
ပုဗ္ဗသီရိမြို့နယ်တွင် ငလျင်ဘေးသင့်ပြည်သူများအား နီပွန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
09/13/2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၁ ရက်နေ့က ပုဗ္ဗသီရိမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဇေယျာသီရိခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများ နီပွန် ဖောင်ဒေးရှင်း ညှိနှိုင်းရေးတာဝန်ခံ ဒေါ်ခင်မြတ်ကျော်နှင့် တာဝန်ရှိသူများက ငလျင်ဘေးဒဏ်သင့် အိမ်ထောင်စု(၉၄)စုအတွက် တစ်အိမ်ထောင်လျှင် ပစ္စည်း(၁၄)မျိုးပါ အိတ်(၁)အိတ်၊ ဆန်(၆) ပြည်အိတ် (၁)အိတ်၊ ဆီ(၁)လီတာဘူး(၁)ဘူး၊ ကုလားပဲ (၁)ပိဿာတို့ကို ထောက်ပံ့ပေးအပ်ရာ ငလျင်ဘေးဒဏ်သင့် ပြည်သူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ထို့နောက် ဇေယျာသီရိခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ဇေယျာသီရိခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစောနိုင်နှင့် တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိန်ကြည်၊ နီပွန်ဖောင်ဒေးရှင်း ညှိနှိုင်းရေးတာဝန်ခံ ဒေါ်ခင်မြတ်ကျော်နှင့် တာဝန်ရှိသူများ၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
09/13/2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၉ ရက်နေ့က လဲပင်ကျင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှိုင်သူဇာအောင်က မီးခိုးမြူငွေ့သည် အမှိုက်မီးရှို့ခြင်း၊ တောမီးလောင်ခြင်း၊ ကားများအင်ဂျင်စက်များမှ ထွက်ရှိလာသော အခိုးအငွေ့များ၊ သစ်ဆွေးမြေ့မီးလောင်ခြင်းများကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု အန္တရာယ်ဖြစ်ပေါ်လာပုံ၊ မီးခိုးမြူများ ထူထပ်စွာဖြစ်ပေါ်ပါက အသက်ရှုကြပ်ခြင်း၊ မျက်စိ၊ နား၊ နှာခေါင်းယားယံခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အဆုတ်ကိုထိခိုက်စေခြင်း စသည့် နောက်ဆက်တွဲ ရောဂါလက္ခဏာများ၊ မီးခိုးမြူငွေ့လျှော့ချရန်နည်းလမ်းများနှင့် ကာကွယ်လိုက်နာဆောင်ရွက်ရန် နည်းလမ်းများကို ရှင်းလင်း ပြောကြားပြီး မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူ ကျား(၁၅)ဦး၊ မ(၃၇)ဦး စုစုပေါင်း(၅၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

Asia-Pacific Amateur Championship ဂေါက်သီးရိုက်ပြိုင်ပွဲသို့ မြန်မာဂေါက်သီးရိုက်အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်
09/13/2025
UAE နိုင်ငံ Emirates Golf Club in Dubai ၌ အောက်တိုဘာလ ၂၃ ရက်မှ၂၆ ရက်အထိ ကျင်းပမည့် Asia-Pacific Amateur Championship ဂေါက်သီးရိုက်ပြိုင်ပွဲသို့ မြန်မာလက်ရွေးစင် ကစားသမား နှစ်ဦးဖြစ်သော ကျော်ကိုကိုချစ်နှင့် ဟိန်းနိုင်ဇင်တို့သည် World Amateur Golf Ranking (WAGR) အဆင့်သတ်မှတ်ချက်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
Asia-Pacific Amateur Golf Championship ဂေါက်သီးရိုက်ပြိုင်ပွဲသည် အာရှဒေသတွင်း အဆင့်မြင့်မားသည့် အပျော်တမ်း ဂေါက်ပြိုင်ပွဲတစ်ခုဖြစ်ပြီး အာရှဒေသတွင်းနိုင်ငံများနှင့် သမုဒ္ဒရာပိုင်း ဇုန်နိုင်ငံများမှ ဂေါက်သီးရိုက်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး နှစ်စဉ်နီးပါးကျင်းပခဲ့သည့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်သည်။
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်သည် ကစားသမားများ ပြိုင်ပွဲအတွေ့အကြုံ ရရှိစေရန် နိုင်ငံတကာပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်စေလျက်ရှိပြီး Asia-Pacific Amateur Golf Championship ဂေါက်သီးရိုက်ပြိုင်ပွဲမှာ အဆင့်မြင့်ပြိုင်ပွဲဖြစ်သောကြောင့် မြန်မာဂေါက်သီးရိုက် အားကစားသမားများ အကျိုးရှိမည့် ပြိုင်ပွဲတစ်ခုဖြစ်ကြောင်းလည်း သိရသည်။


မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပျဉ်းမနားမြို့နယ် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး အတွက် ငွေသားထောက်ပံ့
09/13/2025
၂၀၂၄ ခုနှစ် ရာဂီတိုင်ဖွန်းမုန်တိုင်း ရေဘေးကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေး အတွက် ဒုတိယအကြိမ် ငွေသားထောက်ပံ့ခြင်း အစီအစဉ်အရ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ကျေးရွာများတွင် ရေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးဝေခြင်းကို စက်တင်ဘာလ (၈) ရက်နေ့မှ စက်တင်ဘာလ (၁၀) ရက်နေ့အတွင်း ပြုလုပ်ခဲ့သည်။
ထောက်ပံ့ရာတွင် ကြို့တန်းကျေးရွာမှ အိမ်ထောင်စု (၂၀၆)စု၊ ကျောက်ကုန်းကျေးရွာမှ အိမ်ထောင်စု (၇၅) စု၊ သာယာစုကျေးရွာမှ အိမ်ထောင်စု (၁၂၁) စု၊ အင်းသာကျေးရွာမှ အိမ်ထောင်စု (၁၁၃)စု၊ သစ်ဆိမ့်ပင်ကျေးရွာမှ အိမ်ထောင်စု (၁၉၉) စုတို့အား အိမ်ထောင်စု (၁)စုလျှင် ငွေသား ကျပ် (၄) သိန်းနှုန်းဖြင့် အိမ်ထောင်စုပေါင်း (၇၁၄) စုအတွက် စုစုပေါင်းကျပ် (၂,၈၅၆) သိန်းကို အဆိုပါ ရေဘေးသင့် အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း (IFRC)၏ ပံ့ပိုးကူညီမှုဖြင့် ငွေသားထောက်ပံ့ခြင်းပြီး လေ့ကျင့်ထားသော ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီဝန်ထမ်းများက အဆိုပါ ကျေးရွာများအတွင်းသို့ ကွင်းဆင်းခဲ့ပြီး တစ်အိမ်ထောင်စုချင်းစီအလိုက် အိမ်တိုင်ရာရောက် စနစ်တကျ လေ့လာဆန်းစစ်ခြင်း များကို အသင်း၏ သတ်မှတ်ချက်စံနှုန်းများနှင့်အညီ ဦးစွာဆောင်ရွက်ခဲ့သည်။ ထို့နောက် အကျိုး ခံစားခွင့်ရှိသူများ စာရင်းကို ရပ်ရွာအတွင်း အများပြည်သူဆိုင်ရာနေရာများတွင် ကြော်ငြာပေးခဲ့ပြီး Community Engagement and Accountability လုပ်ငန်းစဉ်ကိုပါ ပွင့်လင်းမြင်သာစွာ တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့ ထောက်ပံ့ခြင်းဖြစ်သည်။



မြန်မာနိုင်ငံကြက်ခြေနီအသင်းက တပ်ကုန်းမြို့နယ်တွင် ရေ၊ ပတ်ဝန်းကျင်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးအသိပညာပေး
09/13/2025
၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်း ရေဘေးကြောင့် ထိခိုက်ခံစားရသူများ ပြန်လည်ထူထောင်ရေး အစီအစဥ်အရ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနမှ ဆောင်ရွက်သော ရေ၊ ပတ်ဝန်းကျင်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းကို စက်တင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ် ညောင်ပင်သာကျေးရွာနှင့် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် ပြုလုပ်ခဲ့သည်။
ရေဘေးကြောင့် ထိခိုက်ခံစားရသူများ ပြန်လည်ထူထောင်ရေး အစီအစဥ်အရ တပ်ကုန်းမြို့နယ် ညောင်ပင်သာကျေးရွာနှင့် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ ကလေးငယ်(၁၀၈) ဦးတို့အား School Hygiene Kits များကို ပေးဝေခဲ့သည်။
အလားတူ မကျီးပင်စုကျေးရွာ ကလေးပျော်စင်တာတွင် ကလေးငယ်များ စိတ်ပျော်ရွှင်စေရန် ဂိမ်းကစားခြင်း၊ ပုံပြင်ပြောခြင်းတို့ကို အသင်းမှ ကြက်ခြေနီဝန်ထမ်းများ၊ ဒေသခံကြက်ခြေနီစေတနာ လုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြသည်။