photo

မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်ပတ်သက်၍ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ မျက်နှာချင်းဆိုင်အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်

09/06/2025

နေပြည်တော် စက်တင်ဘာ ၅

မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်ပတ်သက်၍ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့(Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင်အစည်းအဝေးကို စက်တင်ဘာ ၃ ရက်မှ ၄ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

မျက်နှာချင်းဆိုင်အစည်းအဝေး၌ အာရှ-ပစိဖိတ် ပူးတွဲအဖွဲ့ (Asia Pacific Joint Group – APJG) တွဲဖက်သဘာပတိများ၊ ငွေကြေးဆိုင်ရာအရေးယူ ဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) နှင့် အာရှ-ပစိဖိတ်ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering – APG) အတွင်းရေးမှူးရုံးတို့မှ ကိုယ်စားလှယ်များ၊ APJG မှ အကဲဖြတ်သူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မျက်နှာချင်းဆိုင်အစည်းအဝေးတွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိနေသည့်အစီအမံများအပေါ် APJG မှ အကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်လိုက်နာဆောင်ရွက်ချက်များကို အကဲဖြတ်သူများအားလုံးမှ ခြုံငုံချိတ်ဆက်သိရှိစေရန်အတွက် လက်ငင်းရလဒ်တစ်ခုချင်းအလိုက် ဆောင်ရွက်ပြီးစီးမှုများကို ဦးစွာရှင်းလင်း တင်ပြဆွေးနွေးသည်။ ယင်းနောက် APJG မှ အကဲ ဖြတ်သူများက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာပါ လက်ငင်းရလဒ်တစ်ခုချင်းအလိုက် ထပ်မံရှင်းလင်းသိရှိလိုသည့်အချက်များ မေးမြန်းခဲ့ခြင်းအပေါ် မြန်မာ ကိုယ်စားလှယ်များက အသေးစိတ်ရှင်းလင်းဖြေကြားသည်။

ဆွေးနွေးချက်များတွင် မြန်မာနိုင်ငံရှိ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများသည် ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့မှရရှိသည့် ငွေကြေးစုံစမ်းထောက်လှမ်းရေးသတင်းအချက်အလက်များ အသုံးပြု၍ စုံစမ်းစစ်ဆေးမှု၊ ဆုံးရှုံးနိုင်ခြေအန္တရာယ်များနှင့်အညီ ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိသည့် မှုခင်းဖြစ်စဉ်များတွင် ငွေကြေးဆိုင်ရာစုံစမ်း စစ်ဆေးခြင်းလုပ်ငန်းများကို အပြိုင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်၍ နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုများ စုံစမ်းစစ်ဆေးချက်များ၊ ပြစ်မှုကျူးလွန်ရာမှရရှိသော အကျိုးအမြတ်များ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ပြစ်မှုကျူးလွန်ရာမှရရှိသည့် အကျိုးအမြတ်များနှင့် တန်ဖိုးတူညီသည့် အခြားသောပစ္စည်းများကိုသိမ်းဆည်းခြင်း၊ ထိန်းချုပ်ခြင်းနှင့် နိုင်ငံ့ဘဏ္ဍာ သိမ်းဆည်း ခြင်းများကို တိုးမြှင့်ဆောင်ရွက်ချက်များ၊ နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းပြီးသည့်အချိန်အထိ ပစ္စည်းတန်ဖိုးကို ထိန်းသိမ်းထားနိုင်ရေးအတွက် စီမံခန့်ခွဲသည့်နည်းလမ်းများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူဘောင်များကို FATF ၏ စံသတ်မှတ်ချက်များနှင့်အညီ ပိုမိုအားကောင်းစေရန် ပြင်ဆင်ထုတ်ပြန်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အသိအမှတ်ပြု၍ အဆင့်သတ်မှတ်ချက်များ တိုးမြှင့်ပေးရန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်

