
နောင်ချိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းနှင့် မဲဆန္ဒရှင်အသိပညာပေး သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ
09/05/2025
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းနှင့် မဲဆန္ဒရှင် အသိပညာပေးသရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးမြင့်ဦး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လာမည့်ရွေးကောက်ပွဲတွင် ယခင် ကျင့်သုံးခဲ့သည့် FPTP စနစ်အပြင် FPTP နှင့် PR စနစ် ပေါင်းစပ်ထားသည့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional – MMP) ကို အသုံးပြုဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကြိုတင်မဲများမှလွဲ၍ ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံများ၌ မဲပေးရာတွင် မြန်မာ အီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine - MEVM) များဖြင့် ခလုတ်နှိပ် မဲပေးရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို အပိုင်းများခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကော်မရှင် အဖွဲ့ခွဲများရှိ အများယုံကြည်လေးစားခြင်း ခံရသောပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ကို အပြည့်အဝယုံကြည်ကြောင်း နှင့် မိမိတို့အတူလက်တွဲပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန် ရှိသူတစ်ဦးက မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြု တတ်စေရန် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုနည်းနှင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်းပြောကြားကြပြီး တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးကြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင် နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်ပြီး နောင်ချိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

ဥပဒေအသိပညာပြန့်ပွားရေးဒီပလိုမာ (Diploma In Legal Advocacy-DLA) သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
09/05/2025
ဥပဒေအသိပညာပြန့်ပွားရေးဒီပလိုမာ (Diploma In Legal Advocacy-DLA) သင်တန်းအမှတ်စဉ် (၁) ကို စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ စတင် ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဥပဒေရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာန၊ ယခင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သမိုင်းတွင် ပထမဦးဆုံးဥပဒေနှင့် ပတ်သက်သည့် Diploma သင်တန်းကို စတင်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူးနှင့်အထက် အရာရှိကြီး များအား သင်တန်းသားအဖြစ်လက်ခံကြောင်း၊ သင်တန်းသား ၅၀ အား သတ်မှတ်စံနှုန်းများဖြစ်သည့် ဘာသာရပ်ဆိုင်ရာ သုတေသနများနှင့် အခြားသောသုတေသနစာတမ်းများ ရေးသားရန်နှင့် ဌာန အသီးသီးတွင် ဥပဒေနှင့်စပ်လျဉ်း၍ ကိုင်တွယ်ကျင့်သုံးနေရသည့် အရာရှိများကို ပထမဦးစားပေး ရွေးချယ်ထားခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးလျှင် Diploma In Legal Advocacy ဘွဲ့ပေးမည် ဖြစ်ကြောင်း၊ သင်တန်းကာလ တစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး ရှစ်လတွင် ဘာသာရပ်ဆိုင်ရာများ ပို့ချ၍ လေးလမှာ သုတေသနစာတမ်းများ ရေးသားရန်ဖြစ်ကြောင်း၊ သင်တန်းရက်ပေါင်း ၁၆၀ နှင့် စာသင်ချိန် ၃၂၀ သင်ကြားပို့ချမည်ဖြစ်ကြောင်း။
သင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ဌာနကြီးများ၏ ဆောင်ရွက် နေသည့် လုပ်ငန်းများဖြစ်သော ဥပဒေမူကြမ်းစိစစ်ရေးဆွဲခြင်း၊ ဥပဒေအကြံဉာဏ်ပေးခြင်း၊ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းဆောင်ရွက်ခြင်းများနှင့်စပ်လျဉ်းသည့် ဘာသာရပ်များ၊ ဥပဒေမူကြမ်းရေးဆွဲနည်းများ၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံရေးရာကိစ္စရပ်များ၊ စီးပွားရေးစာချုပ်စာတမ်းဆိုင်ရာကိစ္စရပ် များ၊ အထွေထွေအကြံပေးခြင်း လုပ်ငန်းရပ်များ၊ ပြစ်မှု/ တရားမမှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားသိသင့်သိထိုက်သော ဥပဒေများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း။
