photo

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့ပြီး နှစ်နိုင်ငံနှင့် နိုင်ငံတကာမှ ခေါင်းဆောင်များအား တွေ့ဆုံ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ပြည်သူလူထုများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်

09/07/2025

နေပြည်တော် စက်တင်ဘာ ၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားမှုအရ တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားများသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့ရှိ Chengdu Shuangliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်မောင်ဆွေ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်၊ စီချွမ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ ချုံချင့်မြို့မှ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ဝါဝါမောင်၊ ဦးမင်းနောင်၊ ဦးချစ်ဆွေ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွား ပြည်သူများ၊ တရုတ်ရိုးရာနဂါးနှင့် ခြင်္သေ့အကအဖွဲ့၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် အကအဖွဲ့များ၊ ဘာသာပေါင်းစုံအသင်းအဖွဲ့များ၊ အနုပညာရှင်များနှင့် ဒေသခံပြည်သူများက တပ်မတော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့ပြင် “တရုတ် - မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ”၊ “အမျိုး၊ ဘာသာ၊ သာသနာအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ” ၊ “ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ”၊ “တရုတ် - မြန်မာ ချစ်ကြည်ရေးခိုင်မြဲပါစေ”၊ “တရုတ်- မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ” စသည့် ကြွေးကြော်သံများကို ကြွေးကြော်၍လည်းကောင်း၊ “မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍအလိုက် အောင်မြင်ပါစေ”၊ “နိုင်ငံ့အရေးအတွက် ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှိုက်လှဲစွာ ကြိုဆိုပါ၏”၊ “မြန်မာ - တရုတ် အေးအတူ ပူအမျှဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်မှု အောင်မြင်ပါစေ” စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်၍လည်းကောင်း၊ တရုတ် - မြန်မာ နှစ်နိုင်ငံအလံငယ်များ ဝှေ့ယမ်း၍လည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြု နှုတ်ဆက်ခဲ့ကြသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာကြသည့် မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ပြီး မေးမြန်းဖြေကြားမှုအပြည့်အစုံမှာ-

