
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) ထိပ်သီးအစည်းအဝေး၌ ပြည်တွင်းပြည်ပ သတင်းထောက် ၃၀၀၀ ခန့် သတင်းရယူတင်ဆက်လျက်ရှိ
09/02/2025
တီယန်ကျင်း စက်တင်ဘာ ၁
တရုတ်နိုင်ငံ တီယန်ကျင်းမြို့၌ ယနေ့ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး၌ နိုင်ငံတကာမီဒီယာများနှင့် တရုတ်နိုင်ငံအခြေစိုက် မီဒီယာသမားပေါင်း ၃၀၀၀ မှာ မီဒီယာစင်တာ၌တက်ရောက်၍ သတင်းရယူတင်ဆက်လျက်ရှိပြီး လွယ်ကူစွာသတင်းရယူတင်ဆက်နိုင်ရေးအတွက် တရုတ်နိုင်ငံအစိုးရက စီစဉ်ဆောင်ရွက်ပေးထားသည်။
အဆိုပါ မီဒီယာစင်တာ၌ သတင်းထောက်များ အချိန်နှင့်တစ်ပြေးညီ သတင်းတင်ဆက်နိုင်ရေးအတွက် ပြင်ဆင်ပေးထားပြီး တရုတ်နိုင်ငံ၏နည်းပညာများနှင့် ယဉ်ကျေးမှုလက်မှုပညာများကို လေ့လာခွင့်ရရှိရန် စီစဉ်ထားသည်။
မီဒီယာစင်တာ၌ နည်းပညာမြင့်စက်ရုပ်များကိုပါ ထည့်သွင်းဝန်ဆောင်မှုပေးထားပြီး Xiaohe အမည်ရှိ စက်ရုပ်အမျိုးသမီးက သတင်းထောက်များ၏ သိရှိလိုသည်များကို ရှင်းလင်းဝန်ဆောင်မှုပေးလျက်ရှိသည်။
ဝန်ဆောင်မှုပေးနေတဲ့ စက်ရုပ်တွေ
“စိတ်ဝင်စားစရာကောင်းသလို တရုတ်နိုင်ငံရဲ့ နည်းပညာကဏ္ဍ တိုးတက်မှုကိုလည်း တွေ့နိုင်ပါတယ်။ စက်ရုပ်အမျိုးသမီးက သတင်းထောက်တွေ သိလိုတဲ့အချက်အလက်တွေကို ပြောပြတယ်။ သူနဲ့ဆက်သွယ်ဖို့က သိပ်ကိုလွယ်ကူမှုရှိတယ်။ မီဒီယာစင်တာမှာ အခြားဝန်ဆောင်မှုပေးနေတဲ့ စက်ရုပ်တွေလည်းရှိတယ်။ ရေခဲမုန့်ပြင်ဆင်ပေးတဲ့ စက်ရုပ်ရှိသလို၊ လက်အမူအရာကိုကြည့်ပြီး လိုက်ပါလှုပ်ရှားတဲ့စက်ရုပ်ကိုလည်း မြင်တွေ့ရတယ်။ အချို့စက်ရုပ်တွေက အထုပ်အပိုးတွေကို သယ်ယူမှုသရုပ်ပြပေးနေတယ်။ သတင်းထောက်တွေ လိုအပ်တဲ့အချိုရည်နဲ့ ရေဘူးတွေကိုတော့ စင်တာတစ်ခုလုံးကို လှည့်ပတ်သွားလာပြီး ဝန်ဆောင်မှုပေးနေတဲ့ စက်ရုပ်တွေဆီကနေ အလွယ်တကူယူလို့ရတယ်”ဟု ဥရောပဒေသတွင်းမှ သတင်းထောက်တစ်ဦးကပြောကြားသည်။
အဆိုပါစင်တာ၌ တိုက်ရိုက်သတင်းတင်ဆက်မှုအတွက်အပြင် အဆင်များ၊ Multi Camera စနစ်များ၊ အလိုလျောက် သတင်းစာသား ရေးထိုးမှုစနစ်များနှင့် သတင်းထုတ်လွှင့်ရန်အတွက် စတူဒီယိုများစွာကို ဖန်တီးအားဖြည့်ထားသည်ကို မြင်တွေ့ရသည်။
ထို့ပြင် Augmented Reality (AR) နှင့် Virtual Reality (VR) ပြခန်းများကိုလည်း တင်ဆက်ပြသထားပြီး သတင်းထောက်များအတွက် နည်းပညာပံ့ပိုးမှုပေးအပ်သွားမည်ဖြစ်သည်။ မြန်နှုန်းမြင့် အင်တာနက်အား မီဒီယာစင်တာတစ်ခုလုံး လွှမ်းခြုံနိုင်စေရန် စီစဉ်ပေးထားသည့်အပြင် သတင်းထုတ်ပြန်ချက်များနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ ကျင်းပသည့် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးပေါင်းများစွာကိုလည်း သတင်းရယူနိုင်ကြသည်။
သတင်းထောက်များအနေဖြင့် မီဒီယာစင်တာ၌ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုလက်ရာများကို လေ့လာနိုင်မည်ဖြစ်ပြီး ကိုယ်တိုင်ဝင်ရောက်စမ်းသပ်ပါဝင်နိုင်ကြောင်း သိရသည်။

ပဲခူးမြို့နယ်နှင့် လှည်းကူးမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် လိုအပ်သည့် ဒေသခံပြည်သူများကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေး
09/02/2025
နေပြည်တော် စက်တင်ဘာ ၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများကို ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးအတွက် One Stop Service ဖြင့် လုပ်ငန်းစဉ် အဆင့်ဆင့်ဆောင်ရွက်နေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ရရှိပြီးသူများကို e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူ ကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ဝန်ထမ်းများက ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်/ပြောင်းထွက် ကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး/ပျက်စီးမိတ္တူလျှောက်ထားမှုများ စိစစ်ဆောင်ရွက်ပေးနေမှုနှင့် ရုံးခန်းများအတွင်း ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှုကိုလည်းကောင်း၊ ပဲခူးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနရုံး အဆောက်အအုံနေရာကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့သွားရောက်၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်ပြီး ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ထားရှိမှု၊ တစ်ပိုင်တစ်နိုင်စိုက်ခင်းများ စိုက်ပျိုး ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဧည့်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများကိုတွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် အတည်ပြုလူဦးရေစာရင်း တိကျမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် ပါတီအသီးသီး၏ ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးအတွင်း၌ ဝန်ထမ်းများက ဒေသခံပြည်သူ များကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး/ပျက်စီး သွားသူများ၊ နိုင်ငံသားကတ် မရှိသေးသူများအား ပန်းခင်းစီမံ ချက်အဆင့် (၃) ဖြင့် စိစစ်ဆောင် ရွက်ပေးနေမှု၊ နိုင်ငံသားကတ် ရရှိပြီးသူများအား e-ID စနစ် ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ထုတ်ပေးဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေး၍ မြို့နယ်ရုံး၏ ရုံးခန်းများအတွင်း ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား လှည်းကူးခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံကာ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် အတည်ပြုလူဦးရေ စာရင်းတိကျမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် ပါတီအသီးသီး၏ ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) သို့ ပါဝင်တက်ရောက်ဆွေးနွေး
09/02/2025
နေပြည်တော် စက်တင်ဘာ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့ရှိ Tianjin Meijiang Convention Center ၌ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) သို့ ပါဝင်တက်ရောက်ဆွေးနွေးသည်။
အဆိုပါ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) သို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ SCO ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် အခြားဖိတ်ကြားထားသည့် နိုင်ငံ ၂၄ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များတက်ရောက်ကြသည်။
ဦးစွာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် လေးစားအပ်ပါသော လုပ်ဖော်ကိုင်ဖက်များ တီယန်ကျင်းမြို့သို့ SOC Plus အစည်းအဝေး လာရောက်တက်ရောက်ကြသည့်အတွက် ကြိုဆိုပါကြောင်း၊ ယနေ့အစည်းအဝေး၏ဆောင်ပုဒ်မှာ “ဘက်စုံမူဝါဒကျင့်သုံးခြင်း၊ ဒေသတွင်းလုံခြုံရေးကို ထိန်းသိမ်းခြင်းတို့ဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ရန်” ဖြစ်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှု ပဏာမအဆိုပြုချက် (Global Governance Initiative (GGI) (၅) ချက်ကို မိမိအနေဖြင့် အဆိုပြုတင်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ SCO အဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့ကို အထောက်အကူဖြစ်စေမည့် ယခုအစည်းအဝေးသည် အောင်မြင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက ဆွေးနွေးပြောကြားသည်။ ထို့နောက် ဘီလာရုစ်နိုင်ငံသမ္မတ၊ အီရန်နိုင်ငံသမ္မတ၊ ကာဇက်စတန်နိုင်ငံသမ္မတ၊ ကာဂျစ္စတန်နိုင်ငံသမ္မတ၊ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊ တာဂျစ်ကစ္စတန် သမ္မတ၊ ဥဇဘက်ကစ္စတန်နိုင်ငံသမ္မတ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ မွန်ဂိုလီးယားနိုင်ငံသမ္မတ၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်၊ အဇာဘိုင်ဂျန်နိုင်ငံသမ္မတ၊ အာမေးနီးယားနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ၊ မော်လ်ဒိုက်နိုင်ငံသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ နီပေါနိုင်ငံဝန်ကြီးချုပ်၊ တူကီရဲသမ္မတနိုင်ငံသမ္မတ၊ အီဂျစ်နိုင်ငံဝန်ကြီးချုပ်၊ တာ့ခ်မင်နစ္စတန်နိုင်ငံသမ္မတ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ်၊ အင်ဒိုနီးရှားနိုင်ငံကိုယ်စားလှယ်၊ အိန္ဒိယနိုင်ငံကိုယ်စားလှယ်တို့က အသီးသီးဆွေးနွေးပြောကြားကြသည်။
ထိုသို့နိုင်ငံအလိုက် ဆွေးနွေးပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုအစည်းအဝေးကို တက်ရောက်လာကြသည့် နိုင်ငံ့အကြီးအကဲများနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာပါဟု ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အပေါင်းထိပ်သီးအစည်းအဝေးကို မိမိအားပါဝင်တက်ရောက်နိုင်ရန် ဖိတ်ကြားခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုအစည်းအဝေး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ ဆွေးနွေးဖက်နိုင်ငံဖြစ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုယ်စား တက်ရောက်အမှာစကား ပြောကြားခွင့်ရရှိသည့်အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိသည်ကို ပြောကြားလိုပါကြောင်း။
ယနေ့ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အပေါင်း ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန်နှင့် နိုင်ငံပေါင်း ၂၀ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ယခုနှစ်အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ H.E. Mr. Xi Jinping နှင့် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးကို မိမိအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိသည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) သည် ၂၀၀၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် စတင်ဖွဲ့စည်းခဲ့စဉ်ကတည်းက ဒေသတွင်း လုံခြုံရေးအတွက် ဖိုရမ်တစ်ခုအနေဖြင့် ရပ်တည်ခဲ့ခြင်းဖြစ်ပြီး စက်မှုထိပ်သီးနိုင်ငံများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝသည့်နိုင်ငံများ၊ မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝသည့်နိုင်ငံများ၊ စိုက်ပျိုး၊ မွေးမြူရေးအားကောင်းသည့်နိုင်ငံများ စသည်ဖြင့် ပါဝင်ပါကြောင်း၊ ယခုအခါ အင်အားကြီးနိုင်ငံအချို့သည် အခြားနိုင်ငံများ၏ ၎င်းတို့နှင့်လိုက်လျောညီထွေဖြစ်သည့် ဒီမိုကရေစီနှင့်အညီ ရပ်တည်ဆောင်ရွက်နေမှု၊ ၎င်းတို့နိုင်ငံအတွင်း ဖြစ်ပျက်နေသည့်အခြေအနေများကို ဥပေက္ခာပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စစ်ရေးဖိအားပေးမှုမျိုးစုံဖြင့် အနိုင်ကျင့်နေကြပါကြောင်း၊ ယခုကဲ့သို့အခြေအနေမျိုးကို တုံ့ပြန်နိုင်ဖို့အတွက် SCO အဖွဲ့ကို စီးပွားရေးပေါင်းစည်းမှု၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် မဟာဗျူဟာကျသည့် အဖွဲ့အစည်းတစ်ခုအဖြစ်သို့ အသွင်ကူးပြောင်းလာခဲ့ရာ လက်ရှိအခြေအနေတွင် အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ လေ့လာသူအဆင့်နိုင်ငံများအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး Platform တစ်ခုအဖြစ်ကို ရောက်ရှိလာပြီး ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်တုံ့ပြန်လျက်ရှိပါကြောင်း။
