photo

မြန်မာနိုင်ငံတွင် ပထမဆုံး ဟလာလ်ကြက်ကြော်ဆိုင် Chicking ဖွင့်လှစ်

09/04/2025

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းအခြစိုက် ဟလာလ်ကြက်ကြော်ဆိုင် Chicking (ချစ်ကင်း) ၏ မြန်မာပြည်‌ ဈေးကွက်အတွက် ပထမဆုံးFlagship ဆိုင်ကြီးကို ရန်ကုန်မြို့၊ မြန်မာပလာဇာ ရှော့ပင်းစင်တာ (၃) လွှာတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့၊ နံနက် (၉) နာရီတွင် စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ Chicking (ချစ်ကင်း) ကြက်ကြော်သည်ဆန်းသစ်သောအရသာနှင့် မိသားစုတိုင်းအတွက် အကောင်းမွန်ဆုံး စားသုံးမှု အတွေ့အကြုံများကြောင့် ကမ္ဘာတစ်ဝန်း လူကြိုက်အများဆုံး ဟလာလ် အဆင့်မှီ Quick Service Restaurant (QSR) အမှတ်တံဆိပ် တစ်ခုဖြစ်သည်။

Flagship အရောင်းဆိုင် စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် Chicking Fun Day အား ဩဂုတ်လ (၃၁) ရက်နေ့၊ နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ မြန်မာပလာဇာ ရှော့ပင်းစင်တာ၏ Promotion Area တွင် စိတ်လှုပ်ရှားစရာ Lucky Draw အစီအစဉ်များ၊ ဖျော်ဖြေမှုများ၊ ဂိမ်းအစီအစဉ်များ နှင့်အတူ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး Flagship အရောင်းဆိုင်အား စတင်ဖွင့်လှစ်နိုင်ခြင်းသည် Chicking ၏ နိုင်ငံတကာ ဈေးကွက်ချဲ့ထွင်ခြင်း ခရီးစဉ်တွင် အရေးပါသော မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်လိုက်ခြင်း ဖြစ်ပြီး အရသာရှိပြီး သင့်တင့်မျှတသော လူမျိုးဘာသာမရွေးစားသုံးနိုင်သည့် အစားအသောက်များကို စားသုံးသူများထံ သယ်ဆောင်လာပေးရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

04.09.2025
photo

မန္တလေးမြို့၌ ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲ နှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားများကျင်းပ

09/04/2025

ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂-၉-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၌ ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုသည်မှာ အရေးပေါ် တုံ့ပြန်ရေး၊ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ လျော့ပါး စေရေးဟူသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု စက်ဝန်း(Disaster Management Cycle) ပါ လုပ်ငန်းရပ် များသည် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအလိုက်၊ သက်ဆိုင်ရာ နယ်မြေဒေသ အစိုးရ အဖွဲ့များအလိုက် စနစ်တကျဖြင့် ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားဆဲ၊ ဘေးဖြစ်ပွားပြီးစသည့် ကာလများပိုင်းခြား၊ စီမံခန့်ခွဲလုပ်ကိုင်ဆောင်ရွက်ရသည့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်များကြောင့် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများအပေါ် ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချပြီး ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်သောပညာရေးနှင့် ကျန်းမာရေးကဏ္ဍဖြစ်ထွန်းပေါ်ပေါက်စေရန် သက်ဆိုင်ရာ ကဏ္ဍများ အလိုက်ပါဝင်ပတ်သက်သူများ၊ အဖွဲ့အစည်းများ၊ ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်းလာစေရန်ရည်ရွယ်၍ ယခုကဲ့သို့အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲများ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်အဖွဲ့ဝင်များနှင့်အတူမန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၌ သင်တန်းသူများအား မြန်မာ့ရိုးရာမုန့်လုပ်နည်း သင်တန်း၊ စက်ချုပ်သင်တန်း၊ ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်း စသည့်လက်မှုပညာရပ်များဖြင့် ကျောင်းပြင်ပပညာရေး သင်ကြားပေးနေမှုကိုလည်းကောင်း၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၌ ဘာသာစကားနှင့် လက်မှုပညာသင်ကြားနေမှုများကိုလည်းကောင်း၊ သင်တန်းသား သင်တန်းသူ ထမင်းစားဆောင်နှင့် မီးဖိုချောင်တို့ကိုလည်းကောင်း လှည့်လည် ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ် ၁၈,၆၉၉ ဦးအတွက်လူမှုရေးပင်စင်ထောက်ပံ့ကြေး ငွေကျပ် ၁,၁၀၀ ဒသမ ၀၇၀ သန်းနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းဂေဟာ၊ ရိပ်သာစုစုပေါင်း၂၈ ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၄၇ ကျောင်း တို့အတွက် ထောက်ပံ့ကြေးငွေကျပ် ၂၈၇ ဒသမ ၀၉၃ သန်း၊ တိုင်းဒေသကြီးအတွင်းရှိ ယာယီ နေရပ်စွန့်ခွာ ပြည်သူ ၄၇,၈၅၁ ဦးအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ဧပြီ၊ မေနှင့် ဇွန်လအတွက် ထောက်ပံ့ငွေကျပ် ၂,၈၇၁ ဒသမ ၀၆ သန်း၊ စုစုပေါင်းငွေ         ကျပ် ၄,၂၅၈ ဒသမ ၂၂၃ သန်းကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ကမ္ဘောဇဖောင်ဒေးရှင်းက KBZ Center ၌ ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက် ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

