
ကူမင်းမြို့၌ ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသ မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်အခမ်းအနားသို့ တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ထွက်ခွာ
09/05/2025
ရန်ကုန် စက်တင်ဘာ ၄
စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်သို့ တက်ရောက်ကြမည့် ဝန်ကြီးဌာနများမှ ၃၆ ဦးနှင့် ပြင်ပမီဒီယာနှင့်အဖွဲ့အစည်းများမှ ၁၇ ဦး စုစုပေါင်း ၅၃ ဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ China Eastern လေကြောင်းဖြင့် ကူမင်းမြို့သို့ ထွက်ခွာသွားကြသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့တွင်ပါရှိသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ အကအဖွဲ့များက ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့် ဖိုရမ်ဖွင့်ပွဲအခမ်းအနား၊ တောင်ပိုင်းဒေသ ညချမ်းနှင့် ချည် Show ပိုးဖဲအနီးအနားတစ်ဖွဲဖွဲ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားတို့တွင် ဖျော်ဖြေတင်ဆက်ကပြခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များက စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခြင်း၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ မြန်မာလက်မှုပညာထုတ်ကုန်ပစ္စည်းများနှင့် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝနှင့် ခရီးစဉ်ဒေသများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းပြခန်းများကို ဈေးရောင်းပွဲတော်တွင် ပါဝင်ခင်းကျင်းပြသခြင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ကိုယ်စားလှယ်အဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးစီးဝန်ကြီးဌာနခြောက်ခုမှ ကိုယ်စားလှယ်အဖွဲ့များနှင့် ပုဂ္ဂလိကမီဒီယာ၊ ပြင်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ကြသည်။
သတင်းစဉ်

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၅) ကျင်းပ
09/05/2025
နေပြည်တော် စက်တင်ဘာ ၄
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၁/ ၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက လူကုန်ကူးမှု ပြဿနာများကို တိုက်ဖျက်နိုင်ရေးအတွက် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် လုပ်ငန်းကော်မတီလေးရပ်နှင့် အဆင့်ဆင့်သော လူကုန်ကူးမှုတားဆီးကာကွယ် ရေးအဖွဲ့များကို စနစ်တကျဖွဲ့စည်းပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ပြောင်းလဲလာသော လူကုန်ကူးမှု ပုံစံများအရ အိမ်နီးချင်းနိုင်ငံမှ လူငယ်များသည် မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာကြပြီး မြန်မာအမျိုးသမီးများအား ချစ်ကြိုက်၍ လက်ထပ်ခြင်းမဟုတ်ဘဲ လှည့်ဖြားလိုသောသဘောဖြင့် ငွေကြေးပေးကာလက်ထပ်ခြင်း၊ တရားရုံးတွင် ထိမ်းမြားမင်္ဂလာ ကျမ်းကျိန်လွှာပြုလုပ်၍ ၎င်းတို့နိုင်ငံသို့ တရားဝင် ခေါ်ဆောင်နေခြင်းများကို စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင် ဒေသတွင်းနိုင်ငံများမှ နိုင်ငံသားတချို့သည် မြန်မာနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် ရောက်ရှိလာခဲ့ ပြီး ဘာသာစကားသင်တန်း အမည်ခံဖွင့်လှစ်၍ မြန်မာအမျိုး သမီးများကို ၎င်းတို့၏ နိုင်ငံသားများနှင့် ထိမ်းမြားလက်ထပ်စေရန် စည်းရုံးဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်များကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း။
လူကုန်ကူးသူများသည် လိမ်လည်စည်းရုံး သွေးဆောင်ရန်အတွက် အင်တာနက်ကို တွင်ကျယ်စွာအသုံးပြုလျက်ရှိကြောင်း၊ လူမှုကွန်ရက်စာမျက်နှာ များဖြစ်သော Facebook ၊ Tiktok နှင့် Telegram များကို အသုံးပြု၍ စီးပွားရေးကြော်ငြာများမှတစ်ဆင့် လူစုဆောင်းခြင်း၊ အကျိုးအမြတ် လွှဲပြောင်းပေးခြင်းများပြုလုပ်ပြီး မြန်မာအမျိုးသမီးငယ်များအား အတင်းအဓမ္မ ထိမ်းမြားလက်ထပ်ရန်နှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရာတွင် လုပ်ငန်းစဉ်သုံးရပ်ဖြစ်သော သတင်းလက်ဦးမှုရယူခြင်း၊ တားဆီးကာကွယ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ၎င်းလုပ်ငန်းစဉ် သုံးရပ်နှင့်အညီ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
