
AFC WOMEN’S CHAMPIONS LEAGUE 2025/2026 (Preliminary) ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ISPE WFC (MYANMAR) အသင်းအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနား ကျင်းပ
09/14/2025
နေပြည်တော် စက်တင်ဘာ ၁၃
AFC WOMEN’S CHAMPIONS LEAGUE 2025/2026 (Preliminary) ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ISPE WFC (MYANMAR) အသင်းအားဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီတွဲဖက်ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်က AFC WOMEN’S CHAMPIONS LEAGUE 2025/2026 (Preliminary) ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ISPE WFC (MYANMAR) အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၁၀၀ ကို ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ထံ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စေတနာရှင်အလှူရှင်များနှင့် အဖွဲ့အစည်းများမှ ပေးအပ်လှူဒါန်းခဲ့သည့် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် သိန်း ၁၇၁၅ တိတိကို AFC WOMEN’S CHAMPIONS LEAGUE 2025/2026 (Preliminary) ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် ISPE WFC (MYANMAR) အသင်း သို့ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံ ရယူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟန်းမြို့နယ်ရှိ ကျိုက္ကဆံဘတ်စကက်ဘော အားကစားရုံပြုပြင်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ် အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းအတွင်းရှိ ပိုက်ကျော်ခြင်းအားကစားရုံအားပြုပြင်နေမှုကို လည်းကောင်း၊ ဘော်လီဘောအားကစားရုံရှိ အမိုးများပြုပြင်ပြီးစီးမှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ယနေ့ယှဉ်ပြိုင်သည့်ပွဲစဉ်များကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့အတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်လုပ်ငန်းများ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဧည့်သည်များ လာရောက်တည်းခိုမှုနှင့် ဝန်ဆောင်မှုပေးနေမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို စနစ်တကျလိုက်နာပြီး နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ခရီးသည်များအား ဝန်ဆောင်မှု ကောင်းများပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဟိုတယ်ဝန်ထမ်းများကိုလည်း အရည်အသွေး ပြည့်ဝသည့် ကျွမ်းကျင်ဝန်ထမ်းများဖြစ်အောင် စနစ်တကျလေ့ကျင့်သင်ကြားပြီး ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအဆင့်အတန်း မြင့်မားလာအောင် ဆောင်ရွက်ကြရန်၊ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် အသိအမှတ်ပြုလက်မှတ်ရရှိအောင် ဆောင်ရွက်ထားကြရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရန်အတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်နှင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



Cover Club ဆိုင်၌ ဗုဒ္ဓဘာသာအား အကြည်ညိုပျက်စေရန် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းအား DJ တီးခတ်၍ သရုပ်ပျက်မူးယစ်ကခုန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ
09/14/2025
နေပြည်တော် စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆ လမ်းနှင့် ၃၆ x ၅၃ လမ်းထောင့်ရှိ Cover Club ဆိုင်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁ နာရီမှ ၂ နာရီအချိန်ထိ DJ Violet (ခ) ခင်ထွေးထွေးမွန်(၂၄)နှစ်နှင့် DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို (ခ)မင်းထိုက်နှင့် Dice (ခ)ဉာဏ်လင်းထက်တို့ ဦးဆောင်၍ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းအား အရက်သေစာသောက်စားမူးယစ်၍ သရုပ်ပျက်အဝတ်အစားများဝတ်ဆင်ကာ DJ တီးခတ်ကခုန်ခဲ့မှုကြောင့် ဗုဒ္ဓဘာသာအား အကြည်ညိုပျက်စေရန် ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်နိုင်ရေး ရှာဖွေဖမ်းဆီးခဲ့ရာ DJ တီးခတ်သူ DJ Violet (ခ) ခင်ထွေးထွေးမွန်(၂၄)နှစ်နှင့် DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို(ခ)မင်းထိုက်(၂၈)နှစ်တို့ကို စက်တင်ဘာ ၁၁ ရက် ည ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်နေအိမ်၌လည်းကောင်း၊ ဆိုင်ပိုင်ရှင် သက်လွင်အောင်(ခ)မျိုးအောင်(၄၉)နှစ်၊ ဆိုင်မန်နေဂျာ ဇင်စုရ(၃၁)နှစ်တို့ကို ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆ လမ်းနှင့် ၃၆ x ၅၃ လမ်းထောင့်ရှိ Cover Club ဆိုင်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
