
လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်
နေပြည်တော် ဇူလိုင် ၂၅
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းတစ်ရက်တည်းဖြင့် အပြီးထုတ်ပြန်ကြေညာ သွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို ဇူလိုင်လ ၂၇ ရက်နေ့နံနက် ၆ နာရီတွင် မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသား အစီအစဉ်များမှ စတင်ထုတ်လွှင့်ကြေညာပေးသွားမည်ဖြစ်သည်။
အဆိုပါထုတ်လွှင့်ပေးမည့် စာစစ်ဌာနများမှာ ကချင်ပြည်နယ်မှ ဝိုင်းမော်၊ တနိုင်း၊ ရှင်ဖွေယန်၊ ချီဖွေ၊ မိုးညှင်း၊ ဟိုပင်၊ အင်းတော်ကြီး၊ မိုးကောင်း၊ နမ္မတီး၊ ပင်းဘော၊ ဖားကန့်၊ ကာမိုင်း၊ ဗန်းမော်၊ ရွှေကူ၊ ပူတာအို၊ မချမ်းဘောနှင့် နောင်မွန်စာစစ်ဌာန၊ ကယားပြည်နယ်မှ လွိုင်ကော်စာစစ်ဌာန၊ ကရင်ပြည်နယ်မှ လှိုင်းဘွဲ့၊ ရွှေဂွန်း၊ ဘုရင့် နောင်တပ်၊ လိပ်သို၊ ကမမောင်း၊ အထက (၂) ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီးနှင့် မြဝတီစာစစ်ဌာန၊ ချင်းပြည်နယ်မှ ဟားခါးနှင့် တီးတိန်စာစစ်ဌာန၊ ရခိုင်ပြည်နယ်မှ သက္ကေပြင်ကုန်း၊ အထက(၁)ကျောက်ဖြူ၊ အထက(၂)ကျောက်ဖြူ၊ အထက(မာန်အောင်)နှင့် အထက(ခွဲ)ဈေးတန်းစာစစ်ဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ဟိုပုံး၊ ဆီဆိုင်၊ ဘန်းယဉ်၊ ဆိုက်ခေါင်၊ အထက(၁)ပင်လောင်း၊ အထက(၂) ပင်လောင်း၊ နောင်တရား၊ တီဂျစ်၊ ပင်ခွန်၊ တင်းတက်၊ မိုင်းကိုင်၊ ကွန်ဟိန်း၊ မိုးနဲ၊ တုန်ဟုန်း၊ မိုင်းရှူး၊ ဝမ်ကန်၊ ကျေးသီးမံစံ၊ မိုင်းနောင်၊ မိုင်းပန်နှင့် မောက်မယ်စာစစ်ဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ အထက(၁)တန့်ယန်း၊ အထက(၂)တန့်ယန်း၊ မိုင်းရယ်နှင့် မူဆယ်စာစစ်ဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ မိုင်းခတ်၊ မိုင်းပျင်း၊ မက်မန်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ်နှင့် မိုင်းယောင်းစာစစ်ဌာန၊ တနင်္သာရီတိုင်းဒေသကြီးမှ ကျွန်းစု၊ ပုလောနှင့် ဘုတ်ပြင်း စာစစ်ဌာန၊ မကွေးတိုင်းဒေသကြီးမှ စေတုတ္တရာ၊ ငဖဲ၊ ပဒါန်း၊ ပခုက္ကူ၊ ဝါဇီ၊ ရေစကြို၊ ပေါက်၊ ဂန့်ဂေါ၊ ကျောနှင့် ဟံသာဝတီစာစစ်ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အထက(၁)ကလေး၊ အထက(၃) ကလေး၊ အင်ဒိုင်းကြီး၊ မင်းကင်း၊ ပန်းဆက်၊ ကလေးဝ၊ တမူး၊ ကန့်ဘလူ၊ ထန်းကုန်း၊ ကျွန်းလှ၊ ရေဦး၊ အရာတော်၊ ကသာ၊ ဗန်းမောက်၊ ဝန်းသို၊ မော်လိုက်၊ ကင်းတပ်၊ ဖောင်းပြင်၊ ခန္တီး၊ အထက(၁)ဟုမ္မလင်း၊ အထက(၂)ဟုမ္မလင်း၊ ကတ်သာ၊ မောင်းခမ်း၊ ထမံသီ၊ လေရှီး၊ ပန်ဆပ်၊ ဆွမ္မရာ၊ လဟယ်၊ နန်းယွန်းနှင့် ပန်ဆောင် စာစစ်ဌာန၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)မှ ကျောက်ကြီးစာစစ်ဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်းစာစစ်ဌာနတို့ ဖြစ်သည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကြေညာချက်များကို မြန်မာနိုင်ငံ အထက်ပိုင်းဒေသများမှ လှိုင်းတို (၅၀ ဒသမ ၇၁ မီတာ)၊ ( ၅၉၁၅ ကီလိုဟက်ဇ်)မှ လည်းကောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ လှိုင်းလတ်( ၄၁၁ ဒသမ ၅၂ မီတာ)၊ (၇၂၉ ကီလိုဟက်ဇ်) မှလည်းကောင်း အသီးသီးဖမ်းယူနားဆင်နိုင်ကြောင်း သိရသည်။
သတင်းစဉ်

“ပြောင်းသီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေး” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
နေပြည်တော် ဇူလိုင် ၂၅
အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းမြင့်မားသည့် ပြောင်းသီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်စေရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပြောင်းသီးနှံအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အထောက်အကူဖြစ်စေရေးနှင့် ပြောင်းသီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို အစိုးရ-ပုဂ္ဂလိက (Public Private Partnership - PPP) ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်၍ “ပြောင်းသီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေး” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
ဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အထွက်နှုန်းကောင်းမွန်ပြီး ဒေသနှင့်ကိုက်ညီမှုရှိသည့် ပြောင်းသီးနှံမျိုးကောင်းမျိုးသန့်များကို ပြောင်းလဲစိုက်ပျိုးရေးသည် အဓိကကျသည့်အချက် ဖြစ်ကြောင်း၊ စိုက်ပျိုးထွက်ရှိလာသည့် ပြောင်းကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ပြောင်းတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ပါက ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်မည့်အပြင် ပြည်တွင်းရှိ ဆေးဝါးနှင့် စားသောက်ကုန်များ ထုတ်လုပ်ရာ၌ လိုအပ်သောကုန်ကြမ်းများ တင်သွင်းရမှုကိုလည်း အစားထိုးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပို့ကုန်တန်ဖိုး နှစ်ဆတိုးမြှင့်ရေး မူဝါဒအကောင်အထည်ဖော်မှုကိုလည်း အထောက်အကူပြုလျက် နိုင်ငံ့စီးပွားပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် လက်တွေ့ဆောင်ရွက်နိုင်မည့် အချက်များကိုဖော်ထုတ်နိုင်ရေး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့နှင့် ကုန်သည်လုပ်ငန်းရှင်များအားလုံးက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ ပညာရှင်ခုနစ်ဦးက ပြောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်မှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသို့ ငွေကြေးအရင်းအနှီးထောက်ပံ့မှု၊ မွေးမြူရေးအစားအစာ ထုတ်လုပ်နိုင်မှု၊ ပြည်ပတင်ပို့မှု၊ ပြောင်းသီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ သုတေသနပြုစာတမ်းများကို ဖတ်ကြားတင်သွင်းဆွေးနွေးကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြောင်းသီးနှံတန်ဖိုး ကွင်းဆက်တစ်လျှောက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေး
ပြင်ဦးလွင် ဇူလိုင် ၂၅
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေးပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှ လူငယ်များ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား ၃၀၀ ခန့် တက်ရောက်ကြသည်။
ဦးစွာ ပြင်ဦးလွင်မြို့ အထက(၁)မှ ကျောင်းသူ လေးများက “မင်္ဂလာပါ” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လုပ်သည့် “ပြင်းထန်တဲ့ မြေငလျင်ဒဏ်ကို ကျော်ဖြတ်ကာ ပြန်လည်တည်ဆောက်ကြမယ့် ပိုမိုကောင်းမွန်တဲ့အနာဂတ်” နှင့် “ အနာဂတ်ကို ပိုင်စိုး သူ လူငယ်များ” Video Clip နှစ်ခုကို ဖွင့်လှစ်ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးရာတွင် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးအတွက် အခြေခံဖြစ်သော နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတွင် ပြင်ဦးလွင်မြို့နယ်အနေဖြင့် မူလအနေအထားအတိုင်း