ယနေ့ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အပေါင်း ထိပ်သီးအစည်းအဝေးကို နိုင်ငံ့ခေါင်းဆောင်များ စုံညီစွာတက်ရောက်လာမှုအတွက် မိမိတို့ ဥရောပ-အာရှဒေသ၏ မျှော်မှန်းချက်များကို ခိုင်မြဲသောစည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများဖြင့် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်ကို ဖော်ညွှန်းပြသလျက်ရှိပါကြောင်း၊ မိမိတို့အကြား အပြန်အလှန်ယုံကြည်မှု၊ ကွဲပြားသည့်ယဉ်ကျေးမှုများကို အပြန်အလှန်တန်ဖိုးထားလေးစားမှု၊ သာတူညီမျှရှိမှု၊ ဘုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှန်ဟိုင်းစိတ်ဓာတ် (Shanghai Spirit)၏ လမ်းပြရှေ့ဆောင်မှုအောက်တွင် မိမိတို့အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကို ဦးစားပေးဆောင်ရွက်နိုင်ရန် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ အခြေခံမူများဖြစ်သည့် ဝင်ရောက်မစွက်ဖက်ရေး၊ အချုပ်အခြာအာဏာအားလေးစားမှုရှိရေးနှင့် တန်းတူညီမျှမှုရှိရေးတို့ကို မိမိတို့မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများအတွက် နိုင်ငံတကာစင်မြင့်ပေါ်တွင် အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရာတွင်ထားရှိသည့် ခိုင်မာသောအခြေခံအုတ်မြစ်နှင့် များစွာအလားသဏ္ဍာန်တူပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ရ ဆွေးနွေးဖက်နိုင်ငံအဖြစ် ၂၀၂၃ ခုနှစ်၊ မေလက ပါဝင်ခွင့်ရရှိခဲ့ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) က ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားများကိုလည်း တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍လည်း မိမိတို့မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေး ထောက်ခံပေးနိုင်ပါရန် အလေးအနက်ထား မေတ္တာရပ်ခံလိုပါကြောင်း။
အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည်လည်း စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်ခုဖြစ်ပြီး ပထဝီနိုင်ငံရေးအရ အချက်အခြာကျသည့်နေရာတွင် တည်ရှိလျက်ရှိသည့်အပြင် ကောင်းမွန်မျှတသော အပူပိုင်းဒေသရာသီဥတုရှိသည့်အတွက် မြန်မာ့စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုဖွံ့ဖြိုးတိုးတက်မှုဆီကို ဦးတည်ဆောင်ရွက်နိုင်မည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းကောင်းများစွာရှိပါကြောင်း။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အနေဖြင့် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါးနှင့် ကမ္ဘာ့ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိသည့် ဒေသတစ်ခုကိုပိုင်ဆိုင်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပါအဝင် စွမ်းအင်စီမံကိန်းများ၊ စားနပ်ရိက္ခာဖူလုံမှုနှင့် စွမ်းအင်လုံခြုံရေးတို့အတွက် အရင်းအမြစ်များကို အတူတကွအသုံးပြုနိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းရေး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် မြန်မာနိုင်ငံအနေဖြင့် သဘာဝအရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်ခြင်းကြောင့် စိုက်ပျိုးရေး၊ စက်မှုလက်မှုနှင့် စွမ်းအင်ကဏ္ဍတို့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန် မျှော်လင့်ထားရှိပါကြောင်း။
လုံခြုံရေးကဏ္ဍတွင်လည်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့မျက်မှောက်ခေတ်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနှင့် အစွန်းရောက်ဝါဒတို့၏ ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရာတွင် ထိရောက်သည့်အောင်မြင်မှုများကို ဂုဏ်ယူဖွယ်ရာတွေ့မြင်ရပါကြောင်း၊ ထို့အပြင် ခေတ်မီနည်းပညာရပ်များဖြစ်သည့် ဉာဏ်ရည်တု (AI) နည်းပညာနှင့် Data အုပ်ချုပ်မှုဆိုင်ရာ ဒစ်ဂျစ်တယ်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အလေးထားလုပ်ဆောင်လျက်ရှိသည့်အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ၏ အသီးအပွင့်များကို ခံစားရလျက်ရှိကာ အနာဂတ်တွင် ဖြစ်ပွားလာနိုင်သည့် ခေတ်မီနည်းပညာသုံး တိုက်ခိုက်မှုများကို စုပေါင်းကာကွယ်နိုင်သည့် အလားအလာများကိုလည်း တွေ့မြင်ရပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ မူဘောင်များအောက်မှပါဝင်ကာ ဒေသလုံခြုံရေးနှင့် ခေတ်မီနည်းပညာများ ဖွံဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားလိုသည်ကို ပြောကြားလိုပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး Mr. Xi Jinping က ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှု ပဏာမအဆိုပြုချက် (Global Governance Initiative(GGI)(၅) ချက်ကို တင်သွင်းခဲ့ပါကြောင်း၊ အဆိုပြု (၅) ချက်သည် မိမိအရှေ့ပိုင်းတွင် ဆွေးနွေးတင်ပြခဲ့သည့် အခြေအနေများနှင့် ထင်ဟပ်နေပါကြောင်း၊ လက်တွေ့ကျပါကြောင်း၊ နိုင်ငံအများအပြား ရင်ဆိုင်နေရသည့် မမျှတမှုများကို ယခုအဆိုပြုချက် (၅) ချက်ပါ လုပ်ငန်းရပ်များနှင့် ထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုရမည်ဟု မိမိအနေဖြင့် အပြည့်အဝယုံကြည်ပါကြောင်း၊ ထို့ကြောင့် သမ္မတကြီး Mr. Xi Jinping ရဲ့ အဆိုပြုချက်ကိုထောက်ခံသည်ကို ပြောကြားလိုပါကြောင်း။
နိဂုံးချုပ်အနေနဲ့ မိမိတို့မြန်မာနိုင်ငံအနေဖြင့် “၂၀၂၅-၂၀၃၅ ကာလအတွက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (SCO Development Strategy for the Next Decade : 2025-2035)” ကို ကြိုဆိုထောက်ခံပါကြောင်း၊ အနာဂတ်တွင်လည်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ မူဘောင်များအတွင်း ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် လေးစားမှုတို့အပေါ်အခြေခံပြီး ဘုံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကိုတက်ကြွစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ကို အခိုင်အမာပြောကြားလိုပါကြောင်း။
အဆွေတော်သဘာပတိကြီးနှင့်တကွ ကြွရောက်လာကြသည့် ဧည့်သည်တော်များအားလုံးနဲ့ ကမ္ဘာသူကမ္ဘာသားများအားလုံး ဘေးအန္တရာယ်ကင်းဝေးစွာဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း၊ ကမ္ဘာ့နိုင်ငံများအားလုံး ဖွံ့ဖြိုးတိုးတက်၍ သာယာဝပြောပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်းဖြင့် ပြောကြားသည်။
အစည်းအဝေးမစတင်မီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်မလေးရှားနိုင်ငံဝန်ကြီးချုပ်၊ မွန်ဂိုလီးယားနိုင်ငံသမ္မတ၊ နီပေါနိုင်ငံဝန်ကြီးချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ် အတွင်းရေးမှူးချုပ်၊ ပါကစ္စတန်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့်နိုင်ငံများမှ ခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအလိုက် နှစ်နိုင်ငံအကြားချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Thongloun Sisoulith နှင့်တွေဆုံဆွေးနွေး
09/02/2025
နေပြည်တော် စက်တင်ဘာ ၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Thongloun Sisoulith နှင့် ယနေ့ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီတွင် တီယန်ကျင်းမြို့ရှိ Renaissance Tianjin Lake ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတက ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ လာအိုနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ခရီးသွားကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍများ ယခုထက်ပိုမို တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လာအိုနိုင်ငံမှ ထောက်ခံအားပေးလျက်ရှိမှုနှင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ပေးသွားမည့်အခြေအနေများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တီယန်ကျင်းဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုလေ့လာ
09/02/2025
နေပြည်တော် စက်တင်ဘာ ၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် တီယန်ကျင်းဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုလေ့လာသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တီယန်ကျင်းမြို့ရှိ Tengle Hotel မှနေ၍ မော်တော်ယာဉ်များဖြင့် ထွက်ခွာကြပြီး လမ်းတစ်လျှောက် မြို့ပြဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တီယန်ကျင်းဆိပ်ကမ်းသို့ရောက်ရှိကြရာ ဆိပ်ကမ်းတာဝန်ခံနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ဆိပ်ကမ်းတာဝန်ခံက တီယန်ကျင်းဆိပ်ကမ်းဆိုင်ရာများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဆိပ်ကမ်းမှ တာဝန်ရှိသူတစ်ဦးက ဆိပ်ကမ်းဆိုင်ရာအချက်အလက်များ၊ တီယန်ကျင်းဆိပ်ကမ်းမှနေ၍ ပြည်တွင်းနှင့် နိုင်ငံတကာသို့ ကုန်ပစ္စည်းများ ပို့ဆောင်လျက်ရှိမှုနှင့် နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိမှု၊ ဆိပ်ကမ်းတည်ဆောက်ခဲ့မှုအခြေအနေများနှင့် AI စနစ်အသုံးပြု၍ ကွန်တိန်နာများအား သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိမှု၊ ကာဗွန်ကင်းစင်သည့် ဆိပ်ကမ်းအဖြစ် လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ လေအားလျှပ်စစ်ဖြင့် လုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆိပ်ကမ်းတွင် AI စနစ်ဖြင့် ကွန်တိန်နာများအား သင်္ဘောများပေါ်သို့ တင်ချပြုလုပ်နေမှုနှင့် ဆိပ်ကမ်းအတွင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် ဆိပ်ကမ်းမှ AI စနစ်သုံး ကွန်တိန်နာတင်ဆောင်သည့် ယာဉ်များဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai SCO SUMMIT 2025) အထိမ်းအမှတ်အဖြစ် SCO စာလုံးအား သရုပ်ဖော်ပြသကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ဆိပ်ကမ်းတာဝန်ခံနှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်သည်။
အဆိုပါ တီယန်ကျင်းဆိပ်ကမ်းသည် တရုတ်နိုင်ငံမြောက်ပိုင်း၏ အဓိက အထူးစီးပွားရေးဇုန်ဖြစ်သည့် Tianjin မြူနီစပယ်အုပ်ချုပ်ရေးဒေသ၏ Binhai New Area (BNA) ခရိုင်၏ အဓိကအစိတ်အပိုင်းဖြစ်ပြီး Haihe မြစ်အနီး Bohai ပင်လယ်အော် အနောက်ဘက်ကမ်း တီယန်ကျင်းမြူနီစပယ်အုပ်ချုပ်ရေးဒေသတွင် တည်ရှိကြောင်း၊ အဆိုပါဆိပ်ကမ်းအား တရုတ်နိုင်ငံမြောက်ပိုင်း၏ အဓိကထောက်ပံ့နှင့် ပို့ဆောင်ရေးအချက်အခြာနေရာအဖြစ် ရည်ရွယ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ဆိပ်ကမ်းအား ၁၉၅၂ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရေနက်ပင်လယ်ဆိပ်ကမ်း) Deep- Water Seaport/Riverport အမျိုးအစားဖြစ်ကြောင်း၊ ကုန်းမြေဧရိယာ ၁၂၁ စတုရန်းကီလိုမီတာအပါအဝင် စုစုပေါင်း ၄၇၀ စတုရန်းကီလိုမီတာကျယ်ဝန်းကြောင်း၊ ထုတ်လုပ်ရေးဆိုက်ကပ်နေရာ ၁၄၀ အပါအဝင် ဆိုက်ကပ်နေရာစုစုပေါင်း ၂၁၇ ကျော်ရှိကြောင်း၊ ကွန်တိန်နာများကို တင်ချခြင်းများဆောင်ရွက်ရာတွင် AI စနစ်ကိုအသုံးပြု၍ လုပ်ငန်းများကိုဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း၊ တီယန်ကျင်းဆိပ်ကမ်းသည် ရေအနက် ၂၂ မီတာ (၇၇) ပေရှိပြီး တန်ချိန် ၃ သိန်းရှိ ကြီးမားသော သင်္ဘောကြီးများဆိုက်ကပ်နိုင်ကြောင်း၊ နှစ်စဉ်ကုန်စည်တင်ပို့မှုအနေဖြင့် တန်ချိန်သန်း ၅၀၀ ကျော်နှင့် ကွန်တိန်နာ ၁၃ သန်းကို တင်ပို့လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ဒေသနှင့်ပြည်နယ် ၁၄ ခုအတွက် ဝန်ဆောင်မှုပေးလျက်ရှိပြီး တရုတ်နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာ၏ ထက်ဝက်ကျော်ရှိကြောင်း သတင်းရရှိသည်။