
၁၅၀၀ ပြည့်နှစ် တမန်တော်နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ
09/13/2025
၁၅၀၀ ပြည့်နှစ် တမန်တော်နေ့ အထိမ်းအမှတ်အခမ်းအနားကို ၁၁-၉-၂၀၂၅ ရက်နေ့၊ နံနက် (၉ )နာရီတွင် ရန်ကုန်မြို့ Sky Star Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံရုံးမှ သံရုံး (ယာယီ) တာဝန်ခံ Dr.Ahmed Abdallah Mahmoud Atiya EitahIawy၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး(ဗဟို)ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ် အမှုဆောင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ၁၅၀၀ ပြည့်နှစ် တမန်တော်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဝင် များ နှင့် ဘာသာဝင်များ တက်ရောက်ကြသည်၊၊
ဦးစွာ ၁၅၀၀ ပြည့်နှစ်တမန်တော်နေ့ အခမ်းအနားအား အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဝင် အလ်ဟာဂျ်မောင်လာနာကာရီအဗ်ဒုလ္လာဟ်က ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်၍ ဖွင့်လှစ်ပြီး ဗဟို ကော်မတီဥက္ကဋ္ဌ ဟာဂျီ ဦးကျော်ခင်က နှုတ်ခွန်းဆက်စကား ပြောကြားသည်၊၊
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာကို ဒုတိယဝန်ကြီး ဦးအေးထွန်းက ဖတ်ကြားပြီး ဗဟိုကော်မတီဝင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာအီဂျစ်သံရုံးမှ သံရုံး (ယာယီ) တာဝန်ခံ Dr.Ahmed Abdallah Mahmoud Atiya EitahIawy က ၁၅၀၀ ပြည့်နှစ် တမန်တော်နေ့ အခမ်းအနား ကျင်းပခြင်းအပေါ် ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြား၍ ဗဟိုကော်မတီဝင်တို့က တမန်တော်မြတ်၏ ဘဝဖြစ်စဉ်ကို ဟောပြောတင်ပြပြီး အစ္စလာမ်သာသနာ့စာပေမှတ်ကျောက်တင်ပြိုင်ပွဲတွင် ပထမဆု ရရှိသူများအား ဂုဏ်ပြုချီးမြှင့်ကာ ၁၅၀၀ ပြည့်နှစ် တမန်တော်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ နာယကတို့က ကျေးဇူးတင်စကားပြောကြားပြီး ဆုတောင်းမေတ္တာပို့သကြကြောင်း သိရသည်၊၊
သတင်းစဉ်

(၁၉)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
09/13/2025
နေပြည်တော် စက်တင်ဘာ ၁၂
(၁၉) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ [19th ASEAN Ministerial Meeting on Transnational Crime (AMMTC) and its Related Meetings] ကို မလေးရှားနိုင်ငံ မလက္ကာမြို့၌ စက်တင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးသည်။
စက်တင်ဘာ ၉ ရက် ညနေ ၄ နာရီခွဲ က (၁၉) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများဖွင့်ပွဲကို မလေးရှားနိုင်ငံ မလက္ကာမြို့ရှိ Double Tree by Hilton ဟိုတယ်၌ ကျင်းပခဲ့ရာ အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn၊ အိမ်ရှင်မလေးရှားနိုင်ငံ၏ AMMTC ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Mr. Datuk Seri Saifuddin Nasution bin Ismail နှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ် Mr. Anwar bin Ibrahim တို့က အမှာစကားပြောကြားကြပြီး မလေးရှားနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
ထို့နောက် (၁၉)ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးများကို ဆက်လက်ကျင်းပခဲ့သည်။
စက်တင်ဘာ ၁၀ ရက်က (၁၉)ကြိမ်မြောက် AMMTC အစည်းအဝေးကိုလည်းကောင်း၊ စက်တင်ဘာ ၁၁ ရက်တွင် အာဆီယံ၏ဆွေးနွေးဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား ၃ နိုင်ငံတို့နှင့် (၁၅)ကြိမ်မြောက် AMMTC + 3 အစည်းအဝေး၊ (၁၂)ကြိမ်မြောက် AMMTC + China အစည်းအဝေး၊ (၁၀)ကြိမ်မြောက် AMMTC + Japan အစည်းအဝေး၊ (၆) ကြိမ်မြောက် AMMTC + ROK အစည်းအဝေးတို့ကို လည်းကောင်း DoubleTree by Hilton ဟိုတယ်ရှိ Grand Ballroom ၌ ကျင်းပခဲ့သည်။