ကျွန်တော်ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ကနေစပြီးတော့ တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ ပြုလုပ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအပေါင်းအစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တက်ခဲ့ပါတယ်။ ဒီမှာလည်း အစည်းအဝေးအဖွဲ့ဝင်နိုင်ငံတွေ၊ လေ့လာသူနိုင်ငံ၊ ဆွေးနွေးဖက်နိုင်ငံတွေ တက်ကြပါတယ်။ တော်တော်များများ ခေါင်းဆောင်တွေနဲ့ Bilateral တွေ့ဆုံနိုင်ခဲ့တာရှိသလို တွေ့ဆုံဆွေးနွေးပြောကြားမှုတွေလည်း ရှိပါတယ်။ အလားတူစွာပဲ စက်တင်ဘာလ ၃ ရက်နေ့မှာ ပြုလုပ်တဲ့ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။ တော်တော်ကို အောင်မြင်တဲ့၊ ကောင်းမွန်တဲ့ အခမ်းအနားတွေလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခြေအနေအရပ်ရပ်ကို ဒီမှာ ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးခဲ့တာ ရှိတယ်။ ကျွန်တော် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာလည်း နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေနဲ့ မြန်မာနိုင်ငံမှာ လာမယ့်ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအခြေအနေကို ကျွန်တော်ရှင်းပြပါတယ်။ တွေ့ဆုံဆွေးနွေးခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေရော၊ တွေ့ဆုံပြောဆိုနိုင်ခဲ့တဲ့ ခေါင်းဆောင်တွေရောက မြန်မာနိုင်ငံကို ကမ္ဘာမှာ အပြည့်အဝနားလည်ပြီးတော့မှ အားလုံးရပ်တည်ထောက်ခံမှု ပြုခဲ့ကြတယ်။ စောစောကပြောတဲ့ ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲလည်း အားလုံးထောက်ခံတယ်။ သူတို့လည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ အောင်မြင်အောင် သူတို့ဆန္ဒပြုတဲ့အကြောင်းတွေလည်း သူတို့ ပြောပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ရက်က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဟာပင်းမြို့ကို သွားခဲ့ပါတယ်။ အဲ့မှာလည်း စိုက်ပျိုးရေးလုပ်ငန်း၊ အီလက်ထရောနစ်၊ အင်ဂျင်နီယာလုပ်ငန်း ဒါတွေ ကြည့်ခဲ့တာပေါ့လေ။ ထို့အတူပဲ နောက်ဆုံးခရီးစဉ်အဖြစ် စီချွမ်ပြည်နယ် ချန်ဒူးကို ရောက်ပါတယ်။ စီချွမ်ပြည်နယ်မှာလည်း ငလျင်ဒဏ်နဲ့ပတ်သက်ပြီး ကြုံတွေ့ခံစားပြီးတော့မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို တကယ့်ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်တော့ သူတို့ရဲ့အတွေ့အကြုံကို မျှဝေကြည့်ရှုခဲ့တာရှိတယ်။ နောက်စိုက်ပျိုးရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ မေးမြန်းဆွေးနွေးနိုင်ခဲ့တာ ရှိပါတယ်။ အင်မတန်အားရဖို့လည်း ကောင်းပါတယ်။ အလားတူပဲ တီယန်ကျင်းရော၊ ချန်ဒူးမှာရော တရုတ်နိုင်ငံရဲ့ စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွေ ကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတော့ ကျွန်တော်နဲ့ပါလာတဲ့ ဝန်ကြီးတွေကလည်း သူတို့ရဲ့ မေးမြန်းချက်တွေလည်း ဖြေကြားပေးတာတို့ ကျွန်တော်ကိုယ်တိုင်လည်း သူတို့ရဲ့ သိလိုတဲ့အချက် အလက်တွေပေါ့ သူတို့ မေးတဲ့အပြင်ကို ကျွန်တော်ကလည်း သိသင့်တဲ့ အချက်အလက်တွေကို လည်း ဖြေပေးနိုင်ခဲ့ပါတယ်။ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်တွေကတော့ တော်တော်ကို တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ပြောချင်တယ်။ နောက်တစ်ခုကလည်း တရုတ်နိုင်ငံကတော့ အလုံးစုံ AI ကို အတော်လေး ဦးစားပေးလာတာ တွေ့ပါတယ်။ Green Zone ၊ Green Revolution လို့ပြောမလား အစိမ်းရောင်နဲ့ပတ်သက်တဲ့ဟာကိုတော့ သူတို့ တော်တော်ဦးစားပေးတာကို တွေ့တယ်။ ကျွန်တော်တို့ တော်တော်အတုယူဖို့ ကောင်းပါတယ်။ ကျွန်တော်တို့လည်း မြန်မာနိုင်ငံမှာလည်း “ နိုင်ငံတော်သာယာဖို့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ လုပ်နေတာရှိပါ တယ်။ ကျွန်တော့်ရဲ့ မူဝါဒပါပဲ။ ကျွန်တော်တို့က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ နိုင်ငံတော်ကို လှုပ်ရှားရမှာ ဖြစ်ပါတယ်။ အလားတူစွာပဲ အစည်းအဝေး ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ လိုတယ်ဆိုတဲ့ အခါကျတော့ ကျွန်တော်တို့လည်း ကုန်ထုတ်လုပ်မှုတွေ လုပ်မှရမယ်။ သူတို့ဆီကနေ ကုန်ပစ္စည်းတွေ သွင်းရုံနဲ့မရဘူး။ ကျွန်တော်တို့ ပစ္စည်းတွေလည်း ပို့ဖို့လည်းလိုတယ်။ ကုန်ထုတ်လုပ်မှုတွေ ကျွန်တော်တို့ လုပ်ရမယ်။ ဒါကြောင့် “နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုတဲ့ ဆောင်ပုဒ်လေး ကျွန်တော်နဲ့ ဆောင်ရွက်နေတာ ရှိပါတယ်။ တိုင်းပြည်အတွက် အလုပ်လုပ်ဖို့ လိုတယ်။ အလုပ်မလုပ်ဘဲနဲ့တော့ မရဘူး။ နောက်တစ်ခါ နည်းပညာလည်း တော်တော်မြင့်မားတာ တွေ့ပါတယ်။ ကျွန်တော်ရောက်ခဲ့တဲ့ ခရီးစဉ် အကြိမ်ကြိမ်ရှိပါပြီ။ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေက အံ့မခန်းဖွယ်ရာဖြစ်အောင် ရှိပါတယ်။ တကယ်ကို တကယ်လက်တွေ့ကျကျ သုံးသပ်ကြည့်မယ်ဆိုရင် ဒီအတိုင်းပဲ တွေ့ပါတယ်။ ကျွန်တော်တို့က သူတို့ကို အမီလိုက်နိုင်ဖို့ တော်တော်ကိုလိုပါတယ်။ တိုးတက်ဖို့ဆိုရင်လည်း အတတ်ပညာ၊ အသိပညာတွေ တော်တော်လိုပါတယ်။ အတတ်ပညာ၊ အသိပညာရဖို့အတွက်ဆိုရင် ပညာရေးကလည်း အခြေခံတွေ ကောင်းမှရမယ်။

