
လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့
09/11/2025
လူကုန်ကူးမှုသည် ခေတ်သစ်ကျွန်ပြုမှုပုံစံဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးကို စိန်ခေါ်လျက်ရှိသည်။ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်မှုပြီးလျှင် လူကုန်ကူးမှုသည် ဒုတိယမြောက် အမြတ်အစွန်းကြီးမားစွာရရှိနိုင်သော အရင်းအမြစ်ဖြစ်သည့်အလျောက် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုအဖြစ် ပြည်ပနိုင်ငံများသို့ဦးတည်၍ အုပ်စုဖွဲ့ပြစ်မှုကျူးလွန်နေကြသည်။
မြန်မာနိုင်ငံ၏ လူကုန်ကူးမှုပြဿနာသည် အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအချို့၏ ဈေးကွက်လိုအပ်ချက်များနှင့် ချိတ်ဆက်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဆိုသည်။ နှစ်စဉ်ဖြစ်ပွားနေသည့် လူကုန်ကူးမှုများတွင် ပြည်တွင်း လူကုန်ကူးမှု ၅၆ ရာခိုင်နှုန်းရှိပြီး ပြည်ပလူကုန်ကူးမှု ၄၄ ရာခိုင်နှုန်းရှိသည်ဟုလည်းသိရသည်။ ပြည်တွင်းလူကုန်ကူးမှုတွင် အဓမ္မပြည့်တန်ဆာစေခိုင်းခံရမှုနှင့် အဓမ္မခိုင်းစေမှု၊ ပြည်ပလူကုန်ကူးမှုတွင် အဓမ္မလက်ထပ်ထိမ်းမြားမှု၊ အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မခိုင်းစေမှု၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေမှု၊ အဓမ္မမွေးစားမှု၊ ကလေးရောင်းစားမှုနှင့် အဓမ္မတောင်းရမ်းစေခိုင်းမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။
လူကုန်ကူးသူများသည် လူသုံးများသည့် အင်တာနက်လူမှုကွန်ရက်များဖြစ်သည့် Facebook၊ TikTok၊ Telegram၊ Wechat စသည်တို့မှတစ်ဆင့် မက်လုံးပေးဆွဲဆောင်စည်းရုံးလာကြရာ နည်းပညာအသုံးပြု၍ လူစုဆောင်းမှုများ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။ လူကုန်ကူးမှုပြဿနာသည်လည်း ဆင်းရဲမွဲတေမှု၊ ပညာရေးနိမ့်ကျမှု၊ ဗဟုသုတနည်းပါးမှုတို့ကြောင့် သားကောင်ဘဝကျရောက်ခဲ့ကြရသည့် အခြေအနေမျိုးကိုကျော်လွန်ကာ ပညာတတ်ဘွဲ့ရများပင် ပါဝင်လာနေကြသည်ဟုလည်း သိရသည်။ အွန်လိုင်းမှတစ်ဆင့် လိမ်လည်ဖြားယောင်းမှုများနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိနိုင်ရန် အသိပညာပေးမှုများကို သက်ဆိုင်ရာက တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ အလေးဂရုပြုကြရန်လိုသည်။
မိမိတို့နိုင်ငံတွင် လူကုန်ကူးခံရနိုင်သည့် အန္တရာယ်အများဆုံးသော လူမှုအသိုင်းအဝိုင်းများမှာ အခြေခံလူတန်းစားများ၊ အလုပ်အကိုင်အတည်တကျမရှိသူများ၊ ဆယ်ကျော်သက်အမျိုးသား၊ အမျိုးသမီးလူငယ်များ၊ အိမ်ခြေရာမဲ့များဖြစ်ရာ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အသိပညာပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်မှုပေးခြင်းတို့ကို မျက်ခြည်မပြတ်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်သည်။ မိမိတို့နိုင်ငံသည် ကမ္ဘာပေါ်တွင် လူကုန်ကူးမှုဖြစ်ပွားနှုန်းများပြားသည့်ဒေသအဖြစ် သတ်မှတ်ခံရသော မဲခေါင်ခြောက်နိုင်ငံတွင် ပါဝင်နေသည်။ မဲခေါင်ဒေသတွင်းဖြစ်ပွားသည့် လူကုန်ကူးမှုများမှာ လိင်မှုဆိုင်ရာခေါင်းပုံဖြတ်ခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့စေခိုင်းခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မထိမ်းမြားခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းရောင်းဝယ်ခြင်း၊ အဓမ္မကိုယ်ဝန်ဆောင်စေခြင်း၊ ကျွန်ကဲ့သို့ခိုင်းစေခြင်း၊ ကလေးများကို လူကုန်ကူးခြင်း၊ အဓမ္မမွေးစားခြင်း၊ ငါးဖမ်းလုပ်ငန်းများတွင် အဓမ္မခိုင်းစေခြင်း၊ အဓမ္မတောင်းရမ်းစေခြင်းတို့ ဖြစ်ကြသည်ဟု သိရသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်ကတည်းကပင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိကာလတွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅) နှစ် စီမံကိန်း(၂၀၂၂-၂၀၂၆) ပါ နှစ်အလိုက် လုပ်ငန်းစီမံချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ လူကုန်ကူးမှုသည် လူလူချင်းခေါင်းပုံဖြတ်အမြတ်ထုတ်သော လူမဆန်သည့်ရာဇဝတ်မှုဖြစ်သည်။ မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း လူကုန်ကူးမှုများကင်းရှင်းသည်အထိ တိုက်ဖျက်ကြရာတွင် လူလူချင်း နည်းမျိုးစုံဖြင့်ခေါင်းပုံဖြတ်မှုများကို အဆုံးသတ်ဖယ်ရှား ရှင်းလင်းကြရပါမည့် အကြောင်း။ ။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၂ ဦးအားယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့
09/11/2025
နေပြည်တော် စက်တင်ဘာ ၁၀
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-မဲ့ထော်သလေး (KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တောင်အာဖရိကနိုင်ငံသားခြောက်ဦး၊ တရုတ်နိုင်ငံသားလေးဦးနှင့် ကင်ညာနိုင်ငံသားနှစ်ဦး၊ စုစုပေါင်း ၁၂ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေးဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များကလိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီးဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်မှာကြားသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ စက်တင်ဘာလ ၁၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၉၃၈၅ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၂၆၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၆ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နန်းယွန်းမြို့၌ ဝါး၊ ကြိမ်များဖြင့် တစ်ပိုင်တစ်နိုင် လက်မှုလုပ်ငန်းများဆောင်ရွက်
09/11/2025
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၌ တောင်သူကြီးများက မိသားစုဝင်ငွေရရှိရေးအတွက် ဒေသထွက်ကုန်ကြမ်းများဖြစ်သော ဝါး၊ ကြိမ်များ ခုတ်ယူပြီး ခွဲခြမ်း စိတ်ဖြာ၍ ကုန်ချောအဖြစ် ဖျာ၊ ပလိုင်း၊ ခြင်းတောင်းအမျိုးမျိုး ရက်လုပ်၍ရောင်းချရာ မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် ရိုးရာအသုံးအဆောင်ပစ္စည်းများဖြစ်သည့် ဖျာအကြီးအသေး၊ ပလိုင်း အကျဲအစိပ်၊ တောင်းအကြီးအသေး၊ ဆန်ကောအကြီး၊ အလတ်၊ ခြင်းတောင်းအမျိုးမျိုးစသည့် ရိုးရာ အသုံးအဆောင်ပစ္စည်းများကို တောင်သူကြီးများက နှစ်စဉ်ရက်လုပ်လျက်ရှိကြောင်းသိရပြီး နှစ်စဉ် ရက်လုပ်သူ ဒေသခံတောင်သူကြီးတစ်ဦးက “ဖျာတစ်ချပ်ရရှိဖို့အတွက် ဝါးတော၊ ကြိမ်တောရှိရာသို့ ညအိပ်၍ သွားခုတ်ရပြီး ကုန်ကြမ်းကို ကုန်ချောအဖြစ် ခွဲခြမ်းစိတ်ဖြာရပါတယ်။ ကျွန်တော်တို့ တောင်သူတွေ မရှိမဖြစ်လိုအပ်တဲ့ မိသားစုအသုံးအဆောင် ဖြစ်ပါတယ်။ ဩဂုတ်လဆန်းပိုင်းမှစ၍ မိုးစပါး (တောင်ယာ)များ၊ ကောက်ပဲသီးနှံမျိုးစုံ မှည့်ချိန်တန်ပြီး ရိတ်သိမ်းချိန်ရောက်ရှိ၍ ဖျာ၊ ပလိုင်း၊ တောင်းအမျိုးမျိုး လိုအပ်လာပါတယ်။ ယခုနှစ်တော့ ယခင် နှစ်ထက် တိုးမြှင့်ရောင်းချနိုင်မှာ ဖြစ်ပါ တယ်” ဟု ပြောသည်။