(၁၉) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများတွင် နိုင်ငံတကာအဆင့်၊ ဒေသအဆင့်နှင့် အမျိုးသားအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံလုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၅)၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့တည်ထောင်ရေး သဘောတရားစာတမ်း၊ အာဆီယံနယ်စပ်ဒေသစီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာမလက္ကာကြေညာချက်၊ အရှေ့တောင်အာရှဒေသအတွင်း လူမှောင်ခိုမှုတိုက်ဖျက်ရေးဆိုင်ရာအာဆီယံကြေညာချက်၊ ဆိုက်ဘာမှုခင်းနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကြေညာချက်နှင့် ပူးတွဲထုတ်ပြန်ချက်များကို အတည်ပြုခဲ့ကြသည်။
ထို့အတူ ၂၀၂၅ ခုနှစ် အောက်တိုဘာတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်မည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များကြေညာချက်၊ ပြစ်မှုဆိုင်ရာ တရားခံပြေးများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးရာတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များကြေညာချက်နှင့် အစွန်းရောက်အကြမ်းဖက်မှု ကြိုတင်တားဆီးကာကွယ်ရေးအတွက် အားကစားပွဲများ ပြုလုပ်ပေးရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ ကြေညာချက်တို့ကို အတည်ပြုခဲ့ကြပြီး အကြိမ်(၂၀)မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၆ ခုနှစ် ဇူလိုင်တွင် ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့၌ လက်ခံကျင်းပရန် ဆွေးနွေးအတည်ပြုခဲ့ကြသည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော် ကျော်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၉) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ယနေ့တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်




နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်
09/13/2025
နေပြည်တော် စက်တင်ဘာ ၁၂
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၄)သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။ အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။
ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာ စကားများအသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆုများဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့် တပ်သားဆု၊ စစ်သည်တော် ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင် အကောင်းဆုံးဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၄)မှသင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၄)မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်စသည့် ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်း သိရှိရသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၈၅တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။
ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းစစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ်ကျစွာ လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ (TeamWork) ရရှိခဲ့ပြီး နိုင်ငံချစ်စိတ် (Nationalism)၊ မျိုးချစ်စိတ် (Patriotism)၊ အဖွဲ့အစည်းစိတ် (Team Sprit)၊ ရဲဘော်ရဲဘက်စိတ် (esprit de corps) အပြည့်ဖြင့် တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ကြတော့မည်ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၄)တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှ ရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါသည် -