ဒါကြောင့် အခြေခံဖြစ်တဲ့ ပညာရေးကောင်းအောင်လည်း ကြိုးစားဖို့လိုပါတယ်။ ပညာတတ်တွေ ပေါကြွယ်ဝပြီဆိုမှ အတတ်ပညာတွေ ပိုကောင်းလာပြီးတော့ သူတို့နဲ့ယှဉ်ပြီး လုပ်နိုင်မယ်။ သူတို့ ကျွန်တော့်ကိုမေးတဲ့ မေးခွန်းတစ်ခုရှိတယ်။ သူတို့ တကယ်လို့ မြန်မာနိုင်ငံမှာ လာရောက်အလုပ်လုပ်ပြီဆိုရင် မြန်မာနိုင်ငံက လူသားအရင်းအမြစ်တွေကို ရနိုင်မလားဆိုတဲ့ဟာတွေ၊ သတ်မှတ်ထားတဲ့အတိုင်း တာဝန်ပေးရမှာလားဆိုတဲ့ မေးခွန်းတွေ မေးလာတယ်။ ကျွန်တော်တို့ ဥပဒေက လုပ်ကိုလုပ်ရမယ်။ ဒီလို လုပ်နိုင်ဖို့ဆိုရင်လည်း သူတို့နဲ့ လက်တွဲပြီးတော့မှ ယှဉ်တွဲပြီး လုပ်နိုင်မယ့် လူသားအရင်းအမြစ်တွေလိုတယ်။ အဲဒီလူသားအရင်းအမြစ်တွေ မလုပ်နိုင်ဘဲနဲ့ ကျွန်တော်တို့ ဘယ်လိုလက်တွဲလုပ်လို့ရမလဲ။ ဒါကြောင့် ကျွန်တော်တို့ တိုင်းပြည်ကို ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ ကြိုးစားအားထုတ်ဖို့ လိုတယ်ဆိုတာ ပြောချင်ပါတယ်။ ဒီလို လုပ်နိုင်ဖို့ဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ လိုတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ အတွက်ဆိုရင် တကယ်ကို အသိရှိရှိနဲ့ လုပ်မှရမှာ။ ကျွန်တော်တို့ ရပ်တည်ချက်လည်း ဘယ်လိုမှ မပြောင်းလဲပါဘူး။ ကျွန်တော် ရအောင် လုပ်သွားမှာ ဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာရွေးကောက်ပွဲပြီးလို့ရှိရင် နောက်ထပ်ဖြစ်ပေါ်လာမယ့် ပြည်သူက ရွေးချယ်တဲ့ လမ်းကြောင်းအတိုင်းပဲ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ ရှေ့ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်သွားမှာ ဖြစ်ပါတယ်။ အဲဒီမှာမှ ကျွန်တော်တို့က ဒါကိုပဲ အငြင်းပွားပြီးတော့မှ လုပ်နေမယ်ဆိုရင် ကဏ္ဋကောစ လုပ်နေမယ်ဆိုရင်တော့ တိုးတက်မှု အသီးအပွင့်တွေဟာ အပြည့်အဝခံစားရမှာတော့ မဟုတ်ဘူး။ ဒါ့ကြောင့် တည်ငြိမ်အေးချမ်းဖို့အတွက်လည်း လိုပါတယ်။ တည်ငြိမ်အေးချမ်းဖို့ဆိုရင် နိုင်ငံ ရေးအသိရှိရှိနဲ့ လုပ်ဖို့လည်းလိုပါမယ်။ နံပါတ်တစ်အချက် တည်ငြိမ်အေးချမ်းအောင် ကြိုးစားရမယ်။ အတန်းပညာရှိအောင် ကြိုးစားရမယ်။ ပြီးလို့ရှိရင် ပညာရေးနဲ့ပတ်သက်ပြီး ရအောင်မြှင့်တင်ပေးရမယ်။ ကျွန်တော်တို့ အလုပ်လုပ်ဖို့ လိုတယ်။ ဒါတွေ လုပ်နိုင်မှသာ ကျွန်တော်တို့ အခုသွားတဲ့ ဒီခရီးစဉ်အတွင်းမှာ ရရှိခဲ့တဲ့ ရလဒ်တွေကို ကျွန်တော်တို့က ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်ဗျ။

