photo

သတင်းပြန်ကြား‌ရေး၊ မှတ်တမ်းဆိုင်ရာနှင့် ပြခန်းခင်းကျင်းပြသရေး လုပ်ငန်းကော်မတီညှိနှိုင်းစည်းဝေး

09/13/2025

နေပြည်တော် စက်တင်ဘာ ၁၂

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရန်အတွက် သတင်းပြန်ကြား‌ရေး၊ မှတ်တမ်းဆိုင်ရာနှင့် ပြခန်းခင်းကျင်းပြသရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပသည်။

အစည်းအဝေးသို့ သတင်းပြန်ကြား‌ရေး၊ မှတ်တမ်းဆိုင်ရာနှင့် ပြခန်းခင်းကျင်းပြသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက လာမည့်လထဲတွင် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်တွင် အနှစ်သာရရှိရှိ ခမ်းခမ်းနားနား ကျင်းပသွားမည်ဖြစ်ကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် ဖွင့်ပွဲအခမ်းအနားနှင့် ဆွေးနွေးပွဲများကျင်းပနေစဉ်အတွင်း တက်ရောက်လာသူများ ကြိုတင်လေ့လာနိုင်ရန်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှုမှတ်တမ်းများ၊ တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှုများနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း။

သတင်းထုတ်ပြန်ရေး၊ မီဒီယာများဖိတ်ကြားရေးနှင့် မှတ်တမ်းစာအုပ်ထုတ်ဝေရေးတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို ယခင်က ဆောင်ရွက်နေကျဖြစ်သော်လည်း လစ်ဟာအားနည်းမှုမရှိအောင် ဘက်ပေါင်းစုံမှပြည့်စုံအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးပြီး အခမ်းအနားအောင်မြင်ပြီးမြောက်အောင် ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ခင်းကျင်းပြသသွားမည့်အစီအစဉ်များ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာဖိတ်ကြားရေးနှင့် သတင်းများရယူရိုက်ကူးရေး၊ ပါဝင်ဆွေးနွေးကြမည့် ပြည်တွင်းပြည်ပပညာရှင်များအား ဖိတ်ကြားရေး၊ မှတ်တမ်းစာအုပ်များ ထုတ်ဝေရေးနှင့် သတင်းများရယူထုတ်ပြန်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်

13.09.2025
photo

ပြည်တွင်း၌ ဆန်စက်ပေါင်း (၈,၀၀၀) ကျော်ဖြင့်လည်ပတ်နေ

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပြည်တွင်း၌ ဆန်စက်ပေါင်း (၁၀,၀၀၀)ကျော်ရှိသည့်အနက် ဆန်စက် (၈,၀၀၀) ကျော်ဖြင့် လည်ပတ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် အသင်းသားပိုင် ဆန်စက်အရေ အတွက် (၁၀,၀၀၀)ကျော်ရှိပြီး လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသည့် ဆန်စက်များမှာ (၈၀) ရာခိုင်နှုန်းခန့် ရှိသည်။

အဆိုပါ ဆန်စက်များမှ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးနိုင်ရန်အတွက် ကြိတ်ခွဲရောင်းချပေးနေခြင်း ဖြစ်ပြီး ဆန်စက်များအနေဖြင့် ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုဖူလုံရန်အတွက် ကြိတ်ခွဲပေးနေခြင်း ဖြစ်သကဲ့သို့ ဆန်စပါးကဏ္ဍဖွံ့ဖြိုးရန်နှင့် ဆန်စပါး အရည်အသွေးမြင့်မားရန် အတွက်နည်းပညာကဏ္ဍ တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်စက် (၁၄) ခုတွင် (၁၇) မဂ္ဂါဝပ်၊ ဧရာဝတီတိုင်း‌‌‌‌ဒေသကြီးအတွင်းရှိ ဆန်စက် (၇) ခုတွင် (၁၄) မဂ္ဂါဝပ်၊ ပဲခူးတိုင်း‌‌ဒေသကြီး အတွင်းရှိ ဆန်စက် (၃) ခု၌ (၅) မဂ္ဂါဝပ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်(၂)ခုတွင်(၁ ဒသမ ၅) မဂ္ဂါဝပ်၊ နေပြည်တော်ရှိ ဆန်စက် (၁) ခု၌ (၃)မဂ္ဂါဝပ်နှင့် မွန်ပြည်နယ်ရှိ ဆန်စက် (၁)ခု၌ (၁) မဂ္ဂါဝပ် စသည့်ဆန်စက် (၂၈) ခုတွင် ဆိုလာစနစ်တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အား စုစုပေါင်း (၄၁ ဒသမ ၅) မဂ္ဂါဝပ် ထုတ်လုပ်မည့် အစီအစဉ်ကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်ရန်လျာထားကြောင်း သိရသည်။

