
၂၀၂၅ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ
09/04/2025
နေပြည်တော် စက်တင်ဘာ ၃
၂၀၂၅ ခုနှစ် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ကြည့်ရှုအားပေး
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အမျိုးသားအဖွင့်ပွဲစဉ်ဖြစ်သည့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်အသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) အသင်း၊ အမျိုးသမီးအဖွင့်ပွဲစဉ်ဖြစ်သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။
ကျင်းပသွားမည်
အဆိုပါတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီးအသင်း ကိုးသင်းတို့ဖြင့် စက်တင်ဘာ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံ ကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
09/04/2025
ရန်ကုန် စက်တင်ဘာ ၃
ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် လုပ်ငန်းကော်မတီဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဝဇီရာရုပ်ရှင်ရုံအဆင့်မြှင့်တင်မည့် လုပ်ငန်းများနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
လေလွင့်မှုမရှိရေး ကြပ်မတ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံကြီးအဖြစ် အဆင့်မြှင့်တင်ရေးဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပေးထားသည့် လုပ်ငန်းအလိုက် ဆပ်ကော်မတီများအနေဖြင့် အသေးစိတ်စစ်ဆေးတွက်ချက်ပြီး အမြန်ဆုံးတင်ပြပေးရန်လိုပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ အဆောက်အအုံပြုပြင်ခြင်းအပိုင်း၊ မီး၊ အသံ ပိုင်းဆိုင်ရာ ပြင်ဆင်ခြင်းအပိုင်းများနှင့်ပတ်သက်၍ အမှန်တကယ်အကျိုးရှိထိရောက်မည့် လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ရန်နှင့် လေလွင့်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ဆက်လက်၍ မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
သတင်းစဉ်

မဖြစ်မနေကျင်းပရမည့် ရွေးကောက်ပွဲ အဖျက်အမှောင့်၊ အနှောင့်အယှက်တို့မှ ကာကွယ်
09/04/2025
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန် ၁၁၄ ရက်သာ လိုတော့သည်။ ရွေးကောက်ပွဲကျင်းပမည့်အကြောင်း နိုင်ငံတော်အစိုးရက အတိအလင်းကြေညာချိန်မှစကာ အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားများ၊ ဝရမ်းပြေးပြည်ပြေးအကြမ်းဖက်အုပ်စုများထံမှ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ မပျက်ပျက်အောင် ဖျက်ဆီးရမည့်အကြောင်း စသည်တို့ကို အသံပေးလာကြသည်။
လက်ရှိနိုင်ငံတော်ကို အခြေခံဥပဒေနှင့်အညီ တာဝန်ယူထားရသည့် အစိုးရတည်ရှိနေခြင်းက အကြမ်းဖက်သမားတို့အတွက် အကြောင်းပြစရာရှိနေခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်လိုက်သည့် အစိုးရတစ်ရပ်ဖြစ်ပေါ်လာခြင်းကမူ အကြမ်းဖက်သမားတို့အဖို့ အကြောင်းပြချက်ပျောက်ကွယ်သွားစေမည်ဖြစ်သည့်အပြင် ရှေ့ဆက်လက်၍ ရပ်တည်ရန်ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိနိုင်သည်။ အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားတို့၏ အဆွယ်အပွားများမှာလည်း ခွက်ပျောက်သည့်ဘဝသို့ ရောက်ရှိနိုင်သည်။ သို့ဖြစ်ရာ ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းဖြင့် သက်ဆိုးရှည်ရှည်နေနိုင်အောင် အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများ၊ ပြည်ပြေးအကြမ်းဖက်အုပ်စုများက ကြံစည်အားထုတ်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးအကြိုကာလ နိုင်ငံလွတ်လပ်ရေးအတွက် အရေးကြီးသော ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဆုံးဖြတ်နိုင်ရန် တိုင်းပြုပြည်ပြုလွှတ်တော်ပေါ်ပေါက်လာရေးအတွက် ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်သည့်အခါ ဖျက်လိုဖျက်ဆီးပြုမည့်အသံများ ထွက်ပေါ်လာသည်။ ဖျက်ဆီးမည့်သူများမှာ နိုင်ငံလွတ်လပ်ရေးရသွားပါက တိမ်မြုပ်ပျောက်ကွယ်သွားရမည့်သူများ၊ နယ်ချဲ့လက်အောက်ခံဘဝတွင် လူတွင်ကျယ်ဖြစ်နေသည့် ခေတ်ဟောင်းနိုင်ငံရေး စားဖားကြီးများနှင့် အမတ်လောင်းအရွေးမခံရသဖြင့် မကျေမနပ်ဖြစ်နေကြသူများ ပါဝင်သည်။ သို့ဖြစ်၍ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် မတ်လအတွင်း တိုင်းပြည်သို့ အသံလွှင့်မိန့်ခွန်းတစ်ရပ်ပြောကြားရာတွင် “ရွေးကောက်ပွဲဖျက်မယ်ဆိုတဲ့သူတွေကို အစိုးရက