သတင်းစဉ်

07.09.2025
MDD

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေး နှောင့်ယှက်ဖျက်ဆီးမှုမှန်သမျှ တိုက်ဖျက်

09/07/2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်သည်။ ပြည်သူလူထု၏ဆန္ဒကို ထင်ဟပ်ဖော်ပြသော ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေချိန်တွင် ရွေးကောက်ပွဲ အောင်မြင်မှုမရှိစေရေး ပြည်တွင်း၊ ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာမည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက နည်းလမ်းမျိုးစုံဖြင့် အဖျက်လုပ်ရပ်များ လုပ်ဆောင်လာနိုင်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက်နေပြီဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အဆင့်လိုက် ကျင်းပပြုလုပ်ပေးမည်ဖြစ်ပြီး လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်များကိုလည်း သတ်မှတ်ကြေညာပေးခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးပြီး ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးအပ်နိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေး၊ လုံခြုံမှုအပြည့်အဝရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး လမ်းညွှန်မှာကြားထားသည်။

မြန်မာနိုင်ငံတွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲသမိုင်း၌ ရွေးကောက်ပွဲကို ထိခိုက်ပျက်စီးစေရန်နှင့် အနှောင့်အယှက်ဖြစ်စေရန် လုပ်ဆောင်မှုများ အနည်းနှင့် အများဆိုသလို ရှိခဲ့သည်။ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ပထဝီနိုင်ငံရေးနှင့် ပြည်တွင်းနိုင်ငံရေးအခြေအနေများအရ ပြည်တွင်း၊ ပြည်ပမှ ရွေးကောက်ပွဲအပေါ် နှောင့်ယှက်ဖျက်ဆီးတိုက်ခိုက်မှုများရှိလာမည်မှာ သေချာသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ၂၀၂၅ ခုနှစ် ဇူလိုင် လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီကိုလည်း ဖွဲ့စည်းပေးခဲ့သည်။

ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီသည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များပျက်ပြားစေရန် ကျူးလွန်သူတို့ကို ဖော်ထုတ်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ဦးစွာ အွန်လိုင်းမီဒီယာများပေါ်၌ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နှောင့်ယှက်ရေးသားဖြန့်ဝေသူတို့ကို စိစစ်ဖော်ထုတ်ခဲ့ရာ စက်တင်ဘာလ ၂ ရက်နေ့အထိ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ အရေးယူဆောင်ရွက်မှု သုံးမှုရှိခဲ့သည်။ ဆက်လက်၍ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအနေဖြင့် ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများအား အွန်လိုင်းမီဒီယာများအသုံးပြု၍ ကျူးလွန်နေသူများကို စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် တပ်မတော်၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းလက်တွဲကာ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကို ထိပါးစေနိုင်သည့် ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်မှုများကို စောင့်ကြည့်သတင်းရယူခြင်း၊ တုံ့ပြန်အရေးယူခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ရွေးကောက်ပွဲကာလအတွင်း၌ မဲဆန္ဒရှင်ကိုဖြစ်စေ၊ မဲရုံတာဝန်ရှိသူကိုဖြစ်စေ၊ ပါတီနှင့်ကိုယ်စားလှယ်များကိုဖြစ်စေ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်ကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာဖြင့်ရေးသားဖြန့်ဝေခြင်းနှင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ထိခိုက်စေရန် ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ မိမိအလိုအလျောက်နာကျင်စေခြင်း၊ မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်းစသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုလုပ်မိစေရန်လိုမည်ဖြစ်သည်။ ထို့ပြင် ဆန္ဒမဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို မည်သည့်နည်းဖြင့်မဆို ဖျက်ဆီးခြင်း၊ ပျက်စီးအောင် ပြုလုပ်ခြင်းတို့ မပြုလုပ်မိရန်လိုမည်ဖြစ်သည်။ ပြုလုပ်မိပါက ထောင်ဒဏ်၊ ငွေဒဏ် ပြစ်ဒဏ်များ ချမှတ်ခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်သော အွန်လိုင်းမီဒီယာအသုံးပြု၍ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများနှင့် နှောင့်ယှက်ဖျက်ဆီး ထိခိုက်မှုစသည့် ကျူးလွန်သူများအားလုံးအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့််တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ ထိရောက်စွာအရေးယူခံရမည်ကို သတိချပ်ကြရမည်ဖြစ်ပါကြောင်း။ ။

