
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့ လင်ကွမ်းဘုရားကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော်အား သွားရောက်ဖူးမြော်ကြည်ညို
09/03/2025
နေပြည်တော် စက်တင်ဘာ ၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် ပေကျင်းမြို့၊ လင်ကွမ်းဘုရားကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လင်ကွမ်းဘုရားကျောင်းသို့ ရောက်ရှိကြရာ ကျောင်းတိုက်မှ တာဝန်ရှိသူများနှင့် ဒေသခံဗုဒ္ဓဘာသာဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် စွယ်တော်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး ဗုဒ္ဓမြတ်စွယ်တော်အား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ဖူးမြော်မှုအခြေအနေများ၊ ဗုဒ္ဓမြတ်စွယ်တော်အား မြန်မာနိုင်ငံသို့ပင့်ဆောင်အပူဇော်ခံလိုမှုနှင့် စွယ်တော်မြတ်ကျောင်းတိုက်အတွက် လိုအပ်ချက်များအား မေးမြန်းလျှောက်ထားရာ ဆရာတော်ကြီးက ပြည်တွင်း၊ ပြည်ပဘုရားဖူးများ လာရောက်ဖူးမြော်လျက်ရှိမှုနှင့် စွယ်တော်မြတ်ကျောင်းတိုက်အား ပြုပြင်မွန်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား ပြန်လည်မိန့်ကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံ ကျောင်းထိုင်ဆရာတော်ကြီးက ဓမ္မလက်ဆောင်များပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စွယ်တော်မြတ်ကျောင်းတိုက်အတွက် ဘက်စုံစုပေါင်းအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် စွယ်တော်မြတ်စေတီတော် ကျောင်းတိုက်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး စွယ်တော်မြတ်စေတီတော်အတွင်း ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ကြည်ညိုရာ ကျောင်းထိုင်ဆရာတော်ကြီးက ဗုဒ္ဓမြတ်စွယ်တော်သမိုင်းအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကျောင်းတိုက်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြသည်။
အဆိုပါ ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်တော်မူသည့် လင်ကွမ်းဘုရားကျောင်းသည် ပေကျင်းမြို့တွင်တည်ရှိပြီး ဗုဒ္ဓ၏ စွယ်တော်၊ ဓာတ်တော်နှင့် ရှေးဟောင်းစေတီတော်များ တည်ရှိသောကြောင့် လူသိများသော သမိုင်းဝင်ဗုဒ္ဓဘုရားကျောင်းတစ်ခုဖြစ်ကြောင်း၊ အဆိုပါဘုရားကျောင်းအား တန်မင်းဆက်လက်ထက်တွင် တည်ဆောက်ခဲ့ပြီး မူလက ကျိမ်ကျယ်ဘုရားကျောင်းဟုခေါ်တွင်ခဲ့ကြောင်း၊ လျောင်မင်းဆက်လက်ထက်တွင် ဘုရားကျောင်းကို ပြန်လည်တည်ဆောက်ခဲ့ပြီး လင်ကွမ်းဘုရားကျောင်းဟု အမည်ပြောင်းလဲခဲ့ကြောင်း၊ မင်မင်းဆက်လက်ထက်တွင် ဘုရားကျောင်းသည် ဝတ်ပြုရေးနှင့်ဘုရားဖူးခရီးစဉ်ကို အဓိကဗဟိုပြုချက်ဖြစ်လာခဲ့ကြောင်း၊ ချင်မင်းဆက်၊ ချင်လုံဧကရာဇ်လက်ထက် ၁၇၄၈ ခုနှစ်တွင် အုတ်နှင့်ကျောက်တို့ဖြင့် ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရန် Tooth Relic စေတီကိုတည်ဆောက်ခဲ့ကြောင်း၊ စေတီတော်သည် ၁၃ ထပ်ရှိပြီး အဋ္ဌဂံအုတ်မျှော်စင်ဖြစ်ကြောင်း၊ ချင်မင်းဆက်ကျဆုံးပြီး ၁၉ ရာစု မှ ၂၀ ရာစုအစောပိုင်း နိုင်ငံရေးမငြိမ်သက်မှုများကြောင့် ဘုရားကျောင်းထိန်းသိမ်းမှုကို ထိခိုက်စေခဲ့ပြီး