12.09.2025
photo , photo2

ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ရုရှား Sberbank တာဝန်ရှိသူတို့ တွေ့ဆုံ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ PJSC "Sberbank of Russia ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ Ivan NOSOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

နှစ်ဖက်တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော် ပေးချေမှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

အဓိကအားဖြင့် အထူးအိန္ဒိယရူပီးငွေစာရင်းဆိုင်ရာ ငွေပေးချေမှုစနစ် (Special Rupee Vostro Account-SRVA Mechanism) မှတစ်ဆင့် ငွေပေးချေမှုများ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

12.09.2025
photo , photo2 , photo

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငလျင်ရှောင်စခန်းများတွင် “စိတ်ပိုင်း လူမှုပိုင်းဆိုင်ရာ အားပေး ကူညီခြင်း”များ ဆောင်ရွက်

09/12/2025

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက စက်တင်ဘာလ (၉) ရက်နေ့က စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်တွင် “စိတ်ပိုင်း လူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်း” အစီအစဥ် ပြုလုပ်ခဲ့ရာ လူဦးရေ (၅၀)ဦးအထိ ပါဝင်ခဲ့သည်။ 

ပြင်းထန်မြေငလျင်လှုပ်ခတ်ခဲ့သည်မှာ (၅)လကျော် ကြာခဲ့ပြီဖြစ်သော်လည်း ဒေသတွင်းရှိသည့် လူတိုင်း၏ စိတ်ထဲတွင် မနေ့တစ်နေ့ကလို ရှိဆဲဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ငလျင်လှုပ်ခတ်ချိန်ကစ၍ ယနေ့ အချိန်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ငလျင်ရှောင်စခန်းများတွင် “စိတ်ပိုင်း လူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်း”များကို နေ့စဥ်မပျက် လုပ်ဆောင်​လျက်ရှိသည်။ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ စည်းခုံကြီးဘုရာဝင်းအတွင်း မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက “စိတ်ပိုင်း လူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်း” အစီအစဥ် ပြုလုပ်ခဲ့ပြီး လူဦးရေ (၅၀)ဦးအထိ ပါဝင်ခဲ့ပြီး ဒီအစီအစဥ်မှ နည်းလမ်းကောင်းများ မျှဝေပေးခဲ့ရာ ဘဝ အမောများ ပြေပျောက်စေခဲ့သည်။

12.09.2025
photo

တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ရောက်

09/12/2025

တရုတ်ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို စက်တင်ဘာ ၈ ရက်က ဆက်လက် ကျင်းပရာ မြန်မာအသင်း နိုင်ပွဲရရှိပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်းတွင် ထွန်းအောင်ကျော်၊ ဝေဇင်ဦး၊ အောင်ဇင်ဦး၊ ဒုတိယပိုင်းတွင် နိုင်လင်းထွန်းကျော်တို့က သွင်းယူခဲ့သည်။ အုပ်စု (ခ) အခြားပွဲတွင် အင်ဒိုနီးရှားအသင်းက နယူးဇီးလန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

အုပ်စု(ခ) ပွဲစဉ်များအပြီးတွင် အင်ဒိုနီးရှားအသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ မြန်မာအသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ပြီး သုံးမှတ်ရရှိသည့် နယူးဇီလန် အသင်းနှင့် အမှတ်မရသည့် ကမ္ဘောဒီးယားအသင်းတို့မှာမူ အဆင့် ၅/၈ နေရာလုပွဲ ထပ်မံကစားရမည် ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို စက်တင်ဘာ ၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည် ဒိန်းမတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

 

12.09.2025