အဆိုပါ ကျွမ်းကျင်တောင်သူကြီးများက ရာသီအလိုက် ရိုးရာအသုံးအဆောင် ပစ္စည်းများကို နှစ်စဉ်ရက်လုပ်ပြီး အမျိုးအစား၊ အရွယ်အစားပေါ်မူတည်၍ ရောင်းဝယ်ခြင်း၊ ဒေသခံပြည်သူများ အလွယ်တကူ ဝယ်ယူနိုင်ခြင်းတို့အတွက် မြို့နယ်အတွင်း အကျိုးပြုခြင်းနှင့် ကျွမ်းကျင်ရက်လုပ်သူများ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

နိုင်ငံတကာစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး တက်ရောက်
09/11/2025
International Resilience Summit 2025 ခေါင်းစဉ်ဖြင့် နိုင်ငံတကာစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ဘန်ဂလိုးမြို့ရှိ ရှန်ဂရီလာ ဟိုတယ်၌ကျင်းပပြုလုပ်ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးက ဧည့်သည်တော် အကြီးအကဲအဖြစ် ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားကို အိန္ဒိယစီးပွားရေးနှင့် ကုန်သွယ်မှုအဖွဲ့ (India Economic Trade Organization – IETO) ကဦးစီးကျင်းပခြင်းဖြစ်ပြီး အသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ စီးပွားရေး ဆိုင်ရာ ကဏ္ဍအလိုက်ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက် ကြပြီး သံအမတ်ကြီးက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား လက်ရှိကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေမှုအခြေအနေများ၊ အခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

အာရှအမျိုးသမီးချန်ပီယံလိဂ် မြန်မာအိမ်ရှင်အဖြစ် ကျင်းပမည်
09/11/2025
အာရှအမျိုးသမီးချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် မြန်မာကလပ် အားကစားနှင့် ကာယ သိပ္ပံအသင်း ပါဝင်ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးအဆင့် အုပ်စုသုံးခုပြိုင်ပွဲအတွက် (၄)သင်း (၃)အုပ်စုခွဲကာ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်များ အဖြစ် မြန်မာ၊ တရုတ်နှင့် ဗီယက်နမ်ကလပ်တို့က လက်ခံကျင်းပခွင့် ရရှိထားကြသည်။
ယှဉ်ပြိုင်မည့် ကလပ်အသင်းများ၏ အုပ်စုမဲခွဲပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့တွင် ပြုလုပ်ကာ နောက်ဆုံးအဆင့် အုပ်စုပွဲများကို နိုဝင်ဘာလတွင် ကျင်းပမည် ဖြစ်သည်။
နောက်ဆုံးအဆင့်တွင် အသင်း (၁၂)သင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိထားပြီး တိုက်ရိုက်ကစားခွင့်ရ (၈) သင်းနှင့် ခြေစစ်ပွဲအောင်သည့် (၄) သင်း ပါဝင်မည်ဖြစ်သည်။
မြန်မာကလပ် အားကစားနှင် ကာယသိပ္ပံအသင်းအနေဖြင့် အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲ၊ အုပ်စု(A)တွင် ပါဝင်ကစားခဲ့ရပြီး အုပ်စုပွဲစဉ်များတွင် ဂူအမ်ကလပ် Strykers အသင်းကို (၉) ဂိုးပြတ်၊ မွန်ဂိုလီးယားကလပ် Khovd Westem အသင်းကို (၈) ဂိုးပြတ်၊ ဖိလစ်ပိုင်ကလပ် လာဂူနာအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရပြီး ရမှတ်(၉)မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအမျိုးသမီးကလပ်အသင်းသည် ခြေစစ်ပွဲတွင် အုပ်စုပွဲများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပ ခွင့်ရရှိ ခဲ့သည့်အပြင် နောက်ဆုံးအဆင့် အုပ်စုပွဲများကိုလည်း အိမ်ရှင်အဖြစ် ထပ်မံကျင်းပခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။