04.09.2025
photo

ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပ

09/04/2025

နေပြည်တော် စက်တင်ဘာ ၃

Gender/ CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် တာဝန်ရှိသူများ၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဌာနများမှ သင်တန်းသား ၁၆ ဦး၊ သင်တန်းသူ ၁၉ ဦးတို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ကမ္ဘာတစ်ဝန်းလုံး၌ ဆောင်ရွက်နေကြသည့် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်နေသည့် Gender/ CEDAW/ NSPAW/ AGMSF/ WPS လုပ်ငန်းစဉ်များကို သိရှိစေရန်နှင့် သက်ဆိုင်ရာဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ကျား၊ မ ရေးရာကို ထည့်သွင်းစဉ်းစားဆောင်ရွက်လာစေရန်နှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား အမျိုးသမီးများ၏ အခွင့်အရေးများကို ချိတ်ဆက်မှုအားကောင်းစွာဖြင့် ပိုမိုမြှင့်တင်ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲရာတွင် ပြည်ထဲရေးဝန်ကြီး ဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များက အဖွဲ့ဝင်အဖြစ် သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် ပါဝင်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျား၊ မ ရေးရာဆိုင်ရာ အချက်အလက်များ ကောက်ယူရန် ကျား၊ မ ရေးရာ တာဝန်ခံ Gender Focal Point များအဖြစ်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း။

အမျိုးသမီးများအားလုံး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍအလိုက် သက်ဆိုင်သည့် အခွင့်အလမ်းများကို လက်လှမ်းမီရရှိစေရန်နှင့် ရပ်ရွာအဆင့်မှ နိုင်ငံအဆင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် ပိုမိုပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း လေ့လာရသမျှဗဟုသုတများကို ထပ်ဆင့်မျှဝေပေးခြင်း၊ မိမိတို့၏ လုပ်ငန်းများတွင် ကျား၊ မ ရေးရာအား ထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်းတို့ဖြင့် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် သင်တန်းမှရရှိသည့် ဗဟုသုတ၊ အသိပညာများကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

သင်တန်းကို နှစ်ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ သင်တန်းသား သင်တန်းသူ ၃၅ ဦး တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

04.09.2025
photo

နောင်ချိုမြို့နယ်၌ အသက် ၁၅ နှစ်အောက်ကလေးများအား အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေးများကို အထူးအစီအစဉ်နှင့် အမီလိုက်နည်းလမ်းများဖြင့် ထိုးနှံတိုက်ကျွေးပေးလျက်ရှိ

09/04/2025

နောင်ချို စက်တင်ဘာ ၃

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှုတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ ၂၄ ခု ပြန်လည်ဖွင့်လှစ်ထားရှိပြီး အားဖြည့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကွင်းဆင်း၍ ကျန်းမာရေးပညာပေးခြင်းလုပ်ငန်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းနှင့် အသက်ငါးနှစ်အောက် ကလေးများအား ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားနိုင်ခြေများပြီး အစုအဝေးဖြင့် နေထိုင်သောနေရာများမှ ကာကွယ်ဆေးများ မရရှိခဲ့သည့် အသက် ၁၅ နှစ်အောက် ကလေးများအား အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ်ဆေးများအား အထူးအစီအစဉ်ဖြင့် ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း (Special Immunization Activities) နှင့် အမီလိုက် (Big Catchup) နည်းလမ်းတို့ဖြင့် ထိုးနှံတိုက်ကျွေးပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှ စက်တင်ဘာ ၂ ရက်အထိ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ကျောင်းပေါင်း ၇၆ ကျောင်းနှင့် ကျောင်းသားပေါင်း ၁၂၁၇၈ ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့ပေါ်နှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၂၀၅၄ ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် အသက်ငါးနှစ်အောက်နှင့် အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ်ဆေးများ မရရှိခဲ့သည့် အသက် ၁၅ နှစ်အောက် ကလေး ၉၀၂၂ ဦးအား လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့သည်။