06.09.2025
photo

လျှပ်စစ်၊ စွမ်းအင်ကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲကျင်းပ

09/06/2025

နေပြည်တော် စက်တင်ဘာ ၅

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ လျှပ်စစ်၊ စွမ်းအင်ကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရဲရွာခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှု ကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ် သန်းပေါင်း ၃၆၀၀ ကျော်၊ ၂၀၂၄ ခုနှစ် တိုင်ဖွန်းမုန်တိုင်းရာဂီနှင့် ဆက်စပ်ရေကြီး ရေလျှံမှုများကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၂၂၀၀၀ ကျော်ဆုံးရှုံးခဲ့ကြောင်း၊ ရာဂီမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံပြုပြင်ခြင်းနှင့် Rotor Pole များ ပြုပြင်ခြင်းအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံ ငွေမှငွေကျပ်သန်းပေါင်း ၄၀၀၀၀ ကျော် ကျခံဆောင်ရွက်ပေးခဲ့ကြောင်း၊ လတ်တလောကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၁၅၃၀၀၀ ကျော် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး စွမ်းအင်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၃၄၀ ကျော် ဆုံးရှုံးခဲ့ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ဘေးဒဏ်ခံနိုင်ရည်ရှိသော အခြေခံအဆောက်အအုံများ တည်ဆောက်ရန် လိုအပ်သကဲ့သို့ စွမ်းအင်ထုတ်လုပ်သိုလှောင်မှု နည်းစနစ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လွှတ်၊ ဖြန့်ဖြူးမှုများတွင်လည်း ခေတ်မီနည်းပညာများနှင့် ဆောင်ရွက်ထားနိုင်မှသာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက စကားဝိုင်းဆွေးနွေးပွဲတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ရန်စီမံထားရှိမှုများ၊ ဆောင်ရွက်သင့်သည်များကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာပညာရှင်များက ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

06.09.2025
photo

မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်ကြရန် ဝိုင်းဝန်းပူးပေါင်းစီစဉ်ဆောင်ရွက်

09/06/2025

နေပြည်တော် စက်တင်ဘာ ၅

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော မန္တလေးမြို့ရှိ ဟိုတယ်လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ရေး၊ ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် စီးပွားရေးရာဝန်ကြီး၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဝန်ကြီးဌာနပိုင် ငှားရမ်းဟိုတယ်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ဟိုတယ်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဟိုတယ်များမှ တာဝန်ရှိသူများ၏တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း၌ အထင်ကရခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများစွာ ရှိသည့်အတွက် ပွင့်လင်းရာသီကာလ ခရီးသွားရာသီအမီ ဟိုတယ်လုပ်ငန်းများ ယခုထက် ပိုမိုလည်ပတ်နိုင်ရန် တာဝန်ရှိသူများက ကြိုးစားကြရေး၊ မန္တလေးမြို့သို့ ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်ကြရန် ဝိုင်းဝန်းပူးပေါင်း စီစဉ်ဆောင်ရွက်ကြရေး၊ ငလျင်ဒဏ်သင့် ဟိုတယ်အဆောက်အအုံ၊ အခန်းများ၊ ခန်းမများကို ပြင်ဆင်ရာတွင် သတ်မှတ်ထားရှိသည့် စံသတ်မှတ်ချက်များအတိုင်း ပြင်ဆင်ကြရေး၊ ဟိုတယ်သို့လာရောက်တည်းခိုသည့် ဧည့်သည်များအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပေးကြေညာချက်များ ပြင်ဆင်ထားရှိရေး၊ ဟိုတယ်များ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မှုရှိသော မြေယာရှုခင်းသာယာလှပရေးအတွက်ကိုပါ ထည့်သွင်းစဉ်းစားဆောင် ရွက်ကြရေး တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ မန္တလေးမြို့ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မန္တလေးမြို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်အကောင်အထည်ဖော်နိုင်ရေး၊ မန္တလေးမြို့ရှိ ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာ နေရာများသို့ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာသွားရောက်လည်ပတ်နိုင်ရေး၊ ခရီးသွားဆိုင်ရာသတင်းအချက်အလက်များနှင့် ခရီးသွားမြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်ရေး၊ ငလျင်ကာလအလွန် ဟိုတယ်လုပ်ငန်းများ ပုံမှန်အတိုင်း အမြန်ဆုံးလည်ပတ်လုပ်ကိုင်နိုင်ကြရေး၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်းရှိ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်နိုင်ရေးတို့ကို တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက အသင်းအဖွဲ့များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ကြုံတွေ့နေရသည့်အခက်အခဲများကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များကိုမှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

06.09.2025
photo

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်အခြေခံစက်မှုလုပ်ငန်းရှင်များ၊ ကြိမ်၊ ဝါး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

09/06/2025

နေပြည်တော် စက်တင်ဘာ ၅

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် သစ်အခြေခံစက်မှုလုပ်ငန်းရှင်များ၊ ကြိမ်၊ ဝါး အချောထည်လုပ်ငန်းရှင်များ၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သစ်အခြေခံစက်မှုလုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများကို သဘာဝတောများနှင့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်စိုက်ခင်းများမှ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ထို့အတူ ဝါးနှင့်ကြိမ်လုပ်ငန်းများအတွက် သဘာဝ တောများမှ နှစ်စဉ် ဝါးလုံးရေ ၃၁၈ သန်းနှင့် ကြိမ်လုံး ရေ ၇၇ သန်း ထုတ်ပေးလျက်ရှိပြီး ပုဂ္ဂလိကဝါးစိုက်ခင်းများ တည်ထောင်မှုကိုလည်း စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ စျေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော သစ်၊ ဝါး၊ ကြိမ် အချောထည်များကို နည်းပညာအသုံးပြု၍ တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ပါက အလုပ်အကိုင်အခွင့်အရေးများ ပိုမိုရရှိစေမည့်အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းရရှိရေး၊ ထုတ်လုပ်သည့် အချောထည်များ ပြည်တွင်း၊ ပြည်ပစျေးကွက်ရရှိရေး၊ ကုန်ချောများတင်ပို့ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက်ဌာနနှင့် လုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် ပြောကြားသည်။