07.09.2025
MDD

စစ်မှုထမ်းခြင်းဆိုင်ရာကိစ္စရပ်များကို ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်

09/06/2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းခြင်းနှင့် နိုင်ငံသားများ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ခြင်းတို့ကို ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ သို့သော် ကလေးသူငယ်များနှင့်ပတ်သက်၍ ပြည်ပမှ ဖိအားအမျိုးမျိုးပေးလျက်ရှိသလို ပြည်သူ့စစ်မှုထမ်းခြင်းနှင့်ပတ်သက်၍လည်း ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်လှုံ့ဆော်သူများက အမျိုးမျိုးသွေးထိုးလှုံ့ဆော်လျက်ရှိသည်။

ပြည်သူ့စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စုံစမ်းမေးမြန်းနိုင်သည့်ဌာနများ၊ မသမာမှုများနှင့်ပတ်သက်ပြီး တိကျစွာ ဆက်သွယ်သတင်းပေးပို့နိုင်မှုများနှင့် မမှန်သတင်းများပေးပို့ခြင်း၊ တိုင်ကြားခြင်းများရှိပါက ဖော်ထုတ်ပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။ သတင်းပေးတိုင်ကြားမသမာမှုများနှင့်ပတ်သက်၍ အရေးယူခြင်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ လတ်တလောတွင် နိုင်ငံသူအမျိုးသမီးများနှင့်ပတ်သက်၍ လှုံ့ဆော်ခြိမ်းခြောက်မှုများရှိလာသည်။ ယင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေတွင် အမျိုးသမီးများစစ်မှုထမ်းရန် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ရေးအစီအစဉ်မရှိသေးကြောင်း တရားဝင်ပြောကြားထားသည်။

အရွယ်မရောက်သေးသူကလေးသူငယ်များနှင့်ပတ်သက်၍ တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်သည်အဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုမှုမရှိစေရေး၊ တပ်မတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော သံသယဖြစ်ဖွယ်လူငယ်များကို လက်ခံမှုမရှိစေရေးနှင့် အသက်မပြည့်ကြောင်း စိစစ်တွေ့ရှိသည့် စစ်သည်များကို မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးရေးကိစ္စများနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် CTFMR အဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် ၅၉၇ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုပေးခဲ့ပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရနှင့် CTFMR တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ဆိုင်ရာလုပ်ငန်းစီမံချက်ကို လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်မှုအရ ၂၀၁၂ ခုနှစ်မှ ယနေ့အထိ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ပူးပေါင်းပြီး မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ တပ်မတော်အနေဖြင့် တပ်သားသစ်စုဆောင်းရေးကဏ္ဍတွင် ကော်မတီနှင့် CTFMR တို့ သဘောတူ ပြဋ္ဌာန်းချက်နှင့်အညီ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း အလေးထားစုဆောင်းလျက်ရှိသည်။

၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများကိုလည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အဆိုပါနည်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် အသက် ၁၈ နှစ်မပြည့်သူများ မပါရှိစေရေးအတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အသီးသီးက စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ခဲ့သည့်နေ့မှ ယနေ့အချိန်အထိ ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ်(၁)မှ (၉)အထိ ဖွင့်လှစ်ခဲ့သည်။ သင်တန်းအမှတ်စဉ်(၁)မှ (၇)အထိ သင်တန်းများဆင်းခဲ့ပြီး သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များတွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်လျက်ရှိသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

သို့ဖြစ်ရာ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဂုဏ်ယူစွာဖြင့် ထမ်းဆောင်လျက်ရှိကြပြီး နိုင်ငံသားများ၏ အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက်လည်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။ ။