အဆိုပါဖြစ်စဉ်မှ DJ တီးခတ်သူ DJ Violet (ခ) ခင်ထွေးထွေးမွန်ထံမှ DJ တီးခတ်ရာတွင် အသုံးပြုသည့် Menmory Stick ၆ ခု သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် Cover Club ဆိုင်အတွင်းမှ DJ စက်နှင့် ဆက်စပ်ပစ္စည်းများအား သက်သေများနှင့်အတူသိမ်းဆည်းကာ Cover Club ဆိုင်အား ချိတ်ပိတ်ထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့သို့ ဗုဒ္ဓဘာသာအား အကြည်ညိုပျက်စေရန် ပြုလုပ်ခဲ့မှုကြောင့် ပြည်သူလူထုအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပွားစေသည့် DJ Violet (ခ) ခင်ထွေးထွေးမွန်၊ DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို(ခ)မင်းထိုက်၊ Dice (ခ)ဉာဏ်လင်းထက်၊ ဆိုင်ပိုင်ရှင်သက်လွင်အောင်(ခ)မျိုးအောင်၊ ဆိုင်မန်နေဂျာဇင်စုရတို့အား မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)မြို့မရဲစခန်း (ပ)၂၁၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သီးနှံထုတ်ကုန်များတွင်ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေး
09/13/2025
နေပြည်တော် စက်တင်ဘာ ၁၂
ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင်ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘာသာရပ်ဆိုင်ရာပညာရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးလုပ်ငန်းတွင် မြေဩဇာအလွန်အကျွံသုံးစွဲခြင်း၊ ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ဓာတ်ကြွင်းပမာဏမြင့်မားခြင်းကြောင့် နိုင်ငံတကာမှ ငြင်းပယ်ခံရခြင်း၊ ပြည်တွင်းဈေးကွက်မတည်ငြိမ်ခြင်း ပြဿနာများကိုရင်ဆိုင်ကြရမည်ဖြစ်ကြောင်း၊ စတင်စိုက်ပျိုးသည်မှ ထုပ်ပိုး၊ သိုလှောင်မှုလုပ်ငန်းစဉ်များတွင် ဓာတုဓာတ်ကြွင်း အန္တရာယ်လျှော့ချရေးလမ်းညွှန်ချက်များ၊ သတ်မှတ်ချက်များကို စနစ်တကျလိုက်နာ ဆောင်ရွက်ခြင်း၊ ပြန်ပို့ခဲ့ရသည့်သီးနှံများအား နောက်ကြောင်းပြန်စစ်ဆေးခြင်းစနစ်တစ်ခု တည်ထောင်စောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့အတူ မြေယာပြုပြင်ဆောင်ရွက်မှုအမှားများကို တောင်သူများ ပိုမိုသိရှိနားလည်ပြီး ပြင်ဆင်လုပ်ကိုင်နိုင်စေရေး ပညာပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်က ပြည်ပပို့ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာအရေးပါမှုနှင့် တောင်သူများ ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေနွေးပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်ပခြင်း ရည်ရွယ်ချက်၊ တရုတ်နိုင်ငံနယ်စပ်ရှိ တစ်သျူးငှက်ပျောများအား ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ်ကြောင့် ငြင်းပယ်ခံရသည့်အကြောင်းရင်း၊ ဓာတ်ကြွင်းပါရသည့်အကြောင်းရင်းများ ဆန်းစစ်လေ့လာတွေ့ရှိမှုနှင့် ဓာတ်ကြွင်းအန္တရာယ်လျှော့ချရေး သတိထားလိုက်နာရမည့်အချက်များကိုလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်မိုးမျိုးတင့်က စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်ရှိ လုပ်ငန်းအဆင့်တိုင်း၌ ပိုးသတ်ဆေးလျှော့ချသုံးစွဲရေးဆိုင်ရာများကိုလည်းကောင်း ဆွေးနွေးပြောကြားကြသည်။
ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးနည်းပညာပေးဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

မြန်မာ့အပူပိုင်းဒေသ စိုက်ပျိုးရေးထုတ်ကုန်များကို ဘယ်လာရုစ်နိုင်ငံသို့ တင်ပို့နိုင်ရေး အသိပညာပေးရေးနှင့် လမ်းပြမြေပုံရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
09/13/2025
နေပြည်တော် စက်တင်ဘာ ၁၂