ထို့နောက် လုပ်ငန်းရှင်များက လုပ်ငန်းအမျိုးအစားအလိုက် ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် စျေးကွက်အခြေအနေ၊ တွေ့ကြုံရသော အခက်အခဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် သန်လျင်မြို့နယ်ရှိ မြန်မာ့ သစ်လုပ်ငန်း အမှတ်(၃) ပရိဘောဂစက်ရုံ၌ စက်ရုံမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး က မြန်မာ့သစ်လုပ်ငန်းအနေဖြင့် တန်ဖိုးမြှင့် သစ်အချောထည်များထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပ စျေးကွက်များရှာဖွေ၍ ရငွေလျာထားချက် ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားပြီး စက်ရုံအတွင်း တန်ဖိုးမြှင့်ခွဲသားများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် အမှတ်(၁) ပရိဘောဂစက်ရုံနှင့် အမှတ်(၂) ပရိဘောဂစက်ရုံများ၌ တန်ဖိုးမြှင့်ခွဲသား၊ ကြမ်းခင်းတုံးနှင့် အိမ်သုံး၊ ရုံးသုံးပရိဘောဂအချောထည်များ ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

06.09.2025
photo

စာရင်းပညာရှင်များသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်လျက်ရှိသဖြင့် စာရင်းပညာတတ်ကျွမ်းသည့် လူသားအရင်းအမြစ်များ များစွာလိုအပ်

09/06/2025

ရန်ကုန် စက်တင်ဘာ ၅

မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant – CPA) (ပထမပိုင်း)သင်တန်းအမှတ်စဉ် (၄၉) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦး၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းနှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများတက်ရောက်ကြသည်။

များစွာလိုအပ်

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် ယခုကဲ့သို့ စာရင်းပညာရပ်ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်၍ စာရင်းပညာတတ်ကျွမ်းသူနှင့် စာရင်းပညာရှင်များ တိုးပွားစေရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာရင်းပညာရှင်များသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် စာရင်းပညာ တတ်ကျွမ်းသည့် လူသားအရင်းအမြစ်များ များစွာလိုအပ်ပါကြောင်း။

လေ့လာဆည်းပူး

သစ်လွင်မောင်မယ်တို့သည် စာရင်းပညာလောက၏ မျိုးဆက်သစ်လူငယ်များဖြစ်ပြီး နောင်တစ်ချိန် စာရင်းပညာလောကတွင် လင်းလက်တောက်ပလာမည့် ရတနာများဖြစ်သဖြင့် ပို့ချမည့်ပညာရပ်များကို အလေးအနက်ထား၍ လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံး၏ စာရင်းလုပ်ငန်းများတွင် Professional များအဖြစ် ရပ်တည်ဆောင်ရွက်ကြ ရမည့်သူများလည်းဖြစ်သဖြင့် အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်းများသာမက ကျင့်ဝတ်သိက္ခာမြင့်မားသူများဖြစ်ရန်လည်း လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဋ္ဌ (၁) နှင့် မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌ မြန်မာနိုင်ငံ စာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂)တို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ စာရင်းကောင်စီတွဲဖက်အတွင်းရေးမှူး (၁) က သင်တန်းဆိုင်ရာ အချက်အလက်များ၊ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မောင်မယ်သစ်လွင်များကိုယ်စား အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းမှ သင်တန်းသားတစ်ဦးနှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းမှ သင်တန်းသားတစ်ဦးတို့က ကျေးဇူးတင်စကားပြောကြားသည်။

အဆင့်ဆင့်စိစစ်တင်ပြ

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် ခရိုင်/မြို့နယ် စာရင်းစစ်ချုပ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းများဆောင်ရွက်ရာတွင် စစ်ဆေးတွေ့ရှိချက်များကို လမ်းစဉ်အတိုင်း တိကျ၊ မှန်ကန်၊ ပြည့်စုံစွာဖြင့် မခြွင်းမချန်အဆင့်ဆင့်စိစစ် တင်ပြကြရန်၊ အပြန်အလှန်လေးစားမှုများ ထားရှိဆောင်ရွက် ကြရန်၊ အဂတိကင်းရှင်းစွာဖြင့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန်၊ သတင်းအချက်အလက်လုံခြုံမှုကို အထူးဂရုပြုကြရန်၊ အထက်အောက် အဆင့်ဆင့်ထိတွေ့ပြီး တွေ့ကြုံရ သော အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လုပ်ငန်းဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာများကိုမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

06.09.2025