06.09.2025
MDD

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များ

09/06/2025

(က) တပ်မတော်စစ်သားစုဆောင်းရေးတပ်များ၊ တပ်ဌာနချုပ်များ၊ လက်ရုံး/ဝန်ထမ်းတပ်ဖွဲ့များအနေ ဖြင့် တပ်သားသစ်များ စုဆောင်းရေးဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိအောင် ကြပ်မတ်စိစစ်ရန်၊

(ခ) သတ်မှတ်ညွှန်ကြားချက်နှင့်အညီ စုဆောင်းရရှိသော တပ်သားသစ်များအား စစ်အခြေခံလေ့ကျင့် ရေးတပ်များ၏ သင်တန်းရွေးချယ်စိစစ်ရေးဘုတ်အဖွဲ့မှ လာရောက်ရွေးချယ်မှုကို ကြပ်မတ်ရန်၊

(ဂ) မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင် စစ်မှုထမ်းရန် လာရောက်စာရင်းသွင်းသော လူငယ် များထဲမှ သတ်မှတ်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသူများအား လက်ခံစာရင်း သွင်းခြင်းမပြုရန်၊

(ဃ) စနစ်တကျ ရွေးချယ်စိစစ်ပြီးသော တပ်သားသစ်များအား စစ်အခြေခံလေ့ကျင့်ရေးတပ်များ၌ လေ့ကျင့် သင်ကြားနေချိန်တွင်လည်းကောင်း၊ စစ်မှုထမ်းဆောင်နေချိန်တွင်လည်းကောင်း အသက် (၁၈) နှစ် မပြည့်သူများ၊ ဆန္ဒမရှိသူများအား စိစစ်တွေ့ရှိပါက မိဘအုပ်ထိန်းသူထံ ပြန်လည်လွှဲပြောင်း အပ်နှံရေးဆောင်ရွက်ရန်၊

(င) ကော်မတီသည် ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သော UNICEF, UNDP အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီအဖွဲ့များမှ ဌာနေကိုယ်စားလှယ်များနှင့် ပူးပေါင်းပါဝင်ဆောင် ရွက်မှု ပိုမိုကျယ်ပြန့်လာအောင် ဆောင်ရွက်ရန်၊

(စ) ကလေးသူငယ်စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကော်မတီ၏ လုပ်ဆောင်နေမှုများအား Media တွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆောင်ရွက်ရန်၊

(ဆ) ကုလသမဂ္ဂအဖွဲ့အစည်းများမှ သတ်မှတ်ထားသော ကလေးသူငယ်များနှင့် သက်ဆိုင်သည့် စံချိန် စံညွှန်းများအား တပ်မတော်စစ်သား စုဆောင်းရေးတပ်နှင့် စစ်အခြေခံလေ့ကျင့်ရေးတပ်များရှိ တာဝန်ရှိ သူများမှ သိရှိလိုက်နာနိုင်ရေးအတွက် အခါအားလျော်စွာ ကုလသမဂ္ဂအဖွဲ့ အစည်းများဖြင့် ပညာပေး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန်၊

(ဇ) တပ်မတော်အတွင်း သတ်မှတ်ချက်နှင့်မကိုက်ညီသော စစ်မှုထမ်းများမရှိအောင် ဆောင်ရွက်သွားရန်၊

(ဈ) အတင်းအကြပ် ခေါ်ယူစစ်မှုထမ်းဆောင်စေခြင်းမျိုး ပေါ်ပေါက်ပါက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရန်၊

(ည) အရွယ်မရောက်သေးသူ ကလေးသူငယ်များအား အရွယ်မရောက်သေးသည်ကို သိလျက်နှင့် တပ်သားသစ်အဖြစ် လက်ခံခြင်းကိစ္စပေါ်ပေါက်ပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်၊

(ဋ) ကော်မတီ၏ဆောင်ရွက်ချက်များကို အမြဲမပြတ် မှတ်တမ်းတင် သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်ပြီး Policy Development ဖြစ်ရေး ဆောင်ရွက်ရန်၊

(ဌ) ကလေးသူငယ်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက် ထုတ်ပြန်ထားသော နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နေခြင်းတို့အား မျက်ခြည်မပြတ် စောင့်ကြည့် ၍ လုပ်ဆောင်ချက်များတွင် ချို့ယွင်းအားနည်းချက်များရှိလာပါက သက်ဆိုင်ရာသို့ အသိပေးပြီး အချိန် မီပြုပြင်သွားစေရန်။