ဒုတိယတရုတ်-ဂျပန်စစ်ပွဲ(၁၉၃၇-၁၉၄၅)အတွင်း ပျက်စီးခဲ့ကြောင်း၊ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ပြုပြင်ပြောင်းလဲရေး ခေတ်နောက်ပိုင်းတွင် ပြန်လည်၍ ပြုပြင်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်တော်မူသည့် စေတီတော်အား ပြန်လည်ပြုပြင်မွန်းမံခြင်းများ ဆောင်ရွက်ထားကြောင်း၊ အဆိုပါလင်ကွမ်းဘုရားကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော်အား ၁၉၅၅ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၄ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၆ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ် မြန်မာနိုင်ငံသို့ ပင့်ဆောင်ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ
09/03/2025
ရန်ကုန် စက်တင်ဘာ ၂
မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ (Future Front Myanmar : Youth Strategy Forum – 2025) ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ (Myanmar Convention Centre - MCC) ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ်-၂၀၂၅ သို့ တက်ရောက်ခဲ့ကြသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူငယ်ရေးရာကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းလူငယ်ရေးရာ ကိုယ်စားလှယ်များက “အနာဂတ်၏ အလင်းရောင်များ” တေးသီချင်း ဖြင့် ဂုဏ်ပြုသီဆို ဖျော်ဖြေကြသည်။
အနှစ်သာရအရှိဆုံးနှင့် အားအဖြစ်ဆုံးဖိုရမ်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျုဟာဖိုရမ်-၂၀၂၅ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ရေးရာကိုယ်စားလှယ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ နိုင်ငံတော်အဆင့်ဖိုရမ်လေးခုကျင်းပခဲ့ရာ ယခုကျင်းပသည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅သည် နိုင်ငံတော်အတွက် အနှစ်သာရအရှိဆုံးနှင့်အားအဖြစ်ဆုံး ဖိုရမ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အရေးကြီးသည့်ဖိုရမ်သို့ တက်ရောက်လာကြသည့်အတွက် ဂုဏ်ယူပါကြောင်း၊ ယခုဖိုရမ်သို့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တက်ရောက်လာကြသည့်အတွက် မတူကွဲပြားသည့် တိုင်းရင်းသားလူငယ်များအနေဖြင့် အတွေးအခေါ် အယူအဆများ တစ်ဦးနှင့်တစ်ဦး တစ်ထပ်တည်းမကျနိုင်သော်လည်း အနာဂတ်နိုင်ငံတော်သို့သွားရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကြီး လှပသာယာဖွံ့ဖြိုးတိုးတက်အောင် ထုဆစ်ပုံဖော်နိုင်သူများဖြစ်ကြပါစေကြောင်း ပြောကြားသည်။
ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကို (ကိုကိုစက်မှု တက္ကသိုလ်)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများနှင့် လူငယ်ရေးရာကိုယ်စားလှယ်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။
ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်တို့က နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူများနှင့် လူငယ်ရေးရာ ကိုယ်စားလှယ်များအား ဂုဏ်ပြုမှတ်တမ်းများနှင့် ဖိုရမ်အထိမ်းအမှတ်တံဆိပ်များ ပေးအပ်သည်။
ဖျော်ဖြေတင်ဆက်
ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လူငယ်ရေးရာကိုယ်စားလှယ်များက အပျိုတော်ယိမ်းအက၊ “လူချွန်လူကောင်း” တေးသီချင်း၊ “လှမျိုးစုံကြွယ် ယဉ်တစ်ကိုယ်မယ်” ခေတ်(၆)ခေတ် ယိမ်းအက၊ “ကချင်ရိုးရာအကအလှ”၊ “ငွေတောင်ပြည်မှ ဖိတ်ခေါ်သံ” တေးသီချင်း၊ “ဒုံးယိမ်းည”အက၊ “ကျွန်ုပ်တို့ ဇာတိမြေ” တေးသီချင်း၊ “သွေးချင်းတို့ဌာနေ မြန်မာပြည်” တိုင်းရင်းသား ယိမ်းအက၊ “ဦးရွှေရိုးနှင့် ဒေါ်မိုး”အက၊ “သာယာလှပ မွန်ဒေသ”၊ “အရောက်လာလေ လေးရက်မြေ”၊ “မောရှမ်းမြေ”၊ “ ဖိုရမ်နှလုံးသား” တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အနုပညာရှင်များကလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး ဖျော်ဖြေတင်ဆက်ကြသည့်အဖွဲ့များကို အမှတ်တရ လက်ဆောင်ပန်းခြင်းပေးအပ်သည်။
သတင်းစဉ်

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
09/03/2025
နေပြည်တော် စက်တင်ဘာ ၂
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် စက်တင်ဘာ ၂ ရက်အထိ သေဆုံးသူ ၃၇၉၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၁၁ ဦးရှိသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် ရှင်းလင်းရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၇၅ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများထောက်ပံ့လှူဒါန်းမှုများအတွက် ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
သတင်းစဉ်

တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
09/03/2025
နေပြည်တော် စက်တင်ဘာ ၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၈ ရက် တွင် ကယားပြည်နယ်တရားမဝင်ကုန်သွယ်မှ တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀ ကိုလည်းကောင်း)၊ လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဩဂုတ် ၂၉ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့ သာယာကုန်းကျေးရွာ ယာဉ်ရပ်နားဝင်းအနီး၌ မော်တော်ယာဉ်ခြောက်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၂ မျိုး၊ လူသုံးကုန်ပစ္စည်းခုနစ်မျိုး၊ စားသောက်ကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၁၂၅၂၃၄၆)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Canter Truck တစ်စီး၊ Hino Profia Truck တစ်စီး၊ Dong Feng Tractor Head သုံးစီး၊ Mitsubishi Fuso Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်လေးတွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့နယ် ခရဲကမ်းနားကျေးရွာအနီး၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄၂၄၃၀၄၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၅၄၉၅၃၈၆ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဩဂုတ် ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြို့သစ်မြို့နယ်နှင့် ငဖဲမြို့နယ်တို့၌ တရားမဝင်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းလေးလုံးနှင့် ငွေစက္ကူရောရာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၆၆၀၀၀)ကို လောင်းကစားဥပဒေအရလည်းကောင်း၊ ဆင်ပေါင်ဝဲမြို့နယ်နှင့် မင်းဘူးမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၆၆၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဩဂုတ် ၂၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟင်္သာတမြို့နယ်နှင့် ဓနုဖြူမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်သုံးစီးစုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ် ဩဂုတ် ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၈ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၃၃၆၁၃၈၆)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်းမျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါသဖြင့် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သတင်းရရှိသည်။
သတင်းစဉ်

မြန်မာနိုင်ငံအနေနဲ့ ဒီခရီးစဉ်က အကျိုးများစွာဖြစ်ထွန်းစေတဲ့ ခရီးစဉ်တစ်ခုဆိုတာကို ပြောကြားလို
09/03/2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus)သို့ ပါဝင်တက်ရောက်ခဲ့မှုနှင့်တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေမှုနှင့်ပတ်သက်၍ ခရီးစဉ်တွင်လိုက်ပါလာသည့် သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်
ပထမဦးဆုံးက ပထမပိုင်းဒီခရီးစဉ်မှာ တရုတ်နိုင်ငံကို မြန်မာနိုင်ငံယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌလာတဲ့ ခရီးစဉ်မှာ ကျွန်တော်တို့က အပိုင်းသုံးပိုင်းပါပါတယ်။ နံပါတ်တစ်အပိုင်းက တီယန်ကျင်းမြို့အပိုင်း၊ နံပါတ်နှစ်အပိုင်းက ပေကျင်းမြို့အပိုင်း၊ နံပါတ်သုံးအပိုင်းက ဟာပင်းနဲ့ချန်ဒူးမြို့အပိုင်းဆိုပြီး သုံးပိုင်းပါပါတယ်။ နံပါတ်တစ်အပိုင်းက SCO အစည်းအဝေး၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေး SCO SUMMIT 2025 Plus အစည်းအဝေးတက်ရောက်တဲ့အပိုင်းဖြစ်ပါတယ်။ ဒုတိယအပိုင်းကပေကျင်းမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ နှစ်(၈၀)ပြည့် ဖက်ဆစ်တော်လှန်ရေးအထိမ်းအမှတ်ကို လာရောက်တဲ့အပိုင်းဖြစ်ပါတယ်။ နံပါတ်သုံးအပိုင်းက ဟာပင်းနဲ့ ချန်ဒူးမြို့ကို လေ့လာရေးခရီးစဉ်သွားရောက်တဲ့အပိုင်းဖြစ်ပါတယ်။ အခုကတော့ ခရီးစဉ်ပထမပိုင်းဖြစ်တဲ့ တီယန်ကျင်းမြို့မှာ SCO အစည်းအဝေးနဲ့ ထိပ်သီးအစည်းအဝေးတွေ ပြီးဆုံးတဲ့အတွက်ကြောင့် ကျွန်တော်တို့က ပေကျင်းမြို့ကို ထွက်ခွာနေတာဖြစ်ပါတယ်။ ပေကျင်းမြို့ကိုသွားတဲ့အခါမှာ အမြန်ရထားနဲ့သွားတာဖြစ်တယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနဲ့ ခရီးစဉ်မှာလိုက်ပါလာတဲ့လူတွေအကုန်လုံးက ဒီအမြန်ရထားနဲ့ ထွက်ခွာတာဖြစ်တယ်။ ပထမဆုံး တီယန်ကျင်းမြို့အကြောင်းကို ပြောချင်တယ်။ တီယန်ကျင်းမြို့ဆိုတာက တရုတ်နိုင်ငံမြို့တော်ဖြစ်တဲ့ ပေကျင်းနဲ့ကပ်လျက်မြို့ဖြစ်တယ်။ တီယန်ကျင်းမြို့က သမိုင်းရှိတဲ့မြို့ဖြစ်တယ်။ ပထမဘိန်းစစ်ပွဲတို့ဘာတို့က တီယန်ကျင်းမှာဖြစ်ထားတာ။ တရုတ်နိုင်ငံ ပထမဘိန်းစစ်ပွဲပေါ့။ ပေကျင်းနဲ့ကပ်လျက် အနီးဆုံးသောပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တယ်။ တရုတ်နိုင်ငံရဲ့မြောက်ဘက်ပိုင်းမှာ အရေးကြီးဆုံးပင်လယ်ဆိပ်ကမ်းမြို့ထဲမှာ ပါဝင်တယ်ပေါ့နော်။ တီယန်ကျင်းမြို့မှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုညီလာခံရဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးပွဲလုပ်တာဟာ ကျွန်တော်ကတော့ အဓိပ္ပာယ်ပြည့်ဝတယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ဒီ SCO အစည်းအဝေးမှာ နိုင်ငံပေါင်း ၂၀ ကျော်ပေါ့နော် ၂၆ နိုင်ငံလုပ်တဲ့အထဲမှာ ၂၀ ကျော် တက်ရောက်တယ်။ မနေ့ကတော့ ဒီထိပ်သီးအစည်းအဝေးနဲ့ အပေါင်းအစည်းအဝေးပွဲတွေ ပြီးသွားတယ်။ အဲဒီမှာတော့ ထူးထူးခြားခြားပြောစရာရှိတာတော့ ထိပ်သီးအစည်းအဝေးမှာတော့ တရုတ်သမ္မတကြီး H.E.Mr.Xi Jinping က GGI နဲ့ ပတ်သက်ပြီး အချက် ၅ ချက်၊ Global Governance Initiative ပေါ့၊ ဒီအချက် (၅)ချက်ကို တင်သွင်းခဲ့တာရှိတယ်။ နိုင်ငံအများစုလည်း ထောက်ခံတယ်။ အဓိကအနှစ်ချုပ်ပြောရမယ်ဆိုရင် ဒီနေ့ကမ္ဘာမှာ ဖြစ်နေတာက Unipolar World ကနေ Multipolar World ပေါ့နော်။ အရင်တုန်းကတော့ အင်အားကြီးနိုင်ငံ တစ်ခုတည်းကနေပြီးတော့ ကမ္ဘာ့ရေးရာတွေကို ထိန်းချုပ်တာကနေပြီး နိုင်ငံအများစု ပါဝင်ထိန်းချုပ်ဖို့၊ နိုင်ငံအများစုပါဝင်ပြီးတော့ ကမ္ဘာ့ရေးရာမှာ လှုပ်ရှားဖို့၊ ဒီဟာတွေကိုသွားတာပါ။ တရားမျှတမှုတို့၊ ပြီးရင် အဲဒီအစည်းအဝေးမှာ အဓိကအများဆုံးပြောတာကတော့ နိုင်ငံငယ်တွေရဲ့ပေါ့နော်၊ နိုင်ငံတွေရဲ့အချုပ်အခြာအာဏာကို လေးစားကြဖို့ဆိုတာကို အဓိကပြောတာဖြစ်တယ်။ နိုင်ငံတွေရဲ့အချုပ်အခြာအာဏာကိုလေးစားကြဖို့ဆိုတာ အဓိကက ကျွန်တော်တို့ နိုင်ငံငယ်တွေအတွက် ဘာအားသာလဲဆိုတော့ ဒီအချိန်မှာ နိုင်ငံကြီးတွေအနေနဲ့၊ အင်အားကြီးနိုင်ငံတွေအနေနဲ့က သူတို့ရဲ့အမျိုးသားရေးအကျိုးစီးပွားအတွက် သူတို့တည်ထောင်နေတာရှိတယ်။ ဒီလိုပဲ နိုင်ငံငယ်တွေမှာလည်း သူတို့ရဲ့ အချုပ်အခြာအာဏာကိုတည်တံ့ခိုင်မြဲဖို့ သူတို့ရဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီးလုပ်နိုင်ဖို့ဆိုတာ ဒီလိုအဖွဲ့အစည်းတွေကနေတစ်ဆင့်လုပ်နိုင်မှ ခိုင်မာမှာဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့လည်း SCO မှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် တရားဝင်အဆိုပြုထားတာလည်းရှိတယ်။ အောင်မြင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ နောက်တစ်ခုကတော့ ဒီအစည်းအဝေးပွဲမှာ တရုတ် သမ္မတကြီး H.E. Mr.Xi Jinping နဲ့ ဆွေးနွေးနိုင်ခဲ့တယ်။ ဆွေးနွေးပွဲမှာ အနှစ်ချုပ်ပြောရရင် “မြန်မာနိုင်ငံအတွက် ဘာအကျိုးအမြတ်ရှိလဲဆိုတော့ နံပါတ်တစ်အကျိုးအမြတ်အနေနဲ့ကတော့ နိုင်ငံရေးအရ အသိအမှတ်ပြုမှု၊ နံပါတ်နှစ်ကတော့ နိုင်ငံတကာရေးအရ အသိအမှတ်ပြုမှု၊ နံပါတ်သုံးအချက်ကတော့ မြန်မာနိုင်ငံမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ တရုတ်နိုင်ငံအနေနဲ့ အသိအမှတ်ပြုဖို့ပြီးရင် အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကူညီနိုင်ဖို့ဒါတွေကို အတည်ပြုပေးလိုက်တာရှိတယ်။” နောက်တစ်ခုက မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ဆက်လက်ပြီး ကူညီသွားမယ်ဆိုတဲ့ အာမခံချက်တွေရရှိခဲ့တာဖြစ်တယ်။ တရုတ်သမ္မတကြီးနဲ့တွေ့တဲ့အချိန်မှာ မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေကို ဆက်လက်ရပ်တည်ကူညီပေးသွားမယ်ဆိုတာကိုလည်း ရရှိခဲ့ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ အိမ်နီးချင်းအင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ် မစ္စတာမိုဒီနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်။ တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံအနေနဲ့က အမြဲတမ်းရပ်တည်ပေးလျက်ရှိမှုတွေ၊ နိုင်ငံရေးအရ အာမခံချက်ရှိမှုတွေ၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုပ်ဆောင်ပေးနိုင်တာတွေ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့တယ်။ ဒါ့အပြင် လာအိုနိုင်ငံသမ္မတကြီးနဲ့လည်း သီးခြားဆွေးနွေးနိုင်ခဲ့တယ်။ လာအိုနဲ့ ကျွန်တော်တို့ လုပ်နေတဲ့လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ နယ်စပ်ဖြတ်ကျော်ကဏ္ဍ၊ အလုပ်သမားကဏ္ဍ၊ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့တယ်။ ဒါ့အပြင် SCO အစည်းအဝေးတက်တဲ့အခါမှာ မလေးရှားနိုင်ငံဝန်ကြီးချုပ် တို့အပါအဝင် တခြားခေါင်းဆောင်တွေနဲ့လည်း အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အောင်မြင်တဲ့တွေ့ဆုံမှုပေါ့နော်။ ဒီတစ်နေရာတည်းမှာပဲ ဒေသခေါင်းဆောင်တွေ၊ အိမ်နီးနားချင်းခေါင်းဆောင်တွေနဲ့တွေ့ရတာ တကယ်လည်း အောင်မြင်တဲ့တွေ့ဆုံဆွေးနွေးပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း ဒီခရီးစဉ်က အကျိုးများစွာဖြစ်ထွန်းစေတဲ့ ခရီးစဉ်တစ်ခုဆိုတာကို ကျွန်တော်တို့အနေနဲ့ ပြောကြားလိုပါတယ်။ ဒီနေ့မှာဆိုရင် ကျွန်တော်တို့ ပေကျင်းကိုရောက်မယ်။ ပေကျင်းကိုရောက်ရင်တော့ တရုတ်နိုင်ငံရဲ့ ဒုတိယသမ္မတကြီးနဲ့တွေ့မယ်။ မနက်ဖြန်မှာဆိုရင် ပေကျင်းမှာလုပ်တဲ့ နှစ်(၈၀)ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အောင်ပွဲ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်မှာဖြစ်တယ်။ နောက်နေ့တွေမှာ ဟာပင်းနဲ့ချန်ဒူးကိုသွားပြီး ကျွန်တော်တို့ မြန်မာနိုင်ငံသက်ဆိုင်တဲ့၊ ကဏ္ဍပေါင်းစုံ နဲ့သက်ဆိုင်တဲ့ စက်ရုံတွေ၊ အလုပ်ရုံတွေ၊ နေရာတွေ၊ ဌာနတွေကိုလေ့လာသွားမှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ကျွန်တော်အနှစ်ချုပ်ပြီးပြောရရင် အောင်မြင်တဲ့ခရီးစဉ်တစ်ခုဖြစ်တယ်။ ဆက်လက်ပြီးတော့လည်း အောင်မြင်မယ်လို့ ယုံကြည်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားတွေကို တိုက်တွန်းချင်တာကတော့ ကျွန်တော်တို့မှာ ဒီလိုမျိုးအခြေအနေ ကောင်းတွေရှိနေပါပြီ။ နိုင်ငံတကာမှာလည်း မြန်မာ့ရဲ့ ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီးတော့ ဂရုစိုက်လာတဲ့၊ မြင့်မားလာနိုင်တဲ့ဟာတွေရှိနေပါပြီ။ ကျွန်တော်တို့လိုတာက ဘာလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားအားလုံးတည်ငြိမ်အေးချမ်းရေးကိုလိုလားဖို့၊ စည်းလုံးညီညွတ်မှုကိုလိုလားဖို့၊ တည်ငြိမ်အေးချမ်းရေးနှင့် စည်းလုံးညီညွတ်မှုကို အကောင်အထည်ဖော်တဲ့နေရာမှာ မြန်မာဆိုတဲ့စိတ်ဓာတ်၊ ပြည်ထောင်စုဆိုတဲ့ စိတ်ဓာတ်နဲ့ပဲ ဆောင်ရွက်သွားဖို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
သတင်းစဉ်