ဒီတိုင်းကြည့်နေမည်မဟုတ်ကြောင်းနှင့် အပြင်းအထန်နှိပ်ကွပ်ရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် အဆိုပါမိန့်ခွန်းကောက်နုတ်ချက်မှာ ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲအကြိုကာလတွင် ဖြစ်ပေါ်နေသည့်အခြေအနေများနှင့်လည်း ကိုက်ညီလျက်ရှိရာ “ရွေးကောက်ပွဲဖျက်မယ်ဆိုတဲ့ လူတွေကို ဒီတိုင်းကြည့်နေမှာမဟုတ်” ဟူ၍ ခေါင်းစဉ်တပ်ပြီး နိုင်ငံပိုင်မီဒီယာများတွင် နေ့စဉ်ဖော်ပြနှိုးဆော်သတိပေးနေခြင်းဖြစ်သည်။ မိမိတို့နိုင်ငံမှာ ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ဒီမိုကရေစီရှေ့ခရီးဆက်နိုင်ရန်မှာ လာမည့်ရွေးကောက်ပွဲက အရေးကြီးသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်မဖြစ်မနေ ကျင်းပမည့်အကြောင်းနှင့် စပ်လျဉ်း၍ ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးများအပါအဝင် နိုင်ငံများစွာတို့မှ နိုင်ငံ့ခေါင်းဆောင်များက အသိအမှတ်ပြုအားပေးထောက်ခံထားကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးအတွင်း၌ပင် ဩဂုတ် ၃၀ ရက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်းကောင်း၊ ဩဂုတ် ၃၁ ရက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှရီနာရန္ဒြာမိုဒီနှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်းကောင်း၊ စက်တင်ဘာ ၁ ရက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းစီစူလစ်နှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်းကောင်း ထောက်ခံအားပေးမှုများရရှိခဲ့ပြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်ပေးသွားမည့်အခြေအနေများကိုပါ ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။
မိမိတို့နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မလွဲမသွေဖြတ်သန်းကြရမည်ဖြစ်သလို မဖြစ်မနေလည်း ကျင်းပရမည်ဖြစ်သည့်အလျောက် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော အနှောင့်အယှက်၊ အဖျက်အဆီးဟူသမျှတို့ကို ဝိုင်းဝန်းကာကွယ်ဟန့်တားနှိမ်နင်းကြရပါမည့်အကြောင်း။ ။

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
09/04/2025
နေပြည်တော် စက်တင်ဘာ ၃
၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဘာသာရပ်ဆိုင်ရာအကဲဖြတ်ပညာရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက အမှာစကားပြောကြားရာတွင် ယခင်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် “(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး" တွင် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် မြန်မာ့အနုပညာသမိုင်းမှတ်တမ်းတွင် အောင်မြင်စွာ ကမ္ပည်းရေးထိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
ယခု ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် “(၂၆) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကိုလည်း ပြိုင်ပွဲကြီး၏ သမိုင်းအစဉ်အလာကောင်းများနှင့်အညီ ဖွင့်ပွဲ၊ ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားများအား တင့်တယ်စွာ စီစဉ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုများကိုလည်း ပြုလုပ်ထားပြီးဖြစ်မည်ဟု ယုံကြည်ပါကြောင်း။
ယနေ့ကာလတွင် မိမိနိုင်ငံ၏ လူသားအရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့် အနာဂတ်နိုင်ငံတော်ကြီးကို ကောင်းမွန်စွာ တည်ဆောက်နိုင်ရေးအတွက် နိုင်ငံ့သားကောင်းများဖြစ်လာစေရေးရည်မျှော်၍ ပြုစုပျိုးထောင်နေကြပြီး နိုင်ငံတော်ကို ဘက်စုံမှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမဆိုင်ရာ ပညာရပ်များကို မြတ်နိုးတန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်းနေကြသည့် ပညာရှင်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ရှိကြသည့် ဝါသနာရှင်မျိုးဆက်သစ်လူငယ်များ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးအနက်ထားပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကိုလည်း နှစ်စဉ်နှစ်တိုင်း စဉ်ဆက်မပြတ် ကျင်းပနေခြင်းဖြစ်ကြောင်း။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများ ကျင်းပရာတွင် ခမ်းခမ်းနားနားဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် အတွေ့အကြုံရင့်ကျက်မှုရှိသည့် အကဲဖြတ်ပညာရှင်ကြီးများအနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်နိုင်သည့်အပြင်၊ ဘက်လိုက်မှုကင်းရှင်းစွာဖြင့် တိုင်းဒေသကြီး/ပြည်နယ်များမှ မျိုးဆက်သစ်လူငယ်များကို ဖော်ထုတ်ပေးနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း။
ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် ပြိုင်ပွဲကြီးများ ခမ်းနားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် အနုသုခုမဆိုင်ရာကဏ္ဍများအပြင် လုံခြုံရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများကိုလည်း ပြည့်စုံစေ့စပ်စွာ ဆောင်ရွက်နိုင်ကြမည်ဟုလည်း ယုံကြည်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ရိုးရာအစဉ်အလာဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှုဆိုင်ရာပညာ အတွေ့အကြုံဗဟုသုတများသည် နိုင်ငံတော်အပေါ် ချစ်မြတ်နိုးစိတ်နှင့် မျိုးချစ်စိတ်တို့ကို ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းတရားများပင်ဖြစ်ကြောင်း။
ထို့ကြောင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ခြင်းသာမက ယဉ်ကျေးသိမ်မွေ့ခြင်း များနှင့်ပါပြည့်စုံသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို ကျင်းပပြုလုပ်ခြင်းသည်လည်း မြန်မာ့အနုပညာကို ဖွံ့ဖြိုးတိုးတက်စေရုံသာမက ထူးခြားပြီးအနက်အဓိပ္ပာယ် ပြည့်ဝလှသည့် မြန်မာ့အနုပညာကို ကမ္ဘာကပင်တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် ကောင်းမွန်သည့် စီစဉ်ဆောင်ရွက်မှုများ၊ ကြိုးပမ်းအားထုတ်မှုများနှင့် ကျင်းပဆောင်ရွက်ကြသည့်အတွက် မြန်မာနိုင်ငံသားတို့၏ အမျိုးသားယဉ်ကျေးမှုလက္ခဏာများကို ထင်ဟပ်ဖော်ပြနေသည့် ပြိုင်ပွဲတစ်ရပ်ဖြစ်စေရန်ကိုလည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် တက်ရောက်လာကြသည့် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ အနေဖြင့် ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြပေးနိုင်ကြရန် အလေးအနက်ထားပြောကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါ်နုမြဇံက (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊ ပြိုင်ပွဲကျင်းပရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အစီအမံများကို အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် လုံခြုံရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် အကဲဖြတ်အမှတ်ပေးကြီးကြပ်ရေးဆပ်ကော်မတီ၊ ပြိုင်ပွဲဝင်စိစစ်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီ၊ ဘဏ္ဏာငွေရှာဖွေရေး၊ ဆုချီးမြှင့်ရေးနှင့် အခမ်းအနားများကျင်းပရေးဆပ်ကော်မတီ၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့် လှုံ့ဆော်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုပ်ငန်းစစ်ဆေးရေးဆပ်ကော်မတီနှင့် တည်းခိုမည့်နေရာအုပ်ချုပ်ရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဘာသာရပ်ဆိုင်ရာအကဲဖြတ်ပညာရှင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အရည်အသွေးမြင့်ဝါမျိုးစေ့တင်ပို့နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ
09/04/2025
မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံမှ အရည်အသွေးမြင့် ဝါမျိုးစေ့တင်သွင်းနိုင်မှုအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဒုတိယအကြိမ်ညှိနှိုင်းသည့်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၌ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ အစည်းအဝေးခန်းမတွင် virtual စနစ်ဖြင့် ကျင်းပ ခဲ့ကြောင်း သိရသည်။
ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံသို့ ဝါမျိုးစေ့တင်သွင်းနိုင်ရေးအတွက် လိုအပ်သည့် ကိစ္စရပ်များ၊ အိန္ဒိယနိုင်ငံမှ ဝါမျိုးစေ့များကို တင်သွင်းနိုင်ရေးအတွက် ပံ့ပိုးပေးမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ဝါစိုက်ပျိုးပါက လိုအပ်သည့်နည်းပညာအကူအညီများကို အိန္ဒိယနိုင်ငံမှ ပံ့ပိုးပေးရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး၊ အစည်းအဝေးကို ၁၂:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့နှင့် နယူးဒေလီမြို့တို့မှ မြန်မာစီးပွားရေးသံမှူးများ၊ မြန်မာနိုင်ငံဝါနှင့် ဝါထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းနှင့် အိန္ဒိယနိုင်ငံ၊ International Federation of Business Intellectuals and Changemakers (IFBIC) မှ တာဝန်ရှိသူများ စုစုပေါင်း ၂၅ ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။