၁။ အရပ်သားဘဝမှာတုန်းကတော့ ပေါ့ပေါ့နေပေါ့ပေါ့စားဆိုတဲ့ ပုံစံမျိုးပဲရှိခဲ့ပြီး တပ်မတော်သားဘဝကို ရောက်လာတဲ့အချိန်မှာ မနက်အိပ်ရာထတာကအစ ညဘက်အိပ်ရာပြန်ဝင်သွားတဲ့အချိန်အထိ အကုန်လုံးက အချိန်ဇယားအတိုင်း၊ စည်းကမ်းအတိုင်းပဲသွားနေတော့ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတော်တော်ကောင်းမွန်လာတယ်လို့ ခံစားမိပါတယ်။ တပ်မတော်ဆိုတာက တကယ်စည်းကမ်းသေသေသပ်သပ်ရှိပြီးတော့ အကုန်လုံးကို စည်းကမ်းရှိရှိနဲ့ နေထိုင်သွားတတ်ဖို့၊ ဘဝမှာ ဘယ်လို အေးအေးဆေးဆေးနဲ့ ဘယ်လိုဖြတ်သန်းပြီး နေရမလဲဆိုတဲ့ပညာတွေ အကုန်သင်ပေးတဲ့ နေရာကြီးတစ်ခုဆိုတာ ပြောချင်ပါတယ်။ တပ်မတော်အပေါ်မှာ သစ္စာရှိရှိနဲ့တာဝန်ထမ်းဆောင်သွားမှာပါ။ ကျွန်တော့်အနေနဲ့ နောင်ဝင်လာမယ့်ညီအစ်ကိုတွေကို ကြိုဆိုလျက်ပါ။ ဒီမှာက စည်းကမ်းကောင်းမွန်အောင်လို့ သေသေချာချာလေ့ကျင့်ပေးတယ်။ အတတ်ပညာတွေကို အကုန်အစုံအလင် သင်ကြားပေးတယ်ဆိုတာကိုလည်း ပြောချင်ပါတယ်။
၂။ ဒီသင်တန်းကို ကျွန်တော်တက်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်မှာကျရောက်နေတဲ့ အဖျက်အမှောင့်ရန်တွေကို တစ်ဖက်တစ်လမ်းကနေ ကာကွယ်ဖို့ရယ်၊ နိုင်ငံသားတစ်ယောက်အနေနဲ့ ဂုဏ်ယူချင်လို့ ဒီပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၄)ကို တက်ရောက်ခြင်းဖြစ်ပါတယ်။ ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တဲ့အတွက် နိုင်ငံတော်ကို ကာကွယ်ရမယ့် အသိစိတ်ဓာတ်တွေကို သိရှိနားလည်လာတယ်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တွေကို ဖြစ်ပေါ်လာတယ်။ နိုင်ငံတော်ကာကွယ်ရေးအင်အားလည်း တိုးပွားလာစေတယ်စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။ သင်တန်းမှာတွေ့ကြုံခဲ့ရတာတွေကတော့ အစပိုင်းမှာ တော်တော်ကိုပင်ပန်းခဲ့ပါတယ်။ ဒါပေမယ့် နည်းပြဆရာတွေရဲ့ သွန်သင်ဆုံးမမှု၊ အားပေး စောင့်ရှောက်မှုတွေကြောင့် တဖြည်းဖြည်းလေ့ကျင့်သား ပြည့်ဝလာပြီး သင်တန်းကို အခက်အခဲတွေ ကြားထဲကနေ အောင်မြင်စွာတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ သင်တန်းဆင်းသွားပြီဆိုတော့ တာဝန်ကျရာ တပ်ရင်းတပ်ဖွဲ့တွေမှာ သင်တန်းကျောင်းက သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေကို လက်တွေ့အသုံးချပြီး ပေးအပ်လာမယ့် တာဝန်တွေကို အမြဲတမ်း စစ်သည်နောင်တော်များနဲ့အတူ ကျေပွန်စွာထမ်းဆောင်မယ်လို့ ခံယူထားပါတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် နိုင်ငံ့သားကောင်းတစ်ယောက်အနေနဲ့ ဒီပြည်သူ့စစ်မှုထမ်းသင်တန်းကို မဖြစ်မနေတက်ရောက်ပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။ ဒီအတွေ့အကြုံကို အခြေခံပြီးတော့ ကိုယ့်ကိုသင်ပေးထားတဲ့ ပညာရပ်တွေနဲ့ တတ်စွမ်းသလောက် ကာကွယ်စောင့်ရှောက်သွားမှာပါ။
ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၄)မှ နိုင်ငံ့သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲများ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

(၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ထံမှ ပေးပို့သည့်သဝဏ်လွှာ
09/13/2025
(၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစ၍ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၈ ၌ “နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့်လူကုန်ကူးမှုများကို တားမြစ်သည်”ဟု အတိအလင်းပြဋ္ဌာန်းထားရှိပါသည်။ မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ယင်း၏နောက်ဆက်တွဲစာချုပ်များတွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ဥပဒေအမှတ် ၅/၂၀၀၅ ဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို ၂၁-၁၂-၂၀၁၆ မှစတင်ပြီး ပြောင်းလဲလာသောလူကုန်ကူးမှုပုံစံများ၊ နိုင်ငံတကာစံနှုန်းများနှင့်ချိန်ညှိ၍ ပြင်ဆင်ရေးဆွဲခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ စတင်ပြဋ္ဌာန်းခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ်သတ်မှတ်၍ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလာခဲ့သည်မှာ ယခုအခါ (၁၃)ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။
အဆိုပါ ဥပဒေအသစ်အရ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ၅ နှစ် စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့နှင့် အခြားလိုအပ်သည့် လုပ်ငန်းကော်မတီများကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ထို့အတူ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ပထမ ၅ နှစ်စီမံကိန်း (၂၀၀၇-၂၀၁၁)၊ ဒုတိယ ၅ နှစ်စီမံကိန်း (၂၀၁၂-၂၀၁၆)၊ တတိယ ၅ နှစ်စီမံကိန်း (၂၀၁၇-၂၀၂၁)များနှင့် နှစ်အလိုက်လုပ်ငန်းစီမံချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရေးဆွဲအကောင်အထည်ဖော်နိုင်ခဲ့ပြီး လက်ရှိတွင် စတုတ္ထ ၅ နှစ် စီမံကိန်း (၂၀၂၂-၂၀၂၆)၏ စတုတ္ထနှစ်ဖြစ်သည့် ၂၀၂၅ ခုနှစ် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နှစ်နိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများရေးထိုး၍လည်းကောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်များကို အထူးပြုသော လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန်ဗင်းရှင်း (ASEAN Convention Against Trafficking in Persons Especially Women and Children-ACTIP)၊ မဲခေါင်မြစ်ဝှမ်းဒေသတွင်းနိုင်ငံများ၏ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း (Coordinated Mekong Ministerial Initiative against Trafficking -COMMIT)၊ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation-BIMSTEC)၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုကူးမှုတိုက်ဖျက် ရေးဆိုင်ရာဘာလီလုပ်ငန်းစဉ်(Bali Process on People Smuggling, Trafficking in Persons and Related Transnational Crime-Bali Process) နှင့် လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (Lancang-Mekong Integrated Law Enforcement and Security Cooperation Center-LMLECC) တို့တွင် ပူးပေါင်းပါဝင်၍လည်းကောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးကိစ္စရပ်များတွင် တက်ကြွစွာကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
လူကုန်ကူးခံရခြင်းသည် ဆင်းရဲနွမ်းပါးခြင်း၊ ပညာရေးအခြေအနေနိမ့်ကျခြင်း၊ ဗဟုသုတနည်းပါးခြင်းစသည့် အခြေခံအချက် အလက်အချို့မျှသာမကဘဲ အဆင့်မြင့်ပညာဆက်လက်သင်ယူနိုင်ရန် ပညာရေးစရိတ်လိုအပ်ခြင်း၊ မိသားစုအတွက် များပြားသည့်ဝင်ငွေရရှိလိုခြင်း၊ ပိုမိုမြင့်မားသော လူနေမှုဘဝကိုမျှော်မှန်းခြင်း၊ လက်ရှိအခြေအနေအပေါ်တွင် စိတ်ကျေနပ်မှုမရှိခြင်း၊ အောင်မြင်မှုရသည့် ဘဝများကို အားကျခြင်းစသည့် အရင်းခံအကြောင်းအရာများစွာ ရှိနေပါသည်။