ရရှိနေပြီးဖြစ်၍ နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ သဒ္ဓါတရားထက်သန်သည့် မြန်မာလူမျိုးများ ဖြစ်သည့်အတိုင်း အားနည်းသူကို ဝိုင်းကူသည့် ပုံစံဖြင့် စာနာဖေးမမှုများနှင့် ရိုင်းပင်းကူညီဆောင်ရွက်ကြရန်၊ အနာဂတ်မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များ၊ အထူးသဖြင့် ရွေးကောက်ပွဲကျင်းပရေး စီမံနေမှုများအပေါ်တွင်လည်း ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန်၊ တိုးတက်ခိုင်မာ အားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး တစ်နည်းအားဖြင့် စစ်မှန်သည့်ဒီမိုကရေစီစနစ် ထွန်းကားလာစေရေးအတွက် ပြည်သူတစ်ရပ်လုံးက အသိပညာရှိမှု၊ စည်းကမ်းနားလည်လိုက်နာမှု၊ စာနာမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုတို့နှင့် ဝိုင်းဝန်း ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လူငယ်များ၊ ကျောင်းသား ကျောင်းသူများအား MRTV DTH ၁၀ စုံနှင့် MRTV DVB T2 Set Top Box အစုံ ၂၀ တို့ကို ကံစမ်းမဲဖောက်၍ ပေးအပ်သည်။
ယင်းနောက် ပြင်ဦးလွင်မြို့ရှိ “လင်းလက်ကြယ်စင်ဟိန်း” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ပန်းကမ္ဘာမျှော်စင်” တေးသီချင်းဖြင့် သီဆိုကပြပြီးနောက် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့၏ လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုအရ ပြည်သူများအေးချမ်းပျော်ရွှင်စွာ အပန်းဖြေအနားယူ လည်ပတ်လျက်ရှိသည့် “ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း” (BE Falls Nature Amusement Park) သို့ (ဝဲပုံ) သွားရောက်ကြပြီး အပန်းဖြေစခန်းမှ တာဝန်ရှိသူများနှင့် လာရောက်အပန်းဖြေ လည်ပတ်နေသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အပန်းဖြေစခန်းအတွင်း လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ အပန်းဖြေစခန်းတွင် Sky Cable Car, 5D LED မှန်တံတား၊ ဆင်ကလေးများ၏ ဖျော်ဖြေမှု အစီအစဉ်၊ ရာသီပေါ်ပန်းအလှစိုက်ခင်း၊ Photo booth များ၊ ခေတ်လွန်ယာဉ်များ၊ တောတွင်း လျှောက်လမ်းနှင့် ကြိုးတံတား၊ Jumping Cloud၊ ခေတ်မီကစားကွင်း၊ ချားရဟတ်၊ Unplugged တီးဝိုင်း၊ ဘာဂီ၊ အလှမြင်းရထားလုံးများ၊ အဆင့်မြင့် စားသောက်ဆိုင်များ၊ ဒေသထွက်ဖျော်ရည်နှင့် အစားအစာများ၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များဖြင့် ဝန်ဆောင်မှုပေးထားသည့်အပြင် ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကစားနည်းများဖြစ်သည့် Family Coaster ၊ Bumper Car ၊ Tea Cup နှင့် Merry Go Round တို့ကို ယခုနှစ် ဧပြီလတွင် ထပ်မံတိုးချဲ့ ထည့်သွင်းဆောင်ရွက်ထားပြီး ဒိုင်နိုဆောများ၊ သဘာဝရုပ်ကြွင်းပြကွက်တို့ကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူအပန်းပြေစေရေးအတွက် အသေးစိတ် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသည့် အားကစားအဖွဲ့များအား ကြည့်ရှုစစ်ဆေး
ရန်ကုန် ဇူလိုင် ၂၅
