
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ PJSC “Sberbank of Russia” ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ
09/09/2025
နေပြည်တော် စက်တင်ဘာ ၈
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ PJSC “Sberbank of Russia” ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ Mr. Ivan NOSOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်ပေးချေမှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနည်းလမ်းများ၊ အဓိကအားဖြင့် အထူးအိန္ဒိယရူပီးငွေစာရင်းဆိုင်ရာ ငွေပေးချေမှုစနစ် (Special Rupee Vostro Account-SRVA Mechanism)မှတစ်ဆင့် ငွေပေးချေမှုများ ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ မုံခွန်းဝိစစ်စတန် အား လက်ခံတွေ့ဆုံ
09/09/2025
နေပြည်တော် စက်တင်ဘာ ၈
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာမုံခွန်းဝိစစ်စတန်အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ် ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နှစ်နိုင်ငံအပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး အထူးသဖြင့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အပါအဝင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ချောမွေ့စေ ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ
09/09/2025
နေပြည်တော် စက်တင်ဘာ ၈
၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ပညာရှင်အဖွဲ့များမှ ပညာရှင် ဆရာကြီး ဆရာမကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “လူတိုင်းအတွက်ပညာရေး” သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ နာယက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ယနေ့သည် ကုလသမဂ္ဂလက်အောက်ခံ ယူနက်စကိုအဖွဲ့ကြီးက ကြီးမှူး၍ အီရန်နိုင်ငံ တီဟီရန်မြို့၌ ၁၉၆၅ ခုနှစ် စက်တင်ဘာ ၈ ရက်မှ ၁၉ ရက် အထိ ၁၂ ရက်ကြာ ကျင်းပခဲ့သော ကမ္ဘာ့နိုင်ငံပေါင်း ၈၉ နိုင်ငံမှ ပညာရေးဝန်ကြီးများ တက်ရောက်ခဲ့သည့် ကမ္ဘာ့စာတတ်မြောက်ရေး ကွန်ဂရက်မှတစ်ဆင့် သဘောတူ ဆုံးဖြတ်ချက်ဖြစ်သည့် စက်တင်ဘာ ၈ ရက်ကို နိုင်ငံတကာစာတတ် မြောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံတကာစာတတ်မြောက် ရေးနေ့အခမ်းအနားများ စတင်ကျင်းပကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အဆိုပါနေ့ရောက်တိုင်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလာခဲ့ပါကြောင်း။
ယခုနှစ် UNESCO အဖွဲ့က ထုတ်ပြန်သည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ concept note တွင် ဒစ်ဂျစ်တယ်စနစ်၏ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုနှစ်မျိုးလုံးကို အကျယ်တဝင့်ဖော်ပြထားပြီး ယခုနှစ်အတွက်ထုတ်ပြန်ထားသည့် “Promoting literacy in the digital era” “ဒစ်ဂျစ်တယ်ခေတ်ကို လိုက်မီဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဟူသော ဆောင်ပုဒ်ပါအတိုင်း မြန်မာနိုင်ငံအတွင်း ကျောင်းပြင်ပ ပညာရေးကဏ္ဍများဖြစ်သည့် စာတတ်မြောက်ရေး၊ စဉ်ဆက်ပညာရေးနှင့် တန်းညှိပညာရေးဖြစ်သည့် (ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေးအစီအစဉ်)များကို နှစ်အလိုက်ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားမှသာ နိုင်ငံအတွင်းရှိ စာမတတ်သူဦးရေကို လျှော့ချပေးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားထားသည့် “ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက်” နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနအပါအဝင် ဆက်စပ် ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမှသာ နိုင်ငံအတွင်း စာမတတ်သူဦးရေ လျှော့ချနိုင်ခြင်း၊ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းနေအရွယ်လွန် ကျောင်းပြင်ပသို့ ရောက်ရှိနေသည့် ကလေးဦးရေကို ပါ လျှော့ချသွားနိုင်မည်ဖြစ်သဖြင့် မိသားစု၊ ရပ်ရွာဒေသများ ဖွံ့ဖြိုးလာပြီး ထိုမှတစ်ဆင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုထက် ပိုမိုလုပ်ဆောင်လာနိုင်မည်ဖြစ်သလို ဖွံ့ဖြိုးမှုအညွှန်းကိန်းများ တိုးတက်လာမည်ဖြစ်သဖြင့် ယခုထက်ပိုမိုဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများ နှင့် ကျောင်းပြင်ပ ပညာရေးကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများ VIDEO CLIP ကို ပြသပြီး အမှတ် (၆) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများက “စာတတ်မြောက်ရေးဝိုင်းကူပေး” သီချင်းဖြင့် သီဆိုဂုဏ်ပြုဖျော်ဖြေကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အခမ်းအနားတွင် သီဆိုဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပြီး ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက် ရေးနေ့အခမ်းအနား ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံစစ်သံမှူး Senior Colonel Qu Zhe လာရောက်ဂါရဝပြုတွေ့ဆုံ
09/09/2025
နေပြည်တော် စက်တင်ဘာ ၈
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံစစ်သံမှူး Senior Colonel Qu Zhe သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အမြင်ချင်းဖလှယ် ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲကျင်းပ
09/09/2025
နေပြည်တော် စက်တင်ဘာ ၈
မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ နည်းပညာအထောက် အကူပြု နည်းပြဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးအဆောက်အအုံသစ်၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံဝန်ထမ်းများအတွက် မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းနှင့် ဆင့်ပွားသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ သိရှိနားလည်နိုင်စေရန်အတွက်လည်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စုအထိကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း။
ယခုသင်တန်းတွင် ရွေးကောက်ပွဲ၌ အသုံးပြုမည့်မဲပေးစက်များတွင် Battery တပ်ဆင်ခြင်း၊ ကိုယ်စားလှယ်လောင်း၊ ပါတီအမည်၊ ပါတီအမှတ်တံဆိပ်ပါ စာရွက်များ ကပ်နှိပ်ခြင်းနှင့် မဲရုံများသို့ စက်များပို့ဆောင်ခြင်း စသည့်လုပ်ငန်းများကို အဆင့်လိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးသူများအနေဖြင့် မြို့နယ်အလိုက် မဲပေးစက်ကို ကြိုတင်ဆောင်ရွက်ရမည့် အဖွဲ့များကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးရမည် ဖြစ်သည့်အတွက် အလေးထားမှတ်သားလေ့ကျင့်ကြရန်လိုကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လွတ်လပ်၍တရားမျှတသော ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ရာတွင် နည်းပညာအထောက်အကူပြုအဖွဲ့များအနေဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါ နည်းပြဆရာဖြစ်သင်တန်းကို စက်တင်ဘာ ၈ ရက်မှ ၉ ရက်အထိ ဖွင့်လှစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၅ ဦး တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်