လက်ရှိမြန်မာအမျိုးသမီးများကို မိမိနိုင်ငံအတွင်းသို့ လာရောက်စည်းရုံးကာ အယောင်ပြလက်ထပ်ပြီး ပြည်ပနိုင်ငံများသို့ ခေါ်ထုတ်သည်အထိ အတင့်ရဲလာသောလူကုန်ကူးမှုများကို ဖော်ထုတ်ရရှိနေပြီး မြန်မာအမျိုးသမီးများနှင့် ပြည်ပနိုင်ငံခြားသားများ ထိမ်းမြားလက်ထပ်ရန်ဆောင်ရွက်ပေးကြသူများနှင့် ဥပဒေကို လက်တစ်လုံးခြားလုပ်နေသူများကိုလည်း ဖော်ထုတ်အရေးယူလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်းအထိ လက်ထပ်ရန်လာရောက်စည်းရုံးခဲ့သည့် ဖြစ်စဉ်များနှင့်အတူ Online မှတစ်ဆင့် လိင်ပိုင်းဆိုင်ရာထုတ်လွှင့်ပြသရန် စည်းရုံးသိမ်းသွင်းခဲ့သည့် ဖြစ်စဉ်များကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။
ထို့ကြောင့် နိုင်ငံခြားသားများနှင့်လက်ထပ်သည့် မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လုပ်ငန်းစဉ်အဆိုပြုချက်များချမှတ်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လမှစ၍ ထိရောက်စွာ အကောင်အထည်ဖော်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းစဉ်တွင် အဓိကအားဖြင့် သတင်းလက်ဦးမှုရယူခြင်း၊ တားဆီးကာကွယ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းစသည့် အချက် ၃ ချက်ပါဝင်ပြီး မြန်မာအမျိုးသမီးများအား အတုအယောင်ထိမ်းမြားလက်ထပ်သော လူကုန်ကူးမှုများကို တိုက်ဖျက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
လူကုန်ကူးမှုများသည် ခေတ်စနစ်အလိုက် အခြေအနေများနှင့် နည်းပညာတိုးတက်ဖွံ့ဖြိုးမှုတို့အပေါ်လိုက်ပါပြီး ပုံစံပြောင်းလဲလာသည်ကို ဂရုပြုကြရမည်ဖြစ်ပြီး လက်ရှိအွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုတို့ပြုလုပ်ကြသော Online Scam လုပ်ငန်းများသည် လူသစ်စုဆောင်းရာတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သော ကုမ္ပဏီများအဖြစ် အွန်လိုင်းမှတစ်ဆင့် လစာအမြောက်အမြားရရှိမည့်အသွင်ဖြင့် မက်လုံးပေးစည်းရုံးခေါ်ဆောင်လာခဲ့ကြပါသည်။ နိုင်ငံအများအပြားမှ အိုင်တီနည်းပညာကျွမ်းကျင်သူများအပါအဝင် ပညာတတ်အများအပြားတို့ စုဆောင်းခံခဲ့ကြရပြီး အွန်လိုင်းမှတစ်ဆင့် မက်လုံးပေးလိမ်လည်မှုများအပေါ် ယုံကြည်မှုလွန်ကဲခြင်းကြောင့် လူကုန်ကူးမှုကျူးလွန်ခြင်းခံနေကြရပါသည်။ လူကုန်ကူးသူများသည် ကမ္ဘာတစ်ဝန်းတွင် အသုံးပြုနေကြသော လူမှုကွန်ရက်မီဒီယာများကို အသုံးပြုကာ လိမ်လည်မှုအမျိုးမျိုးပြုလုပ်နေကြရာတွင် အသက်အရွယ်မရွေး၊ လူတန်းစားမရွေး၊ အချိန်မရွေးသားကောင်ဘဝ ကျရောက်သွားနိုင်သဖြင့် “No one is immune to trafficking” ဟူ၍ ပြောကြခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ကျူးလွန်လေ့ရှိသည့် အွန်လိုင်းလိမ်လည်မှုပုံစံ ၉ မျိုးတွေ့ရှိရပြီး အဓိကအားဖြင့် ငွေကြေးဆိုင်ရာနှင့်တိုက်ရိုက်ပတ်သက်နေပြီး ပစ်မှတ်များမှာ ငွေကြေးချမ်းသာကြွယ်ဝသော နိုင်ငံများအား အဓိကဦးတည်နေသည်ကို စိစစ်တွေ့ရှိရပါသည်။ မိမိနိုင်ငံတွင်းက ပြည်သူများသည်လည်း လိမ်လည်မှု၏ သားကောင်ဖြစ်နေကြပြီး အဆိုပါအွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အတင်းအကျပ် ဖိအားပေးစေခိုင်းခံနေရသည့် Victim များတွင် နိုင်ငံအသီးသီးမှ ပညာတတ်လူငယ်များ ပါရှိနေသည်ကို တွေ့ရသည့်အပြင် မြန်မာနိုင်ငံမှ လူငယ်အချို့သည်လည်း အာဆီယံဒေသတွင်း နိုင်ငံအချို့တွင် Victimအဖြစ် ရောက်ရှိနေကြပါသည်။
ကမ္ဘာတစ်ဝန်းဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုပြဿနာများနှင့်စပ်လျဉ်းပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် နိုင်ငံများတွင် လူကုန်ကူးမှုပိုမိုဖြစ်ပွားသည်ဟူ၍လည်းကောင်း၊ ဆင်းရဲနွမ်းပါး၍ ပညာရည်နိမ့်ပါးသူများသာ လူကုန်ကူးမှုကိုခံကြရသည်ဟူ၍လည်းကောင်း ယေဘုယျအားဖြင့်ရှုမြင်ကြပါသည်။ သို့ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာသည့်နိုင်ငံများသည်လည်း လူကုန်ကူးမှုပြဿနာနှင့် မကင်းသည့်အပြင်လူကုန်ကူးခံရသူများတွင် ပညာတတ်များလည်း ပါဝင်လျက်ရှိရာ လူကုန်ကူးမှုသည် အခြားမမျှော်မှန်းနိုင်သော အကြောင်းများအပေါ်အခြေခံလျက်ရှိပါသည်။
အွန်လိုင်းလိမ်လည်မှုများနှင့် ဆက်နွှယ်သောလူကုန်ကူးမှုတိုက်ဖျက်ရေး စီမံချက်ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီရေးဆွဲခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီ ၁ ရက်မှ စ၍ Pilot Project အနေဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ပြစ်မှုကျူးလွန်သူများသည် တိုးတက်လာသောနည်းပညာများကို အခြေခံကာစနစ်တကျဂိုဏ်းဖွဲ့ပြီး လမ်းကြောင်းပုံစံသစ်များဖြင့် ပြောင်းလဲကျူးလွန်လာသည့်အတွက် ထိရောက်စွာတားဆီးထိန်းချုပ်ခြင်း၊ ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများ ဖော်ထုတ်ခြင်းနှင့်ကျူးလွန်သူများကို ပြင်းထန်ထိရောက်သည့် အပြစ်ပေးအရေးယူမှုများပြုခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
လက်ရှိရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် ၅ နှစ်စီမံကိန်းများ၏ အားနည်းချက်/ အားသာချက်များ၊ နည်းပညာတိုးတက်မှု၊ ပြောင်းလဲလာသော လူကုန်ကူးမှုပုံစံသစ်များ၊ လမ်းကြောင်းများ၊ နိုင်ငံတကာတွင် ကျင့်သုံးနေသော အလေ့အထများအပေါ်အခြေခံ၍ ပြည်တွင်းရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုကိစ္စရပ်များတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဆောင်ရွက်ရာ၌ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်သာမက အိမ်နီးချင်းနိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများနှင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအပြင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
လူကုန်ကူးခံရသူအားလုံးကို ကာကွယ်စောင့်ရှောက်ခြင်း၊ အထူးသဖြင့် လူကုန်ကူးခံရသူအမျိုးသမီးနှင့် ကလေးသူငယ်များအား အလေးဂရုပြု၍ အကာအကွယ်နှင့်အကူအညီပေးခြင်း၊ လူကုန်ကူးမှုကျူးလွန်သူများအား ထိရောက်မြန်ဆန်စွာ စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိုက်သင့်သောပြစ်ဒဏ်များချမှတ်ခြင်းဖြင့် လူကုန်ကူးမှုများလျော့နည်းပပျောက်စေခြင်း၊ လူကုန်ကူးခံရသူများကို ကယ်ဆယ်ရေး၊ ပြန်လည်လက်ခံရေး၊ ပြန်လည်ထူထောင်ရေးနှင့် ၎င်းတို့အား လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးလုပ်ငန်းများကို ဗဟိုအဖွဲ့၏ ဦးဆောင်မှု၊ ဆက်စပ်ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
သို့ဖြစ်၍ ၂၀၂၅ ခုနှစ်၊ (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့” ဆိုသည့်အတိုင်း မြန်မာနိုင်ငံတွင် လူကုန်ကူးခြင်းနှင့်ပတ်သက်သော ခေါင်းပုံဖြတ်မှုများအား အဆုံးသတ်နိုင်ရေးအတွက် ပြည်သူလူထု၏ သတင်းပေးကူညီမှုများဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများက တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး လူကုန်ကူးမှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ကာ ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်ခြင်းအားဖြင့် လူကုန်ကူးမှုများကို အောင်မြင်စွာတားဆီးကာကွယ် တိုက်ဖျက်သွားနိုင်မည်ဟု ယုံကြည်မိပါကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်။