက်နာမှု ပိုမိုအားကောင်းလာသည်ကိုတွေ့ရှိရ၍ လိုအပ်သည့်စည်းမျဉ်းကိုသာ သက်တမ်းတိုးပေးမည် ဖြစ်ကြောင်း၊ ဆုံးရှုံးနိုင်ခြေ အလေးပေးရာခိုင်နှုန်းများ တွက်ချက်ခြင်းကို ဘဏ်များနှင့် Exercise ပြုလုပ် တွက်ချက်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှ စတင်ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင် မန္တလေးတက္ကသိုလ် ရာပြည့်သဘင် ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ လိုက်လံကြည့်ရှုစစ်ဆေး
09/14/2025
နေပြည်တော် စက်တင်ဘာ ၁၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ်သို့ သွားရောက်၍ မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရန် ပြင်ဆင်ဆောင် ရွက်နေမှုအခြေအနေ၊ တက္ကသိုလ်ကျောင်းဝင်းအတွင်း နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးများသည် မန္တလေးတက္ကသိုလ် ရာပြည့်သဘင် ကျင်းပမည့် တက္ကသိုလ်အဝင်မုခ်ဦးဝသို့ သွားရောက်၍ သန့်ရှင်းရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် မန္တလေးတက္ကသိုလ်အတွင်း ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေး၍ မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အခမ်းအနားတွင် ကမ္ပည်းမော်ကွန်း စိုက်ထူမည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ကျောင်းသား ဟောင်းများ၊ အင်ဂျင်နီယာများ၏ တင်ပြချက်များကို ဒုတိယ ဝန်ကြီးများက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးများသည် တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ မန္တလေးတက္ကသိုလ်နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်ကျင်းပရေး စီမံချက်တွင်ပါဝင်သည့် ကော်မတီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေ၊ ကော်မတီများက ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေ၊ ပြင်ဆင်ဆောင်ရွက်ဆဲအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များကို သတ်မှတ်အချိန်ဇယားနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးအတွက်မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး
09/14/2025
နေပြည်တော် စက်တင်ဘာ ၁၃
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကု ဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၊ နန်းမြို့တွင်း၊ ပြင်ဦးလွင်မြို့နှင့် မိတ္ထီလာမြို့တို့ရှိ တပ်မတော်ဆေးရုံများ၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသ မှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယမန်နေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကား ပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့်တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

မိုးလေဝသအသိကို နားလည်ခြင်းသည် သီးနှံစိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်တို့ကို သတ်မှတ်ရာတွင်သာမက ရေကြီးခြင်း၊ မိုးခေါင်ခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရန်အတွက်လည်း အထောက်အကူပြု
09/14/2025
နေပြည်တော် စက်တင်ဘာ ၁၃
(၈၃)ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC)ခန်းမ၌ ကျင်းပရာ သက်ဆိုင်ရာပညာရှင်များက “မိုးလေဝသနှင့်ဇလဗေဒအကြောင်းသိကောင်းစရာများ” ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က ယနေ့ဆွေးနွေးမည့် “မိုးလေဝသနှင့် ဇလဗေဒအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်သည် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုကို တိုက်ရိုက်ခံစားနေကြရသော စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါသောအကြောင်းအရာ ဖြစ်ပါကြောင်း၊ မိုးရွာသွန်းမှု၊ ရေအရင်းအမြစ်များ စီမံခန့်ခွဲမှုနှင့် ရာသီဥတုခန့်မှန်းချက်များအား မိုးလေဝသအသိကို အခြေခံ၍ နားလည်ခြင်းသည် သီးနှံစိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်တို့ကို သတ်မှတ်ရာတွင်သာမက ရေကြီးခြင်း၊ မိုးခေါင်ခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရန်အတွက်လည်း အထောက်အကူပြုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာသစ်များ မိတ်ဆက်ပေးခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အထူးအလေးထား အားဖြည့်ဆောင်ရွက်ခြင်းတို့ကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုဆွေးနွေးပွဲတွင် ကျွမ်းကျင်ပညာရှင်များနှင့် တောင်သူများ အနီးကပ်တွေ့ဆုံဆွေးနွေးနိုင်မှု အခွင့်အရေးကို ပိုင်နိုင်စွာရယူပြီး ဆွေးနွေးမှုမှရရှိလာသည့် အသိပညာ၊ အတွေ့အကြုံများကို မိမိတို့၏ လယ်ယာ လုပ်ငန်းခွင်တွင်အသုံးချကာ လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်အားထုတ်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန စိုက်ပျိုးရေးမိုးလေဝသဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဟန်ဆွေက မိုးလေဝသနှင့်ရာသီ ဥတုတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ မြန်မာနိုင်ငံရာသီဥတု၏ အပူပိုင်းမုတ်သုံရာသီဥတုကာလနှင့် မုတ်သုံရာသီလွန်ကာလများ၊ အယ်နီညို၏ ပြင်းအားဖြစ်ပေါ်မှုအကြိမ်နှင့် ဆက်စပ်၍ အစွန်းရောက် အမြင့်ဆုံးအပူချိန်ဖြစ်ရပ်များ၊ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်မှု နောက်ကျလာပြီး မြန်မာနိုင်ငံတွင်းမှ အနောက်တောင် မုတ်သုံလေဆုတ်ခွာမှုကာလ၊ အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ သုံးပတ်ခန့်နှင့် အခြားဒေသများမှ တစ်ပတ်ခန့် ပုံမှန်ထက် တိုတောင်းလာမှု၊ ကမ္ဘာ့အပူချိန်မြင့်တက်နှုန်း၊ မြန်မာ့ အပူချိန်မြင့်တက်နှုန်း၊ မြန်မာနိုင်ငံ၏ နှစ်တစ်နှစ်အတွင်း လအလိုက်ကျရောက်နိုင်သည့် ဘေးအန္တရာယ်များအား ဖော်ပြထားသည့် ဘေးအန္တရာယ်ပြက္ခဒိန်၊ မြန်မာနိုင်ငံတွင် အဓိကအရေးကြီးသော မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ဘေးအန္တရာယ်များ၊ ရာသီဥတု ပြောင်းလဲခြင်းကိုဖြစ်ပေါ်စေသည့် ဖန်လုံအိမ်အာနိသင်၊ အစွန်းရောက်ရာသီဥတုဖြစ်စဉ်ကို ပိုမိုဖြစ်ပေါ် စေသောအကြောင်းရင်းများကို ဆွေးနွေးတင်ပြရာ ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအပေါ် ရှင်းလင်းဖြေကြားသည်။
ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်နှင့် သုတေသီ ၆၀၊ မကွေး၊ ရေနံချောင်း၊ ချောက်၊ မိတ္ထီလာ၊ ရမည်းသင်းနှင့် နေပြည်တော်တို့မှ တောင်သူ ၁၃၀ တို့ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပညာရှင်နှင့်တောင်သူ ၂၇၅ ဦး တို့က zoom point ၁၀၀ မှ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

မဲခေါင်-လန်ချန်း စီမံကိန်း(၂၀၂၄)ဖြင့် နေပြည်တော်အတွင်း နွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲ ကျင်းပ
09/14/2025
နေပြည်တော် စက်တင်ဘာ ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) စီမံကိန်းအစီအစဉ်ဖြင့် နေပြည်တော် ဧရိယာအတွင်းရှိ နွားမွေးမြူရေးက ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပညာနှင့် ဗဟုသုတမျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ဇေယျာသီရိမြို့နယ် ဆင်တဲကြီးကျေးရွာ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မဲခေါင်-လန်ချန်း (၂၀၂၄) နွားမွေးမြူရေးက ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတာဝန်ခံက မဲခေါင်-လန်ချန်းစီမံကိန်းဖြင့် နွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအကြောင်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ မျိုးပွားပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ပါမောက္ခ၊ တွဲဖက်ပါမောက္ခ ဆရာ ဆရာမများက နွားများကို အထွေထွေကျန်းမာရေး စောင့်ရှောက်ပေးရန် လိုအပ်ချက်များ၊ မျိုးအောင်ရန်ခက်ခဲသော မျိုးပွား အင်္ဂါဆိုင်ရာ ရောဂါလက္ခဏာများ၊ မျိုးပွားခြင်းနှင့်ပတ်သက်၍ ကြုံတွေ့နေရသော အခက်အခဲများ၊ မျိုးအောင်နှုန်းကောင်းစေရန်နှင့် မျိုးပွားအင်္ဂါ ပြုစုစောင့် ရှောက်ခြင်းဆိုင်ရာ လိုအပ်ချက်များ၊ မျိုးပွားခြင်းကို အဟန့်အတား ဖြစ်စေသည့် ကူးစက်ရောဂါများနှင့် ပြသသည့်လက္ခဏာများ၊ ဖြေရှင်းခြင်းဆိုင်ရာ နည်းလမ်းများ၊ ခေတ်မီနည်းပညာများအသုံးပြုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းဟော ပြောကြသည်။ တက်ရောက်လာသူ နွားမွေးမြူတောင်သူများက ပြန်လည်ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက သိရှိလိုသည် များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်