06.09.2025
photo

မိုးယွန်းကြီး ဇွဲဘက်တာ ကြံ့ခိုင်မှု၊ မိုးယွန်းကြီး ရေပိုလွှဲနှင့် မိုးယွန်းကြီးရေထိန်းတံခါးကြံ့ခိုင်မှု ကြည့်ရှုစစ်ဆေး

09/06/2025

နေပြည်တော် စက်တင်ဘာ ၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၃ ရက်က ပဲခူး-စစ်တောင်းတူးမြောင်းသို့ ရေကူပေးရန်တည်ဆောက်ထားသော ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ မိုးယွန်းကြီး ဇွဲဘက်တာကြံ့ခိုင်မှုအခြေအနေ၊ မိုးယွန်းကြီး ရေပိုလွှဲနှင့် မိုးယွန်းကြီး ရေထိန်းတံခါး ကြံ့ခိုင်မှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မိုးယွန်းကြီး ကန်ရေပြည့်သိုလှောင်ထားချိန်တွင် လှိုင်းပုတ်မှုဒဏ်ကြောင့် တာပေါ်မြေသားများ ပဲ့ကျခြင်း၊ တာပြတ်ခြင်းများဖြစ်ပေါ်တတ်သဖြင့် အထူးဂရုပြု၍ ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုကြောင်း၊ ရေကာတုတ်တန်းများကို သေချာပြန်လည်စစ်ဆေး၍ ရေကာတုတ်တန်းအဆင်း ဆင်ခြေလျှောများကို ထပ်မံကာကွယ်ရေးအစီအမံများ ဆောင်ရွက်ထားရန်လိုကြောင်း၊ ကန်ပတ်လည် တစ်လျှောက်ရှိ ရေတံခါးများကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်းကြရန်၊ ရေတံခါးပိတ်ခြင်း/ဖွင့်ခြင်းကို စည်းမျဉ်းစည်းကမ်းများအတိုင်း အချိန်ကိုက်ဖြစ်စေရေး ကြိုတင်စီမံ ဆောင်ရွက်ထားရန်နှင့် ရေလှောင်ကန်ထိန်းသိမ်းရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးဂရုပြုဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး မိုးယွန်းကြီးရေပိုလွှဲနှင့် မိုးယွန်းကြီးရေထိန်း တံခါးကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဝေါမြို့နယ်ရှိ အမှတ်(၅၀) စက်မှုလယ်ယာရှေ့တန်းစခန်းသို့ရောက်ရှိပြီး ဒုတိယဝန်ကြီးက သီးနှံအလိုက် စိုက်ပျိုးချိန်မီထွန်ယက်နိုင်ရေး၊ မြို့နယ်အလိုက် စက်ကိရိယာ လွှမ်းခြုံမှုရှိသော်လည်း ကျေးရွာအလိုက် လအလိုက် လွှမ်းခြုံမှုအခြေအနေများကို အသေးစိတ်တွက်ချက်ထားကြရန်၊ တောင်သူပိုင်လယ်ယာသုံး စက်ကိရိယာများ စာရင်းကောက်ယူရာတွင်လည်း ကျေးရွာအရောက်ကွင်းဆင်းပြီး စာရင်းမှန်ကန်စွာ ကောက်ယူနိုင်ရေးနှင့် မြို့နယ်အတွင်း လယ်ယာသုံးစက်ကိရိယာ ပိုင်ဆိုင်သူများ အသင်းဖွဲ့စည်း၍ ရာသီအလိုက် အချိန်ကိုက် ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းနိုင်ရေး အကြံပြုဆွေးနွေးမှာကြားသည်။

ထို့နောက် ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ (ပဲခူး)အစည်းဝေးခန်းမ၌ သင်တန်းကျောင်းတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆည်မြောင်းလုပ်ငန်းများကြောင့် အကျိုးပြုဧရိယာရှိ လူမှုစီးပွားအခြေအနေများ ခေါင်းစဉ်ဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မျိုး၊ မြေ၊ ရေ၊ နည်းအတိုင်း သီးနှံမျိုးကွဲအလိုက် ထိရောက်စွာ လိုအပ်သော ရေပမာဏအတိုင်း ပြည့်မီစွာရေပေးဝေနိုင်၍ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးနှင့် သုတေသနလုပ်ငန်းများ ဆက်လက်တိုးချဲ့ဆောင်ရွက်နိုင်ရေးဆွေးနွေးသည်။       

သတင်းစဉ်

06.09.2025