လက်ရှိဖြစ်ပွားလျက်ရှိသော အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဆက်စပ်ဖြစ်ပွားသော လူကုန်ကူးမှု၊ အဓမ္မ စေခိုင်းမှုများအပါအဝင် အတင်း အကျပ်ရာဇဝတ်မှု ကျူးလွန်စေခြင်းတို့ကို တားဆီးနှိမ်နင်းနိုင်ရန်၊ အသိပညာပေးခြင်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် နယ်စပ်ဖြတ်ကျော် တရားမဝင်ဝင်ရောက် မှုမရှိစေရေး တားဆီးထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်နွှယ်ဖြစ်ပွားသော လူကုန်ကူးမှု တိုက်ဖျက်ရေးစီမံချက်ကို Pilot Project အဖြစ် သက်တမ်းကာလ တစ်နှစ်ဖြင့် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Online Scam) လုပ်ငန်းများကို ထိထိ ရောက်ရောက် တားဆီးနှိမ်နင်းလျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် အတင်းအကျပ်ခိုင်းစေခံရသူများကို ကယ်တင်၍ မိခင်နိုင်ငံများ သို့ ပြန်လည်စေလွှတ်ပေးလျက်ရှိကြောင်း၊ အဆိုပါဖြစ်စဉ်များတွင် ဒေသတွင်းမဟုတ်သည့် အခြား နိုင်ငံများမှ နိုင်ငံခြားသားများ လည်းပါဝင်နေကြောင်း တွေ့ရှိရသည့်အတွက် နိုင်ငံပေါင်းစုံ ပူးပေါင်းပါဝင်မှုဖြင့် တိုက်ဖျက်နိုင်ရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းများ အောင်မြင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကြပြီး ဗဟိုအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ခြင်းနှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်များပေးအပ်ခြင်းအခမ်းအနား ကျင်းပ
09/05/2025
မန္တလေး စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ခြင်းနှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်များပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ဘေးသင့်ခဲ့သည့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အလုပ်ဌာန ၇၄၃၀၊ အာမခံ အလုပ်သမား ၁၂၁၁၃၀ အား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀
ရာခိုင်နှုန်း ထုတ်ပေးလျက်ရှိရာ ယနေ့အခမ်းအနားတွင် အာမခံအလုပ်သမား ၄၃၈၆ ဦးအတွက် ငွေကျပ် ၃၄၇ ဒသမ ၄၆၃ သန်းကို ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း စုစုပေါင်း အာမခံအလုပ်သမား ၃၁၆၈၁ ဦးအတွက် ငွေကျပ် ၂၆၂၅ ဒသမ ၅၀၂ သန်းကို Online Payment စနစ်ဖြင့် အာမခံအလုပ်သမားများ၏ လက်ဝယ်အရောက် စနစ်တကျပေးအပ် နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ပညာသင်စရိတ် လျှောက်ထားလာသည့် အလုပ်သမား ၃၉၄၀ ၏ သားသမီး ၅၃၉၆ ဦးအတွက် ပညာသင်စရိတ် စုစုပေါင်း ငွေကျပ် ၂၁၄ ဒသမ ၇၀၇ သန်းကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသော အကျုံးဝင်လျှောက်ထားလာသည့် လျှောက်လွှာများကို စိစစ်လျက်ရှိပြီး ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထောက်ပံ့ငွေပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၃၄၇ ဒသမ ၄၆၃ သန်းနှင့် ပညာသင်စရိတ်အတွက် ငွေကျပ် ၂၁၄ ဒသမ ၇၀၇သန်းကို တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးထံ လွှဲပြောင်းပေးအပ်ပြီး မန္တလေးငလျင်ဒဏ်ကြောင့် လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးခဲ့သူ အာမခံလုပ်သား ၁၀ ဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်များကို ကျန်ရစ်သူမိသားစုများနှင့် တာဝန်ရှိသူများထံ ပေးအပ်သည်။
အခမ်းအနား အပြီးတွင် အောင်မြေသာစံမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (မန္တလေး) အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ အမှာစကားပြောကြားပြီး လုပ်ငန်းလိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက် ကုသမှုခံယူနေသော အာမခံအလုပ် သမားများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်ကြီးတံခွန် မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)၌ တာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး တင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ငလျင်ဘေးသင့်ဒေသ ပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
09/05/2025
မြန်မာနိုင်ငံတွင် မတ် (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ပြည်နယ် (၆)ခုတို့တွင် စက်တင်ဘာလ (၂) ရက်နေ့အထိ သေဆုံးသူ (၃၇၉၇)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၅၁၀၄)ဦးနှင့် ပျောက်ဆုံးသူ (၁၁)ဦး ရှိသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ (၆၅၃)ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ (၈၇၅)ဦးအား ရှာဖွေ ပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်း/ပြည်ပမှ စေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းမှုများအတွက် ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည်။
သတင်းစဉ်