photo

နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

09/12/2025

နေပြည်တော် စက်တင်ဘာ ၁၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၂၁ ဒသမ ၄၈၀၂ တန်၊ သစ်မာ ၁၃ ဒသမ ၃၀၂၂ တန်၊ အခြား ၂၉ ဒသမ ၁၆၅၀ တန် စုစုပေါင်း ၆၃ ဒသမ ၉၄၇၄ တန်၊ ယာဉ်/ယန္တရား ကိုးစီး၊ တရားခံ ၁၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သတင်းစဉ်

12.09.2025
photo

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး

09/12/2025

နေပြည်တော် စက်တင်ဘာ ၁၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၂) အစည်း အဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်နှင့် တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဂတိလိုက်စားမှုသည် နိုင်ငံ၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီးတစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေမည်ဖြစ် ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်း၌လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအားလုံး သိရှိရှောင်ကြဉ်ရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်ရေးကဏ္ဍအပြင် အသိပညာပေးရေးလုပ်ငန်းများကိုပါ စိတ်စေတနာထက်သန်စွာ စီစဉ်ပေးနေသည့်အတွက်လည်း ဝမ်းမြောက်ကြိုဆိုကြောင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက မိမိတို့သိရှိလိုသော ကဏ္ဍအလိုက် အပြန်အလှန်မေးမြန်းဖြေကြားဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်

12.09.2025
photo

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပီတန်း၊ အလေးမနှင့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ လေ့ကျင့်နေမှု ကြည့်ရှုစစ်ဆေး

09/12/2025

နေပြည်တော် စက်တင်ဘာ ၁၁

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ပီတန်းအားကစား လေ့ကျင့်ရေးကွင်းတွင် ပီတန်းအားကစားသမားများ၏ တစ်ဦးချင်း (Single Shooting) နှင့် အမျိုးသား အမျိုးသမီးနှစ်ယောက်တွဲ အတွဲလိုက် (Mixed Doubles)နှင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး အတွဲလိုက်(Mixed Triples) အားကစားနည်းများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

ထို့နောက် ဝိတ်တန်းများအလိုက် အတန်းပြည့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အလေးမလေ့ကျင့်ရေးအားကစားရုံ၌ အလေးမအားကစားသမားများ၏ အမြန်မနှင့် နှစ်ဆင့်မနည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်နေမှု၊ ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံ၌ ပိုက်ကျော်ခြင်းအားကစားသမားများ၏ နှစ်ယောက်တွဲ၊ သုံးယောက်တွဲ လေ့ကျင့်နေမှုနှင့် ကွင်းသွင်းခြင်းခတ်အားကစားသမားများ၏ လေ့ကျင့်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး မိမိတို့ရရှိထားသည့် စံချိန်၊ စံညွှန်းများ ပိုမိုကောင်းမွန်အောင် နည်းပြဆရာများ၏ သင်ကြားလေ့ကျင့်ပေးမှုအတိုင်း စနစ်တကျလေ့ကျင့်သွားရန်၊ အုပ်ချုပ်သူ၊ နည်းပြများအနေဖြင့် လေ့ကျင့်မှုများ ပြုလုပ်ရာတွင် တွေ့ရှိရသည့် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်၍ ပြုပြင်သင်ကြား လေ့ကျင့်ပေးသွားရန် မှာကြားပြီး အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရွှေကြာပင်အားကစားကွင်းနှင့် ဘောလုံးကွင်းပြန်လည်ပြုပြင်နေမှု၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ရွှေကြာပင်အားကစားကွင်း ဘောလုံးကွင်းပတ်လမ်း Synthetic ပြေးလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးစေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

12.09.2025
photo

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး ကျင်းပ

09/12/2025

နေပြည်တော် စက်တင်ဘာ ၁၁

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကော်မတီဒုတိယဥက္ကဋ္ဌ (၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ(၂) မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဟန်သူနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ မသန်စွမ်းကိုယ်စားလှယ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံသည် မသန်စွမ်းသူများ လူ့အသိုက်အဝန်းအတွင်း အပြည့်အဝပါဝင်ဆောင်ရွက်ခွင့်ရစေရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားကော်မတီသည် မသန်စွမ်းသူများအားလုံး အကျုံးဝင်ပါဝင်နိုင်သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ထောင်ရေးအတွက် ကြီးကြပ်ပံ့ပိုးကူညီမှုများဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်အုပ်စုဝင်များသည် သဘာဝဘေးအပါအဝင် အရေးပေါ်အခြေအနေတစ်ရပ်ရပ်ကြုံတွေ့ရပါက ပိုမိုထိခိုက်ခံစားနိုင်ရသူများဖြစ်၍ မသန်စွမ်းသူများအရေးကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှပါဝင်ခွင့်ရရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်ကို အလေးထားပြီး ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အထကောင်းများ ဖြစ်ပေါ်လာရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မသန်စွမ်းသူများ အများနည်းတူ ဆန္ဒမဲပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပံ့ပိုးစေလိုကြောင်း။

မသန်စွမ်းသူများ အသက်မွေးဝမ်းကျောင်းပညာသင်ယူနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေး၊ မသန်စွမ်းမှတ်ပုံတင်ရရှိစေရေး စသည့်အရေးကြီးကိစ္စများအတွက်လည်း ဝန်ကြီးဌာနအသီးသီးက ကဏ္ဍအလိုက် အလေးထားဆောင်ရွက်ပေးရန်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အလုပ်ခန့်အပ်ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝေပုံကျနှုန်းထားသတ်မှတ်အလုပ်ခန့်အပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့်မှာ မသန်စွမ်းသူများဖြစ်ကြောင်း၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ကြရာတွင် မသန်စွမ်းများ ပူးပေါင်းပါဝင်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ မူဝါဒများရေးဆွဲချမှတ်ရာတွင် မသန်စွမ်းမှုဆိုင်ရာ အချက်အလက်များ တိကျမှန်ကန်စေရေးအတွက် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် အခက်အခဲကြုံတွေ့ရသည့် ဘေးသင့်ဒေသများမှ မသန်စွမ်းသူများအား မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ စိစစ်တင်ပြပေးမှုအရ လတ်တလောသက်သာချောင်ချိ စေရေး ပံ့ပိုးကူညီမှုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မသန်စွမ်းသူများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးကူညီခြင်း၊ မသန်စွမ်းသူများအတွက် အခြေခံအခွင့်အရေးများဖြစ်သည့် အထူးပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ သဘာဝဘေးကြုံတွေ့ချိန်တွင် ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရေးတို့အား စနစ်တကျ ပံ့ပိုးဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ (၂) မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ မသန်စွမ်းကိုယ်စားလှယ်များက ကဏ္ဍအလိုက် မသန်စွမ်းသူများအခွင့်အရေးအတွက် ဆောင်ရွက်နေမှု၊ တွေ့ကြုံနေရသော အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်မှုများကို တင်ပြဆွေးနွေးကြကာ အမျိုးသားကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

12.09.2025