ယခုအချိန်တွင်ဥပဒေသည် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင်ရှိ၍ ဥပဒေကိုလေးစားလိုက်နာပြီး ဥပဒေအသိပညာရှိခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် ရာတွင် များစွာအထောက်အကူဖြစ်ကြောင်း၊ သင်တန်းသားအရာရှိများအနေဖြင့် ယခုသင်တန်း တက်ရောက်ခြင်းဖြင့် ရရှိလာသည့်ဗဟုသုတများအား တရားဥပဒေစိုးမိုးရေးအတွက်သော်လည်းကောင်း၊မိမိဌာနအဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ မိမိအတွက်သော်လည်းကောင်း အကျိုးရှိစွာ အသုံးချ နိုင်ရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ဥပဒေအသိပညာပြန့်ပွားရေးဒီပလိုမာ (Diploma In Legal Advocacy-DLA) သင်တန်းအမှတ်စဉ် (၁) သို့ သင်တန်းသား သင်တန်းသူ ၅၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈ဝ) ပြည့်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ ပါဝင်တက်ရောက်
09/05/2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့၊ Tian'anmen ရင်ပြင်၌ ကျင်းပပြုလုပ်သည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်သည်။
အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတကာမှ ဖိတ်ကြားထားသည့် နိုင်ငံ့အကြီးအကဲများ၊ အစိုးရ အဖွဲ့များ၊ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တရုတ်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး သတ်မှတ်နေရာတွင် နေရာယူကြရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူသမ္မတနိုင်ငံ သမ္မတဦးဆောင်၍ စစ်ရေးပြအခမ်းအနားကြည့်ရှုမည့် Tian'anmen Rostrum ရှုစင်သို့ တက်ရောက်နေရာယူကြသည်။
ထို့နောက် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားအား ကျင်းပပြုလုပ်ရာ ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping က မိန့်ခွန်းပြောကြားပြီး စစ်ရေးပြတပ်ဖွဲ့ များအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် စစ်ရေးပြတပ်ဖွဲ့များက တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့် တက်ရောက်လာကြသည့် နိုင်ငံ့အကြီးအကဲများအား စစ်ရေးပြ အစီအစဉ်အတိုင်း ချီတက်အလေးပြုကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတကာမှ ဖိတ်ကြားထားသည့် နိုင်ငံ့အကြီး အကဲများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ရေးပြအခမ်းအနား မစတင်မီအချိန်တွင် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်လာကြသည့် နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များနှင့် တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံအလိုက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ညောင်ရွှေမြို့၌ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်)ကျင်းပ
09/04/2025
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ခရိုင်အဆင့်)ကို ယမန်နေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလောခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ရွှေတံဆိပ်ဆုများရှင် မမိုမိုမင်းဦး(ခ)ဖြူလုံးနှင့်အဖွဲ့က ဆိုင်းဝိုင်းကြီးဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြပြီး ပြိုင်ပွဲကိုစတင်ပြုလုပ်ရာ ပြိုင်ပွဲဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးမဲနှိုက်ယှဉ်ပြိုင်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ ဆိုင်းဝိုင်းကြီးအဖွဲ့က ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အညာဖန်ခါးဝိုင် ဖြန့်ဖြူးရောင်ချနိုင်ရန် ပြင်ဆင်
09/04/2025
အညာဒေသထွက် ဖန်ခါးသီးကနေ အရည်အသွေးမြင့် ဈေးကွက်ဝင် ဖန်ခါးဝိုင် ထုတ်လုပ်အောင်မြင်နေပြီး ရောင်းချခွင့် လိုင်စင်ရရှိပါက ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
အညာဒေသတွင် ဖန်ခါးပင်များသည် သဘာဝအတိုင်း အလေ့ကျပေါက်ရောက်သည့် အပင်တစ်မျိုး ဖြစ်ပြီး ဒေသခံများက ဆားရည်စိမ်ခြင်း၊ အတိုအမြှုပ် လုပ်စားခြင်းများရှိသည့်အပြင် တန်ဖိုးနည်းအသီး တစ်မျိုးလည်း ဖြစ်သည်။
ဈေးကွက်တွင် ဖန်ခါးဝိုင်ကို ပြည်တွင်းသာမက ပြည်ပအထိ ထိုးဖောက်နိုင်ရန်အတွက် ရည်ရွယ်ထားပြီး အောင်မြင်မှုရရှိပါက ဖန်ခါးသီးသည် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေသည့် တန်ဖိုးမြင့် အသီး တစ်မျိုး ဖြစ်လာနိုင်ကြောင်း အညာဖန်ခါးဝိုင် စမ်းသပ်ထုတ်လုပ်နေသူတစ်ဦးမှ ပြောကြားထားသည်။
ဖန်ခါးပင်များသည် အရွက်ကြီးမျိုးဖြစ်သည့်အတွက် အောက်စီဂျင်ထုတ်လုပ်မှု ပမာဏများပြီး ရေဓာတ်ကို ထိန်းသိမ်းထားနိုင်သည့် နှစ်ရှည်အပင်ကြီးမျိုးဖြစ်ပြီး ဓာတုဓာတ်ကြွင်းများ ကင်းစင်သည့် အတွက် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်သည်။
ဖန်ခါးဝိုင်ထုတ်လုပ်ရောင်းချမှု အောင်မြင်လာပါက ဒေသတွင်း ဖန်ခါးစိုက်ခင်းများ ပိုများလာနိုင်သည့် အပြင် နိုင်ငံတော်၏ အကျိုးစီးပွားဖြစ်ထွန်းမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင်ကြောင်း သိရသည်။