မြန်မာ့အပူပိုင်းဒေသ စိုက်ပျိုးရေးထုတ်ကုန်များကို ဘယ်လာရုစ်နိုင်ငံသို့ တင်ပို့နိုင်ရေး အသိပညာပေးရေးနှင့် လမ်းပြမြေပုံရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဌာနမှူးများ၊ MSME လုပ်ငန်းရှင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များက Virtual ဖြင့် တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်ရုံဆွေးနွေးပွဲကို အပိုင်းနှစ်ပိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပထမပိုင်းတွင် ဘယ်လာရုစ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်သော စျေးကွက်အခွင့်အလမ်းနှင့်စပ်လျဉ်း၍ သိရှိပြီး စျေးကွက်ထိုးဖောက်ရရှိနိုင်စေရန်အတွက် စျေးကွက်အသိပညာပေးခြင်း၊ လိုအပ်သော သတင်းအချက်အလက်များ၊ အတွေ့အကြုံဗဟုသုတများကို ပံ့ပိုးပေးရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်များကကောင်းမွန်သည့် အတွေ့အကြုံကောင်းများကို အသိပညာပေးမျှဝေဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဒုတိယပိုင်းတွင် မြန်မာ့အပူပိုင်းဒေသမှ စိုက်ပျိုးရေးထုတ်ကုန်များအနက်မှ အလားအလာအရှိဆုံး ထုတ်ကုန်သုံးမျိုးမှ ငါးမျိုးကိုရွေးချယ်၍ ဘယ်လာရုစ်နိုင်ငံသို့ တင်ပို့နိုင်သည်အထိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးက ဝိုင်းဝန်းကြိုးပမ်း၍ ပံ့ပိုးဆောင်ရွက်ပေးနိုင်မည့် လက်တွေ့ကျသော လမ်းပြမြေပုံကို တက်ရောက်လာသော ဘာသာရပ်ဆိုင်ရာဌာနများ၊ MSME လုပ်ငန်းရှင်များကို အုပ်စုလေးခုဖွဲ့၍ ဝိုင်းဝန်းဆွေးနွေးပြီး အုပ်စုအလိုက်ရရှိသည့် ရလဒ်များအပေါ် ထပ်မံသုံးသပ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း။
လမ်းပြမြေပုံ ရေးဆွဲပြီးပါက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌသို့တင်ပြ၍ လမ်းပြမြေပုံနှင့်အညီ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ထုတ်ကုန်များကို ဘယ်လာရုစ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စာလှယ်များ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်များကို ဘယ်လာရုစ်စျေးကွက်သို့ အောင်မြင်စွာ တင်ပို့ရောင်းချနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေး၍ ပံ့ပိုးဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာ့အပူပိုင်းဒေသ စိုက်ပျိုးရေးထုတ်ကုန်များကို ဘယ်လာရုစ်နိုင်ငံသို့ တင်ပို့နိုင်ရေး အသိပညာပေးရေးနှင့် လမ်းပြ မြေပုံရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ အချက်အလက်များနှင့် အခွင့်အလမ်းများ၊ ဘယ်လာရုစ်နိုင်ငံသို့ မြန်မာ့အပူပိုင်းဒေသ စိုက်ပျိုးထုတ်ကုန်များတင်ပို့ရာတွင် လိုအပ်မည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်နှင့် စည်းမျဉ်းစည်းကမ်းများ၊ ကုန်သွယ်မှုဆိုင်ရာ လိုအပ်မည့် အချက်အလက်များနှင့်အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် မြန်မာ့အပူပိုင်းဒေသစိုက်ပျိုးထုတ်ကုန်များကို ဘယ်လာရုစ်နိုင်ငံသို့ တင်ပို့နိုင်ရေး လမ်းပြမြေပုံ ဖော်ထုတ်ရေးဆွဲနိုင်ရေး၊ လုပ်ငန်းစီမံချက်ရေးဆွဲနိုင်ရေးတို့ကို အုပ်စုဖွဲ့ဆွေးနွေးကြပြီး ဆွေးနွေးမှုရလဒ်များအပေါ် သုံးသပ်တင်ပြကြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

သစ်တော၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲကျင်းပ
09/13/2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ သစ်တော၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၀ ရက်နေ့နံနက်ပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက နှစ်စဉ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် အကြိုအသိပညာပေးလှုပ်ရှားမှုအဖြစ် သစ်တော၊ သဘာဝ ပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ကြောင်း၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် သစ်ပင်သစ်တောများ ထိန်းသိမ်းခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများသည် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များက ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးကြပြီး တက္ကသိုလ်မှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။