နောင်ချိုမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇူလိုင် ၂၀ ရက်မှစ၍ မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂ ရက် နံနက်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်ကာ လူနာများအား လက်ခံကုသပေးခြင်းနှင့် အရေးပေါ်ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထိုဒေသအနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများ လာရောက်ကုသမှုခံယူလျက်ရှိပြီး ဇူလိုင် ၂၀ ရက်မှ စက်တင်ဘာ ၂ ရက်အထိ နောင်ချိုမြို့နယ်ပြည့်သူ့ဆေးရုံ၌ ပြင်ပလူနာ ၃၃၇၀ နှင့် အတွင်းလူနာ ၃၆၂ ဦးကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

04.09.2025
photo

(၁၈) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ

09/04/2025

နေပြည်တော် စက်တင်ဘာ ၃

(၁၈) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများ (18th AMME and Related Meetings) နှင့် အကြိမ် (၂၀) မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး (COP-20 AATHP) များကို စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိ Hybrid စနစ်ဖြင့် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အွန်လိုင်းဖြင့် တက်ရောက်သည်။

အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာအရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယနေ့ကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးပထမပိုင်းတွင် ဥက္ကအဖြစ် မလေးရှားနိုင်ငံ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးဝန်ကြီးဌာန ခေတ္တဝန်ကြီး H.E. Mr. Datuk Seri Johari Abdul Ghani နှင့် ဒုတိယဥက္ကအဖြစ် ဒုတိယဝန်ကြီး ဦးမင်းသူတို့က ဆောင်ရွက်ပြီး အမှာစကားပြောကြားကြကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က နိုင်ငံအလိုက် Statement များ ဖတ်ကြားခြင်း၊ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အရာရှိကြီးများအဖွဲ့၏ အလှည့်ကျဥက္က ဖိလစ်ပိုင်နိုင်ငံမှ ကိုယ်စားလှယ်က အာဆီယံ‌ဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ပင်လယ်ကမ်းရိုးတန်းထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသောမြို့ကြီးများ၊ ဓာတုစွန့်ပစ်ပစ္စည်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာပညာပေးရေး၊ ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့် စားသုံးမှုကိစ္စရပ်များဆိုင်ရာ အစီရင်ခံစာများနှင့် ရလဒ်များကို အတည်ပြုတင်ပြဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် အကြိမ် (၂၀) မြောက် အာဆီယံနယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး သဘောတူညီချက်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးဆက်လက်ကျင်းပပြီး အာဆီယံနယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးသဘောတူညီချက်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံနယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးပူးပေါင်းဆောင်ရွက်မှုလမ်းပြမြေပုံ (၂၀၂၃-၂၀၃၀) နှင့် အာဆီယံဒေသသစ်ဆွေးမြေစီမံခန့်ခွဲမှု မဟာဗျူဟာ (၂၀၂၃-၂၀၃၀) တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အာဆီယံနယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးသဘောတူညီချက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ၏ ဆောင်ရွက်ချက်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ခြင်း၊ အာဆီယံမိုးလေဝသစောင့်ကြည့်လေ့လာရေးဌာန၏ အကဲဖြတ်ဆန်းစစ်ချက်အရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၅ ခုနှစ် မေလအတွင်း ခြောက်သွေ့ရာသီ၌ မဲခေါင်ဒေသတွင် Fire hotspot နှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်မှုအခြေအနေ၊ မဲခေါင်ဒေသခွဲတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း Fire hotspot အရေအတွက်သည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့မှုနှင့် ၂၀၂၆ ခုနှစ် ဗီယက်နမ်နိုင်ငံ၌ (၂၁) ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး သဘောတူညီချက်ဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေးကျင်းပမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

04.09.2025