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့အင်းလျားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ရောက်ရှိပြီး လှေလှော်အားကစားနည်း (၃)နည်း၏ လေ့ကျင့်မှုရရှိစံချိန်နှင့် ယှဉ်ပြိုင်ခဲ့သည့် ဆီးဂိမ်းစံချိန် နှိုင်းယှဉ်စံချိန်ဇယားကိုလည်းကောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ စနစ်တကျဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ဆုတံဆိပ်များရရှိရေးအတွက် စခန်းဝင်လေ့ကျင့်နေသော အနောက်တိုင်းလှေ၊ ရိုးရာလှေ၊ ကနူး/ကယက်လှေ အားကစားနည်းမှ ပဏာမ လက်ရွေးစင်လှေလှော်အားကစားသမားများ စံချိန်ယူလေ့ကျင့်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ အဖွဲ့ချုပ်အတွင်းရေးမှူးနှင့် နည်းပြများကိုတွေ့ဆုံ၍ နိုင်ငံ့ဂုဏ်ကိုဆောင်ခဲ့ပေးသည့် မြန်မာလှေလှော် အားကစားအဖွဲ့အား များစွာဂုဏ်ယူပါကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ ချုပ်နှင့် အားကစားသမားများ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပေါင်းစပ်ဆောင်ရွက်သွားပါက အောင်မြင်မှုများရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ စားရိပ်သာတွင် ပဏာမလက်ရွေးစင် လှေလှော်အားကစားသမားများ နေ့လယ်စာစားသုံးနေမှုနှင့် လှေရုံရှိလှေများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် တာမွေမြို့နယ်ကျိုက္ကဆံအားကစား ကွင်းအတွင်းရှိ အားကစားနှင့်ပညာရေးပေါင်းစပ် အထက်တန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများကို သွားရောက်ကြည့်ရှု ပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များ၏ သင်ကြားရေးအပိုင်း၊ လေ့လာဆည်းပူးမှု အပိုင်း၊ Grade - 12 အောင်မြင်မှုအခြေအနေ၊ သင်ထောက်ကူပြုပစ္စည်းများ၊ စာအုပ်စာတမ်းများ၊ သွားလာနေထိုင်ရေးကိစ္စရပ်များ၊ အခြားလိုအပ်ချက်များ၊ လူငယ်ပိုင်းဆိုင်ရာ နိုင်ငံခြားလေ့လာရေးခရီးစဉ်များသို့ သွားရောက်လေ့လာနိုင်ရေး ကိစ္စရပ်များကို မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဏာမလက်ရွေးစင်အားကစားသမားများအတွက် ပြောင်းရွှေ့ဖွင့်လှစ်ကုသပေးနေသည့် အားကစား ဆေးဘက်ဌာနခွဲ ဆေးခန်းသို့ရောက်ရှိ၍ အားကစား ဆေးပညာအရ ဆောင်ရွက်ပေးနေမှုများ၊ အရေးပေါ် ကုသမှုဆိုင်ရာများ၊ အရိုးအကြောကုသမှုများကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ ပတ္တမြားခန်းမ၌ မြန်မာနိုင်ငံပန်ကြပ်ဆီလပ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်မှ အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ စနစ်တကျပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှု ဆုတံဆိပ်များရရှိရေးတို့နှင့်စပ်လျဉ်း၍ မှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသော ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ဗိုလ်လုပွဲစဉ် ကရင်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးရာ ကရင်ပြည်နယ်အသင်းက ခြောက်ဂိုး-လေးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ တာဝန်ရှိသူများက ဆုရရှိသူများကို ဆုများပေးအပ်ကြသည်။
ထို့နောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းကို ငွေသားဆုနှင့် အမျိုးသားတံခွန် စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)သို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇူလိုင် ၂၅
ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၃) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
ဦးစွာ ကော်မတီနာယကက ဒစ်ဂျစ်တယ်စီးပွားရေး(Digital Economy)သည် ယခုအခါတွင် ကမ္ဘာ့ GDP ၏ အနည်းဆုံး ၁၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးနေပြီဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၂၅ ရာခိုင်နှုန်း ကျော်အထိ တိုးတက်လာနိုင်သည်ဟု World Economic Forum မှ ခန့်မှန်းထားကြောင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် တိုးတက်မှုကို လျင်မြန်စွာကျော်ဖြတ်နိုင်ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တိုးတက်နိုင်စေသည့် အဓိကအချက်တစ်ခုဖြစ်သည်ဆိုသည့်အချက်မှာ မငြင်း သာကြောင်း။
မြန်မာနိုင်ငံတွင် နိုင်ငံတော်အဆင့် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ(Digital Economy Develop-ment Committee – DEDC) ကို ဖွဲ့စည်း ထားပြီး DEDC ကော်မတီအနေဖြင့် “မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀” ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အဆိုပါလမ်းပြမြေပုံသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွား ကြရမည့် ကိစ္စရပ်များအတွက် မဟာဗျူဟာမျှော်မှန်းချက် ၁ ရပ်၊ မဟာဗျူဟာ ရည်မှန်းချက် ၁ ရပ်၊ အဓိကရည်ရွယ်ချက် ၆ ရပ်၊ ဦးစားပေးကဏ္ဍကြီး ၉ ခု၊ မဟာဗျူဟာ မဏ္ဍိုင် ၉ ခု၊ မဟာဗျူဟာပန်းတိုင် ၂၂ ခု၊ လုပ်ငန်းစဉ် ၇၇ ခုတို့ကို ၂၀၃၀ ပြည့် နှစ်အထိ ရည်မှန်း၍ ဖွဲ့စည်းရေးဆွဲထားခြင်းဖြစ်ကြောင်း။
လက်ရှိတွင် အဆိုပါလုပ်ငန်းစဉ် ၇၇ ခု အနက် DEDC ၏ သက်ဆိုင်ရာလုပ်ငန်း ကော်မတီ (Working Committees) များအနေဖြင့် ၎င်းတို့နှင့်သက်ဆိုင်သော လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကာလတို၊ ကာလလတ်၊ ကာလရှည် အချိန်ဇယားများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြမည်ဟု ယုံကြည်ပါကြောင်း၊ DEDC အဖွဲ့ဝင်များအားလုံးအနေဖြင့် ကျရာကဏ္ဍစုံမှ တက်ညီလက်ညီဖြင့် အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးခြင်းသည် မိမိကော်မတီ၏ လုပ်ငန်းပြီးမြောက်ခြင်းအကျိုးအတွက်သာမက အမိမြန်မာနိုင်ငံတော်အတွက် ဒစ်ဂျစ်တယ် စီးပွားရေးအနာဂတ်တစ်ခုကို ဖန်တီးနိုင်စေရန် အရေးပါဆုံးသော အချက်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပွင့်လင်းစွာတင်ပြပေးကြရန်နှင့် အဖွဲ့ဝင်တစ်ဦးချင်းစီ၏ တာဝန်ယူမှု၊ တာဝန်သိစိတ်ဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်မှုများဖြင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး အနာဂတ်ကို ပိုမိုကောင်းမွန်အောင် ပုံဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက Living Document အဖြစ် အတည်ပြု ထုတ်ပြန်ထားပြီးဖြစ်သည့် မြန်မာဒစ်ဂျစ် တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါ လုပ်ငန်းရပ်များကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအနေဖြင့် သတ်မှတ်ကာလများအလိုက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းကော်မတီများအလိုက် လက်ရှိဆောင်ရွက်နေမှုအခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်းပေးစေလိုသည့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအောက်ရှိ လုပ်ငန်းကော်မတီ ၅ ခုတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ယခင်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေကို လည်းကောင်း၊ တက်ရောက်လာကြသူ များက ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ DEDC ကော်မတီနာယကက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်